ကမ္ဘာပေါ်တွင် ရှားပါးတယ်
Vol. 61 Ch. 960
အဖြူရောင်လေက တိုက်ခတ်နေပြီး မြေပြင်ပေါ်မှ သဲက လေထဲသို့ မြှောက်တတ်သွားသည်။ အဖြူရောင်မြက်ပင်သည် လေယူရာ ယိမ်းနွဲ့နေလေသည်။
လီယိုဖေးသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ သူက သေဆုံးနေသည့်အလား လှုပ်ရှားခြင်းကင်းမဲ့နေ၏။
သူ၏ ပေငါးဆယ်ရှည်လျားသော ခန္ဓာကိုယ်မှ အပုပ်နံ့ကို ထုတ်လွှတ်နေသည်။ တဟူးဟူး တိုက်ခတ်နေသော လေသည်ပင် ထိုအပုပ်နံ့ကို မပယ်ဖျက်နိုင်ပေ။ အပုပ်နံ့သည် အကွာအဝေးတစ်ခုထိ ပျံ့လွင့်နေလေရာ လူများကို အော့အန်သွားစေရန် လုံလောက်သည်။
အဝေးမှကြည့်လျှင် သူ၏ ခန္ဓာကိုယ်ထဲမှ အစိတ်အပိုင်းအများစုသည် အရိုးများပင် မြင်နေရသည်အထိ ပုပ်သိုးနေကြောင်း မြင်နိုင်လိမ့်မည်။
သေခြင်းအရှိန်အဝါက သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။
ဤသည်မှာ အဖြူရောင်လေ၏ အကျိုးသက်ရောက်မှု တစ်ခုတည်းကြောင့်တော့ မဟုတ်ပေ။ သူ၏ ခန္ဓာကိုယ်ထဲမှ နီလာနတ်သမီး၏ ကျိန်စာထကြွမှုကြောင့်လည်း ပါ၏။ ထိုစွမ်းအင်နှစ်ခုက သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်အပေါ် သက်ရောက်လာခြင်း ဖြစ်သည်။
သူသည် သေအံ့ဆဲဆဲ အခြေအနေမှာ ရှိသည်။ အတိအကျဆိုရလျှင် သူက သေခြင်းနယ်မြေထဲသို့ ခြေချပြီးသွားပြီ ဖြစ်သည်။ သူ၏ ဆန္ဒမရှိသော စိတ်ဆန္ဒတစ်ခုသာ ကျန်ရှိနေခြင်းဖြစ်သည်။ တစ်နည်းဆိုရရင် သူ၏ အသက်စွမ်းအင်အမျှင်တန်းတစ်ခုက လွင့်ပြယ်သွားရန် ဆန္ဒရှိမနေခြင်း ဖြစ်သည်။
သို့သော်လည်း ထိုသို့ရုန်းကန်ခြင်းက သူ့ကို ပိုပြီးနာကျင်စေပြီး ညှဉ်းပန်းနှိပ်စက်လိမ့်မည်။
ရွှီချင်းသည် လီယိုဖေး၏ ဘေးသို့ လျှောက်သွားသည်။ သူ၏ ဒဏ်ရာများကိုကြည့်ပြီးနောက် ခေါင်းခါလိုက်သည်။
“ သူ့ကို မကယ်နိုင်တော့ဘူး ”
ရွှီချင်းဆီမှာ ကျိန်စာလျှော့ပေါ့ဆေးလုံးရှိသော်လည်း ယင်းက ကျိန်စာမထကြွခင် တွေ့ကြုံခံစားရမည့် နာကျင်မှုကိုသာ သက်သာစေနိုင်သည်။ ယင်းက ကျိန်စာကို မလျှော့ပေါ့စေနိုင်ပေ။ အမှန်မှာ သီအိုရီအရဆိုလျှင် ယင်းက ကျိန်စာ၏ ပမာဏကို တိုးမြှင့်ပေးနိုင်သည်။
သို့ဖြစ်၍ အကယ်၍ လက်ရှိလီယိုဖေးက ကျိန်စာလျှော့ပေါ့ဆေးလုံးကို သောက်သုံးမည်ဆိုလျှင် ယင်းက အသုံးမဝင်သည့်အပြင် တိုးပွားလာမည့် ကျိန်စာက တစ်ခုတည်းသော ကျန်ရှိနေသည့် သူ၏ အသက်အမျှင်တန်းကိုပါ ဖျက်ဆီးပစ်လိမ့်မည်။
သူ့ကို မကယ်တင်နိုင်မှတော့ ရွှီချင်းသည် အကြည့်ပြန်ရုပ်လိုက်ပြီး အရိပ်မျက်လုံးကို ပြန်ဆင့်ခေါ်လိုက်ကာ ဤနေရာမှ ထွက်သွားရန် ပြင်လိုက်သည်။
သို့သော်လည်း ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် သူ၏ ခြေလှမ်းသည် ရုတ်တရက် ရပ်တန့်သွားသည်။ သူက အနောက်သို့ ခေါင်းလှည့်လိုက်ပြီး လီယိုဖေး၏ အလောင်းကောင်သဖွယ် ခန္ဓာကိုယ်ကြီးကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ စဉ်းစားချင့်ချိန်သော အကြည့် ထွက်ပေါ်လာသည်။
“ တစ်ခုခု မူမမှန်ဘူး ”
“ နီလာနတ်သမီးရဲ့ ကျိန်စာထကြွမှုအောက်မှာ သူက ဒီလောက်အချိန်ကြာကြာ အသက်ရှင်နေဖို့ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပဲ… ပြီးတော့ သူ့မှာ အသက်ဓာတ်အမျှင်တန်းတစ်ခု ကျန်ရှိနေသေးတယ်ဆိုတာ ဘယ်လိုမှမဖြစ်သင့်ဘူး ”
“ ဒါက အဓိပ္ပာယ်မရှိဘူး ”
ရွှီချင်းသည် အနည်းငယ် စိတ်ဝင်စားလာပြီး လီယိုဖေး၏ ဘေးသို့ လျှောက်သွားသည်။
ဤတစ်ကြိမ်တွင် သူက သေချာဂရုတစိုက် စစ်ဆေးလေ့လာသည်။ အချိန်တစ်ခဏကြာပြီးနောက် ရွှီချင်းသည် လီယိုဖေး၏ ခန္ဓာကိုယ်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်ပြီး အဝေးသို့ အရှိန်တိုးမြှင့်လိုက်သည်။
အစိမ်းရောင်သဲကန္တာရ၏ နယ်နိမိတ်အပြင်ဘက်သို့ ခြေချပြီးနောက် ရွှီချင်းသည် ဤနေရာနှင့် ကီလိုမီတာငါးရာကွာဝေးသော တောင်တစ်ခုပေါ်တွင် ဂူတစ်ဂူကို တူးဖော်လိုက်သည်။ ထို့နောက် လီယိုဖေးကို ဂူထဲသို့ ပစ်လွှတ်လိုက်သည်။
ထို့နောက် သူက ဘေးပတ်ဝန်းကျင်မှ ခြေရာလက်ရာများကို ဖျောက်ဖျက်လိုက်ပြီး လီယိုဖေး၏ ဘေးသို့ လျှောက်သွားသည်။ သူက လီယိုဖေးကို အသေအချာ စူးစမ်းလေ့လာသည်။
ထိုအတောအတွင်း သူက တစ်ဖက်လူ၏ ပုပ်သိုးနေသော ခန္ဓာကိုယ်ကို ရံဖန်ရံခါ လှီးဖြတ်ပြီး စစ်ဆေးလေ့လာရန် အသွေးအသားတချို့ကို ဆွဲထုတ်သည်။
တစ်ရက်ကြာပြီးနောက် ရွှီချင်း၏ မျက်လုံးသည် လင်းလက်သွားသည်။ အကြောင်းအရင်းကို သူရှာတွေ့သွားပြီး သူ၏ ခန့်မှန်းမှုကို အတည်ပြုနိုင်ခဲ့သည်။
“ အဖြူရောင်လေ… ”
“ အဖြူရောင်လေရဲ့ ဗီဇပြောင်းလဲမှုက လီယိုဖေးရဲ့ ခန္ဓာကိုယ်ထဲက အသက်ဓာတ်ကို ဖရိုဖရဲအခြေအနေဆီ တစ်ဟုန်ထိုး မြင့်တတ်သွားစေခဲ့တယ်… အဲ့ဒီစွမ်းအားရဲ့ အဓိက ရည်ရွယ်ချက်က အင်းစက်ဥတွေကို အာဟာရ ဖြည့်ပေးပြီး ရှင်သန်ကြီးထွားလာစေဖို့ပဲ ”
“ ဒါပေမဲ့ အဲ့ဒါကြောင့်ပဲ လီယိုဖေးက ကျိန်စာထကြွပြီးနောက် ချက်ချင်း မသေဆုံးသွားခဲ့တာ ”
“ အဖြူရောင်လေရဲ့ စွမ်းအားက ကျိန်စာကို အတိုင်းအတာတစ်ခုထိ ခုခံနိုင်တယ်… အဲ့ဒါက ကျိန်စာထက် အားနည်းတာတောင် လီယိုဖေးရဲ့ အသက်ဓာတ်အမျှင်တန်းတစ်ခုကို ထိန်းသိမ်းနိုင်စေခဲ့တယ် ”
ရွှီချင်းသည် စိတ်လှုပ်ရှားသွားသည်။
“ နီလာနတ်သမီးရဲ့ ကျိန်စာကို ခုခံနိုင်တယ်ဆိုတော့ အဖြူရောင်လေရဲ့ ဇစ်မြစ်က ဘာများလဲ ”
ထူးဆန်းသော အလင်းရောင်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ဆောင့်ကြောင့်ထိုင်လိုက်ပြီး လီယိုဖေး၏ အသွေးအသားများကို နည်းနည်းချင်းစီ လှီးဖြတ်လိုက်ကာ သဲဥများကို ထုတ်ယူလိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ ဒုဓလီပန်းများကို တစ်ခုချင်းစီ ထုတ်ယူလိုက်သည်။
ထိုလုပ်ငန်းစဉ်သည် အလွန်ရက်စက်ပြီး လီယိုဖေး၏ ခန္ဓာကိုယ်ထဲမှ အစိတ်အပိုင်းအားလုံးကို ဖွင့်လှစ်ရန် လိုအပ်သည်။ တချို့အသားပုပ်များသည် အနက်ရောင်အရည်သို့ ပြောင်းလဲသွားပြီး ဘေးပတ်ဝန်းကျင်သို့ စီးဆင်းသွားကာ အပုပ်နံ့ကို ထုတ်လွှတ်လာသည်။
သို့သော်လည်း ရွှီချင်းသည် အလွန်စိတ်ရှည်သည်။ သူက ကုန်ကြမ်းပစ္စည်းများကို ဂရုမစိုက်ဘဲ အနုပညာကိုသာ တန်ဖိုးထားသော လက်သမားတစ်ဦးအလားပင်။ သူက သေသေချာချာ အာရုံစူးစိုက်ထားပြီး ဆက်လက် ထုဆစ်နေသည်။
ရွှီချင်း၏ ကြိုးစားမှုအောက်မှာ လီယိုဖေး၏ ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော ဒဏ်ရာများဖြင့် ပြည့်နှက်သွားသည်။ တချို့နေရာများဆိုလျှင် ရွှီချင်းသည် အဖြူရောင်လေနှင့် ကျိန်စာပေါင်းစပ်ထားသော အသားများကို သေချာလှီးထုတ်လိုက်သည်။
သဲဥများကို တစ်ခုပြီးတစ်ခုဖယ်ရှားကာ အသက်ဓာတ်စုပ်ယူနေသော ဒုဓလီပန်းများကို ဖယ်ထုတ်ပြီးနောက် အဖြူရောင်လေကြောင့် ဗီဇပြောင်းလဲနေသော လီယိုဖေး၏ ခန္ဓာကိုယ်သည် ကျိန်စာထကြွမှုကို အများကြီး တောင့်ခံနိုင်လာသည်။
ယင်းက ကျိန်စာထက် အားနည်းနေသေးသော်လည်း လီယိုဖေး၏ နောက်ဆုံးအသက်ဓာတ်သည် ကျိန်စာ၏ တိုက်စားမှုအောက်မှာ ဆက်လက် တည်ရှိနေဆဲပင်။ ယင်းက မပျောက်ကွယ်သွားသေးပေ။
သို့သော်လည်း ယင်းက အများကြီး အထောက်အကူ မပြုနိုင်ပေ။ ရွှီချင်း၏ အကဲဖြတ်မှုအရ နောက်သုံးရက် ငါးရက်အတွင်းမှာ လီယိုဖေး၏ အသက်ဓာတ်သည် လွင့်ပြယ်သွားလိမ့်မည်။ မည်သို့ဖြစ်ပါစေ သူက ကျိန်စာ၏ ဝါးမျိုခြင်းခံရလိမ့်မည်။
သို့သော်လည်း ယင်းက ရွှီချင်းကို အတွေးများစွာ လှုံ့ဆော်ပေးခဲ့သည်။
“ လီယိုဖေးက တကယ်ကံကောင်းတယ်… သူ့ရဲ့ လက်ရှိအခြေအနေအရ ကျိန်စာလျှော့ပေါ့ဆေးလုံးက အလုပ်ဖြစ်ကောင်းဖြစ်နိုင်တယ် ”
ရွှီချင်းသည် ထိုသို့တွေးတောမိသည့်အခါ ကျိန်စာလျှော့ပေါ့ဆေးလုံးကို ထုတ်ယူလိုက်ပြီး လီယိုဖေး၏ ပါးစပ်ထဲသို့ ထည့်သွင်းလိုက်သည်။ ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ ရာနှင့်ချီသော ခရမ်းရောင်ချည်မျှင်များ ပျံသန်းထွက်လာကြသည်။ ထို့နောက် ယင်းတို့က လီယိုဖေး၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။
ကျိန်စာလျှော့ပေါ့ဆေးလုံးသည် အစသာ ဖြစ်သည်။ ရွှီချင်းက လီယိုဖေး၏ ခန္ဓာကိုယ်ကို အတွင်းကျကျ စစ်ဆေးလေ့လာရန် ရည်ရွယ်ထားသည်။ သူက သူ့ခန္ဓာကိုယ်၏ ပြင်ပအစိတ်အပိုင်းများကို အသုံးပြုပြီး ကျိန်စာလျှော့ပေါ့ဆေးလုံး၏ နည်းလမ်းအတိုင်း ယင်းကို သန့်စင်ပစ်လိမ့်မည်။
“ ဘာပဲဖြစ်ဖြစ် သူသေဖို့ ရာခိုင်နှုန်းများတယ်… တကယ်လို့ သူက ကံကောင်းပြီး အသက်ရှင်မယ်ဆိုရင်တော့ အနာဂတ် ငါ့ရဲ့ သုတေသနစမ်းသပ်မှုတွေထဲမှာ အဖြူရောင်လေကို ဦးတည်ရာအဖြစ် ထားရလိမ့်မယ် ”
ရွှီချင်းသည် တင်ပျဉ်ခွေလျက် ထိုင်နေပြီး မျက်လုံးမှိတ်ထားလိုက်သည်။ သူက လီယိုဖေး၏ ခန္ဓာကိုယ်ကို လေ့လာနေရင်း တစ်ချိန်တည်းမှာ ယင်းကို သန့်စင်ပစ်နေသည်။
တစ်ရက်ကြာပြီးနောက် ရွှီချင်းသည် လီယိုဖေးနှင့်အတူ ထွက်ခွာသွားသည်။ သူက ညှိုးမှိုင်နေသော ကြက်တူရွေးလေး၏ ညွှန်ပြမှုနောက်သို့ လိုက်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် အနားယူသည့်အခါတိုင်း သူက လီယိုဖေးကို ဆက်လက် သန့်စင်လိမ့်မည်။
သူ၏ သုတေသနရှာဖွေမှုအောက်မှာ လီယိုဖေး၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာသည် တည်ငြိမ်လာသည်။ ကျိန်စာအရေအတွက်က တိုးပွားလာသော်လည်း လီယိုဖေးက သေဆုံးတော့မည့် လက္ခဏာများ ပြသလာသည့်အခါတိုင်း ရွှီချင်းသည် ယခင်က လီယိုဖေးထံမှ သူဖယ်ထုတ်ထားသော အသွေးအသားတချို့ကို သူ၏ ဒဏ်ရာများထဲသို့ ထည့်သွင်းလိုက်သည်။ ထိုအသွေးအသားများက ပြန်လည်ပေါင်းစည်းသွားသည့်အခါ လီယိုဖေး၏ အသက်ဓာတ်က အံ့အားသင့်ဖွယ်ကောင်းစွာ ပြန်ရောက်ရှိလာသည်။
ရွှီချင်းသည် ထိုအချင်းအရာကြောင့် အံ့ဩဝမ်းသာသွားသည်။
ထိုအစမ်းသပ်ခံပစ္စည်းသည် သူလိုချင်တောင့်တနေသော အရာဖြစ်သည်ဟု ခံစားမိသည်။
တစ်လကုန်ဆုံးသွားသည်။
လဝတ်ပြုဒေသကြီး၏ အနောက်ပိုင်းဒေသထဲသို့ ဝင်ရောက်နှင့်ပြီးသော ရွှီချင်းသည် ချိုင့်ဝှမ်းတစ်ခုထဲ၌ လီယိုဖေးကို အောင်မြင်စွာ သန့်စင်ပြီးနောက် သူ၏ ခရမ်းချည်မျှင်အားလုံးကို ပြန်ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူက လီယိုဖေး၏ အသွေးအသားများဖြင့် ပြုလုပ်ထားသော ကျိန်စာလျှော့ပေါ့ဆေးလုံးကို ထုတ်လိုက်ပြီး သူ့ကို တိုက်ကျွေးလိုက်သည်။
ထိုဆေးလုံးသည် သာမန်ကျိန်စာလျှော့ပေါ့ဆေးလုံးနှင့် ခြားနားသည်။ ထိုအတောအတွင်းတွင် ရွှီချင်းသည် လီယိုဖေးကို လေ့လာခဲ့ပြီး ကျိန်စာလျှော့ပေါ့ဆေးလုံးအပေါ် သူ၏ နားလည်သဘောပေါက်မှုသည် နောက်တစ်ဆင့်သို့ တတ်လှမ်းသွားခဲ့သည်။ ယင်းက ပြီးပြည့်စုံရန် အနည်းငယ်သာ လိုအပ်တော့သည်။
“ မင်း နိုးနေပြီဆိုမှတော့ သေချင်ယောင်ဆောင်မနေနဲ့တော့ ”
သူ့ကို ကျိန်စာလျှော့ပေါ့ဆေးလုံး တိုက်ကျွေးပြီးနောက် ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
လီယိုဖေး၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ သူ့မှာ မျက်လုံးဖွင့်ရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိပေ။ သူက ရွှီချင်းကို ကြောက်ရွံ့ခြင်းနှင့် ရှုပ်ထွေးသော စိတ်ခံစားချက်များဖြင့် ကြည့်လိုက်သည်။ သူသည် လွန်ခဲ့သော သုံးရက်ကတည်းက နိုးနေခြင်း ဖြစ်သည်။
သို့သော်လည်း ရွှီချင်းကို သူကြောက်သည်။ အထူးသဖြင့် သူက စစ်ဆေးလေ့လာခံနေရကြောင်း သတိပြုမိသွားသောအခါ ဖြစ်သည်။ ထို့ကြောင့် သူက မည်သည့်စကားမှ မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။ ထိုသုံးရက်အတောအတွင်းတွင် ရွှီချင်းသည် သူ့ကို ထူးထူးဆန်းဆန်း ဆေးလုံးများ တိုက်ကျွေးခဲ့သည်။ ထိုဆေးလုံးများက သူ၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာထကြွမှုကို အမှန်တကယ် လျှော့ချပေးခဲ့သည်။
ထိုအဖြစ်အပျက်သည် သူ့အား အံ့အားသင့်စေခဲ့သည်။ သူက ငတုံးမဟုတ်ပေ။ အတွေ့အကြုံအများအပြားရှိသူ ဖြစ်သည်။ သို့ဖြစ်၍ သူစားသုံးခဲ့သည် ဆေးလုံးကို အလျှင်အမြန် မှန်းဆနိုင်ခဲ့သည်။
ထိုမှန်းဆမှုသည် သူ၏ စိတ်ကို ပရမ်းပတာဖြစ်သွားစေပြီး အချိန်အတော်ကြာ သတိပြန်မဝင်လာခဲ့ပေ။
ထိုသုံးရက်အတောအတွင်းမှာ တစ်ဖက်လူသည် သူ့အား ဆေးလုံးရှစ်လုံး တိုက်ကျွေးခဲ့ကြောင်း ရှင်းလင်းစွာ သူမှတ်မိသည်။
“ ငါ့ကိုယ်ငါ သွားရောင်းရင်တောင် ဆေးတစ်လုံးဝယ်ဖို့ မလုံလောက်ဘူး… ဒီလိုလုပ်ရတဲ့ သူ့ရဲ့ ရည်ရွယ်ချက်က ဘာများလဲ ”
ဤရက်များတွင် လီယိုဖေးသည် ထိုမေးခွန်း၏ အဖြေကို စဉ်းစားရှာဖွေခဲ့သည်။
သူက သေဟန်ဆောင်နေကြောင်း ပေါ်ပေါက်သွားသောအခါ လီယိုဖေးသည် သူ၏ သံသယကို အတည်ပြုရန် လေသံတိုးတိုးဖြင့် ပြောသည်။
“ ဆရာသခင်… ဆရာသခင် ကျွန်တော့်ကို ကျွေးတဲ့ ဆေးလုံးက… ”
“ ကျိန်စာလျှော့ပေါ့ဆေးလုံး ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
သူက ထိုအဖြေကို ခန့်မှန်းထားပြီးဖြစ်သော်လည်း အမှန်တကယ် ကြားလိုက်ရသည့်အခါ သူ၏ အသိစိတ်သည် လှုပ်ခါသွားသည်။ သူက တုန်တုန်ယင်ယင် ပြောသည်။
“ ဒါဆို… ကျွန်တော် ဘယ်နှလုံးစားခဲ့ပါသလဲ ”
“ ဒီလအတွင်းမှာဆိုရင် တစ်ရာလောက်ရှိမယ် ”
ရွှီချင်းသည် တွက်ချက်ပြီးနောက် လီယိုဖေးကို ကြည့်လိုက်သည်။
ဤသည်ကို လီယိုဖေးကြားသောအခါ သူ၏ မျက်လုံးသည် ပြူးကျယ်သွားသည်။ သူ၏ နှလုံးက အပြင်သို့ ခုန်ပေါက်ထွက်လာတော့မည့်အလားပင်။ ကျိန်စာလျှော့ပေါ့ဆေးလုံး၏ တန်ဖိုးကို သူသိသည်။ ယင်းက ဝိညာဉ်သိုက်အဆင့် ပညာရှင်ကျင့်ကြံသူများကိုပင် ရူးသွပ်သွားစေနိုင်သည့် ဆေးလုံးဖြစ်သည်။ သို့သော်လည်း ထိုသို့ဆေးလုံးကို သူက အလုံးတစ်ရာစားခဲ့သည်။
ယင်းက အမှန်ဖြစ်ကြောင်း သူယုံကြည်သည်။ အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သော သုံးရက်မှာ သူက ဆေးလုံးရှစ်လုံးကို သောက်သုံးခဲ့သည်။
အကယ်၍ ထိုကိစ္စသာ ပေါက်ကြားသွားမည်ဆိုလျှင် ယင်းက အပြင်လောကကို သေချာပေါက် မုန်တိုင်းထန်သွားစေလိမ့်မည်။ ဤသည်မှာ သူက သူတောင်းစားဖြစ်ပြီး မမျှော်လင့်ဘဲ အပေးအကမ်းရက်ရောသည် သူဌေးသားတစ်ယောက်နှင့် တွေ့ဆုံသွားသကဲ့သို့ပင်။
ဤအခိုက်အတန့်မှာ သူက မည်သည့်အရာကိုမှ မစဉ်းစားချင်တော့ပေ။ ရွှီချင်း၏ ရည်ရွယ်ချက်ကိုလည်း မသိချင်တော့ပေ။ သူက တုန်တုန်ယင်ယင်ဖြင့် မတ်တတ်ရပ်လိုက်ပြီး ရွှီချင်း၏ အရှေ့မှာ ဒူးထောက်ချလိုက်သည်။
“ ဆရာသခင် ”
“ ဆရာသခင်က ဘာရည်ရွယ်ချက်နဲ့ အဲ့လိုလုပ်တာပဲဖြစ်ဖြစ် အဲ့ဒါက အရေးမကြီးပါဘူး… ကျွန်တော့်အပေါ် ဆရာသခင်ရဲ့ ကျေးဇူးက အရမ်းများပြားလှပါတယ် ”
ရွှီချင်းသည် လီယိုဖေးကို ကြည့်လိုက်သည်။ သူက စကားပြောတော့မည့်အချိန် သူ၏ အမူအရာသည် အေးခဲသွားသည်။ ထို့နောက် သူက ချိုင်ဝှမ်းအပြင်ဘက်မှ ဦးတည်ရာသို့ ကြည့်လိုက်သည်။
ဤသည်မှာ လဝတ်ပြုဒေသကြီး၏ အနောက်ပိုင်းဒေသ ဖြစ်သည်။ ဤအခိုက်အတန့်မှာ ကောင်းကင်သည် မည်းမှောင်နေပြီး မည်သည့်နေရာမှာမှ အလင်းရောင်မရှိပေ။ အမှောင်ထုက အရာအားလုံးကို ဖုံးလွှမ်းထားပြီး ချိုင့်ဝှမ်း၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းမှ သစ်ပင်ပန်းပင်များကို ဝိုးတိုးဝါးတားသာ မြင်နိုင်ပေသည်။
ညလေပြေသည် မြန်ဆန်စွာ တိုက်ခတ်နေလေရာ အပြင်ဘက်တွင် တရှဲရှဲမြည်သံကို ဖြစ်ပေါ်စေသည်။ ဆူဆူညံညံအသံများသည် အဝေးမှ ပျံ့လွင့်လာနေသည်။
ဤသည်မှာ လူအများအပြားက ချိုင့်ဝှမ်းအပြင်ဘက်မှ ချဉ်းကပ်လာနေသကဲ့သို့ပင်။
အနက်ရောင်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ လီယိုဖေးသည်လည်း ယင်းကို အာရုံခံမိသွားလေရာ ဒူးထောက်နေရာမှ ချက်ချင်း မတ်တတ်ရပ်လိုက်သည်။ သူက ဆရာသခင်ကို ကာကွယ်ပေးရန် အသင့်ပြင်ထားသည်။ ဤသည်မှာ သူက ကျင်းကန်းဂိုဏ်းဘိုးဘေး၏ တာဝန်ကို လုယူသွားသည့်အလားပင်။
ကျင်းကန်းဂိုဏ်းဘိုးဘေးသည် အပြင်သို့ ပျံသန်းထွက်လာသည်။ သူက လီယိုဖေးကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။ ထို့နောက် သူက ချိုင့်ဝှမ်း၏ ဝင်ပေါက်ကို စိုက်ကြည့်လိုက်သည်။
များမကြာမီ အပြင်ဘက်မှ ဆူညံသံသည် ပိုပြီးကျယ်လောင်လာသည်။ အုပ်စုတစ်စုသည် ချိုင့်ဝှမ်းအပြင်ဘက်မှ လျှောက်ဝင်လာကြပြီး ရွှီချင်း၏ မျက်လုံးထဲမှာ ထင်ပေါ်လာသည်။
ထိုပုံရိပ်များသည် အတော်လေး ထူးဆန်းသည်။ သူတို့က ဝတ်ရုံခြုံထားကြသော ရွှံ့လူသားများအလားပင်။ သူတို့သည် အရေအတွက်အားဖြင့် တစ်ရာကျော်သည်။ အရှေ့ဆုံးမှ တစ်ယောက်သည် မောင်းကို တီးခတ်နေပြီး အနောက်တွင် ဗုံများကို ထုရိုက်နေကြသည်။ အလယ်တွင် ရွှံ့လူသားဒါဇင်ကျော်သည် နတ်စင်တစ်ခုကို ထမ်းပိုးထားကြသည်။
နတ်စင်ထဲတွင် ရွှံ့မြေခွေးပုံရိပ်တစ်ခု ရှိသည်။ သူက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် ပေါင်ဒါမှုန့်များ လိမ်းခြယ်ထားသည်။ သူက လှုပ်ရှားမှုကင်းမဲ့နေလေရာ အသက်မဲ့နေဟန် ရသည်။
သူတို့အုပ်စု၏ ထွက်ပေါ်လာမှုသည် လေထဲမှာ တအင့်အင့်ညည်းသံ ပေါ်ထွက်လာစေသည်။ ယင်းက ချိုင့်ဝှမ်းတစ်လျှောက် ပဲ့တင်ထပ်သွားပြီး မြေပြင်ပေါ်မှ မြက်ပင်နှင့် သစ်ရွက်ခြောက်များကို လေထဲသို့ မြှောက်တတ်သွားစေသည်။
သို့သော်လည်း သူတို့သည် ရွှီချင်းနှင့် လီယိုဖေးကို ဂရုမစိုက်ဟန် ရသည်။ ထိုရွှံ့လူသားများသည် ရပ်တန့်ခြင်းမရှိဘဲ သူတို့ကို ဖြတ်လျှောက်သွားကြသည်။
ရွှီချင်း၏ အကြည့်သည် ထိုရွှံ့လူသားအုပ်စုထံသို့ ကျရောက်သွားသည်။ သူသည် ဤလောကထဲမှ ထူးခြားဆန်းပြားသော ကိစ္စများကို ကျင့်သားရနေပြီ ဖြစ်သည်။ သို့ဖြစ်၍ ဤအခိုက်အတန့်မှာ သူက အံ့အားသင့်ခြင်း မရှိပေ။ ထိုသို့သောလူများသည် အားနည်းသူကို အနိုင်ကျင့်တတ်ပြီး အားကြီးသူကို ကြောက်ရွံ့ကြကြောင်း သူသိသည်။ အများကြီး အာရုံစိုက်ရန် မလိုအပ်ပေ။
သို့သော်လည်း သူက သူတို့လမ်းကြောင်းမှာ ပိတ်ရပ်နေသောကြောင့် နိုင်ထက်စီးနင်းပြုလုပ်ရန် မလိုအပ်ပေ။
သို့ဖြစ်၍ သူက တည်ငြိမ်စွာဖြင့် သူ၏ ကျင့်ကြံခြင်းအရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်ကာ ရွှံ့လူသားအုပ်စုအတွက် လမ်းဖယ်ပေးလိုက်သည်။
နတ်စင်က နီးကပ်လာပြီး ရွှီချင်း၏ အရှေ့သို့ ရောက်ရှိသွားသောအခါ အထဲမှ ရွှံ့မြေခွေးသည် ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး ရွှီချင်းနှင့် လီယိုဖေးကို ကြည့်လိုက်သည်။
ရွှံ့မြေခွေး၏ မျက်လုံးထဲမှာ လှိုင်းတချို့ လှုပ်ခတ်သွားသည်။ ထို့နောက် ရွှံ့မျက်လုံးက အရောင်တလက်လက်တောက်ပသော ကျောက်စိမ်းသဖွယ် ပုလဲလုံးများအသွင်သို့ ပြောင်းလဲသွားသည်။ ထိုအလင်းရောင်ထဲမှာ ဝိညာဉ်ကို ဖမ်းစားနိုင်သော ညှို့ဓာတ်တစ်မျိုး ပါရှိသည်။
ထို့နောက် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး၏ အသံသည် ရွှံ့မြေခွေး၏ ပါးစပ်ထဲမှ ပဲ့တင်ထပ်လာသည်။
“ ယန်အဆီအနှစ်လား ”
“ ယန်အဆီအနှစ်နဲ့ ဝိညာဉ်နတ်သူငယ်က ရှိသေးတာလား… ပြီးတော့ အဲ့ဒါက အရမ်းသန့်စင်တယ်… ရိတ်သိမ်းမခံထားရသေးဘူး ”
“ အရမ်းရှားတယ်… ”