သဲမုန်တိုင်းထဲမှ ကြောက်စရာကောင်းသော ပုံရိပ်
Vol. 61 Ch. 956
“ အစိမ်းရောင်လေက အရောင်ပြောင်းနေတယ်… ”
ရွှီချင်းသည် သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ သူ၏ အကြည့်က လေးနက်လာသည်။ ပြတင်းပေါက်အပြင်ဘက်မှ အဖြူရောင်လေသည် သူ့အား အနည်းငယ် စိတ်မသက်မသာ ခံစားရစေသည်။
လောကထဲမှ မည်သည့်ပြောင်းလဲမှုမဆို လောကနိယာမများနှင့် ဆက်စပ်နေပေသည်။ သို့မဟုတ် အံ့ဖွယ်စွမ်းအားများ၏ နှောင့်ယှက်မှုကြောင့် ဖြစ်နိုင်ပေသည်။ ဥပမာ ကောင်းကင်မီးလျှံကဒ်ဘေးဖြတ်သန်းခြင်း သို့မဟုတ် ယခုဖြစ်ပေါ်နေသော သဲကန္တာရထဲမှ လေမုန်တိုင်း ဖြစ်သည်။
“ အဲ့ဒီနှစ်ခုကြားမှာ ဆက်စပ်မှုရှိနေမလား ”
လဝတ်ပြုဒေသကြီးအပေါ် ရွှီချင်း၏ နားလည်မှုသည် လွန်စွာမှ သေးငယ်ပြီး ဤလောကထဲတွင် ရှင်းပြရန်မဖြစ်နိုင်သော ကိစ္စအများအပြား ရှိပေသည်။ ဤအခိုက်အတန့်မှာ သူက လက်ကို မြှောက်လိုက်ပြီး အပြင်သို့ ဆန့်တန်းလိုက်လေရာ လေထဲမှာ ကိန်းဝပ်နေသော သဲဖြူသည် သူ၏ အရှေ့သို့ ရောက်ရှိလာသည်။
သဲသည် ဖြူဖွေးပြီး သူ့ဘာသာ အသက်ရှိနေဟန် ရသည်။ ၎င်းက ရွှီချင်း၏ လက်ထဲမှာ ရုန်းကန်နေသည်။ ၎င်းက ရုန်းမထွက်နိုင်ကြောင်း သတိပြုမိသွားသောအခါ ရွှီချင်း၏ အရေပြားထဲသို့ ထိုးဖောက်ဝင်ရန် ကြိုးစားသည်။
ရွှေရောင်အလင်းသည် ရွှီချင်း၏ ညာဘက်လက်ပေါ်မှာ လင်းလက်သွားပြီး သဲဖြူကို သူ၏ အရေပြားထဲသို့ မဝင်ရောက်နိုင်ရန် တားဆီးလိုက်သည်။ သူက သဲဖြူကို သေချာစွာ လေ့လာလိုက်သည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် သဲလွန်စတချို့ကို ရှာတွေ့လာသည်။ ထိုသဲဖြူသည် အင်းစက်ဥနှင့် ပိုပြီးဆင်တူသည်။
“ မဟုတ်မှ အစိမ်းရောင်လေက အရောင်ပြောင်းလဲသွားတာ အမည်မသိတည်ရှိမှုတစ်ခုက ဥတွေချသွားလို့များလား… ဥတွေက ကန္တာရတစ်လျှောက် ပျံ့နှံ့သွားပြီး အာဟာရဓာတ်ကို စုပ်ယူတာလား ”
ရွှီချင်း၏ မျက်လုံးထဲမှာ ဆင်ခြင်သုံးသပ်သော အရိပ်အယောင်ဖြစ်ပေါ်လာသည်။ သို့သော်လည်း ယင်းက သူ၏ ခန့်မှန်းချက်မျှသာဖြစ်ပြီး အတည်ပြုရန် သက်သေမရှိပေ။
သဲက အင်းစက်ဥဟုတ်မဟုတ်သည်တော့ ယင်းက သက်သေမရှိသော ရွှီချင်း၏ စိတ်ခံစားမှုသက်သက်သာ ဖြစ်၏။ မည်သို့ဖြစ်ပါစေ ဤလောကြီးတွင် ထူးဆန်းသော အရာများသည် အလွန်များပြားသည် မဟုတ်ပါလော။ တစ်စုံတစ်ယောက်၏ စိတ်ခံစားမှုက အမြဲတမ်း မမှန်ကန်နိုင်ပေ။
ထိုအခိုက်အတန့်မှာ လင်းအာသည်လည်း ခေါင်းကလေးပြူးထွက်လာပြီး အပြင်လောကကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။ အဖြူရောင်သဲမုန်တိုင်းထဲတွင် အမင်္ဂလာအတိတ်နိမိတ်ရှိကြောင်း သူလည်း အာရုံခံမိသည်။
ရွှီချင်း၏ အမူအရာကို မြင်သွားသောအခါ ကြက်တူရွေးလေးသည် အနည်းငယ် စိတ်မသိုးမသန့် ခံစားသွားမိသည်။ ၎င်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး သဲမြေပေါ်တွင် မစင်စွန့်ခဲ့သည့်အကြောင်း လုံးဝမပြောတော့ရန် ဆုံးဖြတ်လိုက်သည်။
အချိန်တစ်ခဏကြာပြီးနောက် ရွှီချင်းသည် သဲပေါ်မှ အကြည့်ပြန်ရုပ်သိမ်းလိုက်ပြီး ကြက်တူရွေးလေးကို ကြည့်လိုက်သည်။
ကြက်တူရွေးလေးသည် တုန်ယင်လာပြီး အမြန်ခါးမတ်လိုက်သည်။
“ မင်းက တည်နေရာပြောင်းရွှေ့နေချိန် တခြားလူတွေကို ခေါ်သွားနိုင်တာ ဟုတ်သလား ”
ရွှီချင်းသည် တည်ငြိမ်စွာ ပြောသည်။
“ ငါလုပ်နိုင်ပါတယ် ”
ကြက်တူရွေးလေးသည် ကျယ်လောင်စွာ ပြောသည်။ သို့သော် ၎င်း၏ စိတ်ထဲမှာတော့…
‘ ငါလုပ်နိုင်တယ်… ဒါပေမဲ့ အဲ့ဒါက ငါ့ရဲ့စိတ်အခြေအနေပေါ်မှာ မူတည်တယ် ’
“ ခေါင်းဆောင်က ဘယ်မှာလဲ ”
ရွှီချင်းသည် ဆက်လက်မေးသည်။
“ သူက အနောက်ပိုင်းဒေသမှာပါ… စတေးခံယင်မြစ်ရဲ့ ကမ်းစပ်နားမှာပါ ”
ကြက်တူရွေးလေးသည် အမြန်ပြန်ဖြေသည်။
ရွှီချင်းသည် နောက်ထပ်မမေးတော့ပေ။ သူက ခေါင်းဆောင်ပြောသည့် မီးထွန်းခိုင်းသည့်ကိစ္စကို သေချာနားမလည်သော်လည်း ယင်းက နေလုံးနှင့်ပတ်သည်နေသည်ဆိုလျှင် သူ၏ ရွှေကျီးကန်းစွမ်းအားကို လိုအပ်ခြင်း ဖြစ်နိုင်လောက်သည်။
“ ငါခရီးထွက်ရမယ်… ဒါပေမဲ့ အရိပ်လေးက အခုထိ ပြန်မရောက်လာသေးဘူး ”
ကျိန်စာအပေါ် ရွှီချင်း၏ သုတေသနလိုအပ်ချက်ကြောင့် အရိပ်လေးသည် အမဲလိုက်ရန် မကြာခဏ အပြင်ထွက်သွားလေ့ရှိသည်။ တစ်ခါတစ်ရံ ၎င်းက တစ်ရက်နှစ်ရက်ဖြင့် ပြန်ရောက်လာတတ်သော်လည်း တစ်ခါတစ်ရံ လေးငါးခြောက်ရက် ကြာတတ်သည်။
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အဝေးမှ ကောင်းကင်နှင့် မြေပြင်ကြားရှိ မြူခိုးကို ကြည့်လိုက်သည်။ သူက အရိပ်လေးကို ဆင့်ခေါ်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမှ မရှိချေ။ ထိုသဲမုန်တိုင်းသည် အရာအားလုံးကို သီးခြားခွဲထုတ်ထားသည်။
ရွှီချင်းသည် အရိပ်လေးကို အာရုံခံကြည့်လိုက်လေရာ အရိပ်လေးသည် အလွန်ဝေးကွာသောနေရာတွင် ရှိနေပြီး ရွေ့လျားခြင်းရှိမနေကြောင်း ရေးတေးတေး အာရုံခံမိသွားသည်။
အကယ်၍ ကြက်တူရွေးလေးက အဖြူရောင်လေမတိုက်ခင် ရောက်လာနိုင်လျှင် အရိပ်လေးသည် အဖြူရောင်လေကို မြင်တွေ့သည့်အခါ ပြန်မလာဘဲနေရန် တုံးအလိမ့်မည်မဟုတ်ပေ။
“ အကိုရွှီချင်း… အရိပ်လေးက… ”
လင်းအာသည် ရွှီချင်းကို ကြည့်လိုက်သည်။ အနည်းငယ် သူစိတ်ပူနေသည်။
“ အရိပ်လေး တစ်ခုခုဖြစ်နေတာဖြစ်ရမယ်… တစ်ချက်သွားကြည့်ရအောင် ”
ရွှီချင်းသည် တည်ငြိမ်စွာ ပြောရင်း ဆေးဆိုင်၏ နောက်ဖေးခန်းကို ကြည့်လိုက်သည်။ သူက ပစ္စည်းပစ္စယများကို သိမ်းဆည်းလိုက်ပြီး ဆေးဆိုင်တံခါးကို တွန်းဖွင့်လိုက်သည်။ သူက ဆေးဆိုင်ကို သော့ခတ်လိုက်ပြီးနောက် အပြင်သို့ ထွက်လျှောက်သွားသည်။ တစ်ခဏတွေးတောပြီးနောက် သူက ဆိုင်းဘုတ်တစ်ခုကို ရှာဖွေလိုက်ပြီး ဆိုင်းဘုတ်ပေါ်မှာ လအနည်းငယ်ကြာ ဆိုင်ပိတ်ထားမည်ဖြစ်ကြောင်း အမှာစာ ရေးလိုက်သည်။ ထို့နောက် သူက ဆိုင်းဘုတ်ကို ဆေးဆိုင်ရှေ့မှာ ချိတ်ဆွဲထားလိုက်သည်။
သို့မှသာ သူက ထွက်ခွာသွားသည်။
ကြက်တူရွေးလေးနှင့် ကျင်းကန်းဂိုဏ်းဘိုးဘေးသည်လည်း အပြင်သို့ ပျံသန်းထွက်လာကြသည်။ တစ်ယောက်သည် ရွှီချင်း၏ ဘေးမှ လိုက်ပါလာပြီး တစ်ယောက်သည် ရွှီချင်း၏ ပခုံးပေါ်မှာ ဂရုတစိုက် ဆင်းသက်လိုက်သည်။
ရွှီချင်းသည် သူတို့နှစ်ယောက်ကို အရေးမထားပေ။ သူက မြို့ထဲသို့ လျှောက်သွားသည်။
လမ်းများပေါ်တွင် လမ်းသွားလမ်းလာ အများအပြား မရှိပေ။ အပြင်သို့ ထွက်လာကြသူများသည် မြေပြင်ပေါ်မှာ ဒူးထောက်နေကြပြီး တီးတိုးရွတ်ဆိုနေကြသည်။
အဖြူရောင်သဲမုန်တိုင်းသည် မြို့ထဲမှ အဆောက်အဦးများပေါ်သို့ ဖြတ်သန်းတိုက်ခတ်နေသည်။ နေအိမ်အများစုသည် တံခါးပိတ်ထားကြသည်။
မြို့ထဲမှ ဒေသခံပြည်သူများနှင့် အင်အားစုငယ်များမှ ကျင့်ကြံသူများသည် အဖြူရောင်သဲမုန်တိုင်း ရောက်ရှိလာသည့်အခါ အကယ်၍ သူတို့မှာ တခြားရွေးချယ်စရာမရှိလျှင် အပြင်သို့ မထွက်ဝံ့ကြပေ။
ရုပ်ဆိုးပန်းဆိုးလူများသည်သာ လေတိုက်ခတ်နေစဉ် လမ်းလျှောက်နေကြပြီး အဖြူရောင်လောကကို ထပ်ခါထပ်ခါ အရိုအသေပေးနေကြသည်။
“ အဖြူရောင်နတ်သမီးက နိုးထလာပြီး မီးလျှံမြစ်ကို စံစားတော်မူပါ ”
“ ဒုက္ခရောက်နေသူတွေကို ကယ်တင်ဖို့ နတ်ဘုရားကလေးငယ်က ဆင်းသက်လာပြီ ”
“ မရေမတွက်နိုင်တဲ့ ကြယ်တွေကြားမှာ ကျုပ်တို့နှလုံးသားက တောက်ပတယ် ”
“ ကျွန်တော်က မြေကြီးဖြစ်လာပြီး ကောင်းကင်ကို အာဟာဖြည့်ပေးဖို့ ဆန္ဒရှိပါတယ် ”
တီးတိုးရေရွတ်သံများသည် အဖြူရောင်လေကို အရိုအသေပေးနေကြသော ထိုရုပ်ဆိုးပန်းဆိုးလူများ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။ သူတို့သည် ဇွဲကောင်းပြီး သနားစဖွယ်ကောင်းသည်။ သူတို့က အရိုအသေပေးလိုက်သည်နှင့် သူတို့၏ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသော ဝတ်ရုံရှည်ကို ချွတ်ပစ်လိုက်ကြသည်။ ထိုအခါ အလွန်ကြည့်ရဆိုးသော ပုံဆိုးပန်းဆိုး ခန္ဓာကိုယ်က ပေါ်ထွက်လာသည်။
သူတို့၏ ခန္ဓာကိုယ်သည် မြင်ရသူကို ချောက်ချားသွားစေရန် လုံလောက်သည်။ ဤသည်မှာ သူတို့က ပုံစံမကျဘဲ ကြီးထွားလာကြသည့်အလားပင်။ အရေအတွက်များပြားသော အသားပိုများသည် သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ တွဲလောင်းတည်ရှိနေကြသည်။ တချို့ဆိုလျှင် ခြေလက်အပိုများရှိကြပြီး တချို့ဆိုလျှင် ဝမ်းဗိုက်ပေါ်မှာ မျက်နှာအပိုများ ရှိကြသည်။ အသားပိုများသည် လေထဲသို့ သူတို့ဘာသာ မြှောက်တတ်သွားကြပြီး အရှေ့အနောက်သို့ လှုပ်ယမ်းနေကြသည်။
ထိုမြင်ကွင်းသည် ကြက်တူရွေးလေးကို ပါးစပ်အဟောင်းသားဖြစ်သွားစေပြီး မျက်လုံးပြူးကျယ်သွားစေသည်။
ရွှီချင်း၏ အကြည့်က ထိုလူများထံသို့ ကျရောက်သွားသည်။ သူ၏ အမူအရာသည် ယခင်အတိုင်း တည်ငြိမ်နေဆဲပင်။ စောစောက ဤနေရာသို့ သူရောက်မလာခင် ထိုအဖြစ်အပျက်ကို ကြိုအာရုံခံမိပြီးသား ဖြစ်သည်။ သို့ဖြစ်၍ သူက အလွန်အံ့ဩခြင်း မရှိပေ။ သူက တီးတိုးရေရွတ်နေလျက် အရိုအသေပေးနေကြသော ထိုရုပ်ဆိုးပန်းဆိုးလူများကို ဖြတ်ကျော်သွားသည်။
သူက ခြေတစ်လှမ်းချင်းလှမ်း၍ လျှောက်နေလေရာ မကြာမီ မြို့အပြင်ဘက်သို့ ထွက်သွားပြီး ချောက်ကမ်းပါးစွန်းပေါ်သို့ ရောက်ရှိသွားသည်။
ထိုနေရာတွင် လောကကြီးသည် အဖြူရောင်သို့ ပြောင်းလဲနေသည်။ တအင့်အင့်ညည်းသံပါသော လေသည် စက်ဝိုင်းသဖွယ် လှည့်ပတ်တိုက်ခတ်နေသည်။ ဤသည်မှာ တစ်လောကလုံးက အဖြူရောင်ပင်လယ်သို့ ပြောင်းလဲသွားနေသည့်အလားပင်။
လေနှင့်အတူ ရွေ့လျားနေသော မရေမတွက်နိုင်သည့် သဲမှုန်များသည် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ခတ်လာပြီး သူ၏ အဝတ်အစားများပေါ်သို့ ကျဆင်းလာကြသည်။ ထို့နောက် သဲမှုန်များသည် သူ၏ အသွေးအသားထဲသို့ ထိုးဖောက်ဝင်ရောက်လာကြသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ရွှေရောင်အလင်းသည် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ လင်းလက်သွားပြီး သဲမှုန်အားလုံးသည် အောက်သို့ ပြုတ်ကျသွားကြသည်။
အရိပ်လေး၏ တည်နေရာကို အာရုံခံပြီးနောက် ရွှီချင်းသည် သူ၏ ကော်လံကို တင်းကျပ်အောင် ချည်နှောင်လိုက်ပြီး အရှေ့သို့ ရွေ့လျားသွားသည်။ သူ၏ တစ်ကိုယ်လုံးက သက်တံ့အသွင်ပြောင်းလဲသွားပြီး ဘဝကံကြမ္မာဆိုးတောင်တန်းဒေသထဲမှ ထွက်ခွာသွားကာ ကန္တာရထဲသို့ ခြေချလိုက်သည်။
သူ၏ ဝတ်ရုံသည် တဖျပ်ဖျပ်လှုပ်ခတ်သွားပြီး လေနှင့် သဲသည် သူ့အား လွှမ်းခြုံလာသည်။
သဲကန္တာရထဲတွင် ရွှီချင်းသည် အရှေ့သို့ အရှိန်မြှင့်တင်လိုက်သည်။ သဲမုန်တိုင်းထဲမှ မရေမတွက်နိုင်သော သဲမှုန်များသည် သူ့အား လွှမ်းခြုံရန် အရပ်မျက်နှာပေါင်းစုံမှ ရောက်ရှိလာကြသည်။ ထိုအရာများထံမှ လောဘစိတ်ဆန္ဒကို ရေးတေးတေး သူအာရုံခံမိသည်။
လောကတစ်ခွင် ပြည့်နှက်နေသည့် အသက်စွမ်းအင်လည်း ရှိသေးသည်။ ယင်းက သဲမှုန်များ၏ ကျူးကျော်ဝင်ရောက်မှုအောက်မှာ ဤနေရာမှ သက်ရှိအားလုံး၏ ခန္ဓာကိုယ်များကို အလိုအလျောက် ကြီးထွားစေနိုင်သည်။
သဲသည် အချိန်တိုင်း ထိုးဖောက်ရန် ကြိုးစားနေပြီး အသွေးအသားထဲမှာ ကပ်ပါးကောင်အဖြစ် တည်ရှိချင်နေသည်။
“ အဖြူရောင်လေထဲမှာ ဗီဇပြောင်းစွမ်းအားရှိတယ် ”
“ သဲက တကယ်ပဲ အင်းစက်ဥတွေဆိုရင်တော့ ဗီဇပြောင်းသက်ရောက်မှုကို ဖြစ်ပေါ်စေတာက လက်ခံနိုင်လောက်တယ်… ဒါက သက်ရှိအားလုံးကို အင်းစက်ဥတွေအတွက် လက်ခံကောင်ဖြစ်လာစေဖို့ ဗီဇပြောင်းလဲပစ်နေတာပဲ ”
“ ဗီဇပြောင်းလဲခံရတဲ့ သက်ရှိအများစုက နောက်ပိုင်းကျရင် အာဟာရဓာတ်စုပ်ယူခံရပြီး ခြောက်သွေ့သေဆုံးသွားကြလိမ့်မယ် ”
“ အရေအတွက်အနည်းစုလောက်ပဲ ပုန်းအောင်းဖို့ တောင်ထိပ်တစ်ခုကို ရှာဖွေပြီး လွတ်မြောက်နိုင်ကြလိမ့်မယ်… ဒါကြောင့် ဘဝကံကြမ္မာဆိုးတောင်တန်းဒေသထဲက မြို့အသီးသီးမှာ ရုပ်ဆိုးပန်းဆိုးလူတွေ ရှိနေကြတာပဲ ”
“ ဒါပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်အခြေအနေက ပြန်လည်မကောင်းမွန်နိုင်တော့ဘဲ အင်းစက်ဥတွေက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အမြဲတမ်း အတူယှဉ်တွဲ နေထိုင်ကြလိမ့်မယ်… အဲ့ဒီအသားပိုတွေက အင်းစက်ဥတွေကနေ ဖြစ်ပေါ်လာတာ ဖြစ်နိုင်တယ် ”
သဲလေထဲမှာ လမ်းလျှောက်နေရင်း ရွှီချင်းသည် တိတ်ဆိတ်စွာ အာရုံခံနေပြီး ဆင်ခြင်သုံးသပ်နေသည်။ ထို့နောက် သူက တားမြစ်အဆိပ်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့လွင့်သွားစေသည်။ ယင်းက အဖြူရောင်သဲမုန်တိုင်းထဲမှ တစ်ခုတည်းသော အနက်ရောင်တည်ရှိမှု ဖြစ်လာသည်။
သဲနှင့် ကျောက်စရစ်များသည် အနက်ရောင်မြူခိုးနှင့် ထိတွေ့သွားသည့်အခိုက် ယင်းတို့က တရှဲရှဲမြည်သံများ ထွက်ပေါ်လာကြသည်။ ထို့နောက် ယင်းတို့က အနီရောင်သို့ ပြောင်းလဲသွားကြပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။ ဤသည်မှာ ယင်းတို့က သေဆုံးသွားကြသည့်အလားပင်။
သို့သော်လည်း ဤနေရာမှ သဲနှင့် ကျောက်စရစ်များသည် အဆုံးမရှိသည့်အလား အလွန်များပြားလှသည်။ အကယ်၍ သူ့မှာ ယင်းတို့ကို ခုခံတားဆီးနိုင်သည့် နည်းလမ်းတချို့ရှိထားလျှင်ပင် အဖြူရောင်သဲကန္တာရထဲမှာ အချိန်ကြာကြာ သူမနေနိုင်ကြောင်း ရွှီချင်း နားလည်ထားသည်။ သို့ဖြစ်၍ သူ၏ အလျင်က တိုးမြှင့်လာသည်။
ထို့သို့ဖြင့် ခြောက်နာရီသည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။
အဖြူရောင်သဲကန္တာရထဲတွင် ကျင့်ကြံသူအများကြီး မရှိပေ။ ဤသည်မှာ ရွှီချင်းတစ်ယောက်တည်းက သဲကန္တာရထဲမှာ လမ်းလျှောက်နေသည့်အလားပင်။
မြေပြင်သည်လည်း အတိတ်တွင် ရွှီချင်းမြင်ခဲ့သည့်အတိုင်း မဟုတ်တော့ပေ။
အတိတ်တွင် အစိမ်းရောင်သဲကန္တာရထဲမှာ သစ်ပင်ပန်းပင် အနည်းအကျဉ်းသာ ရှိသည်။ သို့သော်လည်း ယခု ဤအဖြူရောင်သဲမုန်တိုင်းထဲမှာ အဖြူရောင်မြက်ပင်သည် မြေကြီးပေါ်မှာ ရှင်သန်ကြီးထွားလာနေသည်။ ထိုမြက်ပင်သည် အလွန်မြန်ဆန်စွာ ကြီးထွားလာနေသည်။
အရင်ဦးစွာ ၎င်းက လက်တစ်ချာင်းအရွယ်အစားခန့် ကြီးထွားလာပြီး မကြာမီ လူတစ်ယောက်၏ ခါးအမြင့်ထိ ရောက်ရှိသွားသည်။
အဆုံးမဲ့သော အဖြူရောင်မြက်ပင်သည် လေထဲမှာ ယိမ်းနွဲ့နေကြသည်။ ဤသည်မှာ အဖြူရောင်မြက်ခင်းမြေနှင့် အတူယှဉ်တွဲ တည်ရှိနေသော အဖြူရောင်သဲမုန်တိုင်း ဖြစ်သည်။ ရွှီချင်းသည် ထိုသို့မြင်ကွင်းကို တစ်ခါမှမမြင်ဖူးပေ။
မကြာမီ အဖြူရောင်မြက်ပင်သည် ဝါဂွမ်းသဖွယ် ဖြူဖွေးသော ပန်းပွင့်များ ပွင့်လန်းလာသည်။ ယင်းတို့က ဒုဓလီပန်းများသဖွယ် လေနှင့်အတူ လွင့်မျောသွားကြသည်။ ဤသည်မှာ အဖြူရောင်ငှက်မွှေးများက တဖျပ်ဖျပ်လှုပ်ခါ၍ လောကတစ်ခွင် ဖြတ်သန်းသွားတော့မည့်အလားပင်။
လေ၏ အရောင်သည် ပိုပြီးဖြူဖွေးလာသည်။
သဲထဲမှ လောဘစိတ်ဆန္ဒသည် အစဉ်မပြတ် အားကောင်းလာသည်။ အဖြူရောင်လေ၊ အဖြူရောင်သဲနှင့် အဖြူရောင်အမွှေးများသည် ကောင်းကင်တစ်ခွင် ပြည့်နှက်နေသည်။ ယင်းက ဤသဲကန္တာရထဲမှ ဗီဇပြောင်းလဲခြင်းကို ပိုပြီးပြင်းထန်လာစေသည်။
အဖြူရောင်လေထဲမှာ ရွေလျားနေသော ရွှီချင်းသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ အသွေးအသားတစ်လက်မစီတိုင်းသည် ဤအခိုက်အတန့်မှာ ဗီဇပြောင်းလဲတော့မည့် လက္ခဏာများ ထုတ်ဖော်ပြလာနေကြောင်း ခံစားမိနေသည်။
ဤသည်မှာ ယင်းက သူ၏ ခန္ဓာကိုယ်ကို ခွဲထွက်စေပြီး ယိုယွင်းမပျက်စီးသွားခင်အထိ ဆက်လက် ကြီးထွားစေချင်သည့်အလားပင်။
အရပ်မျက်နှာပေါင်းစုံမှ ထွက်ပေါ်လာနေသော အန္တရာယ်ခံစားမှုသည် ရွှီချင်းကို မျက်မှောင်ကြုတ်သွားစေသည်။ သူက ရပ်တန့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ တားမြစ်အဆိပ်စွမ်းအားကို ပိုမိုများပြားစွာ ဖြန့်ကြက်လိုက်သည်။
ဆယ်ပေ… ပေသုံးဆယ်…
မျက်စိတစ်မှိတ်အတွင်းမှာ ရွှီချင်းသည် တားမြစ်အဆိပ်ကို ပေတစ်ရာအကျယ်အဝန်းအထိ ဖြန့်ကြက်လိုက်ပြီး အနက်ရောင်မုန်တိုင်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် သူက အာရုံခံမိထားသည့် လမ်းကြောင်းအတိုင်း ဆက်လက် ဦးတည်သွားသည်။
သူက အရိပ်လေး၏ တည်နေရာကို အာရုံခံမိနေပြီ ဖြစ်သည်။ သူတို့ကြားမှ အကွာအဝေးက တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်နှင့်အမျှ သူတို့ကြားမှ ဆက်သွယ်မှုသည် ပိုပြီးအားကောင်းလာသည်။ အရိပ်လေးသည်လည်း ရွှီချင်းကို အာရုံခံမိသွားသည်။ သို့ဖြစ်၍ ၎င်းက ချက်ချင်း အော်ဟစ်ညည်းတွားလိုက်ပြီး အကူအညီတောင်းခံသည်။
ရွှီချင်း၏ မျက်လုံးသည် အေးစက်လာသည်။ ယခင်က သူ၏ ကောက်ချက်ချမှုသည် မမှားယွင်းပေ။ အရိပ်လေးသည် အမှန်တကယ် တစ်ခုခုဖြစ်နေသည်။ သို့ဖြစ်၍ သူက အရှိန်ထပ်တင်လိုက်သည်။
ထိုအခိုက်အတန့်မှာ ရွှီချင်းနှင့် အနည်းငယ် ဝေးကွာနေသော နေရာတွင် အရိပ်လေးသည် အဖြူရောင်သဲမုန်တိုင်းထဲမှာ နာကျင်စွာ အော်ဟစ်ညည်းညူနေသည်။
ပုံမှန်အခြေအနေမျိုးမှာဆိုလျှင် သက်ရှိအားလုံးသည် ၎င်း၏ အသံကို မကြားနိုင်ကြပေ။ သို့သော်လည်း ယခုအခြေအနေက ကွဲပြားခြားနားသည်။
၎င်းက မြေပြင်ပေါ်မှာ ချုပ်နှောင်ခံထားရသည်။
ရွှေရောင်သွေးစွန်းနေသော ကြေးနီဓားမြှောင်တစ်လက်သည် ၎င်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်ထားပြီး ၎င်းကို အဖြူရောင်မြက်ခင်းမြေပေါ်တွင် တံစို့ထိုးစိုက်ထားသည်။ ၎င်းက မည်မျှရုန်းကန်ပါစေ အချည်းနှီးသာဖြစ်၏။ လုံးဝ ရုန်းမထွက်နိုင်ပေ။
၎င်းက ရုန်းကန်လိုက်သည့်အခါတိုင်း ဓားမြှောင်မှ ရွှေရောင်အလင်းတစ်ခုကို ထုတ်လွှတ်လာပြီး ၎င်းကို အစဉ်မပြတ် ဖိနှိပ်လာသည်။ ၎င်းက ဖိနှိပ်ခံလိုက်ရသည့်အခါတိုင်း အရိပ်လေးသည် ပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မည် ဖြစ်သည်။
အရိပ်လေး၏ အသွင်ပြောင်းပုံစံဖြစ်သော အနက်ရောင်ကန့်လန့်ကာသည် ယခု မရေမတွက်နိုင်သော ဒုဓလီပန်းများ၏ ဖုံးလွှမ်းခံထားရသည်။ ယင်းတို့က အရိပ်လေး၏ ကိုယ်ထည်ထဲသို့ ပေါင်းစပ်သွားကြသည်။ ယင်းတို့၏ အမြစ်များက အရိပ်လေး၏ ခန္ဓာကိုယ်ထဲသို့ နက်ရှိုင်းစွာ တိုးဝင်သွားနေကြပြီး အသက်ဓာတ်ကို စုပ်ယူနေကြကာ အရိပ်လေးကို အမြစ်ဖြတ်သုတ်သင်နေသည်။
ဤသည်မှာ အရိပ်လေးက နာကျင်စွာ အော်ဟစ်ညည်းညူနေရသည့် အကြောင်းအရင်း ဖြစ်သည်။
အရိပ်လေး၏ ဘေးတွင် ပုံရိပ်ဆယ်ခုထက်မနည်း ရှိကြသည်။
သူတို့အားလုံးသည် ဝတ်ရုံဖြူကို ဝတ်ဆင်ထားကြပြီး သဲမုန်တိုင်းထဲမှာ မတ်တတ်ရပ်နေကြသည်။ သူတို့သည် ရုပ်အသွင်အပြင်ကို ဖုံးကွယ်ထားကြသည်။ သူတို့၏ ဝတ်ရုံဖြူများသည် အရာအားလုံးကို ဖုံးကွယ်ထားပြီး ဘေးပတ်ဝန်းကျင်မှ သဲမုန်တိုင်းနှင့် သူတို့အား သီးခြားခွဲထုတ်ပေးထားသည်။ အဝေးသို့ ကြည့်နေကြသော သူတို့၏ အဖြူရောင်မျက်လုံးသည်သာ အေးစက်စက် အလင်းကို ထုတ်လွှတ်နေသည်။
“ မင်းရဲ့သခင်က ရောက်မလာသေးဘူးလား ”
ထိုအုပ်စု၏ အရှေ့ဆုံးမှ ကျင့်ကြံသူသည် မြေပြင်ပေါ်မှာ ရုန်းကန်လှုပ်ရှားနေသော အရိပ်လေးကို စိုက်ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာ ပြောပြီးနောက် လက်ကို မြှောက်လိုက်ပြီး ချိပ်တံဆိပ်လက်သင်္ကေတတချို့ကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် ဓားမြှောင်ကို လက်ညှိုးညွှန်လိုက်သည်။
ချက်ချင်းဆိုသလို အရိပ်လေး၏ ခန္ဓာကိုယ်ကို ထိုးစိုက်ထားသော ဓားမြှောင်သည် တလက်လက်လင်းလက်လာပြီး နောက်ထပ်တစ်လက်မ နစ်မြုပ်သွားသည်။ ယင်းက ပိုမိုများပြားသော ရွှေရောင်အလင်းကို ထုတ်လွှတ်လာသည့်အခါ အရိပ်လေးသည် နှလုံးကွဲကြေသွားသကဲ့သို့ ပိုမိုကျယ်လောင်စွာ အော်ဟစ်လာသည်။
“ မင်းရဲ့အသံကလည်း နားထောင်ရဆိုးလိုက်တာ ”
အရိပ်လေး၏ အော်ဟစ်သံကို ကြားသောအခါ ဝတ်ရုံဖြူကျင့်ကြံသူသည် တည်ငြိမ်စွာ ပြောသည်။
ထို့နောက် သူက အရိပ်လေးကို နောက်ထပ်ဖိနှိပ်ရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သူက တစ်စုံတစ်ရာကို အာရုံခံမိသွားဟန် ရသည်။ သူက ခေါင်းမော့လိုက်ပြီး အဝေးမှ မိုးကုပ်စက်ဝိုင်းကို ကြည့်လိုက်သည်။
ဒါဇင်ခန့်ရှိသော သူ၏ ရဲဘက်ရဲဘော်များသည်လည်း ယင်းကို အာရုံခံမိသွားကြသည်။ တစ်ယောက်ပြီးတစ်ယောက်သည် အဝေးသို့ အေးတိအေးစက် စိုက်ကြည့်လိုက်ကြသည်။
အရိပ်လေးသည် အလွန်စိတ်လှုပ်ရှားလာပြီး အကူအညီတောင်းရန် အော်ဟစ်လိုက်သည်။
အနက်ရောင်မုန်တိုင်းသည် အဝေးမှ လောကထဲတွင် ထွက်ပေါ်လာသည်။
ယင်းက ညစ်ညမ်းမှု၏ ဇစ်မြစ်ဖြစ်သည့်အလားပင်။ ဒုဓလီပန်းများသော်လည်းကောင်း သို့မဟုတ် သဲများသော်လည်းကောင်း အနက်ရောင်မုန်တိုင်းနားသို့ ချဉ်းကပ်သွားသည်နှင့်ချက်ချင်း အရောင်ပြောင်းလဲသွားကြသည်။
အဖြူရောင်ဒုဓလီပန်းများသည် အနက်ရောင်သို့ ပြောင်းလဲသွားကြပြီး သဲမှုန်များသည်လည်း အနက်ရောင်သို့ ပြောင်းလဲသွားကြသည်။ ယင်းတို့က မုန်တိုင်းကို ဝန်းရံသွားကြပြီး အနက်ရောင်မုန်တိုင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာကြသည်။
မုန်တိုင်းဖြတ်သန်းသွားသည့် မည်သည့်နေရာတွင်မဆို အဖြူရောင်မြက်ပင်သည် ချက်ချင်း မည်းနက်သွားပြီး ခြောက်သွေ့သွားသည်။
ဤသည်မှာ သေမင်းတမန်တော်က ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည့်အလားပင်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝတ်ရုံဖြူကျင့်ကြံသူများသည် နှလုံးတုန်သွားကြသည်။
သူတို့သည် အရိပ်လေး၏ သခင်ကို စောင့်ဆိုင်းရန် အစက ယုံကြည်မှုအပြည့် ရှိထားကြသည်။ သို့သော်လည်း ယခု အနက်ရောင်မုန်တိုင်းကို မြင်လိုက်ရသောအခါ သူတို့သည် အစိမ်းရောင်သဲကန္တာရ၏ ဒဏ္ဍာရီတစ်ပုဒ်ကို အလိုအလျောက် စဉ်းစားမိသွားကြသည်။
သူတို့အားလုံးသည် ချက်ချင်း သတိထားလာကြသည်။ အဖွဲ့ခေါင်းဆောင်ဖြစ်ဟန်တူသော ဝတ်ရုံဖြူကျင့်ကြံသူသည် အသက်ရှူသံကို ထိန်းညှိလိုက်သည်။ တည်ကြည်လေးနက်သော အမူအရာသည် သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက မြန်ဆန်စွာ ချဉ်းကပ်လာနေသော အနက်ရောင်မုန်တိုင်းကို ကြည့်လိုက်သည်။ မုန်တိုင်းထဲမှ တစ်လှမ်းချင်း လျှောက်လှမ်းလာနေသော ဝေဝေဝါးဝါးပုံရိပ်ကို မြင်လိုက်သောအခါ သူက တိုးညင်းစွာ အော်ပြောလိုက်သည်။
“ ရပ်စမ်း ”
သို့သော် မုန်တိုင်းသည် မရပ်တန့်သွားပေ။ မုန်တိုင်းထဲမှ ပုံရိပ်သည် ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါနှင့်အတူ လျှောက်လှမ်းလာနေသည်။
မည်သည့်စိတ်ခံစားချက်မှ မပါရှိသော အေးတိအေးစက် အသံသည် မုန်တိုင်းထဲမှ ပျံ့လွင့်လာသည်။ ဤသည်မှာ မြောက်ပိုင်းလေက လောကတစ်ခွင်ကို ဖြတ်သန်းတိုက်ခတ်သွားသည့်အလားပင်။
“ မင်းတို့အားလုံး သေရမယ် ”