လပုန်ကန်ခန်းမ၏ ရုပ်တုတစ်သိန်း
Vol. 61 Ch. 951
ဘုရားကျောင်းထဲတွင် ရွှီချင်း၏ လက်က တံခါးကို ထိလိုက်သည်နှင့်ချက်ချင်း သူ၏ တစ်ကိုယ်လုံးသည် တုန်ယင်လာသည်။
ယခင်က ကြိမ်ဖန်များစွာ ထွက်ပေါ်လာဖူးသော စိတ်ဆန္ဒသည် ဘုရားကျောင်း၏ တံခါးမှ ထွက်ပေါ်လာပြီး သူ၏ စိတ်ကို ချက်ချင်း လွှမ်းခြုံသွားသည်။
ယင်းက သူ့ကို အနောက်ဆုတ်ရန် သို့မဟုတ် တုံ့ပြန်ရန် အခွင့်အရေးမပေးချေ။ ထိုစိတ်ဆန္ဒသည် ပင်လယ်ကြီးတစ်ခုသဖွယ် ရွှီချင်း၏ အသိစိတ်ကို လွှမ်းမိုးသွားပြီး အရာအားလုံးကို ဝါးမျိုသွားသည်။
ထို့နောက် ယင်းက ပြင်းထန်သော နာကျင်မှုလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုပြင်းထန်သော နာကျင်မှုသည် သူ၏ အသွေးအသားတစ်လက်မစီတိုင်းနှင့် အရိုးများထံမှ ထွက်ပေါ်လာသည်။ ယင်းက မုန်တိုင်းတစ်ခုသဖွယ် သူ၏ စိတ်ကို လွှမ်းမိုးသွားသည်။
ဤသည်မှာ မရေမတွက်နိုင်သော ဓားများက သူ၏ အသွေးအသားနှင့် အရိုးများကို အပိုင်းပိုင်း လှီးဖြတ်နေသည့်အလားပင်။
ထိုရုတ်တရက် အပြောင်းအလဲသည် ရွှီချင်း၏ နှလုံးကို တုန်ရီသွားစေသည်။ နောက်အခိုက်အတန့်မှာ နာကျင်မှုသည် ပြောင်းလဲသွားသည်။ သို့သော်လည်း ယင်းက အားမလျော့သွားဘဲ ပိုပြီးအားကောင်းလာသည်။
ယင်းက မီးတောက်များသို့ ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်မှ အစိတ်အပိုင်းအားလုံးကို လောင်ကျွမ်းပစ်လိုက်သည်။
လောင်ကျွမ်းသည့်စိတ်ဆန္ဒက ပျောက်ကွယ်သွားသည်နှင့်ချက်ချင်း ယိုယွင်းဆွေးမြေ့သော စိတ်ဆန္ဒက ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်သော်လည်းကောင်း ဝိညာဉ်သော်လည်းကောင်း ငရဲပြည်ထဲသို့ ကျဆင်းသွားသည့်အလား ခံစားနေရသည်။
ရွှီချင်းသည် အတိတ်တွင် နာကျင်မှုမျိုးစုံကို တွေ့ကြုံဖူးသော်လည်း ပြင်းထန်သော ဤနာကျင်မှုက သူ၏ တစ်ကိုယ်လုံးကို တုန်ယင်သွားအောင် ပြုလုပ်နိုင်ဆဲပင်။
သို့သော်လည်း သူက သတိမလစ်သွားရန် ကြိုးစားနေသည်။
နောက်အခိုက်အတန့်မှာ ယိုယွင်းဆွေးမြေ့သော စိတ်ဆန္ဒနှင့်အတူ အကိုက်ခံရသော နာကျင်မှုက ထွက်ပေါ်လာသည်။
ဤသည်မှာ သူ၏ ခန္ဓာကိုယ်က ဧရာမပါးစပ်ပေါက်တစ်ခုထဲမှာ ရှိနေပြီး အပိုင်းပိုင်း ဝါးစားခံနေရဟန် ရသည်။
ကြောက်စရာအကောင်းဆုံးအရာမှာ ထိုနာကျင်မှုအားလုံးသည် အချိန်ကြာလာသည်နှင့်အမျှ ပိုပြီးအားကောင်းလာနေခြင်း ဖြစ်သည်။ အဆုံးမှာတော့ ယင်းက အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ဖော်မပြနိုင်သော ညှဉ်းပန်းနှိပ်စက်မှု ဖြစ်လာသည်။
ထိုအချိန်ခဏလေးအတွင်းမှာ ရွှီချင်းကဲ့သို့ စိတ်ဓာတ်ပြတ်သားသူပင် အော်ဟစ်မညည်းညူဘဲ မနေနိုင်ပေ။ သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ယင်လာပြီး ကောင်းမွန်စွာ မတ်တတ်မရပ်နိုင်တော့ပေ။
အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် အရာအားလုံးသည် မူလအခြေအနေသို့ ပြန်ရောက်သွားပြီး နာကျင်ခံစားမှုအားလုံးက ပျောက်ကွယ်သွားသည်။
တစ်ခုတည်းသော ကျန်နေခဲ့သည့်အရာမှာ ချွေးစက်များဖြစ်ပြီး ရုပ်တု၏ အက်ကွဲရာများမှတဆင့် မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။
ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ ကျယ်ပြောသော နတ်ဘုရားအာရုံသည် သူ၏ စိတ်ထဲသို့ ပဲ့တင်ထပ်လာသည်။
“ အဲ့ဒါက နီလာနတ်သမီးရဲ့ကျိန်စာ ထကြွလာရင် ခံစားရမယ့် အတွေ့အကြုံပဲ… အနာဂတ်မှာ မင်းတွေ့ကြုံခံစားရမယ့် ညှဉ်းပန်းနှိပ်စက်မှုက လဝတ်ပြုဒေသကြီးမှာရှိတဲ့ သက်ရှိအားလုံး တွေ့ကြုံခံစားရမယ့်အရာ ဖြစ်တယ် ”
“ ဒီဟာက တတိယစစ်ဆေးခြင်းလည်း ဟုတ်တယ်… စစ်ဆေးခြင်းကို အောင်မြင်ဖို့ မလိုအပ်ဘူး… မင်းက ကျိန်စာရဲ့နာကျင်မှုကို တွေ့ကြုံခံစားဖူးဖို့ပဲ လိုအပ်တယ် ”
“ ဒါဆို အနာဂတ်မှာ ဒီလိုနာကျင်မှုမျိုး မင်းထပ်ကြုံချင်သေးလား ”
“ တကယ်လို့ မင်းက ဒီလိုနာကျင်မှုမျိုး ထပ်မကြုံချင်ဘူးဆိုရင်… တကယ်လို့ မင်းက ဒီကံကြမ္မာကို တွန်းလှန်ချင်တယ်ဆိုရင် မင်းအရှေ့က တံခါးကို တွန်းဖွင့်လိုက်ပါ… ငါတို့လပုန်ကန်ခန်းမက မင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါလိမ့်မယ် ”
ထိုသို့ပြောပြီးနောက် နတ်ဘုရားစိတ်အာရုံသည် ပျောက်ကွယ်သွားသည်။
အစောနက အဖြစ်အပျက်အားလုံးသည် ပုံရိပ်ယောင်အလားပင်။
ရွှီချင်းသည် ခေါင်းမော့လိုက်သည်။ တတိယစစ်ဆေးမှုကို နောက်ဆုံးမှာတော့ သူနားလည်သွားသည်။
“ ပါဝင်ဖြေဆိုသူတွေကို ကျိန်စာထကြွလာရင် တွေကြုံရမယ့် နာကျင်မှုမျိုး ခံစားစေပြီး အနီရောင်လကို ပုန်ကန်ချင်စိတ် မွေးမြူပေးတာပဲ ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ သို့သော်လည်း မကြာမီ သူ၏ မျက်နှာက အေးခဲသွားသည်။
“ တကယ်လို့ ဒီဟာက တတိယစစ်ဆေးမှုဆိုရင် ငါလမ်းကြောင်းဖွင့်လှစ်ခဲ့တဲ့ စစ်ဆေးမှုက ဘာလဲ ”
ရွှီချင်းသည် တုံ့ဆိုင်းသွားပြီး သူ၏ အမူအရာက အနည်းငယ် ထူးခြားလာသည်။ သူက အနောက်သို့ ခေါင်းလှည့်လိုက်ပြီး ယဇ်ပလ္လင်ကို ကြည့်လိုက်သည်။ သူက တိတ်ဆိတ်သွားသည်။
တစ်ခဏကြာပြီးနောက် ရွှီချင်း၏ မျက်လုံးက လင်းလက်လာသည်။ သူက ထိုသို့အသေးအမွှားကိစ္စကို မစဉ်းစားနေတော့ပေ။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဘုရားကျောင်း၏ တံခါးကို တွန်းဖွင့်လိုက်သည်။
တံခါးက ပွင့်သွားသည်နှင့်ချက်ချင်း ရှေးခေတ်ကာလ၏ အငွေ့အသက်ပါသော တကျွိကျွိမြည်သံသည် ရွှီချင်း၏ နားထဲသို့ ပဲ့တင်ထပ်လာသည်။
ထူးဆန်းသော လောကတစ်ခုသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထင်ဟပ်လာသည်။
ကောင်းကင်သည် ပြာလဲ့လဲ့အရောင်ရှိပြီး နေရောင်ခြည်သည် ကမ္ဘာမြေပေါ်သို့ ဖြာဆင်းကျနေသည်။ ဤသည်မှာ အလင်းကန့်လန့်ကာတစ်ခုက ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည့်နှယ် ထင်ရ၏။
မွှေးရနံ့များသည် ရွှီချင်း၏ နှာခေါင်းဝဆီသို့ တိုးဝင်လာပြီး သိမ်မွေ့ညင်သာသော အလင်းရောင်သည် သူ၏ မျက်လုံးထဲသို့ ဝင်ရောက်လာသည်။
တစ်နှစ်ပတ်လုံး မှောင်ရီနေသော လဝတ်ပြုဒေသကြီးနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ဤနေရာအပေါ် ရွှီချင်း၏ ပထမဆုံးအမြင်သည် သုခဘုံဖြစ်သည်။
ရွှီချင်းကဲ့သို့ တခြားဒေသကြီးမှ ရောက်လာသူပင် ထိုသို့ခံစားမိသည်ဆိုလျှင် ဤလဝတ်ပြုဒေသကြီးမှာ မျိုးဆက်ပေါင်းများစွာအထိ နေထိုင်ခဲ့ကြသူများဆိုလျှင် မည်မျှထိတ်လန့်သွားနိုင်ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
ရွှီချင်း၏ နှလုံးသည် လှုပ်ခါလာသည်။ သူက ဘုရားကျောင်း၏ အပြင်ဘက်သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ၏ အရှေ့တွင် သံချေးတတ်နေသော ရှေးဟောင်းကြေးနီဆေးမီးဖိုတစ်လုံး ရှိသည်။ ဘုရားကျောင်း၏ တည်နေရာသည် တောင်တစ်လုံးပေါ်မှာ ဖြစ်သည်။
ထိုတောင်သည် ဤသုခဘုံထဲမှာ တစ်ခုတည်းသော တောင်ဖြစ်သည်။
တောင်သည် အဆုံးမရှိသည့်အလား အလွန်ကြီးမားသည်။ မရေမတွက်နိုင်သော ဘုရားကျောင်းများကို တောင်ပေါ်တွင် တည်ဆောက်ထားသည်။ တချို့သည် မည်းမှောင်နေပြီး တချို့သည် လင်းထိန်နေသည်။ သို့သော်လည်း ဘုရားကျောင်းတိုင်းသည် ရှေးဟောင်းအငွေ့အသက်ကို ပေးစွမ်းသည်။
“ ဒီနေရာက လပုန်ကန်ခန်းမ ဖြစ်လောက်မယ် ”
တောင်ခြေမှာရှိသော ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အပေါ်သို့ မော့ကြည့်လိုက်သည်။ သေးနုတ်သော ခံစားမှုသည် သူ၏ နှလုံးသားထဲမှာ အလိုအလျောက် ဖြစ်ပေါ်လာသည်။
ဧရာမတောင်၏ ကောင်းကင်ယံတွင် ပို၍ကြီးမားသည့် ဘုရားကျောင်းကိုးခုက လွင့်မျောနေကြသည်ကို သူမြင်သွားသည်။
ဘုရားကျောင်းကိုးခုသည် အဆင့်မြင့်ပြီး ဩဇာကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ ဘုရားကျောင်းကိုးခုအနက် ငါးခုသည် အဆုံးမရှိသော အလင်းရောင်ကို ထုတ်လွှတ်နေကြပြီး အထဲမှ ရုပ်တုများ၏ အကန့်အသတ်မရှိသော ကောင်းချီးမင်္ဂလာကို မည်သူမဆို မသဲမကွဲ မြင်နိုင်ပေလိမ့်မည်။
ကျန်ဘုရားကျောင်းလေးခုသည် အရောင်မှေးမှိန်နေကြပြီး သက်ဝင်လှုပ်ရှားမှုကင်းမဲ့နေကြသည်။
ဘုရားကျောင်းကိုးခု၏ ကောင်းကင်ထက်တွင် နေလုံးရှိပြီး ယင်းက အလင်းရောင်အားလုံး၏ ဇစ်မြစ်ဖြစ်သည်။ သို့သော်လည်း အနီးကပ်သေချာကြည့်မည်ဆိုလျှင် နေလုံးထဲမှာ ဘုရားကျောင်းတစ်ခု အမှန်တကယ် ရှိနေကြောင်း ရွှီချင်း မြင်နိုင်ပေသည်။
သို့သော်လည်း ဘုရားကျောင်း၏ တံခါးသည် အပိတ်ခံထားရသည်။ သို့သော်လည်း ဘုရားကျောင်းကို သူမြင်လိုက်သည့်အခိုက် သေခြင်းတရားကို အလိုအလျောက် ခံစားမိသွားသည်။ ဘုရားကျောင်းထဲတွင် နတ်ဘုရားများ မရှိပေ။
သို့မဟုတ် အတိအကျဆိုရလျှင် အထဲမှာ တစ်ယောက်မှရှိမနေခြင်း ဖြစ်သည်။
ထို့ပြင် ရွှီချင်းသည် ဧရာမတောင်ပေါ်မှ မရေမတွက်နိုင်သော ဘုရားကျောင်းများထဲသို့ ဝင်ထွက်သွားလာနေကြသော သူ့နည်းတူ ရုပ်တုများကို မြင်သွားသည်။ သူတို့သည် သွားလိုက်ပြန်လိုက် လုပ်ဆောင်နေကြပြီး တစ်ခါတစ်ရံ အချင်းချင်း ဆက်သွယ်ပြောဆိုနေကြသည်။
ထိုသို့သက်ဝင်လှုပ်ရှားပုံက ရွှီချင်းကို အနည်းငယ် မိန်းမောတွေဝေသွားစေသည်။ ဤသည်မှာ သူက နတ်ဘုရားတိုင်းပြည်သို့ ရောက်ရှိသွားသည့်အလားပင်။
ထို့ပြင် သူက ထူးဆန်းသော အတွေးတစ်ခုကို တွေးမိသွားပြီး သူ့အနောက်မှ ဘုရားကျောင်းကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
“ တကယ်လို့ ငါရှိနေတဲ့ကမ္ဘာက အဲ့ဒီဘုရားကျောင်းအတွင်းမှာဆိုရင်… ”
ရွှီချင်းသည် ခေါင်းခါလိုက်ပြီး ထိုအတွေးကို ဖယ်ရှားလိုက်သည်။ ယင်းက မဖြစ်နိုင်ကြောင်း သူသိသည်။ သို့ဖြစ်၍ သူက ရုပ်တုခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်ပြီး လေထဲသို့ မြှောက်တတ်သွားကာ လပုန်ကန်ခန်းမကို အသေးစိတ် စစ်ဆေးကြည့်ရှုလိုက်သည်။
အချိန်သည် ဤနေရာမှာ စီးဆင်းနေသည်။ ရွှီချင်း၏ စစ်ဆေးမှုအောက်မှာ နောက်ဆုံးမှာတော့ လပုန်ကန်ခန်းမကို အခြေခံအားဖြင့် သူနားလည်လာသည်။
ဘုရားကျောင်းတစ်ခုက မှေးမှိန်နေသည်ဆိုလျှင် ယင်းက ပိုင်ရှင်မရှိသေးကြောင်း အဓိပ္ပာယ်ရပြီး အဆက်အသွယ်မလုပ်နိုင်သေးပေ။
အလင်းရောင်တလက်လက် တောက်ပနေသည်ဆိုလျှင် အထဲမှာ ဝိညာဉ်တစ်ခုရှိကြောင်း အဓိပ္ပာယ်ရသည်။ အကယ်၍ ပိုင်ရှင်က ဘုရားကျောင်းထဲမှာမရှိလျှင်ပင် အကန့်အသတ်စည်းများကို အသက်မသွင်းထားသရွေ့ တခြားရုပ်တုများသည် အထဲသို့ လွတ်လပ်စွာ ဝင်ရောက်နိုင်ကြသည်။
ဘုရားကျောင်းတိုင်းတွင် မတူညီသော အလင်းဘောလုံးများရှိကြသည်။ အလင်းဘောလုံးတစ်လုံးစီမှာ ကုန်သွယ်ရန် သတင်းအချက်အလက်များ ပါရှိသည်။
“ လပုန်ကန်ခန်းမရဲ့ အခြေခံလုပ်ဆောင်မှုက ကုန်သွယ်တာလား ”
ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။ သူက ထိုအချက်ကို အတည်ပြုရန် ဘုရားကျောင်းဆီသို့ လျှောက်သွားသည်။
မည်သည့်ဘုရားကျောင်း၏ အပြင်ဘက်တွင်မဆို ကြေးနီဆေးမီးဖိုများ ရှိကြသည်။ တချို့သည် ဟာလာဟင်းလင်းဖြစ်နေပြီး တချို့သည် အထဲမှာ အမွှေးတိုင်များ ထွန်းစိုက်ထားကြသည်။ အမွှေးတိုင်၏ အနံ့က လေထဲသို့ တလိပ်လိပ် မြှောက်တတ်သွားသည့်အခါ ကြီးပွားတိုးတတ်မည့် ခံစားမှုကို ပေးစွမ်းသည်။
ရွှီချင်းသည် ထိုအချက်နှင့်ပတ်သက်ပြီး အနည်းငယ် ဇဝေဇဝါဖြစ်မိသည်။ ကြေးနီဆေးမီးဖိုထဲတွင် အမွှေးတိုင်က မည်သို့ပေါ်လာကြောင်း သူမသိပေ။
ထိုအဖြေကို မကြာမီ သူရှာတွေ့သွားသည်။ ရုပ်တုတစ်ရုပ်က တစ်စုံတစ်ယောက်၏ ဘုရားကျောင်းထဲသို့ ဝင်ရောက်သွားပြီး ကုန်သွယ်မှုကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသည့်အခါတိုင်း ကြေးနီဆေးမီးဖိုထဲမှ အမွှေးတိုင်အရေအတွက်သည် ပြောင်းလဲသွားလိမ့်မည်။
တစ်ခါတစ်ရံ အမွှေးတိုင်တစ်တိုင် လျော့နည်းသွားပြီး တစ်ခါတစ်ရံ အမွှေးတိုင်တစ်တိုင် ထပ်တိုးလာလိမ့်မည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက ဘုရားကျောင်းများကို ထပ်မံကြည့်ရှုလိုက်သည့်အခါ ယင်းတို့က ဈေးဆိုင်များနှင့် ဆင်တူသည်ဟု ခံစားမိသွားသည်။
ရွှီချင်းသည် တစ်ခဏတွေးတောပြီးနောက် အနီးနားဝန်းကျင်မှာ ရှာဖွေလိုက်သည်။ အဆုံးမှာတော့ အလင်းရောင်ထွက်ပေါ်နေသည့် ဘုရားကျောင်းတစ်ခုကို သူရှာတွေ့သွားသည်။ ထိုဘုရားကျောင်း၏ ပိုင်ရှင်သည် အဆိပ်ဆေးလုံးတချို့ကို ကုန်သွယ်ရန် လိုအပ်နေကြောင်း သူအာရုံခံမိသည်။ ထိုသူက အလဲအလှယ်လုပ်မည့် ပစ္စည်းသည် တန်ဖိုးကြီးမားသော ဆေးပင်တချို့ ဖြစ်သည်။
ထိုထဲမှ ဆေးပင်တချို့သည် ရွှီချင်း၏ စိတ်အာရုံကို ဆွဲဆောင်နိုင်ပေသည်။ ထို့ကြောင့် ထိုဘုရားကျောင်း၏ ပိုင်ရှင်က ထူးခြားသည့် သမားတော်တစ်ယောက် ဖြစ်ရမည်ဟု သူခံစားမိသည်။
သူက စစ်ဆေးကြည့်ရှုနေစဉ် ယဇ်ပလ္လင်ပေါ်မှ ရုပ်တုသည် ရုတ်တရက် လှုပ်ရှားလာသည်။ ၎င်းက မျက်လုံးဖွင့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်ကာ အေးစက်စက်အသံဖြင့် ပြောသည်။
“ မင်းရပ်ကြည့်နေတာ အတော်ကြာလှပြီ… တကယ်လို့ မင်းက အလဲအလှယ်မလုပ်ဘူးဆိုရင် ဒီကနေ ထွက်သွားနိုင်တယ် ”
ရွှိချင်းသည် နှုတ်ဆိတ်သွားပြီး မေးသည်။
“ ခင်ဗျားက ဘယ်လိုအဆိပ်ဆေးလုံးမျိုးကို ရှာဖွေနေတာလဲ ”
ရုပ်တုသည် ရွှီချင်းကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ငါက အဆိပ်တစ်ရာပြီးတဲ့ ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံနေတာဖြစ်တယ်… ဒီတော့ ဘယ်အဆိပ်ဆေးလုံးမဆို အလုပ်ဖြစ်တယ် ”
ရွှီချင်းသည် တစ်ခဏ တွေးတောပြီးနောက် သူ၏ အဆိပ်ဆေးလုံးများထဲမှ တစ်လုံးကို ထုတ်ယူလိုက်သည်။ သူက အလဲအလှယ်မလုပ်ခင် သတိပေးလိုက်သေးသည်။
“ တာအိုရောင်းရင်း… ကျုပ်ရဲ့ အဆိပ်ဆေးလုံးက နည်းနည်းထူးခြားပါတယ်… အဲ့ဒါကို နည်းနည်းချင်းစီ အသုံးပြုဖို့ အကြံပေးပါရစေ ”
ရွှီချင်းသည် သူ၏ စကားဆုံးသည်နှင့် အဆိပ်ဆေးလုံးကို အလင်းဘောလုံးထဲသို့ ထည့်သွင်းလိုက်သည်။
ရုပ်တုသည် စိတ်ထဲမှာ ကြိတ်ရယ်လိုက်သည်။ သူသည် ယခင်က ထိုသို့သတိပေးမှုမျိုးကို ကြိမ်ဖန်များစွာ တွေ့ကြုံခဲ့ဖူးသည်။ သို့သော်လည်း အဆိပ်အများစုသည် သာမညောင်ညသာ ဖြစ်ကြသည်။ သူက ရွှီချင်း၏ အဆိပ်ဆေးလုံးကို အာရုံခံကြည့်ပြီးနောက် ယင်းက လက်ခံနိုင်သော အတိုင်းအတာမှာရှိသည်ဟု ခံစားမိသွားသည်။ ထို့ကြောင့် အရောင်းအဝယ်က ပြီးမြောက်သွားသည်။
မကြာမီ ရွှီချင်းလိုချင်သော ဆေးပင်တစ်ပင်သည် အလင်းဘောလုံးအတွင်းမှာ ထွက်ပေါ်လာပြီး ရွှီချင်း၏ လက်ဖဝါးပေါ်သို့ ကျဆင်းသွားသည်။ နောက်အခိုက်အတန့်မှာ အားနည်းသော လှိုင်းအတတ်အကျတစ်ခုသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
ထိုအားလှိုင်းအတတ်အကျထဲမှာ ရိုးရှင်းသော နတ်ဘုရားအာရုံပါဝင်သည်။ သူက “စိတ်ကျေနပ်ခြင်း” သို့မဟုတ် “သဘောမကျခြင်း”ကို ရွေးချယ်နိုင်ပေသည်။
ရွှီချင်းက “စိတ်ကျေနပ်ခြင်း”ကို ရွေးချယ်လိုက်သည့်အခါ အမွှေးတိုင်တစ်ချောင်းသည် ဘုရားကျောင်းအပြင်ဘက်ရှိ ကြေးနီဆေးမီးဖိုထဲမှာ ထွက်ပေါ်လာသည်။
“ ဒီတော့ အဲ့ဒါက ဒီလိုအလုပ်လုပ်တာကို ”
ရွှီချင်း၏ စိတ်ဝင်စားမှုသည် မြင့်တတ်လာပြီး ဘုရားကျောင်းထဲမှ ထွက်ခွာသွားသည်။ သူက ထွက်မသွားခင် ရုပ်တုကို ပြန်လှည့်ကြည့်လိုက်ပြီး နောက်တစ်ခါ သတိပေးလိုက်သည်။
“ တာအိုရောင်းရင်း… ခင်ဗျား သတိထားဖို့လိုတယ်… အစမှာ ဆေးလုံးရဲ့ ဆေးမှုန်တချို့ကို ခွာချပြီး စမ်းသုံးကြည့်သင့်ပါတယ်… တစ်ခါတည်း ဆေးလုံးကို မျိုမချပစ်တာ အကောင်းဆုံးပါပဲ ”
“ မင်းထွက်သွားလို့ရပြီ ”
ရုပ်တုသည် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်မရှည်သော လေသံဖြင့် ပြောသည်။
တစ်ဖက်လူက မည်မျှယုံကြည်မှုရှိကြောင်း ရွှီချင်းမြင်သောအခါ ဤနေရာတွင် သူ့ထက် ဗဟုသုတပိုကြွယ်ဝသော လူများရှိနိုင်ကြောင်း စဉ်းစားမိသွားသည်။ ဖြစ်နိုင်သည်မှာ သူက အလွန်အမင်း သေးနုတ်နေခြင်းဖြစ်ရမည်။ ထို့ကြောင့် သူက တစ်ဖက်လူကို ထပ်မံသတိမပေးရန် ဆုံးဖြတ်လိုက်ပြီး ထွက်ခွာသွားသည်။
ရွှီချင်းသည် လပုန်ကန်ခန်းမ၏ ဤလောကထဲမှာ လှည့်ပတ်သွားလာနေရင်း ဘေးပတ်ဝန်းကျင်ကို စူးစမ်းလေ့လာသည်။
လပုန်ကန်ခန်းမသည် အတိတ်တွင် သူတွေးထားခဲ့သည်နှင့် အနည်းငယ် ကွာခြားနေသည်ဟု ရွှီချင်းခံစားမိသည်။ ထို့ပြင် သူက ဘုရားကျောင်းများစွာသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဤနေရာအကြောင်း ပိုပြီးနားလည်လာသည်။
ဤနေရာတွင် ပစ္စည်းများကို ကုန်သွယ်နိုင်ရုံသာမကပေ။ သတင်းအချက်အလက်များလည်း ရှိသည်။ အကူအညီတောင်းခံခြင်းနှင့် အလိုရှိဖမ်းဝရမ်းစာများလည်း ရှိသည်။ ဤနေရာတွင် အမျိုးအစားစုံလင်သော ပစ္စည်းများ ရှိသည်။
ကျိန်စာနှင့်ပတ်သက်သော သတင်းအချက်အလက်တချို့လည်း ရှိသည်။
ကျိန်စာနှင့်ပတ်သက်သော ပစ္စည်းတစ်ခုသည် ရွှီချင်း၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းက အလွန်ဈေးကြီးသောကြောင့် ဖြစ်သည်။
ယင်းမှာ ကျိန်စာလျှော့ပေါ့ဆေးလုံးဖြစ်သည်။
ရွှိချင်းသည် ကျိန်စာလျှော့ပေါ့ဆေးလုံးအကြောင်းကို ယင်ယန်ပန်းပွင့်ဂိုဏ်းက သူနှင့် စီနီယာအကိုကြီးအား အလိုရှိဖမ်းဝရမ်းစာ ထုတ်ပြန်ပြီးနောက်မှ သိရှိခဲ့ခြင်း ဖြစ်သည်။ ယင်း၏ တန်ဖိုးနှင့် ရည်ရွယ်ချက်ကို သူနားလည်သည်။ သို့သော်လည်း ယင်း၏ ဈေးနှုန်းသည် သူ့အား ထိတ်လန့်သွားစေခဲ့သည်။
ကျိန်စာလျှော့ပေါ့ဆေးလုံးကို ဝိညာဉ်ကျောက်တုံးများဖြင့် မဝယ်ယူနိုင်ပေ။ ထို့ပြင် ဆေးလုံးကို အကန့်အသတ်ဖြင့်သာ ရောင်းချသည်။ ဆေးလုံးကို ဝယ်ယူချင်သည်ဆိုလျှင် တစ်စုံတစ်ယောက်သည် တန်ဖိုးကြီးရတနာများဖြင့် အလဲအလှယ်လုပ်ရလိမ့်မည်။ သို့မဟုတ် ရောင်းချသူက ထုတ်ပြန်ထားသော အထူးတာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ရလိမ့်မည်။
ကောင်းကင်ဘုံရတနာများထဲတွင် ရွှီချင်းသည် အနီရောင်ကောင်းကင်မီးသလင်းကျောက်ကို မြင်လိုက်သည်။ ဆေးလုံးကို အလဲအလှယ်လုပ်ရန် လိုအပ်ချက်သည် သလင်းကျောက်အခု(၂၀)ဖြစ်သည်။
ရွှီချင်းထံမှာ ကောင်းကင်မီးသလင်းကျောက်များ ရှိသည်။ ထိုပစ္စည်းသည် အလွန်ရှားပါးကြောင်း သူသိသည်။ သလင်းကျောက်အခု(၂၀)သည် သာမန်မျိုးနွယ်စုတစ်စုက အနီရောင်လဗိမာန်ကို ဆက်ကြေးပေးဆောင်ရန် လုံလောက်သည်။
တာဝန်များအနေဖြင့်ဆိုလျှင် အများစုသည် ဝိညာဉ်သိုက်အဆင့်နှင့် သက်ဆိုင်သောအရာများ ဖြစ်ကြသည်။ ဥပမာ သတ်မှတ်ထားသော ဝိညာဉ်သိုက်အဆင့် ကျွမ်းကျင်ပညာရှင်များကို အမဲလိုက်ပြီး သူတို့၏ ဝိညာဉ်များကို ဆေးလုံးဖြင့် အလဲအလှယ်လုပ်နိုင်ပေသည်။
တချို့တာဝန်များတွင် ဝိညာဉ်စာချုပ်ချုပ်ဆိုရန် လိုအပ်ပြီး တစ်ဖက်လူကို လုံလောက်သော အကျိုးဆောင်မှုများ လုပ်ဆောင်ပေးရလိမ့်မည်။
ရွှီချင်းသည် တစ်ခဏကြာ စစ်ဆေးကြည့်လိုက်သည်။ ဘုရားကျောင်းအများအပြားမှ ကျိန်စာနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ဝယ်ယူပြီးနောက် တောက်ခြေအောက်မှာရှိသော သူ၏ ဘုရားကျောင်းဆီသို့ ပြန်သွားသည်။ လမ်းတစ်လျှောက်တွင် သူက အိမ်နီးနားချင်းတချို့ဖြင့် တွေ့ဆုံခဲ့သည်။
အနီးနားဝန်းကျင်မှ ဘုရားကျောင်းထဲရှိ ရုပ်တုအားလုံးသည် ရွှီချင်းကို မြင်တွေ့သွားသောအခါ သူတို့၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာကြသည်။ အထူးသဖြင့် သူ၏ ဘုရားကျောင်းနှင့် ဘေးချင်းကပ်နေသော ဘုရားကျောင်းဖြစ်သည်။
ရွှီချင်းက သူ၏ ဘုရားကျောင်းထဲသို့ ဝင်ရောက်တော့မည့်အချိန် လိမ္မော်ရောင်အလင်းကို ထုတ်လွှတ်နေသော ရုပ်တုတစ်ရုပ်သည် ဘေးချင်းကပ်ရှိ ဘုရားကျောင်းထဲမှ ထွက်ပေါ်လာသည်။
ထိုရုပ်တုသည် သန်မာထွားကြိုင်းသော အမျိုးသားတစ်ဦးပုံဖြစ်သည်။ သူ၏ ကြီးမားသော ရင်ဘက်သည် ထင်သာစွာ ထွက်ပေါ်နေပြီး ကျောက်ရုပ်တုပေါ်မှာ ရေလှိုင်းသဖွယ် မျဉ်းကြောင်းတချို့ ရှိသည်။ သူက ရက်စက်ကြမ်းကြုတ်ပုံပေါ်ပြီး ရွှီချင်းအပေါ် သူ၏ အကြည့်ထဲမှာ မနှစ်မြို့မှုဖြင့် ပြည့်နှက်နေသည်။
ယင်းကို အာရုံခံမိသွားသောအခါ ရွှီချင်းသည် သတိကြီးစွာထားလာသည်။ သူက ဘုရားကျောင်းထဲမှ ယဇ်ပလ္လင်ပေါ်သို့ မြန်ဆန်စွာ ဝင်ရောက်သွားသည်။ သူက မျက်လုံးမှိတ်လိုက်သည့်အခိုက် ဆေးဆိုင်၏ နောက်ဖေးခန်းထဲမှာ ပြန်ပေါ်လာသည်။
သူ၏ ဘေးပတ်ဝန်းကျင်က ပုံမှန်ပြန်ဖြစ်သွားကြောင်း အာရုံခံမိသွားသောအခါ ရွှီချင်း၏ မျက်လုံးသည် အရောင်ဝင်းလက်လာသည်။ လပုန်ကန်ခန်းမမှ မြင်ကွင်းကို ပြန်မှတ်မိသွားသောအခါ ယင်းက ထူးဆန်းသည်ဟု သူခံစားမိသွားသည်။ တစ်ခဏကြာပြီးနောက် ရွှီချင်းသည် သူအလဲအလှယ်လုပ်ခဲ့သော ကျိန်စာနှင့်ပတ်သက်သည့် သတင်းအချက်အလက်ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။ သူက နတ်ဘုရားအသိစိတ်ကို ကျောက်စိမ်းပြားထဲသို့ ပေါင်းစပ်လိုက်သည်။
တစ်ချိန်တည်းမှာ လပုန်ကန်ခန်းမထဲတွင် ရွှီချင်းထွက်သွားပြီးနောက် ထွားကြိုင်းသန်မာသော ရုပ်တုသည် ရွှီချင်း၏ ဘုရားကျောင်းကို ကြည့်နေရင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ သူက ရှိန်လောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်မယ်လို့ ငါက ထင်ထားခဲ့တာ… သူက တစ်လကြာအောင် တရစပ် ထုရိုက်နေပြီးတော့ ငါ့ရဲ့အေးချမ်းမှုကို နှောင့်ယှက်ခဲ့တယ် ”
တစ်ချိန်တည်းမှာ တောင်ခြေအောက်မှ ဘုရားကျောင်းငယ်တစ်ခုထဲတွင် တံခါးသည် ရုတ်တရက် ပွင့်သွားသည်။ မျက်လုံးခြောက်လုံးနှင့် ပိန်ပါးသော ရုပ်တုတစ်ရုပ်သည် ဘုရားကျောင်း၏ အပြင်ဘက်သို့ ထွက်လျှောက်လာသည်။
ရုပ်တု၏ ပခုံးတစ်ဖက်စီပေါ်တွင် နတ်ငှက်တစ်ကောင် ရပ်နားနေကြသည်။ ရုပ်တုသည် အရှေ့သို့ ထွက်လျှောက်လာပြီးနောက် လက်နှစ်ဖက်ကို ဆန့်တန်းထုတ်လိုက်သည်။ သူက ဘဝင်မြင့်သော အမူအရာဖြင့် မောက်မာထောင်လွှားစွာ ပြောသည်။
“ ချင်းလေး… မင်းရဲ့ စီနီယာအကိုကြီးက တမင်နောက်ကျနေတာ မဟုတ်ပါဘူးကွာ… ငါကိုက အရမ်းတော်လွန်းနေတာပါ… ငါက ကိစ္စသေးသေးလေးကနေ လပုန်ကန်ခန်းမကို ဝင်ရောက်ဖို့ တကယ်ပဲ အရည်အချင်းပြည့်မီခဲ့တယ်… ဟူး… ငါက အရမ်းတော်လွန်းနေတော့လည်း အခက်သား… ဆက်ပြီးတော်နေဖို့ကလွဲလို့ ငါ့မှာ တခြားရွေးချယ်စရာမရှိဘူး ”
“ ပြီးတော့ ချင်းလေးရဲ့ အခြေအနေအရဆို သူက လပုန်ကန်ခန်းမဆီ ဝင်ရောက်နိုင်လိမ့်မှာ မဟုတ်ဘူး… စိတ်မကောင်းစရာပဲ… ဒီလိုလှပတဲ့ မြင်ကွင်းကို ငါတစ်ယောက်တည်းပဲ ရှုစားနိုင်တော့မယ် ”
“ ဟိုငတုံးငှက်လည်း ရှိသေးတယ်… ဒီကောင် ဘဝကံကြမ္မာဆိုးတောင်တန်းဒေသဆီ ရောက်သွားပြီလားဆိုတာ ငါသိချင်လိုက်တာ… လမ်းတစ်ဝက်မှာ မသေသွားဖို့ ငါဆုတောင်းပါတယ်… ”