← Chapters

မင်း… မင်းအဆိပ်မိနေတယ်(ဂ)

Vol. 61 Ch. 954

မင်း… မင်းအဆိပ်မိနေတယ်(ဂ)

Vol. 61 Ch. 954

“ ဘယ်လိုငရဲလဲဟ… ငါက ဇိမ်လေးနဲ့ ပျံသန်းဖို့ အရှိန်နည်းနည်း လျှော့လိုက်ရုံပါ… ပြီးတော့ သဲမြေပေါ်မှာ မစင်လေးနည်းနည်း စွန့်လိုက်ရုံပါ… ဘယ်လိုလုပ် လေက အဖြူရောင်ပြောင်းလဲသွားတာလဲ ”

ကြက်တူရွေးလေးသည် အလန့်တကြား ပျံသန်းနေရင်း အဖြူရောင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားနေသော သဲမုန်တိုင်းထဲမှ လွတ်မြောက်ရန် ကြိမ်ဖန်များစွာ တည်နေရာပြောင်းရွှေ့နေသည်။

ထိုစဉ် ရွှီချင်း၏ ပုံရိပ်သည် ဆေးဆိုင်၏ နောက်ဖေးခန်းထဲမှာ ပြန်ပေါ်လာသည်။

သူက တင်ပျဉ်ခွေထိုင်လိုက်သည့်အခါ မျှော်လင့်သော အကြည့်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ထို့နောက် သူက အနီရောင်ကောင်းကင်မီးသလင်းကျောက်များဖြင့် လဲလှယ်လာခဲ့သော ကျိန်စာလျှော့ပေါ့ဆေးလုံးကို ထုတ်ယူလိုက်ပြီး သေချာဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။

ဆေးလုံးသည် အရောင်စုံလင်ပြီး အလွန်ထူးဆန်းပုံပေါ်သည်။ သို့သော်လည်း ဆေးလုံးမှ ထုတ်လွှတ်နေသော ကျိန်စာအရှိန်အဝါသည် အလွန်ထင်ရှားသည်။

ရွှီချင်းသည် အလျင်စလိုမပြုလုပ်ပေ။ ထိုကျိန်စာလျှော့ပေါ့ဆေးလုံးသည် အလွန်တန်ဖိုးကြီးမားသည်။ သူ့မှာ နောက်တစ်ခုဖြင့် ထပ်လဲလှယ်ရန် သလင်းကျောက်အလုံအလောက်မရှိတော့ပေ။ သူက ဤဆေးလုံးတစ်လုံးတည်းဖြင့်သာ သုတေသနပြုလုပ်နိုင်ပေသည်။

သို့ဖြစ်၍ သူက အရင်ဦးစွာ ဆေးလုံး၏ အပေါ်ယံအလွှာကို သေချာဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက ဆေးလုံးကို သူ၏ အရှေ့မှာ ချထားလိုက်ပြီး တရှုတ်ရှုတ် အနံ့ခံလိုက်သည်။

စဉ်းစားချင့်ချိန်သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည့်အခါ သူက အမြန်ဆင်ခြင်သုံးသပ်လိုက်သည်။

“ အဲ့ဒါက ဆေးပင်တွေကနေ ဖွဲ့စည်းလာတဲ့ပုံမပေါ်ဘူး ”

“ ဒါပေမဲ့ ကျိန်စာက သေချာပေါက် ပါဝင်တယ်… ပြီးတော့ ကျိန်စာက တစ်ခုတည်းမဟုတ်ဘူး… အမျိုးအစားအများကြီးပဲ… အထဲက ပစ္စည်းတစ်မျိုးပေါ် အဓိကထားပြီး ကျိန်စာတွေကို ထည့်သွင်းထားတာပဲ ”

“ အဲ့ဒါက ကျိန်စာစွမ်းအားကို စုပ်ယူနိုင်တဲ့ ပစ္စည်းတစ်မျိုးပဲ ”

ရွှီချင်းသည် ဆက်လက် ဆင်ခြင်သုံးသပ်သည်။

“ ကျိန်စာအမျှင်တစ်ခုစီရဲ့ အရေအတွက်က ကွာခြားတယ်… ပြီးတော့ အဲ့ဒါက မျိုးနွယ်အသီးသီးက ကျိန်စာစွမ်းအားတွေပေါ်မှာ အခြေခံတယ်… အဲ့ဒီနောက် ဆေးလုံးအသွင်ကို ပြောင်းလဲသွားတယ် ”

“ ကျိန်စာအားလုံးက အရင်းအမြစ်တစ်ခုတည်းကဆိုပေမဲ့ ဘာဖြစ်လို့ အကျိုးသက်ရောက်မှုက ခြားနားရတာလဲဆိုတာ စိတ်ဝင်စားစရာပဲ ”

“ ဒါပေမဲ့ ဘာပဲပြောပြော အဲ့ဒါက ကျိန်စာဖြစ်နေတုန်းပဲ… ကျိန်စာလျှော့ပေါ့ဆေးလုံးကို သောက်သုံးမယ်ဆိုရင် ကျိန်စာထကြွလာရင်ခံစားရမယ့် နာကျင်မှုဒဏ်ကို လျှော့ပေါ့စေနိုင်တယ်ဆိုပေမဲ့ ကျိန်စာက လျှော့နည်းသွားတာမဟုတ်ဘူး… အဲ့ဒီအစား ကျိန်စာက ပိုများလာတယ် ”

“ ပြီးတော့ ကျိန်စာရဲ့ အရေအတွက်က တိုးပွားလာတဲ့အခါ ဆင့်ကဲတုံ့ပြန်မှုအများကြီးကို လှုံ့ဆော်စေလိမ့်မယ်… ဥပမာ အသက်စွမ်းအင် ကုန်ဆုံးသွားတာတွေ… ကျင့်ကြံခြင်းအဆင့် ကျဆင်းသွားတာတွေ ဖြစ်လာနိုင်တယ်… အဲ့ဒါက ကျိန်စာလျှော့ပေါ့ဆေးလုံးရဲ့ ဘေးထွက်ဆိုးကျိုးတွေပဲ ”

“ ဒါက ရေဆာတာကို သက်သာစေဖို့ အဆိပ်ကို သောက်သုံးနေတာပဲ… ”

ရွှီချင်းသည် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ဘယ်လက်ကို မြှောက်တင်လိုက်ပြီး ခရမ်းလစွမ်းအားကို သူ၏ ခန္ဓာကိုယ်ထဲမှာ စုစည်းလိုက်ကာ ခရမ်းရောင်ချည်မျှင်များကို ဖန်တီးလိုက်သည်။

ချည်မျှင်များသည် တစ်ရာခန့်ရှိသည်။ ရွှီချင်းသည် သူ၏ အရှေ့မှာ တဖျပ်ဖျပ် လွင့်မျောနေသော ခရမ်းရောင်ချည်မျှင်များကို အတွေးတစ်ချက်ဖြင့် ထိန်းချုပ်လိုက်ပြီး ကျိန်စာလျှော့ပေါ့ဆေးလုံးထံသို့ ပျံသန်းသွားစေသည်။

ချည်မျှင်များသည် ဆေးလုံးထဲသို့ မြန်ဆန်စွာ ထိုးဖောက်သွားကြပြီး ဆေးလုံးနှင့် ပေါင်းစပ်သွားကြသည်။ ချည်မျှင်တိုင်းသည် ကျိန်စာလျှော့ပေါ့ဆေးလုံးအတွင်းမှ အမျိုးအစားမတူညီသော ကျိန်စာများနှင့် ထိတွေ့သွားကြပြီး စတင်တုပလိုက်ကြသည်။

ဤသည်မှာ တခြားလူများမလုပ်ဆောင်နိုင်သောအရာ ဖြစ်သည်။ သို့သော်လည်း ရွှီချင်း၏ ခရမ်းလသည် အနီရောင်လနှင့် ဇစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာခြင်းဖြစ်သည်။ အနီရောင်လက ပြုလုပ်နိုင်သော အသွင်ပြောင်းလဲမှုများကို သူသည်လည်း ပြုလုပ်နိုင်ပေသည်။

သို့သော်လည်း ယခင်က သူ့မှာ လုံလောက်သော သုတေသနစမ်းသပ်မှုများနှင့် အချက်အလက်များမရှိသဖြင့် ထိုသို့မလုပ်ဆောင်နိုင်ခဲ့ပေ။ သို့သော်လည်း ယခု အဖြေအားလုံးသည် ကျိန်စာလျှော့ပေါ့ဆေးလုံးအတွင်းမှာ ရှိနေသည်။ ရွှီချင်းအတွက်တော့ ယင်းက မဖွင့်ရသေးသော တံခါးတစ်ချပ် ဖြစ်သည်။

အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားပြီး ရွှီချင်း၏ အမူအရာသည် စတင်တည်ကြည်လေးနက်လာသည်။ သူထုတ်လွှတ်ထားသော ခရမ်းရောင်ချည်မျှင်များသည် ထိုသို့တုပနေစဉ်အတွင်း တစ်ခုပြီးသည်နှင့် တခြားကျိန်စာများဆီသို့ ဦးတည်သွားကြသည်။

ဖြစ်စဉ်တစ်ခုလုံးတွင် သူက အလွန်အမင်း သတိထားနေသည်။ သူက ရာနှင့်ချီသော ခရမ်းရောင်ချည်မျှင်များ၏ အားလှိုင်းအတတ်အကျများကို ထိန်းချုပ်နေပြီး ဆေးလုံးထဲမှ ကျိန်စာများ မထကြွလာအောင် အကောင်းဆုံး ကြိုးစားနေသည်။

ခြောက်နာရီကြာပြီးနောက် သူ၏ အသေးစိတ် အာရုံစိုက်မှုအောက်မှာပင် အမှားတချို့ကို ပြုလုပ်မိသွားခဲ့သည်။

ချက်ချင်းဆိုသလို တန်ဖိုးကြီးမားသော ကျိန်စာလျှော့ပေါ့ဆေးလုံးသည် တုန်ခါလာသည်။ နောက်အခိုက်အတန့်မှာ အထဲမှ ကျိန်စာအားလုံးသည် ထကြွလာပြီး ဆေးလုံးက ပြိုကွဲသွားကာ အနက်ရောင်ပြာမှုန်သို့ ပြောင်းလဲသွားသည်။ ပြာမှုန်သည် ရွှီချင်း၏ လက်ချောင်းကြားထဲမှတဆင့် မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။

ရွှီချင်းသည် နောင်တမရပေ။ ထူးဆန်းသော အလင်းရောင်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထိုခြောက်နာရီအတွင်းမှာ သူက မျိုးနွယ်စု(၃၀၀)ကျော်ဆီမှ ကျိန်စာစွမ်းအင်အားလုံးကို အောင်မြင်စွာ တုပနိုင်ခဲ့သည်။

သူက မြေပြင်ပေါ်မှ အနက်ရောင်ပြာမှုန်ကို ကြည့်လိုက်သည့်အခါ တိုးညင်းသော အာမေဋိတ်သံကို ထုတ်ဖော်လိုက်မိသည်။ သူက အနက်ရောင်ပြာမှုန်အနည်းငယ်ကို ကောက်ယူလိုက်ပြီး သူ့အရှေ့မှာ ကိုင်ထားလိုက်သည်။ ယင်းက သူနှင့်ရင်းနှီးကျွမ်းဝင်သည်ဟု ခံစားမိနေသည်။

“ ဒါက… ”

ရွှီချင်း၏ မျက်လုံးထဲမှာ အလင်းရောင် ဖြတ်ပြေးသွားသည့်အခါ သူက အိတ်တစ်လုံးကို ထုတ်ယူလိုက်ပြီး အထဲမှ အနက်ရောင်ပြာမှုန်များကို အပြင်သို့ သွန်ချလိုက်သည်။ ထိုနှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်သည့်အခါ ယင်းတို့က အတူတူဖြစ်ကြောင်း သူရှာတွေ့သွားသည်။

ရွှီချင်း၏ အနက်ရောင်ပြာမှုန်များသည် သားရိုင်းကောင်များထံမှ ရရှိလာခြင်းဖြစ်သည်။ ကျိန်စာက အပြည့်အဝ လှုံ့ဆော်လာသည့်အခါ ၎င်းတို့၏ ခန္ဓာကိုယ်များက အနက်ရောင်ပြာမှုန်သို့ ပြောင်းလဲသွားကြသည်။

အတိတ်တွင် ယင်းက ဘာမှမသုံးမဝင်ကြောင်း သူခံစားမိသော်လည်း လွှတ်မပစ်ဘဲ အိတ်တစ်လုံးထဲမှာ ထည့်၍ သိမ်းဆည်းထားခဲ့သည်။

ယခု သူကြည့်လိုက်သည့်အခါ ယင်းက ကျိန်စာကို စုပ်ယူရန် အသုံးပြုထားသော ပစ္စည်းဖြစ်နေသည်။

“ တစ်နည်းပြောရရင် ကျိန်စာလျှော့ပေါ့ဆေးလုံးတွေမှာ အဓိကပါဝင်ပစ္စည်းက ကျိန်စာမိထားတဲ့ သက်ရှိတစ်ကောင်ရဲ့ အရိုးတွေပဲ ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ အချိန်တစ်ခဏကြာပြီးနောက် သူက ပြာမှုန်များကို လက်တစ်ဆုပ်စာ ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလစွမ်းအားကို လှည့်ပတ်လိုက်ပြီး ခရမ်းရောင်ချည်မျှင်များကို ထုတ်လွှတ်လိုက်ကာ ပြာမှုန်ထဲသို့ ပေါင်းစပ်သွားစေသည်။

အစောနက စမ်းသပ်လေ့လာမှုများအရ သူက ကျိန်စာအမျိုးမျိုး၏ အမျှင်တန်းများကို မြန်ဆန်စွာ လှုံ့ဆော်လိုက်ပြီး အနက်ရောင်ပြာမှုန်ထဲသို့ ထည့်သွင်းလိုက်သည်။

ထိုသို့လုပ်ဆောင်နေစဉ်အတွင်း သူ၏ လက်ထဲမှ အနက်ရောင်ပြာမှုန်သည် ဘောလုံးတစ်လုံးအရွယ် စတင်ကျုံ့လာနေသည်။ ယင်း၏ အရောင်သည် တဖြည်းဖြည်း ပြောင်းလဲလာပြီး နောက်ဆုံးမှာတော့ ရောင်စုံသို့ ပြောင်းလဲသွားသည်။ ယင်း၏ အရွယ်အစားသည်လည်း ပြောင်းလဲသွားသည်။

ရွှီချင်းက ဖျစ်ညှစ်လိုက်သည့်အခါ ပုံစံမကျသော ဆေးလုံးတစ်လုံးသည် သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

အပေါ်ယံမှ ကြည့်မည်ဆိုလျှင် ယင်းက ကျိန်စာလျှော့ပေါ့ဆေးလုံးနှင့် အနည်းငယ်ဆင်တူပြီး အရှိန်အဝါသည် တစ်ပုံစံတည်း တူညီသည်။ သို့သော်လည်း ယင်း၏ အနှစ်သာရသည်တော့ ကွဲပြားခြားနားသည်။

အဘယ့်ကြောင့်ဆိုသော် ဆေးလုံးထဲမှ ကျိန်စာအားလုံးသည် ရွှီချင်း၏ ခရမ်းလစွမ်းအားထံမှ ဖြစ်တည်လာသောကြောင့် ဖြစ်သည်။

“ အနီရောင်လရဲ့ ကျိန်စာကို ရန်သူရဲ့ စစ်တပ်တစ်တပ်လို့ သတ်မှတ်မယ်ဆိုရင် လက်ရှိ ငါ့ရဲ့ခရမ်းလစွမ်းအားက ရန်သူရဲ့ အဝတ်အစားကို ပြောင်းလဲဝတ်ထားပြီး ရုပ်ဖျက်ထားတဲ့အခြေအနေမျိုးပဲ… ဒီလိုမှပဲ ရန်သူက အမှန်တရားကို ရှာမတွေ့ဘဲ ငါက သူတို့နဲ့အတူတူ ရောထွေးနေနိုင်လိမ့်မယ် ”

“ ဒီနည်းလမ်းကို အသုံးပြုနေရင်း အဲ့ဒါက ရန်သူ့စစ်တပ်အတွင်းမှာ အချိန်မရွေး ပေါက်ကွဲသွားနိုင်တယ်… ပြီးတော့ သူတို့က အဲ့ဒါကို ဝါးမမျိုနိုင်ခင် ကျိန်စာတချို့ကို ပျက်ပြယ်သွားစေလိမ့်မယ် ”

ရွှီချင်း၏ အတွေးများသည် ရှင်းလင်းလာသည်။ သူက အစမ်းသပ်ခံ သားရိုင်းတစ်ကောင်ကို ထုတ်ယူလိုက်သည်။ ၎င်းက ကင်းမြှီးကောက်တစ်ကောင် ဖြစ်သည်။ ကင်းမြှီးကောက်သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း တုန်ယင်လာသည်။ ၎င်းက အမြှီးကိုပင် မမြှောက်ဝံ့ပေ။

ရွှီချင်းသည် ကင်းမြှီးကောက်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ လက်ထဲမှ ဆေးလုံးကို ဘေးတွင် ချထားပေးလိုက်သည်။

“ အဲ့ဒါကိုစား ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

ကင်းမြှီးကောက်သည် မငြင်းဆန်ဝံ့ပေ။ ၎င်းက ဆေးလုံးကို  နာခံစွာ ဝါးမျိုလိုက်သည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်သည် ပိုပြီးပြင်းထန်စွာ တုန်ခါလာသည်။ အသက်ဆယ်ခါရှူချိန်အတွင်း ၎င်းက ယိုယွင်းပျက်စီးသွားပြီး အနက်ရောင်ပြာမှုန်သို့ ပြောင်းလဲသွားသည်။

“ ရုပ်ဖျက်တာ မအောင်မြင်ဘူး ”

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ အစောနက သန့်စင်ခြင်းလုပ်ငန်းစဉ်ကို ပြန်ပုံဖော်လိုက်ပြီးနောက် သူက နောက်ထပ် အနက်ရောင်ပြာမှုန်ကို ထုတ်ယူလိုက်သည်။ သူက ဆက်လက်မသန့်စင်ခင် ယင်းကို အနည်းငယ် ချိန်ဆလိုက်သည်။

ရက်အနည်းငယ်ကုန်ဆုံးသွားသည်။ ရွှီချင်းသည် ထိုအတောအတွင်း အစဉ်မပြတ် ကြိုးစားနေသည်။ သူက ကျရှုံးသွားတိုင်း ပိုပြီးအသေးစိတ်သော ချိန်ညှိမှုများကို ပြုလုပ်ပြီး တဖန်ပြန်ကြိုးစားသည်။ နောက်ဆုံးမှာတော့ ဆယ်ရက်မြောက်နေ့သို့ ရောက်ရှိသွားသောအခါ သူ၏ ဆေးလုံးသည် သူ့ဘာသာ အောင်မြင်စွာ ရုပ်ဖျက်နိုင်သွားသည်။

All Chapters