← Chapters

အနီရောင်လ အခွင့်အာဏာ၏ ဆာလောင်မှု(ခ)

Vol. 61 Ch. 959

အနီရောင်လ အခွင့်အာဏာ၏ ဆာလောင်မှု(ခ)

Vol. 61 Ch. 959

ရွှီချင်းသည် နှုတ်ခမ်းသပ်လိုက်ပြီး လေထဲမှာ ပုန်းကွယ်လိုက်ကာ အမဲလိုက်ရန် ပြင်ဆင်သည်။

ကီလိုမီတာဒါဇင်ခန့်အဝေးရှိ အစိမ်းရောင်သဲကန္တာရ၏ အစွန်အဖျားတွင် လက်ဆတ်သော မွန်းစတားတစ်ကောင်က အရှိန်အဟုန်ပြင်းပြင်းဖြင့် ပြေးလွှားနေသည်။

မွန်းစတား၏ ခန္ဓာကိုယ်သည် ပေငါးဆယ်ခန့်အထိ ကြီးမားပြီး အသားတောင်ကြီးတစ်တောင်နှယ် ထင်မှတ်ရ၏။ ၎င်းမှာ လက်ဆယ်ဘက်ရှိပြီး ခေါင်းနှင့်တူညီသော အသားပိုများသည် ခုနစ်ခုရှစ်ခုခန့် ရှိသည်။

အသားပိုတစ်ခုသည် ၎င်း၏ ရင်ဘက်ပေါ်တွင် တွဲလောင်းတည်ရှိနေပြီး ယင်းက မှတ်မိရန်ခဲယဉ်းသော မျက်နှာတစ်ခု ဖြစ်သည်။

အသေးစိတ်ကြည့်မည်ဆိုလျှင် ယင်းက လီယိုဖေးဖြစ်ကြောင်း မြင်နိုင်လိမ့်မည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ သူ၏ မျက်နှာသည် ဖြူဖျော့နေပြီး သူ၏ အရှိန်အဝါသည် အလွန်အမင်း အားနည်းနေသည်။ သူ၏ ခန္ဓာကိုယ်သည် ဆိုးဝါးစွာ သန္ဓေပြောင်းလဲနေပြီး သူ၏ ဒဏ်ရာများသည်လည်း အတော်လေး ဆိုးဝါးပြင်းထန်သည်။

ဤသည်မှာ သူက ကျင့်ကြံခြင်းအခြေခံကို တစ်ကြိမ်လှည့်ပတ်လိုက်သည့်အခါတိုင်း သူ၏ ကိုယ်တွင်းအင်္ဂါများက ပြင်းထန်စွာ နာကျင်လာဟန် ရသည်။ သူက ရံဖန်ရံခါ သွေးအန်သေးသည်။

အထူးသဖြင့် သူ၏ ရင်ဘက်ပေါ်မှ ဒဏ်ရာဖြစ်သည်။ ထိုနေရာတွင် အပေါက်ကြီးတစ်ပေါက်ရှိပြီး အရိုးများသည် အက်ကွဲနေကြသည်။

ပိုပြီးအံ့ဩစရာကောင်းသည်မှာ ဒုဓလီပန်းများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ အများအပြားရှိနေခြင်း ဖြစ်သည်။ ယင်းတို့က သူ၏ အသက်ဓာတ်ကို ရူးသွပ်စွာ စုပ်ယူနေကြသည်။ တစ်ချိန်တည်းမှာ မရေမတွက်နိုင်သော အသားပိုများသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာနေကြပြီး မြေပေါ်သို့ တွဲလောင်းကျနေကြသည်။ ထို့ပြင် ထိုအသားပိုများက ဆက်လက် ပျံ့ပွားနေပြီး ကြီးထွားနေဆဲပင်။

ထိုအသွင်အပြင်က သူ့အား အလွန်ထူးဆန်းစေသည်။

ဤသည်မှာ အဖြူရောင်သဲမုန်တိုင်းထဲ၌ အချိန်အတော်ကြာ ရှိနေရသည့် အကျိုးဆက်ဖြစ်သည်။

သူ၏ အနောက်တွင် အနီရောင်ပုံရိပ်နှစ်ခုက မနှေးမမြန် လိုက်ဖမ်းနေကြသည်။

ဝိညာဉ်နတ်သူငယ်အဆင့် စွမ်းအင်လှိုင်းအတတ်အကျများက ပျံ့လွင့်ထွက်နေပြီး အနီရောင်မြူခိုးက သူတို့ကို လွှမ်းခြုံထားသည်။ အနီရောင်လ၏ စွမ်းအားထောက်ပံ့ပေးမှုကြောင့် နတ်ကျေးကျွန်နှစ်ယောက်သည် အဖြူရောင်သဲမုန်တိုင်း၏ သက်ရောက်မှုကို မခံစားကြရပေ။

သူတို့သည် လီယိုဖေးကို အလွယ်တကူ လိုက်ဖမ်းနိုင်ကြသည်။ သို့သော်လည်း သူတို့သည် အေးအေးလူလူသာ ရွေ့လျားနေကြသည်။ ဤသည်မှာ သူတို့က အစေခံခွေးများနှင့် လမ်းလျှောက်နေသည့်အလားပင်။

“ လီယိုဖေး… မြန်မြန် ပြေးစမ်းပါကွာ… ကန္တာရရဲ့ နယ်နိမိတ်က အရှေ့နားလေးတင်မှာပါ ”

“ မင်းက နယ်နိမိတ်အပြင်ဘက်ကို ခြေချလိုက်တာနဲ့ အဖြူရောင်လေနတ်သမီးရဲ့ ညှဉ်းပန်းနှိပ်စက်တာကို ခံစားရတော့မှာ မဟုတ်ဘူး… ဆယ်ကီလိုမီတာလောက်ပဲ လိုပါတော့တယ်… မကြာခင် အဲ့ဒီကို မင်းရောက်တော့မှာပါ ”

“ တကယ်လို့ မင်းက ဒီနေရာကနေ လွတ်မြောက်သွားနိုင်ရင်တောင် မင်းရဲ့ကိုယ်ပေါ်က ငါ့သခင်ရဲ့ ကျိန်စာက ပေါက်ကွဲထွက်ခါနီးနေပြီ… နောက်ကျရင် ငါ့သခင်ရဲ့ ကျိန်စာက ပိုပြီးနာကျင်သလား ဒါမှမဟုတ် အဖြူရောင်လေနတ်သမီးရဲ့ ဒေါသက ပိုပြီးနာကျင်သလားဆိုတာ ငါ့ကို ပြောပြပေးဦးနော် ”

“ ဒါမှမဟုတ် မင်းက ငါတို့ကို တောင်းပန်မယ်ဆိုရင် ငါတို့က သနားကရုဏာထားပြီး မင်းရဲ့ဘဝကို မြန်မြန်အဆုံးသတ်ပေးမယ်လေ ”

နတ်ကျေးကျွန်နှစ်ယောက်၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သော အကြည့် ရှိသည်။ သူတို့က လီယိုဖေးကို အဖြူရောင်သဲလေထဲမှာ အမှတ်မထင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ လီယိုဖေးသည် သူတို့၏ ဘုရားကျောင်းမှာ အနည်းငယ် နာမည်ကျော်ကြားသည်။

မည်သို့ဖြစ်ပါစေ ဤနှစ်များမှာ လီယိုဖေးသည် ဘုရားကျောင်းနှင့်လက်တွဲချင်သော လေလွင့်ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ သူက မည်သည့်ပြဿနာကြီးမှ မပြုလုပ်ခဲ့သော်လည်း ဘုရားကျောင်းအတွက်တော့ လီယိုဖေးသည် မျက်စိစပါးမွေးစူးစရာ ဖြစ်သည်။

သို့သော်လည်း ထိုသို့အကောင်ငယ်လေးများသည် ငါးစာချရန် သင့်တော်ပေသည်။ သို့ဖြစ်၍ ဘုရားကျောင်းထဲမှ အဆင့်မြင့်ပုဂ္ဂိုလ်ကြီးများသည် ငါးစာမဟပ်ခင်အထိ လှုပ်ရှားကြလိမ့်မည် မဟုတ်ချေ။ ထို့ပြင် လီယိုဖေးသည် ပုန်းကွယ်သည့်နေရာ၌ အတော်လေး ကျွမ်းကျင်သည်။ ထိုအချက်ကြောင့် သူက ယခုအချိန်ထိ အသက်ရှင်နေရခြင်း ဖြစ်သည်။

သို့သော်လည်း နတ်ကျေးကျွန်များအတွက်တော့ လီယိုဖေးသည် တန်ဖိုးအနည်းငယ် ရှိသေးသည်။

အကယ်၍ သူတို့က လီယိုဖေးကို သေသည်အထိ ညှဉ်းပန်းနှိပ်စက်ပြီး ကျိန်စာထကြွလာအောင် တွန်းအားပေးနိုင်မည်ဆိုလျှင် လီယိုဖေး၏ သန္ဓေပြောင်းအကြွင်းအကျန်များကို ဘုရားကျောင်းထံမှ ဆုလာဘ်တချို့ဖြင့် လဲလှယ်နိုင်လိမ့်မည်။

ထို့ကြောင့် သူတို့က အေးအေးလူလူ ရွေ့လျားနေကြခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်မှာ လီယိုဖေး၏ နှလုံးသားထဲ၌ စိတ်ပျက်အားလျော့ခြင်းဖြင့် ပြည့်နှက်နေသည်။

သူက မျှော်လင့်ချက်မဲ့သော အခြေအနေမှာရှိကြောင်း သိသည်။ အဖြူရောင်သဲလေသည် ဘဝကံကြမ္မာဆိုးတောင်တန်းဒေသထဲ၌ သူရန်ပြုခဲ့သော လူများကို ရှောင်တိမ်းနိုင်ရန် ကူညီပေးခဲ့ပြီး သူတို့ကို တားဆီးပေးခဲ့သော်လည်း ယင်းက သူ့အပေါ်ကိုလည်း အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။

သူ၏ ဒဏ်ရာရထားသော ခန္ဓာကိုယ်သည် ပိုပြီးအားနည်းသထက် အားနည်းလာနေသည်။ အနီရောင်လဗိမာန်မှ နတ်ကျေးကျွန်နှစ်ယောက်၏ အမှတ်မထင် ပေါ်ထွက်လာမှုသည် သူ၏ နှလုံးသားထဲမှ နောက်ဆုံးမျှော်လင့်ချက်ကို လွင့်ပြယ်သွားစေခဲ့သည်။

“ ငါမလွတ်မြောက်နိုင်တော့ဘူး ”

လီယိုဖေးသည် ခါးသီးစွာ ပြုံးလိုက်သည်။ သူသည် ဤနှစ်များ၌ ဘဝကံကြမ္မာဆိုးတောင်တန်းဒေသထဲမှာ လောကဓံ၏ အနိမ့်အမြင့်ကို အစဉ်အမြဲ တွေ့ကြုံခံစားခဲ့ရသည်။ ဤသည်မှာ သူက လပုန်ကန်ခန်းမကို ဝင်ရောက်ချင်သောကြောင့် ဖြစ်သည်။

သို့သော်လည်း နတ်ကျေးကျွန်များကို သတ်ဖြတ်ခြင်းသည် လွယ်ကူသော တာဝန်မဟုတ်ပေ။ သူတို့က တစ်ဦးတည်း ရှိနေသည့်အချိန်သည် အလွန်ရှားပါးသည်။

သို့ဖြစ်၍ သူက စစ်ဆေးခြင်းကို အောင်မြင်ရန် နတ်ကျေးကျွန်တစ်ယောက်ကို အမြဲလိုအပ်နေသည်။ တစ်နေ့မှာ သူသည် ဘဝကံကြမ္မာဆိုးတောင်တန်းဒေသထဲမှ ထိပ်တန်းအဆင့် လေလွင့်ကျင့်ကြံသူတစ်ယောက်၏ တပည့်က တိတ်တဆိတ် နတ်ကျေးကျွန်ဖြစ်လာကြောင်း ရှာတွေ့သွားခဲ့သည်။ သို့ဖြစ်၍ သူက အရဲစွန့်ပြီး ထိုလူကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။

သို့သော်လည်း သူက ထိုသူ၏ အလောင်းကို အဝေးသို့ မယူဆောင်သွားနိုင်ခင် တစ်ဖက်လူ၏ ဆရာသခင်၏ နတ်ဘုရားအသိစိတ်က ဆင်းသက်လာပြီး သူ၏ ခန္ဓာကိုယ်ကို ပြိုကွဲသွားစေခဲ့သည်။

ထို့နောက် တစ်ဖက်လူသည် သူ၏ မူလခန္ဓာကိုယ်ကို လိုက်ဖမ်းဆီးသည်။

အဖြူရောင်သဲလေ၏ ရောက်ရှိလာမှုက သူ၏ ခြေရာလက်ရာများကို ဖုံးကွယ်သွားခြင်းကြောင့်သာ မဟုတ်လျှင် သူသည် အစောကြီးကတည်းက နိဂုံးချုပ်သွားပြီ ဖြစ်သည်။ အဆုံးမှာတော့ သူသည် ရွေးချယ်စရာမရှိသည့်အဆုံး အဖြူရောင်လေထဲသို့ ထွက်ပြေးသွားခဲ့သည်။ ထို့နောက် ဤအခြေအနေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

စိတ်ပျက်အားငယ်ခြင်းကို တွေ့ကြုံပြီးနောက် ယခု သူ၏ မျက်လုံးထဲမှာ စိတ်ဓာတ်ပြတ်သားခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ ထွက်ပေါ်လာသည်။

“ တကယ်လို့ ငါသေရမယ်ဆိုရင်တောင် မင်းတို့ထဲက တစ်ကောင်ကို ငရဲပြည်အပါခေါ်သွားမယ် ”

လီယိုဖေး၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ပြင်းထန်လာသည်။ သူက အနီရောင်လဗိမာန်မှ နတ်ကျေးကျွန်နှစ်ယောက်ကို တိုက်ခိုက်တော့မည့်အချိန် သွေးပျက်ဖွယ်ကောင်းသော အော်သံသည် သူ၏ အနောက်မှ ရုတ်တရက် မြည်ဟိန်းထွက်လာသည်။

ထိုအော်သံထဲမှာ ချောက်ချားမှုဖြင့် ပြည့်နှက်နေသည်။ လေတိုက်သံသည်ပင် ယင်းကို မဖုံးလွှမ်းနိုင်ပေ။ အော်သံသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားသည်။

လီယိုဖေးသည် အံ့ဩသွားသည်။ သူက ချက်ချင်း အနောက်လှည့်လိုက်လေရာ သူ၏ သူငယ်အိမ်ကို ကျဉ်းမြောင်းသွားစေမည့် မြင်ကွင်းတစ်ခုအား မြင်လိုက်ရလေသည်။

သူ၏ အနောက်မှ အဖြူရောင်လေထဲတွင် ဧရာမလက်ဝါးကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုလက်ဝါးကြီးသည် ခရမ်းရောင်ဖြစ်ပြီး လူတစ်ယောက်၏ အရွယ်အစားခန့်ရှိသည်။ ယင်းက နတ်ကျေးကျွန်တစ်ယောက်ကို ဖမ်းဆုပ်သွားပြီး အဖြူရောင်လေထဲသို့ ဆွဲခေါ်သွားသည်။

ထို့ပြင် နတ်ကျေးကျွန်က လေထဲသို့ ဆွဲခေါ်ခံသွားနေရစဉ် သူ၏ ခန္ဓာကိုယ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သောအလျင်ဖြင့် ခြောက်သွေ့သွားနေသည်။ ဤသည်မှာ သူ၏ အသက်ဓာတ်က ဝါးမျိုခံနေရသည့်အလားပင်။

တခြားနတ်ကျေးကျွန်သည်တော့ မယုံကြည်နိုင်စရာကောင်းသော အပြောင်းအလဲကို အာရုံခံမိသွားသည့်အခါ သူ၏ အမူအရာသည် သိသာစွာ ပျက်ယွင်းသွားသည်။ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး ပြင်းထန်သော အကြောက်တရားက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

လီယိုဖေး၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ ထိုအဖြစ်အပျက်၏ အဓိကအကြောင်းအရင်းကို သူမသိပေ။ သို့သော်လည်း ယင်းက သူ့အတွက် အသက်ရှင်ရန် အခွင့်အရေးတစ်ခုဖြစ်ကြောင်း နားလည်သည်။ သို့ဖြစ်၍ သူက တုံ့ဆိုင်းမနေဘဲ သူ၏ ဒဏ်ရာများမှ ဆိုးဝါးသော အခြေအနေကို လျစ်လျူရှုထားလိုက်သည်။ သူက အရှေ့သို့ တစ်ဟုန်ထိုး ပြေးသွားသည့်အခါ သူ၏ ကျင့်ကြံခြင်းအခြေခံက ချက်ချင်း ပေါ်လျှိုးထွက်လာသည်။

ချက်ချင်းဆိုသလို သူက အဝေးသို့ ရူးသွပ်စွာ ပြေးသွားပြီး ဤနေရာမှ ထွက်ခွာသွားသည်။

သို့သော်လည်း မုန်တိုင်းအတွင်းမှာတော့ တခြားနတ်ကျေးကျွန်သည် ထွက်ပြေးသွားသော လီယိုဖေးကို အာရုံမစိုက်နိုင်ပေ။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲ၌ မုန်တိုင်းတစ်ခု ပေါ်လျှိုးလာနေသည်။ အစောနက သူသည် နီလာနတ်သမီး၏ တည်ရှိမှုနှင့် အားလှိုင်းအတတ်အကျများကို အာရုံခံမိခဲ့သည်။ ယင်းက သူမြင်ခဲ့ဖူးသမျှ နတ်အစေခံအားလုံးထက် သာလွန်ပြီး နတ်တမန်တော်များထက်ပင် သာလွန်သည်။

“ နတ်ဘုရား ”

နတ်ကျေးကျွန်သည် နှလုံးတုန်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ သွေး၊ ချီနှင့် ကျင့်ကြံခြင်းအခြေခံ အစရှိသော အရာအားလုံးသည် လှုပ်ခါလာကြသည်။ ကောင်းချီးပေးခံထားရသည့် လူတစ်ယောက်အနေဖြင့် သူ၏ အာရုံခံစားမှုက မမှားယွင်းနိုင်ကြောင်း ကောင်းမွန်စွာ သူနားလည်သည်။

သူ၏ ရဲဘော်ရဲဘက်ကို သတ်ဖြတ်သွားခဲ့သော လက်ဆီမှာ နီလာနတ်သမီး၏ အရှိန်အဝါ ရှိသည်။

ထိုအရှိန်အဝါကြောင့် သူ၏ ခန္ဓာကိုယ်က တုန်ယင်လာနေစဉ် သိမ်မွေနူးညံ့သော အသံသည် မုန်တိုင်းထဲမှ ပျံ့လွင့်လာသည်။

“ ငါ့ကျေးကျွန်လေး… လာခဲ့ပါ… ငါ့ဆီ လာခဲ့ပါ ”

လီယိုဖေးသည် သဲမုန်တိုင်းထဲမှ ထိုအသံကို မကြားနိုင်ပေ။ ဤအခိုက်အတန့်မှာ သူက ထိုနေရာနှင့် ဝေးကွာသော နေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး နယ်နိမိတ်စည်းနှင့် နီးသထက် နီးကပ်လာနေသည်။

သို့သော်လည်း နတ်ကျေးကျွန်သည် ထိုအသံကို ရှင်းလင်းစွာ ကြားနေရသည်။ ထိုအသံထဲမှာ နီလာနတ်သမီး၏ အရှိန်အဝါပါရှိပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ထိန်းချုပ်နိုင်စွမ်းအားလုံးကို ပျောက်ကွယ်သွားစေသည်။

သူက ခန္ဓာကိုယ်တုန်ယင်နေလျက် အသံထွက်ပေါ်လာရာ ဦးတည်ရာဆီသို့ အလိုအလျောက် လျှောက်သွားသည်။ တစ်လှမ်းချင်းလျှောက်နေရင်း သူက သဲမုန်တိုင်းထဲသို့ ဝင်ရောက်သွားပြီး အဖြူရောင်လောက၏ ဝါးမျိုခြင်းခံလိုက်ရသည်။

အချိန်အတော်ကြာပြီးနောက် လူတစ်ယောက်သည် သဲမုန်တိုင်းထဲမှ ထွက်လျှောက်လာသည်။

ခရမ်းရောင်အလင်းသည် ထိုလူ၏ မျက်လုံးထဲမှာ လင်းလက်နေသည်။ သူဖြတ်သန်းသွားသည့် မည်သည့်နေရာတွင်မဆို ခရမ်းလစွမ်းအား၏ အားလှိုင်းအတတ်အကျများက ပျံ့လွင့်သွားကြလိမ့်မည်။ အဖြူရောင်လေထဲမှ ထိုခရမ်းရောင်မြင်ကွင်းသည် နတ်ဘုရားတစ်ပါး၏ ဆင်းသက်လာပုံနှင့် ဆင်တူသည်။

ပေတစ်ရာအကွာအဝေးသို့ လမ်းလျှောက်ပြီးသွားသည့်နောက် ရွှီချင်း၏ မျက်လုံးထဲမှ ခရမ်းရောင်အလင်းသည် နှေးကွေးစွာ လွင့်ပြယ်သွားသည်။ ထို့နောက် သူက လေချဉ်တတ်လိုက်သည်။

“ ငါခန့်မှန်းထားတဲ့အတိုင်းပဲ… အနီရောင်လဗိမာန်က ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ထဲက ကျိန်စာက ကောင်းချီးပေးမှုအဖြစ် ပြောင်းလဲသွားပြီး သူတို့ရဲ့ ယုံကြည်မှုဇစ်မြစ်ဖြစ်လာတယ်… သူတို့က အနီရောင်လနဲ့ နီလာနတ်သမီးကို ပိုပြီးယုံကြည်ကိုးကွယ်လေ သူတို့ရဲ့ ကောင်းချီးစွမ်းအားက ပိုပြီးသိပ်သည်းလာလေ ဖြစ်တယ်… အဲ့ဒါက အနီရောင်လရဲ့ စွမ်းအားကို အသင့်အတင့် ဆွဲယူနိုင်စေတယ် ”

“ အဲ့လိုဆိုရင် ငါက သူတို့ရဲ့ ယုံကြည်မှုစွမ်းအားကို ဝါးမျိုပြီး ငါ့ခရမ်းလရဲ့ နတ်ဘုရားအခွင့်အာဏာကို အစွမ်းမြှင့်တင်နိုင်လိမ့်မယ် ”

“ ပမာဏက အရမ်းမများပေမယ့် အဲ့ဒါက… အတော်လေး အရသာရှိတယ် ”

ရွှီချင်းသည် နှုတ်ခမ်းသပ်လိုက်သည်။ သူ့အတွက် ဝိညာဉ်နတ်သူငယ်အဆင့် နတ်ကျေးကျွန်တစ်ယောက်ကို ဝါးမျိုခြင်းသည် ခက်ခဲသော ကိစ္စမဟုတ်ပေ။ နတ်ဘုရားအပေါ် သူတို့၏ ယုံကြည်ကိုးကွယ်မှုကြောင့် သူက ခရမ်းလနတ်ဘုရားအခွင့်အာဏာကို ထုတ်လွှတ်လိုက်ရုံသာ လိုအပ်သည်။ တစ်ဖက်လူသည် သူ့ဘာသာ သူ၏ ပါးစပ်ထဲသို့ လျှောက်လှမ်းလာလိမ့်မည်။

“ ဒါပေမဲ့ တကယ်လို့ ဝိညာဉ်သိုက်အဆင့် နတ်အစေခံဆိုရင်တော့ အခုလို လွယ်ကူမှာ မဟုတ်ဘူး ”

ရွှီချင်းသည် မီးတောက်ပင်လယ်အောက်တွင် သူရင်ဆိုင်ခဲ့ရသော ဝတ်စုံနီအမျိုးသမီးကို ပြန်အမှတ်ရသွားသောအခါ စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်လေသည်။

“ ပြီးတော့ ဒီဟာကို လဝတ်ပြုဒေသကြီးထဲက သက်ရှိအားလုံးအပေါ် ငါမလုပ်ဆောင်နိုင်ဘူး… ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ခန္ဓာကိုယ်ထဲက ကျိန်စာက အနီရောင်လနဲ့ နီလာနတ်သမီးအပေါ် ယုံကြည်ကိုးကွယ်မှုအဖြစ် မပြောင်းလဲသွားလို့ပဲ ”

ရွှီချင်းသည် တစ်ခဏ တွေးတောပြီးနောက် အရှေ့သို့ ဆက်လျှောက်သွားသည်။ ဖြည်းဖြည်းချင်း သူ၏ ဝမ်းဗိုက်ထဲမှ တဂွီဂွီမြည်သံများ ထွက်ပေါ်လာသည်။ သူက ဆာလောင်မှုကို ခံစားမိလာသည်။

ဤသည်မှာ သူစားသုံးလိုက်သော အနီရောင်လ၏ ယုံကြည်မှုစွမ်းအားက သူ၏ အကျင့်ဗီဇအပေါ် လွှမ်းမိုးသက်ရောက်လာပြီး သူ့ကို ဆက်လက် ဝါးမျိုရန် တိုက်တွန်းလှုံ့ဆော်နေသကဲ့သို့ပင်။

ရွှီချင်း၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။ ထိုအချင်းအရာကို အာရုံခံမိသွားသောအခါ သူက မျက်မှောင်ကြုတ်လိုက်သည်။

“ ယုံကြည်မှုကို စားသုံးပြီးတဲ့နောက် ဘာလို့ အခုလို ဗိုက်ဆာလာတာလဲ… ”

ရွှီချင်းသည် အလေးအနက် တွေးတောလိုက်သည်။ သို့သော်လည်း ဆာလောင်သည့် ခံစားမှုသည် မပြင်းထန်ပေ။ သူက ယင်းကို အမြန်ဖိနှိပ်လိုက်သည်။

ထို့နောက် သူက အလျင်ကို တိုးမြှင့်လိုက်ပြီး သဲမုန်တိုင်းထဲမှ ပျောက်ကွယ်သွားသည်။

နေ့တစ်ဝက်ကြာပြီးသောအခါ အစိမ်းရောင်သဲကန္တာရ၏ အစွန်အဖျားတွင် ရွှီချင်းသည် အရိပ်မျက်လုံး၏ ခြေရာလက်ရာများနောက်သို့ လိုက်သွားပြီးနောက် ပုပ်သိုးနေသော အသားတောင်ကုန်းတစ်ခုကို မြင်သွားသည်။

၎င်းသည် လီယိုဖေးမှလွဲ၍ တခြားမဟုတ်ပေ။

All Chapters