အခန်း (၃၃၃)
Vol. 29 Ch. 333
သာမာန်အတိုင်းသာ ဆိုလျှင် စံအိမ်သခင်က ဖန်ကျစ်လျို အား နဂိုမူရင်းနေရာသို့ ပြန်ပို့ရန်အတွက် တွေးမိမည်မဟုတ်ပါ။ ဒါပေမဲ့ ယခုတွင်တော့ အခြေအနေများမှာ မတူတော့ချေ။ သူတို့က ငွေတုံး ငါးမီလီယံကျော်လောက် လက်ခံထားရသည် မဟုတ်ဘူးလား။ အဲဒီတော့ ငွေကြေးနှင့် တန်သည့်အရာတစ်ခု ကိုတော့ ပြန်လုပ်ပေးမှဖြစ်ပါလိမ့်မည်။
မြောက်ပိုင်းအေးခဲ နိုင်ငံတော်၊ ချန်ချင်းစံအိမ်တော်။
ယနေ့ နေ့လည်ခင်းတွင်တော့ ချန်ချင်းစံအိမ်တော်သို့ တစ်စုံ တစ်ဦးက ရောက်လာခဲ့ပါ၏။ ကျန်းဖူကွမ်က ထိုဧည့်သည်အား လီချန်ချင်းထံသို့ ခေါ်လာသည့် အခါတွင် လီချန်ချင်း ၏ မျက်နှာထက်တွင် အံ့အားသင့်သွားသည့် အမူအရာပေါ်လာခဲ့ပါ၏။
“ မိသားစု ခေါင်းဆောင်ယန်ပါလား”
လီချန်ချင်းက သူထံသို့ ရောက်လာသည့် ဧည့်သည်မှာ ယန်ပါးထောင် ဖြစ်လိမ့်မည်ဟု မမျှော်လင့် ထားခဲ့မိပါချေ။
“မဟာ အကြီးအကဲ” ယန်ပါးထောင်က လီချန်ချင်းအားရိုသေစွာဖြင့် ဦးညွှတ်လိုက်ပါ၏။
“အထဲဝင်ပါဦး”
လီချန်ချင်းက ယန်ပါးထောင်အား အတွင်းသို့ ခေါ်လိုက်ပါသည်။ ထို့နောက်တွင် ကျန်းဖူကွမ်အား လက်ဖက်ရည်ဖျော်ခဲ့ရန် အတွက် ခိုင်းစေခဲ့ပါ၏။
ယန်ပါးထောင်က တစ်ချက်ရယ် ပြီးနောက်တွင် ပြောခဲ့ပါသည်။ “မဟာအကြီးအကဲ မဟာအကြီးအကဲ အရင်တုန်းက ယန်မိသားစု ရဲ့ အနောက်တောင်မှာ စမ်းသပ်ပြီးတော့ စိုက်ပျိုးခဲ့တဲ့ လက်ဖက်ခြောက်ပင်တွေက ပေါက်နေပြီဗျ ။ အဲဒါကြောင့်မို့လို့ လက်ဖက်ခြောက်ရွက်တွေကို လူကြီးမင်း မြည်းစမ်းလို့ ရအောင်လို့ ကျွန်တော်မျိုး ယူလာခဲ့ပေးပါတယ်”။
ထိုသို့ ပြောပြီးနောက် တွင် ယန်ပါးထောင်က သူသယ်လာသော အထုပ်အပိုးများထဲမှ ဘူးလေး တစ်ဘူးကို ထုတ်ယူလိုက် ပါသည်။ ထို့နောက်တွင် အတွင်းတွင် ရှိသော လက်ဖက်ခြောက် ရွက်များကို ဘူးဖွင့်ကာ ထုတ်ပြလိုက်ပါသည်။
လီချန်ချင်းက လက်ဖက်ခြောက်ရွက်များကို ခဏမျှကိုင်လိုက်ပြီး အနံ့ကို ရှုရှိုက်ကြည့်လိုက်ပါ၏။
“သိပ်ကို မွှေးတာပဲ။” ထိုလက်ဖက်ခြောက်များမှာ ယန်မိသားစု၏ အနောက်တောင်တွင် လီချန်ချင်း တွေ့ခဲ့သော တောရိုင်း လက်ဖက်ပင်များမှ လက်ဖက်အမျိုးအစားမတူသော လက်ဖက်ပင်နှစ်ခုကို ပေါင်းစပ်ပြီးတော့ မျိုးစေ့သစ်တစ်ခုအဖြစ် ဖန်တီးထားသော လက်ဖက်ခြောက်အပင်မှ အရွက်များ ဖြစ်ပါသည်။
ရရှိလာသော ရလာဒ်မှာ လီချန်ချင်း ထင်ထားတာထက်ကိုပင် ပို၍ပင် အရည်အသွေးကောင်းသော လက်ဖက်ခြောက်ကို ရနေခဲ့ပါ၏။ ဤလောကကြီးတွင် မတူညီသော အပင်နှစ်ခုကို ပေါင်းစပ်ပြီး မျိုးစေ့သစ်တစ်ခု ဖန်တီးသည့် စိုက်ပျိုးရေးနည်းပညာကို မည်သူမျှ မသိခဲ့ပါချေ။
ထို့ကြောင့် လီချန်ချင်း လုပ်ရပ်မှာ ဤလောကတွင် ပထမဦးဆုံး တီထွင်ဖန်တီးသည့် လုပ်ရပ်တစ်ခုဟု ယူဆနိုင်ပါသည်။ ထို့ကြောင့် ယခု သူ့လက်ထဲတွင်ရှိသည့် မျိုးစေ့ကွဲ လက်ဖက်ခြောက်များမှာ အသစ်မွေးဖွားလာသော လက်ဖက်ခြောက်ရွက်ဟု သတ်မှတ်၍ပင် ရနိုင်ပါသည်။
ယန်ပါးထောင်ကလည်း ထိုလက်ဖက်ခြောက်ရွက်ကို အသုံးပြုထားသည့် လက်ဖက်ရည်ကြမ်းကို အရင်က မြည်းစမ်းကြည့်ခဲ့ဘူးပါသည်။ သူက ထိုအရသာကို လွန်စွာ နှစ်ခြိုက်ပါ၏။
ကျန်းဖူကွမ်ကလည်း ထိုလက်ဖက်ခြောက်ရွက်များကို အသုံးပြုပြီးတော့ ရေနွေးကြမ်းအသစ်ကို တည်လိုက်ပါသည်။ ရသွားသည့်အခါတွင် လီချန်ချင်းက မြည်းလိုက်ရတာတွင် လွန်စွာ မွှေးကြိုင်သည့် အနံ့နှင့်အရသာကို ရရှိသည်ကို လီချန်ချင်းက ခံစားလိုက်ရပါ၏။ ထိုလက်ဖက်ခြောက်၏ အရသာမှာ လီချန်ချင်း၏အတိတ်ဘဝတုန်းက တဟောင်ပေါင် လက်ဖက်ခြောက်အရသာ နှင့် တူညီသည်ဟု သူက ခံစားလိုက်ရပါ၏။
“အဲဒီတုန်းကကွာ လက်ဖက်ခြောက်ပင်တွေက သိပ်များများစားစား မတွေ့ခဲ့လို့ပဲ။ အဲဒါကြောင့်မို့လို့ အပင်မျိုးစိတ်အသစ်အနေနဲ့ အပင်လေးဆယ်လောက်ပဲ ငါပြန်ပြီးဖန်တီးလို့ရခဲ့တာ”
လီချန်ချင်းပြောသည့်စကားကို ယန်ပါးထောင်ကလည်း နောင်တရနေသည့်ဟန်ပန်နှင့် ခေါင်းညိတ်ပြခဲ့ပါ၏။
ယန်ပါးထောင်က လူများစွာ လွှတ်ကာ တောင်အနှံ့သို့ တက်ပြီး လက်ဖက်ခြောက်ပင်များကို လိုက်ရှာခဲ့ပါသေးသည်။ သို့သော် လုံးဝကို ရှာမတွေ့ခဲ့ပါ။
“ပြဿနာမရှိပါဘူး။ အပင်လေးဆယ်ဆိုတာနဲ့ပင် လုံလောက်နေပါပြီ”
လီချန်ချင်းက အပြုံးနှင့်ပြောလိုက်ပါ၏။
“ရှားပါးလေလေ ပိုပြီးတော့ တန်ဖိုးကြီးလေလေပဲကွ”။ ဒီတစ်ခေါက်မှာလည်း ငါတို့ ချန်ချင်းကုန်သွယ်ရေး လုပ်ငန်းက အမြတ်စွန်း ကြီးကြီးမားမား ရအုံးမယ်”
“ ဒီလက်ဖက်ခြောက်က အပင်နည်းပြီး တော့ အရမ်းကို ထွက်တဲ့နှုန်းက နည်းလွန်းအားကြီးတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ လုပ်ငန်းခွဲတွေ အကုန်လုံးကလည်း အရမ်းကို နည်းပါးတဲ့ပမာဏကိုပဲ ရကြတယ်”
“ အဲဒါဆိုလို့ရှိရင်တော့ ငါတို့တွေက ပုံမှန်အတိုင်းရောင်းလို့မရဘူးလေ” လီချန်ချင်းက ယန်ပါးထောင်ကို ပြောလိုက်ပါ၏။
“ပုံမှန်အတိုင်းရောင်းလို့မရဘူးဆိုတာ ဘယ်လို မျိုးကိုပြောတာလဲ။ ကျွန်တော်တို့က ဘယ်လိုမျိုးရောင်းကြမှာလဲ” ယန်ပါးထောင်က နားမလည်နိုင် ဖြစ်နေခဲ့ပါ၏။
“ ဒါက မင်းသိတဲ့အတိုင်းပေါ့ကွာ။ ဒီလိုရှားပါးတဲ့ ပစ္စည်းဆိုလို့ရှိရင် ငါတို့က ရာထူးဂုဏ်ရှိန်ကြီးတဲ့ လူတွေကိုပဲ ရောင်းကြမယ်လေ” လီချန်ချင်းက တစ်ခဏမျှ တွေးပြီးနောက်တွင် ပြောလိုက်ပါ၏။
“ဒီလက်ဖက်ခြောက်ရွက်ကို တဟောင်ပေါင် လက်ဖက်ခြောက်လို့ခေါ်မယ်။ ပြီးတော့ ဒီလက်ဖက်ခြောက်ကို ငါတို့ ချန်းချင်းကုန်သွယ်ရေးလုပ်ငန်းက ရှာတွေ့ခဲ့တဲ့ လျို့ဝှက်နယ်မြေ ကနေတွေ့တာလို့ ပြောမယ်။ ပြီးတော့ အဲဒီလက်ဖက်ခြောက်က အရမ်းကို ရှားပါးပြီးတော့ စိတ်ဝိဉာဉ် စွမ်းအင်တွေက လက်ဖက်ခြောက်ထဲမှာ ကိန်းအောင်းနေတယ်လို့ ပြောမယ်”
“ ပြီးရင် လက်ဖက်ခြောက်ရွက်က သုံးနှစ်မှာမှ တစ်ကြိမ် ရတယ်။ အဲဒါကြောင့်မို့လို့ ပထမဦးဆုံး ရောင်းချတဲ့အချိန်မှာ အရမ်းကို တန်ဖိုးကြီးပြီးတော့၊ ရောင်းချနိုင်ဖို့အတွက် ပထမအသုတ်ကိုရဖို့ ငါတို့က သုံးနှစ်တိတိ ကြိုးစားပြီးလုပ်ခဲ့တဲ့အကြောင်းတွေကို ပေါ်ပေါ်ထင်ထင်ပြောပြီးကြော်ငြာမယ်”
“ ပြီးတော့ ဒီတဟောင်ပေါင် လက်ဖက်ခြောက် ကို ဝယ်ချင်တဲ့သူတွေက အနည်းဆုံး မူလအဆင့် ကျင့်ကြံမှု ခွန်အားရှိရမယ်။ မူလအဆင့် ကျင့်ကြံသူမဟုတ်လို့ရှိရင် ငါတို့ရောင်းဖို့ တစ်ခါတည်းငြင်းမယ်။ ပြီးတော့ ဝယ်တဲ့လူက သူရဲ့တရားဝင်အမည်ကို စာရင်းသွင်းပြီး လက်မှတ်ထိုးရမယ်။ ပြီးတော့ လူတစ်ယောက်ကို လက်ဖက်ခြောက် နှစ်ကျပ်သား ပဲ ဝယ်ခွင့်ရှိမယ်”
“ ပြီးတော့ နှစ်ကျပ်သား ဝယ်တဲ့လူက နောက်တစ်နှစ်ကြာမှ နောက်တစ်ကြိမ် ထပ်ဝယ်ခွင့်ပြုမယ်”
လီချန်ချင်းက ထိုအရာများကို တစ်ချက်တည်း တွေးတောပြီးတော့ ဆက်တိုက်ပြောလိုက်ခြင်းဖြစ်ပါသည်။
“လောလောဆယ် ဒီကိစ္စကို ဒီတိုင်းပဲ ငါတို့လုပ်ကြတာပေါ့”
“ အဲလောက်တောင်မှ စည်းမျဉ်း၊ စည်းကမ်းတွေ တင်းကြပ်ဖို့ လိုလို့လားဗျ” ယန်ပါးထောင်ကလည်း အနည်းငယ် တွေးမရ ဖြစ်နေခဲ့၏။
လူတစ်ယောက်ကို နှစ်ကျပ်သားပဲ ဝယ်ခိုင်းခွင့်ပြုမယ်။ ပြီးတော့ မူလအဆင့် ကျင့်ကြံသူကပဲ ဝယ်ယူနိုင်ဖို့အတွက် အရည်အချင်းပြည့်မှီတယ်တဲ့လား။
ဒီလိုမျိုး စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ဘယ်သူက ဝယ်ပါ့မလဲ။ ထိုလက်ဖက်ခြောက်ရွက်များနှင့် ပြုလုပ်ထားသည့် အကြမ်းရည် ကို ယန်ပါးထောင်က အရင်တုန်းက မြည်းစမ်းခဲ့သည့်တိုင် အရသာ မှာ တစ်ကယ်ကို ထူးကဲကာ နှစ်လိုဖွယ်ကောင်းပါ၏။
အတိတ်တုန်းက ချန်ချင်း ကုန်သွယ်ရေး လုပ်ငန်းက ထုတ်လုပ် ခဲ့သော ထူးခြားဆန်းကြယ်သည့် လက်ဖက်ခြောက်ရွက်များထက် များစွာ ပိုသာလွန်ခဲ့သည့်တိုင် ထိုအရာမှာ သာမာန် လက်ဖက်ခြောက်ရွက်နှင့် သာမာန်အကြမ်းရည်သာ ဖြစ်ပါ၏။
ထိုကဲ့သို့ သော အရာမျိုးကို ဒီလိုမျိုး စည်းမျဉ်း၊ စည်းကမ်းကြီးကြီးမားမားကြီးတွေ ထုတ်ပြီးတော့ ရောင်းချဖို့ လိုလို့လား။
“ဒါဆိုလို့ရှိရင် မဟာအကြီးအကဲ ခင်ဗျ ဒီ လက်ဖက်ခြောက်အတွက် ဘယ်လိုဈေးနှုန်းမျိုးနဲ့ ရောင်းသင့်လဲ”။ ယန်ပါးထောင်က ခပ်မြန်မြန်ပင် မေးလိုက်ပါ၏။
လီချန်ချင်း၏ များပြားသော စည်းမျဉ်း၊ စည်းကမ်းချက်များကြောင့် ဈေးနှုန်းမှာ ချိုသာမည်မဟုတ်ဟု ယန်ပါးထောင်က ခန့်မှန်းခဲ့မိပါသည်။ ယခုလက်ရှိ ချန်ချင်းကုန်သွယ်ရေး လုပ်ငန်းက ရောင်းနေသော လက်ဖက်ကြော်ကဲ့သို့ပင် ဈေးနှုန်းမှာ လွန်စွာ များပြားပေလိမ့်မည်။
လက်ဖက်ခြောက်နှစ်ကျပ်သားကို ငွေတုံး နှစ်တုံးနဲ့တော့ ရောင်းလို့ရနိုင်တယ်လေ။
“ဈေးနှုန်း ဟုတ်လား”။ လီချန်ချင်းက တစ်ခဏမျှ တွေးလိုက်ပြီးနောက်တွင် လက်ငါးချောင်း ထောင်ပြလိုက်၏။ “ငွေတုံး ငါးတုံး လား”။
ယန်ပါးထောင်က မျက်မှောင်ကျုံ့လိုက်ပြီးနောက်တွင် ခေါင်းညိတ်လိုက်ပါ၏။
ဈေးနှုန်းမှာ အနည်းငယ်တော့ ဈေးကြီးနေသည့်တိုင် သာမာန် လက်ဖက်ခြောက် နှစ်ကျပ်သားတစ်ထုပ်ကို ငွေတုံး နှစ်တုံး ဖြစ်သောကြောင့် ဒီလိုမျိုး ထူးကဲသည့် ပုံစံ နှင့် စည်းမျဉ်း၊စည်းကမ်းများ ချထားသည့် လက်ဖက်ခြောက်ကို ငွေတုံး ငါးတုံး နှင့် ရောင်းတာကတော့ လက်ခံနိုင်သည့် ပမာဏ ရှိသည်ဟု ယန်ပါးထောင်က တွေးမိပါသည်။
ဒါပေမဲ့ ငွေတုံး ငါးတုံးနဲ့ရောင်းမယ်ဆိုရင်တောင်မှ ရောင်းချမဲ့ကုန်က အရမ်းကို နည်းပါးနေတဲ့အတွက်ကြောင့်မို့လို့ သူတို့က သိပ်ပြီးတော့ မြတ်နိုင်မည်မဟုတ်ပါချေ။
“ဘာငွေတုံး ငါးတုံး လဲ”။ လီချန်ချင်းက ယန်ပါးထောင်အား အရူးတစ်ယောက်လိုကြည့်ကာ ပြောလိုက်ပါ၏။
သူ့အကြည့်မှာ ‘တော်တော် ဗဟုသုတ အတွေ့အကြုံ မရှိသေးတဲ့ အရူး ဟူသည့်အကြည့်’ ဖြစ်နေခဲ့ပါ၏။
“ဒါဆိုလို့ရှိရင်” ယန်ပါးထောင်၏ နှလုံးသားမှာ တစ်ဒုတ်ဒုတ် ခုန်လာပါ၏။
ငွေတုံး ငါးဆယ်ကို ပြောတာလား။
ဟာ ဒါက သက်သက်ဓားပြ တိုက်နေတာပဲ။
“တဟောင်ပေါင် လက်ဖက်ခြောက် နှစ်ကျပ်သားကို ငွေတုံး ငါးထောင်။” လီချန်ချင်းက ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်ပါ၏။
ယန်ပါးထောင်က ဦးနှောက်ရပ်ဆိုင်းမတက်ပင် ဖြစ်သွားပါသည်။
“လက်ဖက်ခြောက်နှစ်ကျပ်သားကို ငွေတုံး ငါးထောင် ဟုတ်လား”။
အရူးမှပဲ ဒါကို ဝယ်လိမ့်မယ်။
တစ်ယောက်ယောက်က ဒီလက်ဖက်ခြောက်ကို အဲဒီဈေးနှုန်းနဲ့ လာဝယ်မယ်ဆိုလို့ရှိရင် ယန်ပါးထောင်က အဲဒီလူကို သောက်ရူးလို့ ခေါ်မိမှာ ကျိန်းသေသွားပြီ။ ဒါပေမဲ့ လီချန်ချင်း၏ မျက်နှာ၏အမူအရာကို ကြည့်လိုက်ပြီးသည့်အခါတွင်တော့ လီချန်ချင်းက သူကို နောက်ပြောင်နေသည် မဟုတ်မှန်းကို ယန်ပါးထောင်က သိသွားခဲ့ပါ၏။
“အတည်ပြောနေတာလား။ မဟာအကြီးအကဲ တစ်ကယ်ကြီး ငွေငါးထောင်နဲ့ ရောင်းမှာလား”
ယန်ပါးထောင်မှာ လက်ဖက်ခြောက် နှစ်ကျပ်သားအား ရယူရန်အတွက် ငွေငါးထောင်ကို ဘယ်သူက သုံးမလဲဆိုတာကို မတွေးတောနိုင်အောင် ဖြစ်နေပါ၏။
“အင်း ဟုတ်တယ်။ အဲဒီအတိုင်းပဲ ရောင်းမယ်” လီချန်ချင်းက ထိုအကြောင်းကို ဆက်မပြောတော့ပါ။ ထိုအစား လတ်တလော ယန်မိသားစုတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကိုသာ မေးမြန်းလိုက်ပါ၏။
ယန်ပါးထောင်ကလည်း ပြန်ဖြေခဲ့ပါသည်။ ချန်းထင်မြို့ မှာ ပုံမှန်အတိုင်းပင် ဖြစ်ပါ၏။ စိတ်ဝင်စားစရာ အဖြစ်အပျက်များ ဘာမှမရှိခဲ့ပါ။ ထိုစကားကို ကြားသောအခါ လီချန်ချင်းက စိတ်သက်သာရာရသွားပါ၏။
သူက ဆုမိသားစုနဲ့လဲ ရန်သူတွေဖြစ်ခဲ့ရပြီ။ ကျန်းဖူကွမ်၏ လက်ချက်နှင့် ဆုမိသားစု၏ အဆင့်မြင့်ဆရာသခင် တစ်ပါးက ချန်းထင်မြို့တွင် ပင်သေဆုံးခဲ့ရသည်မဟုတ်ပါလား။ ထို့ကြောင့် ဆုမိသားစုက သူ့အား အမှန်တကယ်
ပြဿနာရှာပေလိမ့်မည်။
ညနေခင်းသို့ရောက်သောအခါတွင် ယန်ပါးထောင်က ပြန်ထွက်သွားပြီးနောက်တွင် မြောက်ပိုင်းအေးခဲနိုင်ငံတော်တွင်ရှိသော ချန်ချင်း ကုန်သွယ်ရေးဌာနခွဲကို သွားကြည့်ရန်အတွက် ထွက်သွားခဲ့ပါ၏။
လီချန်ချင်းကလည်း သူ၏ပန်းပုများကို ဆက်ထုနေပါသည်။ ကျန်းဖူကွမ်ကတော့ မှောင်ခိုဈေးကို သွားပြီး လီချန်ချင်းထုလုပ်ရန်အတွက် သစ်သားကောင်းများ ရှာတွေ့မလားဆိုတာကို သွားရှာနေခဲ့ပါ၏။