← Chapters

မင်း… မင်းအဆိပ်မိနေတယ်(က)

Vol. 61 Ch. 952

မင်း… မင်းအဆိပ်မိနေတယ်(က)

Vol. 61 Ch. 952

ညအချိန် ကမ္ဘာကြီးသည် မှောင်ရီဖုံးနေသည်။ ဘဝကံကြမ္မာဆိုးတောင်တန်းဒေသ၏ မြို့ငယ်လေးများထဲတွင်သာ အလင်းရောင်က ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်နေသည်။ ယင်းတို့၏ အလင်းရောင်သည် လေထဲမှာ ဝေဝါးနေသည်။

တအင့်အင့်ညည်းသံကိန်းဝပ်နေသော လေသည် အစဉ်မပြတ် တိုက်ခတ်နေသည်။ တချို့သဲသည် လေထဲသို့ မြှောက်တတ်သွားပြီး မြို့ထဲသို့ ပျံ့နှံ့သွားသည်။

သဲလေအများအပြားသည် တောင်ထိပ်အပေါ်သို့ မရောက်ရှိနိုင်ကြသော်လည်း ယင်းက တံခါးများပေါ်သို့ ကျဆင်းသွားပြီး တရှဲရှဲမြည်သံကို ဖြစ်ပေါ်စေတုန်းပင်။ သို့သော်လည်း ကာလတစ်ခုကြာပြီးနောက် မည်သူမဆို ယင်းကို ကျင့်သားရလာကြလိမ့်မည်။

ယင်းက ရွှီချင်းအတွက် မှန်ပေသည်။ နှစ်ဝက်ကြာပြီးနောက် အိမ်အပြင်ဘက်မှ တရှဲရှဲလေတိုက်သံသည် သူ့ဘဝ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။

ဤအခိုက်အတန့်မှာ သူက နတ်ဘုရားအသိစိတ်ကို ကျောက်စိမ်းပြားထံမှ ပြန်ရုပ်သိမ်းလိုက်သည်။ ထူးဆန်းသော အလင်းရောင်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

လပုန်ကန်ခန်းမမှ သူပြန်ရောက်လာသည်မှာ သုံးရက်ရှိသွားပြီ ဖြစ်သည်။ ထိုသုံးရက်အတောအတွင်း၌ ရွှီချင်းသည် ကျောက်စိမ်းပြားထဲမှာပါရှိသော သတင်းအချက်အလက်များကို ဆင်ခြင်သုံးသပ်နေခဲ့သည်။

ယခု သူက ကျောက်စိမ်းပြားထဲမှာပါရှိသော သတင်းအချက်အလက်အားလုံးကို နောက်ဆုံးမှာတော့ နားလည်သွားသည်။

“ ကျိန်စာအပေါ် လပုန်ကန်ခန်းမရဲ့ သုတေသနရှာဖွေမှုတွေက ဒီလောက်အသေးစိတ်တဲ့ အဆင့်ထိ ရောက်နေပြီပဲ ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ အဆိပ်ဆေးလုံးများ၊ ဝိညာဉ်ကျောက်တုံးများဖြင့် လဲလှယ်ခဲ့ရသော ကျိန်စာနှင့်ပတ်သက်သည့် သတင်းအချက်အလက်များသည် အလွန်တန်သည်ဟု သူခံစားမိသည်။

ထိုသတင်းအချက်အလက်သည် အလွန်အသေးစိတ်သည်။ သိသာစွာပင် ယင်းက မျိုးဆက်တစ်ဆက်တည်း၏ သုတေသနပြုလုပ်မှု မဖြစ်နိုင်ပေ။

ယင်းတို့ကို မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းခဲ့ဟန်ရပြီး ကျိန်စာအမျိုးမျိုးအပေါ် ထင်မြင်ချက်များနှင့် စမ်းသပ်မှုများ၏ ရလဒ်များ ပါဝင်သည်။

“ စူးစမ်းလေ့လာမှုအများကြီး ပြုလုပ်ပြီးတဲ့နောက် ကျိန်စာမှာ အသက်ရှိကြောင်း အတည်ပြုနိုင်ခဲ့တယ်… ”

“ မျိုးနွယ်တစ်ရာကျော်ကို နမူနာ စမ်းသပ်လေ့လာပြီးနောက် မျိုးနွယ်အသီးသီး၏ ကျိန်စာတွေထဲမှာ သိသာတဲ့ ခြားနာမှုတွေရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ကြတဲ့လူတွေ ရှိတယ်… တချို့အုပ်စုတွေထဲမှာ သူတို့မွေးဖွားလာတဲ့အချိန်မှာ ကျိန်စာက နည်းနည်းလေးပဲ ရှိတယ်… ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကျိန်စာတွေက တဖြည်းဖြည်း စုပုံများပြားလာတယ် ”

“ လပုန်ကန်ခန်းမထဲမှာ ကျိန်စာထကြွမှုရဲ့ အပြောင်းအလဲတွေကို အထူးပြုလေ့လာကြတဲ့သူတွေ ရှိတယ်… သူတို့က မတူညီတဲ့ တုံ့ပြန်ပုံ(၁၃၇)မျိုးကို ရှာတွေ့ခဲ့ကြတယ်… ကြည့်ရတာ မျိုးနွယ်မတူရင် ကျိန်စာထကြွပုံကလည်း ကွာခြားတဲ့ပုံပဲ ”

“ ကျိန်စာက မျိုးနွယ်စုတွေအပေါ်မူတည်ပြီး ညှဉ်းပန်းနှိပ်စက်တာကို စိတ်ကြိုက်ပြောင်းလဲပစ်နိုင်တယ်… ဥပမာ နေဝင်ဆည်းဆာမျိုးနွယ်က ရုပ်ပိုင်ဆိုင်ရာနာကျင်မှုကို သဘာဝအားဖြင့် အနည်းနဲ့အများ လျစ်လျူရှုနိုင်တယ်… ဒါကြောင့် ကျိန်စာထကြွလာတဲ့အခါ ကျိန်စာရဲ့ ပစ်မှတ်က သူတို့ရဲ့ ဝိညာဉ်ပဲ ”

“ ပြီးတော့ လပုန်ကန်ခန်းမရဲ့ လေ့လာမှုတွေအရ နောက်ထပ်သဘောတရားတစ်ခု ရှိသေးတယ်… အဲ့ဒါက… မတူညီတဲ့ မျိုးနွယ်အသီးသီးက ကျိန်စာတွေကို‌ ရောနှောပစ်နိုင်တယ် ”

“ တကယ်တော့ လဝတ်ပြုဒေသကြီးထဲက သက်ရှိအားလုံးရဲ့ ခန္ဓာကိုယ်ထဲက ကျိန်စာတွေက ကိန်းသေမဟုတ်ဘူး… မျိုးနွယ်စုအသီးသီးရဲ့ ခန္ဓာကိုယ်ထဲက ကျိန်စာတွေက ပါးစပ်တွေနဲ့ သွေးမျိုးစက်တွေကနေ ထပ်ဆင့်လွှမ်းမိုးနိုင်ကြတယ် ”

ထူးဆန်းသော အလင်းရောင်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထိုနည်းလမ်းသည် သူ၏ စိတ်ထဲမှ အတွေးများစွာကို တံခါးဖွင့်လှစ်ပေးလိုက်သည်။ ဤမတိုင်ခင် ကျိန်စာကို ထိုသို့အသုံးပြုနိုင်ကြောင်း တစ်ခါမှ သူမစဉ်းစားခဲ့ဖူးပေ။

ဥပမာ တစ်စုံတစ်ယောက်က ဝိညာဉ်ထိခိုက်မည်ကို မကြောက်ရွံ့သော မျိုးနွယ်စုထံသို့ ဝိညာဉ်ကို ပစ်မှတ်ထားတိုက်ခိုက်သော ကျိန်စာကို ရောနှောပစ်နိုင်သည်။ ထိုမျိုးနွယ်၏ ကျိန်စာက ရောနှောသွားသည့်အခါ ယင်းက ကျိန်စာထကြွလာလျှင် တွေ့ကြုံခံစားရမည့် နာကျင်မှုဒဏ်ကို လျှော့ချပေးလိမ့်မည်။

“ ကျိန်စာတွေက မျိုးနွယ်တစ်ခုနှင့်တစ်ခု မတူညီကြဘူး… ဒါကြောင့် ကျိန်စာကို ရောနှောပေါင်းစပ်လိုက်တာက… အဲ့ဒါက ကျိန်စာလျှော့ပေါ့ဆေးလုံးရဲ့ အခြေခံသဘောတရားပဲ ”

ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး ကျိန်စာသတင်းအချက်အလက်များကို မှတ်တမ်းတင်ထားသည့် ကျောက်စိမ်းပြားများထဲမှ တစ်ခုကို ထုတ်ယူလိုက်သည်။

ဤကျောက်စိမ်းပြားထဲမှာ ထိုနည်းလမ်းကို မှတ်တမ်းတင်ထားသည်။ ရွှီချင်းသည် နောက်ဆုံးမှာတော့ ကျိန်စာလျှော့ပေါ့ဆေးလုံးက အဘယ့်ကြောင့် အလွန်ဈေးကြီးရပြီး အရေအတွက်က အနည်းအကျဉ်းသာရှိကြောင်း နားလည်သွားလေသည်။

“ ဘယ်ကျိန်စာလျှော့ပေါ့ဆေးလုံးမှာမဆို နာကျင်မှုအားလုံးကို လျှော့ပေါ့ပေးဖို့ မျိုးနွယ်စုအများကြီးရဲ့ ဝိသေသလက္ခဏာတွေကို ရောနှောပစ်ရလိမ့်မယ်… ဒါမှပဲ ဆေးလုံးကို သောက်သုံးတဲ့လူက ကျိန်စာရဲ့ သက်ရောက်မှုကို လျှော့ချနိုင်လိမ့်မယ် ”

“ မြင့်မားတဲ့ အဆင့်အတွက်ဆိုရင် လူနာရှင်ရဲ့ စရိုက်လက္ခဏာကို သေချာသိနားလည်ထားတဲ့ သမားတော်တွေမှပဲ ဖော်ဆပ်နိုင်လိမ့်မယ်… ပြီးတော့ လူနာရှင်မျိုးနွယ်စုရဲ့ ဝိသေသလက္ခဏာတွေပေါ်မူတည်ပြီး ဆေးလုံးကို ဖော်ဆပ်ရလိမ့်မယ် ”

“ တစ်နည်းပြောရရင် ကျိန်စာလျှော့ပေါ့ဆေးလုံးက မျိုးနွယ်အသီးသီးက ကျိန်စာတွေကို ရောနှောထားတဲ့ ကျိန်စာဆေးလုံးပဲ… ဒါပေမဲ့ ရောနှောသန့်စင်ဖို့အတွက် များပြားလှတဲ့ အသေးစိတ်အချက်အလက်တွေကို လိုအပ်တယ်… ဒါမှပဲ ကျိန်စာတွေကို ရောနှောပြီးတဲ့အခါ အဲ့ဒါက ကျိန်စာရဲ့ အစွမ်းကို မတိုးမြှင့်စေဘဲ အချင်းချင်း ချေဖျက်နိုင်စေလိမ့်မယ် ”

“ ဒါက ကျိန်စာကို ခုခံတားဆီးဖို့အတွက် ကျိန်စာကို အသုံးပြုလိုက်တာပဲ ”

ရွှီချင်းသည် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။ သူရရှိခဲ့သော သတင်းအချက်အလက်များသည် မျိုးဆက်ပေါင်းများစွာကြာသည်အထိ စူးစမ်းလေ့လာခဲ့သော လပုန်ကန်ခန်းမ၏ သုတေသနရလဒ်များထဲမှ ရေခဲအစွန်းမျှသာဖြစ်ကြောင်း နားလည်လိုက်သည်။

ရွှီချင်းက ရေခဲအစွန်းမျှသာ ရရှိခဲ့သော်လည်း လပုန်ကန်ခန်းမမှ ကျင့်ကြံသူများ၏ အသိဉာဏ်ပညာအပေါ် ပိုပြီးလေးနက်စွာ နားလည်လာသည်။

“ တကယ်လို့ ဒီအတိုင်းသာ ဆက်ပြီးတိုးတတ်သွားမယ်ဆိုရင် တစ်နေ့ကျရင် သူတို့က ကျိန်စာထကြွမှုရဲ့ နာကျင်မှုအားလုံးကို ပျောက်ကင်းစေနိုင်တဲ့ ဆေးလုံးကို ဖန်တီးနိုင်လိမ့်မယ်… ဒီနည်းနဲ့ဆိုရင် ဒီဒေသကြီးကနေ သူတို့ထွက်ပြေးနိုင်လောက်တယ် ”

“ အဲ့ဒီလိုဖြစ်လာဖို့အတွက် အဓိကလိုအပ်ချက်က နီလာနတ်သမီးက ကျိန်စာနည်းလမ်းကို မပြောင်းလဲပစ်ဖို့ပဲ… ပြီးတော့ မျိုးဆက်အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့ကြတဲ့ အမွေအနှစ်တွေက နီလာနတ်သမီးကြောင့် မပျောက်ဆုံးသွားဖို့ လိုအပ်တယ် ”

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ကျောက်စိမ်းပြားထဲမှ သတင်းအချက်အလက်ကို သူလေ့လာပြီးနောက် ကျိန်စာလျှော့ပေါ့ဆေးလုံးသည် ကျိန်စာအပေါ် သူ၏ နားလည်သဘောပေါက်မှုကို အဆင့်တတ်စေနိုင်ကြောင်း နားလည်သွားသည်။

“ ငါ့မှာ အနီရောင်လလိုမျိုး ဇစ်မြစ်တူညီတဲ့ စွမ်းအင်ရှိတယ်… တစ်နည်းပြောရရင် အတိုင်းအတာတစ်ခုအထိ ငါလည်းပဲ ကျိန်စာကို ထုတ်လွှတ်နိုင်တယ်… သီအိုရီအရဆိုရင် ငါ့ရဲ့ ကောင်းချီးပေးမှုက ကျိန်စာကို နက်ရှိုင်းစေရုံတင်မကဘူး ကျိန်စာက အဲ့ဒါကို စားသုံးပစ်လိမ့်မယ် ”

“ အရင်က ငါလျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းက မှားယွင်းနေခဲ့တာပဲ… ငါက ကျိန်စာကို တစ်ခါတည်းနဲ့ အမြစ်ဖြတ်ဖြေရှင်းချင်တယ်… ဒါပေမဲ့ ငါ့ရဲ့ခရမ်းလစွမ်းအားက အစွမ်းသိပ်မမြင့်မားသေးလို့ အဲ့ဒီလိုလုပ်ဖို့ အရမ်းခက်ခဲတယ် ”

“ ဒီတော့ ငါက ကျိန်စာကို အရင်ဦးဆုံး အားနည်းအောင်လုပ်မယ်ဆိုရင်… ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ တစ်ခဏကြာပြီးနောက် ဆုံးဖြတ်ချက်ပြတ်သားမှုသည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ငါ့ရဲ့ခန့်မှန်းမှုကို အတည်ပြုဖို့အတွက် ကျိန်စာလျှော့ပေါ့ဆေးလုံးကို ငါလိုအပ်တယ် ”

ထိုသို့အတွေးရလာသောအခါ ရွှီချင်းသည် ကြေးမုံတစ်ချပ်ကို ထုတ်လိုက်ပြီး လပုန်ကန်ခန်းမဆီသို့ ထပ်မံဝင်ရောက်သွားသည်။ နောက်အခိုက်အတန့်မှာ လပုန်ကန်ခန်းမတည်ရှိရာ တောင်ခြေ၌ ဘုရားကျောင်းငယ်တစ်ခု၏ ယဇ်ပလ္လင်ပေါ်မှ ရုပ်တု၏ မျက်လုံးသည် ရုတ်ချည်း ပွင့်သွားသည်။

ရွှီချင်းသည် အလျင်စလို မဆောင်ရွက်ပေ။ သူက ယဇ်ပလ္လင်ပေါ်မှာ မတ်တတ်ရပ်နေရင်း ဘေးပတ်ဝန်းကျင်ကို အရင်ဦးစွာ အာရုံခံလိုက်သည်။ မည်သည့်အမှားအယွင်းမှမရှိကြောင်း သေချာအောင် စစ်ဆေးကြည့်ပြီးနောက် သူက ရုပ်တုကို ထိန်းချုပ်လိုက်ပြီး အရှေ့သို့ လျှောက်သွားသည်။

အောက်သို့ ဆင်းသက်လာပြီးနောက် သူ၏ ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်ကာ မည်သည့်အပြောင်းအလဲရှိကြောင်း စစ်ဆေးကြည့်လိုက်သည်။

ရုပ်တုသည် အက်ကွဲရာများနှင့် ပြည့်နှက်နေပြီး ယခင်ပုံစံအတိုင်းပင်။ ၎င်းသည် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်ဖြစ်ပြီး ကျောပေါ်တွင် ဘူးသီးခြောက်တစ်လုံး ရှိသည်။

အားလုံးသည် ပုံမှန်အတိုင်း ရှိသည်။

သို့မှာသာ ရွှီချင်းသည် ဘုရားကျောင်းတံခါးကို တွန်းဖွင့်လိုက်ပြီး အပြင်ဘက်သို့ လျှောက်သွားသည်။

ရွှီချင်းသည် ဤနေရာမှ မိုးပြာရောင်ကောင်းကင်နှင့် တောက်ပသော နေအလင်းရောင်ကို ကြည့်လိုက်သည်။ ဘုရားကျောင်းများထဲသို့ ဝင်ထွက်သွားလာနေကြသော ရုပ်တုများကို သူမြင်သည်။

မည်သည့်အပြောင်းအလဲမှ ရှာမတွေ့သည့်နောက် သူက တုံ့ဆိုင်းမနေတော့ဘဲ သူတို့နှင့်အတူ ရောဝင်လိုက်သည်။

ဤတစ်ကြိမ်တွင် သူ၏ ရည်ရွယ်ချက်သည် အလွန်ရှင်းလင်းသည်။ သူက အလဲအလှယ်လုပ်နိုင်မည့် ကျိန်စာလျှော့ပေါ့ဆေးလုံးတစ်လုံးကို ရှာဖွေချင်သည်။ သူက ထိုသို့သွားလာနေစဉ်  လွန်ခဲ့သော သုံးရက်ခန့်က အဆိပ်ဆေးလုံးအား အလဲအလှယ်လုပ်ခဲ့သော ဘုရားကျောင်းရှေ့ကို ဖြတ်ကျော်သွားသည်။

ရွှီချင်းသည် မသိလိုက်မသိဘာသာ ဘုရားကျောင်းထဲသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။

All Chapters