သခင်… ဒီလူက လူကောင်းမဟုတ်ဘူး
Vol. 61 Ch. 950
ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ချက်ချင်း သတိထားလာပြီး အပြင်ဘက်မှ အဖိုးအိုကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။
အဖိုးအိုက အော်ပြောလိုက်သည်။
“ ကျေးဇူးရှင် ”
သူ၏ အသံထဲမှာ စိတ်ခံစားချက်ဖြင့် ပြည့်လျှံနေသည်။
သူက အလွန်စိတ်လှုပ်ရှားသောကြောင့် ခန္ဓာကိုယ်ပင် တုန်ယင်လာသည်။ မျက်ရည်သည် သူ၏ ပါးပြင်ပေါ်သို့ စီးကျလာသည်။ သူ၏ တစ်ကိုယ်လုံးသည် ပြင်းထန်သော စိတ်ခံစားချက်ဖြင့် လွှမ်းမိုးခံထားရသည်။
“ ကျေးဇူးရှင်ကို ကျုပ်လိုက်ရှာနေတာ အတော်ကြာခဲ့ပါပြီ ”
“ အရင်တစ်ခေါက်က ကျုပ်အသက်ကို ကယ်တင်ပေးခဲ့တဲ့ ဆရာသခင်ရဲ့ကျေးဇူးကို ကျုပ်ဘယ်တော့မှ မမေ့ပါဘူး… အဲ့ဒီအချိန်တုန်းက ကျုပ်က ကျင့်ကြံခြင်းမှာ အာရုံစိုက်နေတာကြောင့် နောင်တရမိပါတယ်… ကျုပ်နိုးလာတဲ့အခါမှာ ဆရာသခင်က ထွက်သွားပါပြီ ”
“ ဆရာသခင်က ဆေးဖိုးဝါးခ တစ်ပြားမှမယူဘဲ ထွက်သွားခဲ့ပါတယ် ”
အဖိုးအို၏ အသံသည် တုန်ယင်လာသည်။ သူက သူ၏ နှလုံးသားထဲမှ ကြောက်စိတ်ကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး သူ့ကိုယ်သူ အားပေးလိုက်သည်။
အဖိုးအိုသည် တုန်တုန်ယင်ယင်ဖြင့် အရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူက ရွှီချင်း၏ ဆေးဆိုင်နှင့် ပေတစ်ရာအကွာမှ ရပ်လိုက်သည်။
“ အဲ့ဒီအတွက် ကျုပ် အရမ်းပဲစိတ်မကောင်းဖြစ်ရပါတယ်… ဒါကြောင့် ဆရာသခင်ကို ကျုပ်လိုက်ရှာခဲ့ပါတယ်… ကောင်းကင်ဘုံက ကျုပ်ရဲ့ မဆုတ်မနစ်ကြိုးစားမှုကို လျစ်လျူမရှုထားခဲ့ပါဘူး… နောက်ဆုံးမှာတော့ ဆရာသခင်ကို အခု ကျုပ် မြင်တွေ့ရပြီ ”
အဖိုးအိုသည် သူ၏ မျက်လုံးထောင့်မှ မျက်ရည်စကို သုတ်ပစ်လိုက်ပြီး ရွှီချင်းကို တလေးတစား အရိုအသေပေးလိုက်သည်။
သူက ခေါင်းပြန်မော့လိုက်စဉ် ရွှီချင်းကို အသနားခံသော အမူအရာဖြင့် ကြည့်လိုက်သည်။
“ ဒီတစ်ကြိမ်တော့ ကျုပ်ကို ကျေးဇူးဆပ်နိုင်မယ့် အခွင့်အရေးတစ်ခုပေးပါ ဆရာသခင်… ဆရာသခင်အတွက် ကျုပ်ပြင်ဆင်ထားတဲ့ လက်ဆောင်ကို သေချာပေါက် လက်ခံပေးပါ ”
အဖိုးအိုသည် နှလုံးနာကျင်မှုဒဏ်ကို သည်းခံရင်း သူ၏ သိုလှောင်အိတ်သုံးလုံးကို အမြန်ထုတ်ယူလိုက်သည်။ သူက သိုလှောင်အိတ်များကို လက်နှစ်ဖက်ဖြင့် မြှောက်တင်လိုက်သည်။
ချန်းဖန်ကျိုးသည် ထိုအဖြစ်အပျက်ကို မြင်လိုက်ရသောအခါ စိတ်ရှုပ်ထွေးသွားသည်။ အစောနက ဒေါသထွက်နေသော အဖိုးအိုထံမှ စိတ်ရင်းမှန်နှင့် စိတ်လှုပ်ရှားမှုကို ဤအခိုက်အတန့်မှာ သူအာရုံခံမိသည်။
အထူးသဖြင့် တစ်ဖက်လူထံမှာ သိုလှောင်အိတ်သုံးလုံးသာ ရှိကြောင်းကို သူသတိထားမိသွားသောအခါ ဖြစ်သည်။ ယခု သူက ကျေးဇူးပြန်ဆပ်ရန် သိုလှောင်အိတ်အားလုံးကို အမှန်တကယ် ပေးအပ်နေလေသည်။
ထိုမြင်ကွင်းသည် သူ၏ နှလုံးသားကို ထိမှန်သွားသည်။ တစ်ချိန်တည်းမှာ ယင်းက ထူးဆန်းကြောင်း သူခံစားမိသည်။ သို့ဖြစ်၍ သူက အဖိုးအို၏ အကြည့်နောက်သို့လိုက်၍ ဆေးဆိုင်ထဲမှ ဆရာသခင်ကို လှည့်ကြည့်လိုက်သည်။
ဆေးဆိုင်ထဲတွင် ရွှီချင်းသည် သူ၏ လက်ထဲမှ ဆေးပုလင်းကို ဆော့ကစားနေရင်း အပြင်ဘက်မှာ ခန္ဓာကိုယ်တုန်ရီနေသော အဖိုးအိုကို အေးစက်စက် ကြည့်လိုက်သည်။ ကျင်းကန်းဂိုဏ်းဘိုးဘေး၏ စကားသည် သူ၏ စိတ်ထဲသို့ မြန်ဆန်စွာ ပဲ့တင်ထပ်လာသည်။
“ သခင်… ဒီလူက ဉာဏ်များပြီး ကောက်ကျစ်ပါတယ်… တစ်ချက်ကြည့်လိုက်ရုံနဲ့ လူကောင်းမဟုတ်ဘူးဆိုတာ ငါပြောနိုင်ပါတယ်… ငါဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာတော့ ဒီလိုလူမျိုးတွေက ပုန်ကန်ချင်တဲ့အတွေး ရှိကြပါတယ်… သူက ငါနဲ့ လုံးဝခြားနားပါတယ် ”
ရွှီချင်းသည် ကျင်းကန်းဂိုဏ်းဘိုးဘေး၏ စကားကို အလေးမထားပေ။ သူက ဆေးဆိုင်၏ အပြင်ဘက်သို့ လျှောက်သွားသည်။
ရွှီချင်းသည် အဖိုးအို၏ အကြံအစည်ကို ရှင်းလင်းစွာ မြင်သည်။ ထိုမျှသေးငယ်သော လှည့်ကွက်သည် တခြားလူများအပေါ်မှာ အလုပ်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ့အပေါ်မှာတော့ အသုံးမဝင်ပေ။
အတိတ်တွင် ထိုလူသည် ကံကောင်းထောက်မစွာ လွတ်မြောက်သွားခဲ့သည်။ ယနေ့ နောက်တစ်ကြိမ် ထပ်တွေ့ဆုံမှတော့ ရွှီချင်းမှာ သူ့ကို လွှတ်ပေးရန် အစီအစဉ်မရှိပေ။ ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ရွှီချင်း၏ နှလုံးသားထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို အာရုံခံမိသည်။ သို့ဖြစ်၍ သူက တိတ်တဆိတ် ခွန်အားစုစည်းလိုက်ပြီး ရွှီချင်း၏ အမိန့်ကို စောင့်ဆိုင်းသည်။
ရွှီချင်းက လမ်းလျှောက်လာသည်နှင့် ကြီးမားသော ဖိအားသည် အဖိုးအို၏ နှလုံးသားကို လွှမ်းခြုံသွားသည်။ ချွေးသီးချွေးပေါက်များသည် သူ၏ နဖူးပေါ်မှာ ထွက်ပေါ်လာသည်။ ရွှီချင်း၏ မျက်လုံးထဲမှ အေးစက်မှုကို သူမြင်လိုက်ရသောအခါ သူ၏ နှလုံးသားသည် ပရမ်းပတာဖြစ်လာသည်။
သူ၏ နည်းလမ်းက အလုပ်မဖြစ်သည်ကို မြင်လိုက်ရသောအခါ သူက ချန်းဖန်ကျိုးကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်သည်။ ထို့နောက် သူက အံတင်းတင်းကြိတ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ကျေးဇူးရှင်… ကျုပ်လီယိုဖေးက ဆရာသခင်ရဲ့ ကျေးဇူးကို နှလုံးသားထဲမှာ အမြဲမှတ်ထားပါတယ်… ဒီနေ့ ကျေးဇူးပြုပြီး ကျုပ်ရဲ့ကျေးဇူးတုံ့ပြန်မှုကို လက်ခံပေးပါ ”
ချန်းဖန်ကျိုးသည် လီယိုဖေးဟူသော နာမည်ကို ကြားလိုက်သည့်အခါ ယင်းက အနည်းငယ် ရင်းနှီးကျွမ်းဝင်သည်ဟု ခံစားမိသွားသည်။ သို့သော်လည်း သူက မမှတ်မိပေ။
ဤသည်ကိုမြင်သောအခါ အဖိုးအိုသည် ပိုပြီးစိုးရိမ်ပူပန်လာသည်။
‘ ဒီကောင်က ဒေသခံမဟုတ်ဘူးလား… ဘာလို့ ငါ့နာမည်ကို မမှတ်မိတာလဲ ’
ထို့ကြောင့် သူက ကျယ်လောင်စွာ ထပ်အော်ပြောသည်။
“ ကျုပ်လီယိုဖေးက ဘဝကံကြမ္မာဆိုးတောင်တန်းဒေသမှာ နှစ်ပေါင်း(၁၂၀)ကျော် နေထိုင်ခဲ့ပါတယ်… ကျုပ်ဘဝတစ်လျှောက်မှာ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ခဲ့ပါတယ်… အခက်အခဲအားလုံးကို ကျုပ်ကျော်လွှားပြီးတဲ့နောက် ကျေးဇူးတရားက ဘယ်လောက်ကြီးမြတ်တယ်ဆိုတာ နားလည်ခဲ့ပါတယ်… ဆရာသခင်ထွက်သွားတဲ့ အဲ့ဒီနေ့ကဆို ကျုပ်… ”
အဖိုးအိုက ထိုသို့ပြောလိုက်သည့်အခါ ချန်းဖန်ကျိုး၏ နှလုံးသည် ရုတ်တရက် လှုပ်ခါလာသည်။ ထိုနာမည်ကို ပြန်မှတ်မိသွားသောအခါ သူ၏ မျက်လုံးသည် ပြူးကျယ်လာသည်။
သူက အလန့်တကြား အော်ပြောလိုက်မိသည်။
“ ခင်ဗျားက ဘဝကံကြမ္မာဆိုးအင်မော်တယ် စီနီယာလီယိုဖေးလား ”
ချန်းဖန်ကျိုး၏ အမူအရာသည် ပြောင်းလဲသွားသည်။
“ လွန်ခဲ့တဲ့နှစ်ဆယ့်သုံးနှစ်က မွေးကင်းစကလေးငယ်တွေနဲ့ ဆေးဖော်စပ်တဲ့ သွေးချီလင်ဂိုဏ်းကို စီနီယာလီယိုဖေးက တစ်ညတည်းနဲ့ အမြစ်ဖြတ်သုတ်သင်ပစ်ခဲ့ပြီး မရေမတွက်နိုင်တဲ့ သေမျိုးကလေးငယ်တွေကို ကယ်တင်ပေးခဲ့တယ်… စီနီယာရဲ့လုပ်ဆောင်မှုက ဘဝကံကြမ္မာဆိုးတောင်တန်းဒေသမှာ ဒဏ္ဍာရီတစ်ပုဒ်သဖွယ် ဖြစ်လာခဲ့ပါတယ်… စီနီယာကို ဘဝကံကြမ္မာဆိုးအင်မော်တယ်လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ် ”
“ လွန်ခဲ့တဲ့အနှစ်လေးဆယ်တုန်းက သွေးဝတ်ပြုဂိုဏ်းက လုယက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းနဲ့ ရက်စက်ယုတ်မာတဲ့ ကိစ္စများစုံကို လုပ်ခဲ့ပါတယ်… အဲ့ဒီဂိုဏ်းက သုံးရက်အတွင်း အဆိပ်နဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပါတယ်… ကောလဟာလအရတော့ အဲ့ဒါက ဘဝကံကြမ္မာဆိုးအင်မော်တယ် လီယိုဖေးလက်ချက်လို့ ပြောကြပါတယ် ”
“ ပြီးတော့ လွန်ခဲ့တဲ့နှစ်ခြောက်ဆယ်တုန်းက သဘာဝကဒ်ဘေးတွေနဲ့ လူလုပ်ကဒ်ဘေးတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်… မြို့အသီးသီးမှာ သေမျိုးတွေက ငတ်မွတ်ဘေးနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်… အဲ့ဒီအချိန်တုန်းက တစ်စုံတစ်ယောက်က သေမျိုးတွေကို အစားအစာတွေ ထောက်ပံ့ပေးခဲ့ပါတယ်… အဲ့ဒါက စီနီယာလီယိုဖေးလုပ်တာလို့ ကောလဟာလတွေ ရှိပါတယ် ”
“ ပြီးတော့ လက်တလောမှာ အနီရောင်လဗိမာန်ရဲ့ နတ်ကျွေးကျွန်ဖြစ်လာဖို့ ကြိုးစားနေကြတဲ့ လေလွင့်ကျင့်ကြံသူတွေက တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြပါတယ်… ကောလဟာလအရ အဲ့ဒါကို… ”
ချန်းဖန်ကျိုး၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက သူ့အရှေ့မှ အဖိုးအိုကို ကြည့်လိုက်စဉ် သူ၏ နှလုံးသည် တုန်ခါလာသည်။ ဘဝကံကြမ္မာဆိုးတောင်တန်းဒေသမှာ နေထိုင်နေစဉ်အတွင်း ဒဏ္ဍာရီများစွာကို သူကြားခဲ့ဖူးသည်။ ထိုအထဲတွင် လီယိုဖေးနှင့်ပတ်သက်သော ဒဏ္ဍာရီများစွာ ပါရှိသည်။
ဒဏ္ဍာရီများအရ ထိုပုဂ္ဂိုလ်သည် ရှုပ်ထွေးသော စရိုက်လက္ခဏာရှိသည်။ သူ့မှာ သူရဲကောင်းအကျင့်စရိုက်နှင့် ဗီလိန်အကျင့်စရိုက် နှစ်မျိုးစလုံးရှိသည်။ သို့သော်လည်း အလုံးစုံခြုံငုံကြည့်လျှင် သူရဲကောင်းဘက်က ပိုပြီးပိုပေါ်လွင်သည်။
“ စီနီယာ… ဂူဖောက်တဲ့ ကိစ္စက ဒီဂျူနီယာရဲ့ အမှားပါ… ဂျူနီယာက ပစ္စည်းအားလုံးကို ပြန်ပေးပါ့မယ်… စီနီယာ… ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ ”
ချန်းဖန်ကျိုးသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အဖိုးအိုကို လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
သူက စိတ်လှုပ်ရှားနေပုံပေါ်သည်။ ဘဝကံကြမ္မာဆိုးတောင်တန်းဒေသကဲ့သို့ ပရမ်းပတာနေရာမျိုးတွင် ဂိုဏ်းငယ်တစ်ခုကို တည်ထောင်ထားပြီး လွှမ်းမိုးမှုအနည်းငယ်ရှိသော သူက မည်သို့ကြောင့် သာမန်ဖြစ်နိုင်မည်နည်း။ သို့ဖြစ်၍ အဖိုးအိုနှင့် ဆရာသခင်ကြားမှ အခြေအနေကို အနည်းနှင့်အများ သူမှန်းဆမိသည်။
တစ်ဖက်လူ၏ သရုပ်က အတုယောင်ဖြစ်စေ သို့မဟုတ် အစစ်အမှန်ဖြစ်စေ ယင်းက အရေးမကြီးပေ။ ဤသည်မှာ သူ၏ လက်ရှိပြဿနာကို ဖြေရှင်းပေးနိုင်မည့် အခြေအနေတစ်ရပ် ဖြစ်သည်။
ထိုအကြောင်းကို ကြားသည့်အခါ နောက်ဆုံးမှာတော့ အဖိုးအိုသည် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။
သူသည် အမှန်တကယ် လီယိုဖေးဖြစ်သည်။ သို့သော်လည်း သူ၏ ဘဝတစ်လျှောက်တွင် ပုံသဏ္ဍာန်မတူညီသော စက္ကောမခန္ဓာကိုယ်များကိုသာ မကြာခဏ အသုံးပြုခဲ့ပြီး သူ၏ အစစ်အမှန်ခန္ဓာကိုယ်ကို ဖုံးကွယ်ထားခဲ့သည်။
ယခု သူ့မှာ တခြားရွေးချယ်စရာမရှိပေ။ သေခြင်းရှင်ခြင်းအခြေအနေဖြင့် ရင်ဆိုင်လာရသည့်အခါ သူက အသက်ရှင်ခွင့်ပေးရန် ထိုက်တန်ကြောင်း ထိုမွန်းစတားအိုကြီးကို သိစေချင်သည်။
လပုန်ကန်ခန်းမထဲသို့ ဝင်ရောက်ချင်သူများသည် ပုံမှန်အားဖြင့် သူတို့၏ ကံကြမ္မာကို လက်မခံချင်သူများ ဖြစ်ကြသည်။ သူသည်လည်း ထိုသို့လူမျိုးဖြစ်ကြောင်း ရွှီချင်းအား သိစေချင်သည်။
သူက လပုန်ကန်ခန်းမသို့ ဝင်ရောက်ရန် နတ်ကျေးကျွန်တစ်ယောက်၏ အလောင်းကို လိုအပ်နေသေးသော်လည်း ဤနှစ်များတွင် သူသည် ယဇ်ပူဇော်မှုကို ဖြတ်ကျော်ရန် သူ့ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုခဲ့သည်။
ဤသည်မှာ အမှန်တရား ဖြစ်သည်။
ထိုသို့တွေးမိသောအခါ အဖိုးအိုသည် ရွှီချင်းကို အသနားခံသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ရွှီချင်းသည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူ၏ အကြည့်က အဖိုးအိုပေါ်သို့ ကျရောက်သွားသည်။ သူက မည်သည့်စကားမှ မပြောပေ။
သူ၏ တိတ်ဆိတ်နေမှုက အဖိုးအို၏ နှလုံးကို ပိုပြီးတင်းကျပ်သွားစေသည်။
တစ်ခဏကြာပြီးနောက် ရွှီချင်းသည် ညာလက်ကို မြှောက်တင်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို အဖိုးအို၏ အရှေ့မှ သိုလှောင်အိတ်သုံးလုံးသည် လေထဲသို့ ပျံသန်းသွားသည်။
သိုလှောင်အိတ်များကို ဖမ်းဆုပ်ပြီးနောက် ရွှီချင်းသည် အနောက်လှည့်လိုက်ပြီး ဆေးဆိုင်ထဲသို့ ပြန်ဝင်သွားသည်။
ရွှီချင်းက ထွက်ခွာသွားသည်နှင့် အဖိုးအိုပေါ်မှ ဖိအားသည် ချက်ချင်း လွင့်ပြယ်သွားသည်။ ငရဲတံခါးဝမှ လွတ်မြောက်လာသော ခံစားမှုကြောင့် အဖိုးအိုသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက ရွှီချင်း၏ နောက်ကျောကို ကြည့်နေရင်း လေးနက်စွာ အရိုအသေပေးလိုက်သည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး မြန်ဆန်စွာ ထွက်ခွာသွားသည်။
သို့သော်လည်း သူ့အနောက်မှ အရိပ်သည် ဖြည်းညင်းစွာ မျက်လုံးတစ်လုံးပွင့်သွားပြီး မြန်ဆန်စွာ ပုန်းကွယ်သွားကြောင်း အဖိုးအိုက သတိမထားမိခဲ့ပေ။
ရွှီချင်းသည် လီယိုဖေးကို လောလောဆယ် မသတ်ခဲ့ပေ။ သို့သော်လည်း သူက အရိပ်လေး၏ မျက်လုံးတစ်လုံးကို အဖိုးအိုအား စောင့်ကြည့်လေ့လာရန် တိတ်တဆိတ် စေလွှတ်ထားခဲ့သည်။
အကယ်၍ တစ်ဖက်လူက ချန်းဖန်ကျိုးပြောသည့်အတိုင်း ဟုတ်မှန်သည်ဆိုလျှင် သူ့ကို အသက်ချမ်းသာပေးရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
သို့သော်လည်း အကယ်၍ တစ်ဖက်လူက ထိုသို့မဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်သူဆိုလျှင် အတိတ်တွင် သူက မည်မျှများပြားသော ကောင်းမှုကုသိုလ်များကို လုပ်ဆောင်ထားခဲ့ပါစေ အသက်ရှင်ရန် အခွင့်အလမ်းမရှိပေ။ အရိပ်လေးသည် သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး သူ့ကိုယ်သူ ပြန်ဝါးမျိုစေလိမ့်မည်။
ကောင်းကင်သည် မှောင်ရီနေသေးသော်လည်း အဖိုးအိုထွက်ခွာသွားသည့်အခါ တိမ်မည်းများက မရှိတော့ပေ။
ချန်းဖန်ကျိုးသည် ထိုအဖြစ်အပျက်ကို အစအဆုံး မျက်မြင်တွေ့ခဲ့သည်။ ရွှီချင်းအပေါ် သူ၏ ကြည်ညိုလေးစားမှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ယခင်က ရွှီချင်းကို ရိုသေလေးစားစွာ သူဆက်ဆံခဲ့ကြောင်း ပြန်တွေးမိသွားသောအခါ ဝမ်းမြောက်ဝမ်းသာဖြစ်မိသည်။ သူက ဆေးဆိုင်ထံသို့ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ အရိုအသေပေးလိုက်ပြီး ထွက်ခွာသွားသည်။
ဆေးဆိုင်ထဲတွင် လင်းအာသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ရွှီချင်း၏ လက်ထဲမှ သိုလှောင်အိတ်များကို ကြည့်လိုက်သည်။
ဆေးဆိုင်ဖွင့်လှစ်ပြီးနောက် လင်းအာ၏ ငွေမက်သော အကျင့်စရိုက်ကို ရွှီချင်းက ကျင့်သားရနေပြီ ဖြစ်သည်။ ထို့ကြောင့် သူက ပြုံးလိုက်ပြီး သူ၏ အသိစိတ်ကို သိုလှောင်အိတ်ထဲသို့ ပို့လွှတ်လိုက်သည်။ မည်သည့်အန္တရာယ်မှမရှိကြောင်း စစ်ဆေးပြီးနောက် သူက သိုလှောင်အိတ်များကို လင်းအာ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
လင်းအာသည် ဝမ်းသာပျော်ရွှင်သွားသည်။ သူက သိုလှောင်အိတ်များကို လှမ်းယူလိုက်ပြီး အမြန်ဖွင့်ကြည့်လိုက်သည်။ ဤသည်မှာ သူက ဆန္ဒသေတ္တာကို ဖွင့်လှစ်နေသည့်အလား ပစ္စည်းတစ်ခုပြီးတစ်ခုကို မျှော်လင့်တကြီး ဆွဲထုတ်နေလေသည်။
လင်းအာ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုဖြင့် ပြည့်နှက်နေသည်။
ရွှီချင်းသည် ဘေးမှ တစ်ခဏကြာ ရပ်ကြည့်ပြီးနောက် နောက်ဖေးခန်းဆီသို့ ပြန်ဝင်သွားသည်။ သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး ကြေးမုံတစ်ချပ်ကို ထုတ်ယူလိုက်သည်။ သူက ကြေးမုံနှင့်ပေါင်းစပ်ပြီးနောက် ယခင်အတိုင်း ဆက်လက် လမ်းကြောင်းဖောက်တော့သည်။
သုံးရက်ကုန်ဆုံးသွားသည်။
လေးရက်မြောက်နေ့မနက်တွင် ရွှီချင်းသည် လပုန်ကန်ခန်းမမှ အလင်းတန်း၏ အဆုံးမှာ ရပ်နေသည်။ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်မှုသည် သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။
“ တစ်လကျော်ကြိုးစားပြီးတဲ့နောက် တတိယစစ်ဆေးမှုကို နောက်ဆုံးမှာတော့ ငါအောင်မြင်တော့မယ် ”
“ အရမ်းခက်လွန်းတယ် ”
ရွှီချင်းသည် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး လက်သီးဆုပ်လိုက်ကာ အရှေ့သို့ အားကုန်ထိုးချလိုက်သည်။ အက်ကွဲသံများကြားမှာ နောက်ဆုံးကျန်ရှိသော ဆယ်ပေလမ်းကြောင်းကို သူက ချိုးဖောက်ဖွင့်လိုက်လေသည်။
လမ်းကြောင်းပွင့်သွားသည်နှင့်ချက်ချင်း စူးရှသော အလင်းရောင်သည် သူ၏ အရှေ့မှာ ထွက်ပေါ်လာပြီး သူ့အား လွှမ်းခြုံသွားသည်။ သူက အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်လေရာ ရေခဲပြင်ပေါ်မှာ လျှောက်နေရသကဲ့သို့ ခံစားမိသွားသည်။ သူက ပြန်ပေါ်လာသောအခါ ရှေးဟောင်းဘုရားကျောင်းတစ်ခု၏ အထဲသို့ ရောက်ရှိနေသည်။
ဘုရားကျောင်းသည် မကျယ်ဝန်းပေ။ စတုရန်းပေတစ်ရာခန့်မျှသာ ရှိသည်။ အလင်းရောင်သည် မှေးမှိန်နေသည်။ ဘုရားကျောင်းထဲတွင် ယဇ်ပလ္လင်တစ်ခုမှလွဲ၍ တခြားယဇ်ပူဇော်ပစ္စည်းများ မရှိပေ။
ရွှီချင်းသည် ယဇ်ပလ္လင်ပေါ်မှာ ရှိနေခြင်းဖြစ်သည်။
သို့သော်လည်း သူက မူလအသွင်သဏ္ဍာန်ဖြင့် မဟုတ်ပေ။ ယင်းအစား ရုပ်တုတစ်ရုပ် ဖြစ်သည်။
ထိုရုပ်တုသည် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အဖိုးအိုတစ်ယောက်၏ အသွင်အပြင် ရှိသည်။ သူ၏ မျက်နှာသည် ဂုဏ်ကျက်သရေရှိပြီး အမူအရာသည် ရာထူးဂုဏ်ထူးကြီးမြတ်သူပုံပေါ်လွင်သည်။ မုတ်ဆိတ်သည် အလွန်ရှည်လျားပြီး သူ၏ ရင်ဘက်အထိ ကျဆင်းနေသည်။ သူက သူတော်စင်တစ်ပါးနှင့် ဆင်တူပြီး ကျောပေါ်တွင် အလွန်ကြီးမားသော ဘူးသီးခြောက်တစ်ခုကို သယ်ဆောင်ထားသည်။
သူက နတ်ဘုရားအရှိန်အဝါကို ခပ်ဖျော့ဖျော့ ထုတ်လွှတ်နေသည်။
ရွှီချင်းသည် ရုပ်တု၏ အသွင်အပြင်ကို စစ်ဆေးကြည့်ပြီးနောက် သူ၏ စိတ်အာရုံကို ဖြန့်ကြက်လိုက်သည်။ သို့သော်လည်း သူ၏ နတ်အသိစိတ်က ဘေးပတ်ပတ်လည်မှ နံရံများကို မထိုးဖောက်နိုင်ကြောင်း ရှာတွေ့သွားသည်။ ယင်းက ဘုရားကျောင်းအတွင်းထဲမှာသာ ဖြန့်ကြက်နိုင်သည်။
မည်သူမှမရှိကြောင်း အတည်ပြုပြီးနောက် ရွှီချင်းသည် သူ၏ လက်ကို မြှောက်လိုက်သည်။
သူ၏ ကျောက်တုံးလက်ပေါ်တွင် အနက်ရောင်အကွက်များ ရှိသည်။ ဤသည်မှာ အစတွင် ရုပ်တုကို ဆေးရောင်စုံဖြင့် ဆေးခြယ်ထားခဲ့ဟန် ရသည်။ သို့သော်လည်း အချိန်ကာလ၏ တိုက်စားမှုဒဏ်ကြောင့် ယခု အကွက်အကွက်များသာ ကျန်ရှိတော့သည်။ ရုပ်တု၏ လက်ပေါ်တွင် အက်ကွဲရာတချို့ပင် ရှိသည်။ တချို့အက်ကွဲရာများသည် အလွန်နက်ရှိုင်းသည်။
ရွှိချင်းသည် ကျောက်တုံးလက်ကို အောက်ပြန်ချလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
“ ဒါက လပုန်ကန်ခန်းမလား ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက အဘယ့်ကြောင့် ရုပ်တုဖြစ်လာကြောင်း မသိပေ။ သို့သော်လည်း ဤရုပ်တုထဲတွင် အသက်စွမ်းအင်ရှိကြောင်း သူအာရုံခံနိုင်သည်။ သို့သော်လည်း ယင်းကို သူက မပိုင်ဆိုင်ပေ။ ဤနေရာသို့ ဝင်ရောက်လာပြီးနောက် ဘုရားကျောင်းက သူ့အား ရုပ်တုသံချပ်ကာတစ်ခု အပ်နှင်းပေးလာခြင်းမှာ ပိုပြီးဖြစ်နိုင်ခြေများသည်။
“ တစ်နည်းပြောရရင် ဒီနေရာမှာ အစကတည်းက ရုပ်တုရှိတယ်… ငါက အထဲဝင်လာတဲ့အခါ ရုပ်တုထဲမှာ ပြန်ပေါ်လာတာဖြစ်ရမယ် ”
တစ်ခဏကြာ တွေးတောပြီးနောက် ရွှီချင်းသည် ရွေ့လျားကြည့်ရန် ကြိုးစားသည်။
ယဇ်ပလ္လင်သည် တုန်ယင်လာပြီး ဖုန်မှုန့်များက လွင့်ပြယ်သွားသောအခါ ရွှီချင်းသည် သူ၏ ရုပ်တုခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်ပြီး အောက်သို့ ဖြည်းညင်းစွာ လျှောက်သွားသည်။ သူ၏ ခန္ဓာကိုယ်က သွက်လက်ခြင်းမရှိကြောင်း ခံစားမိသည်။
သူက ဘေးပတ်ဝန်းကျင်တွင် တစ်ခဏကြာ ရွေ့လျားလိုက်သည်။ ဤဘုရားကျောင်းကို စူးစမ်းလေ့လာပြီးနောက် သူက ဤရုပ်တုသံချပ်ကာနှင့် အများကြီး ပိုရင်းနှီးလာသည်။ တစ်ချိန်တည်းမှာ ကျင့်ကြံခြင်းသည် ဤနေရာတွင် အသုံးမဝင်ကြောင်း ရှာတွေ့သွားသည်။ ကျင့်ကြံခြင်းစွမ်းအားကို ဤနေရာတွင် အသုံးမပြုနိုင်ပေ။ ရုပ်တုက အားလုံးကို ကန့်သတ်ထားသည်။
အကယ်၍ တစ်စုံတစ်ယောက်က ဤနေရာမှာ ရွေ့လျားချင်သည်ဆိုလျှင် ရုပ်တု၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီးမှသာ ရွေ့လျားနိုင်လိမ့်မည်။
သို့သော်လည်း သိုလှောင်အိတ်ကိုတော့ ဖွင့်နိုင်ပေသည်။
ထို့နောက် သူက ဘုရားကျောင်း၏ တံခါးကို ကြည့်လိုက်သည်။ တံခါးသည် တစ်ချိန်က အနီရောင်ဖြစ်ခဲ့ဟန်ရပြီး ယခု အချိန်ကာလ၏ တိုက်စားမှုဒဏ်နှင့် ရာသီဥတုဒဏ်ကြောင့် အရောင်သည် မွဲပြာနေသည်။
“ အဲ့ဒီတံခါးနောက်မှာ လပုန်ကန်ခန်းမ ဟုတ်တယ်မလား ”
ရွှီချင်း၏ အကြည့်ထဲမှာ မျှော်လင့်မှုဖြင့် ပြည့်နှက်နေသည်။ သူက ရုပ်တုကို ထိန်းချုပ်လိုက်ပြီး အရှေ့သို့ လျှောက်သွားသည်။
ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် သူက တံခါးဘေးသို့ ရောက်ရှိသွားသည်။ သူက တံခါးကိုမဖွင့်မီ ထိုနေရာမှာ တစ်ခဏကြာ ရပ်နေလိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
သို့သော်လည်း သူ၏ လက်က ဘုရားကျောင်း၏ တံခါးကို ထိလိုက်သည့်အခိုက် အပြောင်းအလဲတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာ ဘဝကံကြမ္မာဆိုးတောင်တန်းဒေသ၏ အပြင်ဘက် အစိမ်းရောင်သဲကန္တာရ၏ အစွန်အဖျားတွင် အစိမ်းရောင်သဲမုန်တိုင်းတစ်ခု ရှိသည်။ ရောင်စုံအလင်းတန်းတစ်ခုသည် သဲမုန်တိုင်းထဲမှာ မြန်ဆန်စွာ ရွေ့လျားနေသည်။
ထိုရောင်ခြည်တန်း၏ အလျင်သည် အလွန်အံ့ဖွယ်ကောင်းသည်။ ၎င်းက ရံဖန်ရံခါ တလက်လက်လင်းလက်သွားပြီး ပို၍ဝေးကွာသော နေရာသို့ တည်နေရာပြောင်းရွှေ့သွားသည်။ ယင်းက အလင်းတန်း၏ အလျင်ကို ပိုပြီးမြန်ဆန်စေသည်။
ကန္တာရထဲမှ အန္တရာယ်များသည် ၎င်းအတွက် ကြောက်စရာမဟုတ်ဟန် ရသည်။ ၎င်း၏ အလျင်က အလုံအလောက် မြန်ဆန်သရွေ့ အရာအားလုံးကို လျစ်လျူရှုနိုင်သည်။
သို့သော်လည်း ရံဖန်ရံခါ ထိုအလင်းတန်းသည် လေထဲမှာ ရပ်တန့်သွားလေ့ ရှိသည်။ ဤသည်မှာ ၎င်းက တည်နေရာကို ရှာဖွေနေသည့်အလားပင်။
အကယ်၍ ဤအခိုက်အတန့်မှာ တစ်စုံတစ်ယောက်က ထိုအလင်းတန်းကို သေချာစစ်ဆေးကြည့်မည်ဆိုလျှင် ၎င်းက ဝူကျန်းဝူ၏ သားငယ်လေး ကြက်တူရွေးဖြစ်ကြောင်း ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်။
ကြက်တူရွေးသည် လေထဲမှာ ရပ်တန့်သွားသည့်အခါတိုင်း နှာခေါင်းကို တရှုပ်ရှုပ်လုပ်လေ့ ရှိသည်။ ၎င်းသည် တစ်စုံတစ်ရာကို ရှာဖွေနေသည့်အလား ဦးခေါင်းကို ဘယ်ညာရွေ့လျားနေသည်။ ဤအခိုက်အတန့်မှာ ၎င်းသည် ဘဝကံကြမ္မာဆိုးတောင်တန်းဒေသနှင့် သိပ်မကွာဝေးတော့ပေ။ ၎င်းက တည်နေရာကို အာရုံခံမိသွားသောအခါ မျက်လုံးတောက်ပသွားသည်။
“ တယ်တော်တဲ့ ငါပါလား… နောက်ဆုံးတော့ အဲ့ဒါကို ငါရှာတွေ့ပြီ ”
“ တကယ်လို့ ငါ့အဖေသာ ဒီမှာရှိနေရင် ကဗျာတစ်ပုဒ်စပ်မှာ သေချာတယ်… ငါ့အဖေရဲ့ သားငယ်လေးတွေထဲမှာ ဉာဏ်အကောင်းဆုံးဖြစ်တဲ့ ငါက အခု အဖေ့ကိုယ်စား ကဗျာတစ်ပုဒ်စပ်လိုက်မယ်ကွာ ”
“ ကြက်တူရွေးလေး မွေးလာတော့ အဖေက ဘာများထူးခြားလဲ… မြန်မြန် အဖေ့ကို သွားရှာစမ်း… ငါဒီမှာ ရောက်နေပြီ ”
ကြက်တူရွေးလေးသည် ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။ သို့သော်လည်း ၎င်း၏ ကဗျာကို ချီးကျူးမည့်လူက အနီးနားမှာ တစ်ယောက်မှရှိမနေသည်ကို စဉ်းစားမိသွားသောအခါ ကြက်တူရွေးလေးသည် နောင်တရသွားသည်။