← Chapters

အခန်း (၃၄၃)

Vol. 29 Ch. 343

အခန်း (၃၄၃)

Vol. 29 Ch. 343

“ဆုမိသားစုရဲ့ လောရွှယ် ဓားမောက်သိုင်းကွက်လား” လီဟမ်ရှန်းက ထိုသိုင်းပညာကို မြင်သောအခါတွင် အံ့ဩသွားခဲ့ရပါ၏။

ဆုမိသားစု၏ ဓားမောက်သိုင်းကွက်မှာ လွန်စွာမှကို နာမည်ကျော်ကြားလှပြီး သံဓားဂိုဏ်း၏ ဓားသိုင်းများထက် ပင်လျှင် စွမ်းအားပိုကြီးမားလှပါ၏။

ဆုမိသားစုဝင်များက လွန်စွာ စိတ်ရှုပ်ဖွယ်ကောင်းသော်လည်း ထိုမိသားစု၏ ခွန်အားမှာမူ အမှန်တကယ်ကို စွမ်းအားကြီးကာ သန်မာလှပါသည်။

”လီဟမ်ရှန်း မြင်းပေါ်ကဆင်းပြီး လာချစမ်း။ မိန်းမထဘီအောက်နောက်မှာ ပုန်းမနေနဲ့။ ပြီးတော့ မင်းက မြင်းပေါ်ကနေဆိုတော့ ငါ့ကို ငုံ့ကြည့်နေသလို ခံစားရတယ်။ အခုချက်ချင်းဆင်းခဲ့။”

ဆုရှန်းချီက အေးစက်စွာဖြင့် ပြောလိုက်ပါ၏။

“ ကောင်းပြီလေ။” ထိုသို့ပြောပြီးနောက်တွင် လီဟမ်ရှန်းက အင်မော်တယ်ပုံဖော်ခြင်းလှံကို ကိုင်ဆောင်ရင်းနဲ့ မြင်းပေါ်မှ ဆင်းသက်လာခဲ့ပါ၏။

ဆုရှန်းချီ၏ အစွမ်းထက်သော သိုင်းကွက်က ပြန်လည်မွေးဖွားခြင်းအဆင့် အထွတ်အထိပ် သိုင်းသမားတစ်ဦး၏ အရှိန်အဝါထက် ဖိအားများပြားကာ စွမ်းအားကြီးမားသည့်တိုင် လီဟမ်ရှန်းကတော့ ဘာမှကို မခံစားရသည့်အလားပင် ဖြစ်နေပါ၏။

“လုရှီရန် နင်ကောင်းကောင်းကြီး စောင့်ကြည့်ထားလိုက်”

ဆုရှန်းချီက သူ၏ခွန်အားကို လုရှီရန်မြင်အောင် ပြသနေသည့်အပြင် သတိလှမ်းပေးရန်အတွက်လည်း မမေ့နေခဲ့ပါ၏။

လုရှီရန်က ဆုရှန်းချီအား အရူးတစ်ယောက်လို ကြည့်လိုက်ပါသည်။

ငါက ဘာကို ကြည့်ရမှာလဲ။ လီဟမ်ရှန်းက နင့်ကို မျက်ရည်ပေါက်ပေါက်ကျအောင် ရိုက်နှက်တာကို ငါက ထိုင်ကြည့်ရမှာလား။

လုရှီရန်မှာ လီဟမ်ရှန်း၏ ခွန်အားကို ကောင်းကောင်းနားလည်ပါ၏။ ပြန်လည်မွေးဖွားခြင်းအဆင့် အထွတ်အထိပ်ဖြစ်သော ဆုရှန်းချီကို မပြောနဲ့ ဆုရှန်းချီက မူလအဆင့်သို့ပင် ချိုးဖျက်ကာ တက်ရောက်သွားနိုင်ခဲ့သည် ဆိုပါကလည်း လီဟမ်ရှန်းကို အနိုင်ယူနိုင်မည် မဟုတ်ပါချေ။

ထိုကြောင့် လုရှီရန်က ဆုရှန်းချီက သူမအား ဤတိုက်ပွဲကို စောင့်ကြည့်ခိုင်းသည်ကို နားမလည်နိုင်အောင်ဖြစ်နေခဲ့ပါ၏။ ဆုရှန်းချီက ဒီတိုက်ပွဲကို သူကိုယ်တိုင်တိုက်ခိုက်လိုသည်ဟု ပြောသောကြောင့် ဆုကျန်းကလည်း ဝင်ရောက်မကူညီဘဲ စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့လိုက်ပါ၏။

ဆုမိသားစု၏ လူငယ်လေးများက ထိုကဲ့သို့ မောက်မာကာ သွေးဆူတတ်သည်ကို သူလည်းကောင်းကောင်းသိပါသည်။ ဆုကျန်းကိုယ်တိုင်ပင်လျှင် ငယ်ရွယ်စဉ်က ထိုကဲ့သို့ပင် မဟုတ်ပါ့လား။

ထို့အပြင်သူက စိတ်မပူပါချေ။ အဘယ်ကြောင့်ဆိုသော် ဆုရှန်းချီကို ငယ်ငယ်လေး ကတည်းက ဆုမိသားစု၏ အကောင်းဆုံးသောအရာများ ပေးအပ်ပြီးတော့ ကြီးပြင်းအောင် ကျွေးမွေးစောင့်ရှောက်ခဲ့ခြင်း မဟုတ်ပါ့လား။

ထိုအပြင် သူ၏ လောရွှယ် ဓားမောက်သိုင်းကွက် ကလည်း ကောင်းကောင်းလေ့ကျင့်ထားသောကြောင့် ကျွမ်းကျင်စွာ တတ်မြောက်ထားပြီးသားဖြစ်ပါသည်။ လီဟမ်ရှန်းက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှ ပါရမီရှင်တစ်ဦးဖြစ်သော်လည်း ဆုကျန်းက ဂိုဏ်းတပည့်နှင့် ဆုမိသားစု၏ မိသားစုဝင်တစ်ယောက်ကြားက ကြီးမားလှသည့် ကွာခြားချက်ကို လီဟမ်ရှန်းကို သိသွားစေရန် အတွက် ပြသလိုခဲ့ပါ၏။

သူက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတွင် နှစ်ကြိမ်တိတိ အစော်ကားခံခဲ့ရပါသည်။ ထို့ကြောင့် ရှေးဟောင်းတာအို တောင်တန်းဂိုဏ်း၏ ပါရမီရှင်ဖြစ်သော ဂျူနီယာအပေါ်တွင် ဒေါသများအားလုံးကို ပုံအောပစ်လိုက်မည်ဟု တွေးထားခဲ့ပါ၏။

“မင်းကို ငါသနားလို့ အရင်ဆုံးလှုပ်ရှားခိုင်းလိုက်မယ်။ မင်းဘက်က တိုက်ကွက်အရင်စထုတ်”

ဆုရှန်းချီက လီဟမ်ရှန်းအား တည်ငြိမ်သော အကြည့်ဖြင့် လွှမ်းခြုံလိုက်ပြီး ပြောလိုက်ပါ၏။

“ ငါအရင်ဆုံး လှုပ်ရှားပြီး တိုက်ခိုက်မယ်ဆိုလို့ရှိရင်တော့ ဘာဖြစ်သွားမှန်းတောင် မင်းမသိလိုက်ဘဲနဲ့ သေသွားရမှာ”

ဆုရှန်းချီက မောက်မာစွာ ပြောလိုက်ပါ၏။

“ကောင်းပြီလေ”

ဆုရှန်းချီက ဒီလိုပြောမှတော့ လီဟမ်ရှန်းကလည်း ယဉ်ကျေးမနေတော့ပါ။ ဆုကျန်းကလည်း အပြုံးတစ်ခုနဲ့ ခေါင်းညိတ်ပြလိုက်ပါ၏။ အခုလိုမျိုး စွမ်းအားကြီးမိသားစုက ဆင်းသက်လာတဲ့ မိသားစုဝင် တစ်ယောက်က ဒီလိုမျိုး စိတ်အားတက်ကြွတာ ပုံမှန်ပဲဖြစ်သည်။

အဲဒီတော့ တစ်ဖက်လူကို အရင်ဆုံးလှုပ်ရှားခိုင်းတာက ဘာပြဿနာမှ မရှိနိုင်ဘူးလေ။

“ဝှစ်”

လီဟမ်ရှန်း၏ ပုံရိပ်မှာ သူမတ်တပ်ရပ်နေသည့် နေရာမှ ရုတ်တရတ်ပျောက်ကွယ်သွားပါ၏။ ခပ်ဝါးဝါး မိုးခြိမ်းသံ တစ်သံက ထွက်ပေါ်လာပြီးနောက်တွင် သူရှိနေသော နေရာတွင် လျှပ်စီးကြောင်းတစ်ခုက ရိုက်ခတ်သွားပါ၏။

လီဟမ်ရှန်း၏ အမြန်နှုန်းမှာ ရင်သပ်ရှုမောဖွယ်ကောင်းလွန်းလှပါသည်။ သူ၏ မိုးကြိုးအလျင် သိုင်းပညာမှာ ပြီးပြည့်စုံခြင်း အဆင့်ထိ ရောက်အောင် ကျင့်ကြံထားပြီးသားဖြစ်ပါ၏။ ထို့ကြောင့် သူ့အား မူလအဆင့် ကျင့်ကြံသူကိုလျှင် သူ၏ မိုးကြိုးအလျင်၏ အမြန်နှုန်း ကို အမီလိုက်ရန် ဖမ်းဆီးရန်အတွက် ခက်ခဲလိမ့်မည် ဖြစ်ပါ၏။

ဆုရှန်းချီလိုမျိုး ဘာမှ မဟုတ်တဲ့ ပြန်လည်မွေးဖွားခြင်း အဆင့်မှာ ရှိတဲ့ လူအတွက်ဆိုရင်တော့ ပိုဆိုးတာပေါ့။ ဆုရှန်းချီက အသင့် မပြင်ရသေးခင်မှာပင် လီဟမ်ရှန်းက ပျောက်ကွယ်သွားပြီ ဖြစ်ပါ၏။

“သတိထား”

ထိုအခိုက်မှာပင် ဆုကျန်း၏ မျက်နှာ အမူအရာက ပြောင်းလဲသွားပြီးနောက်တွင် ဆုရှန်းချီအား အလျင်အမြန်ပင် သတိပေးလိုက်ပါ၏။ လီဟမ်ရှန်း၏ အမြန်နှုန်းမှာ ကြောက်မက်ဖွယ် ကောင်းလှပါ၏။ ဆုကျန်းလိုမျိုး မဟာသိုင်းဂိုဏ်း အဆင့်သို့ ရောက်နေသည့် သိုင်းပညာရှင် တစ်ဦးအတွက်တော့ လီဟမ်ရှန်း၏ မိုးကြိုးအလျင်မှာ ဘာမှ မဟုတ်ပါချေ။

ဒါပေမဲ့ သူ့ရဲ့ အမြန်နှုန်းက အဆင့်တူ လူများစွာထက် အများကြီးကို မြင့်မားနေခဲ့သည်။ လီဟမ်ရှန်း၏ အမြန်နှုန်းမှာ မူလအဆင့်၏ ဒဏ္ဍာရီလာ ကျွမ်းကျင်သူများ အဆင့်သို့ပင် ရောက်နေသည်ကို ဆုကျန်းက သိလိုက်ရပါ၏။ ထိုကဲ့သို့သော အမြန်နှုန်းနဲ့ တိုက်ခိုက်မှုက ဆုရှန်းချီက လုံးဝကို ကာကွယ်နိုင်မည် မဟုတ်ပါချေ။

ဒါပေမဲ့လည်း ဆုကျန်းရဲ့ သတိပေးသည့်အသံကိုကြားသည်နှင့် ဆုရှန်းချီကလည်း ချက်ချင်းပင်လျှင် အနောက်သို့ ကိုယ်ဖော့သိုင်းသုံးကာ ဆုတ်လိုက်ပါ၏။

ဆုရှန်းချီ၏ ခြေထောက်အောက်တွင် ရွှေရောင်အလင်းတန်းများက ဖုံးလွှမ်းသွားပြီး သူနောက်ဆုတ်လိုက်သည့်အခါတွင် သူ့ခြေရာများက ရွှေရောင်ခြေရာများ ဖြစ်နေခဲ့ပါ၏။

ဆုရှန်းချီ၏ ကိုယ်ဖော့သိုင်း ခြေလှမ်းကွက်မှာလဲ သာမာန်မဟုတ်သော သိုင်းကျင့်စဉ်ကို ကျင့်ကြံထားသည်ကို သိရမည်ဖြစ်ပါသည်။ ထို့အပြင် သူက ထိုခြေလှမ်းကွက် သိုင်းပညာကို အမြင့်ဆုံးထိရောက်အောင် ကျင့်ကြံထားသည်မှာ သိသာလှပါ၏။ သူ၏ခြေလှမ်းသိုင်းမှာ လွန်စွာမြန်ဆန်လှပါသည်။ ဒါပေမဲ့ လီဟမ်ရှန်း၏ မိုးကြိုးအလျင် ခြေလှမ်းကွက်နှင့် နှိုင်းယှဉ်လျှင်တော့ အတော်လိုပါသေး၏။

ခြေလှမ်းနှစ်လှမ်းခန့် နောက်ဆုတ်ပြီးသည့် အခါတွင် သူ့ထံသို့ စွမ်းအားကြီးမားသော အင်အားတစ်ရပ်က ဦးတည်၍ ရောက်လာသည်ကို ဆုရှန်းချီက ခံစားလိုက်ရပါ၏။

“ဝေးဝေးကို သွားစမ်း။”

ဆုရှန်းချီက အသံနက်ကြီးနဲ့ ကျုံးဝါးလိုက်၏။ ပထမဦးဆုံးတိုက်ခိုက်မှုမှာပင် လီဟမ်ရှန်း၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသောကြောင့် ဆုရှန်းချီက မျက်နှာကြီးရဲတက် မတတ်ကိုပင် ရှက်ရွံ့သွားခဲ့ပါ၏။

ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက ဆုမိသားစုရဲ့ ပါရမီရှင်တစ်ယောက် လေ။

ယခုအချိန်တွင်တော့ သူက သူ၏ စစ်ပွဲသုံး ဓားမောက်ကို လောရွှယ်ဓားမောက်သိုင်းကွက်ကို အသုံးပြုပြီး လီဟမ်ရှန်းကို သတ်ဖြတ်ရန်အတွက် ပြင်ဆင်လိုက်၏။ ကြောက်မက်ဖွယ် ကောင်းကာ လွှမ်းမိုးနိုင်သည့် စွမ်းအားက ထွက်ပေါ်လာခဲ့ပါသည်။

ထိုစွမ်းအားက မီးတောင် ပေါက်ကွဲတော့မည့်အလားပင် ဖြစ်ပါ၏။ သူက ဓားမောက်သိုင်းထုတ်လိုက်သည့် အချိန်တွင် လီဟမ်ရှန်းထံ မှလည်း လွန်စွာမှကို ကြောက်မက်ဖွယ်ကောင်းသည့် အင်အား တစ်ရပ်က တစ်ပြိုင်တည်းထွက်ပေါ်လာပါ၏။

သူ၏ ဓားမောက် သိုင်းကွက်နဲ့ လီဟမ်ရှန်းထံမှ ထွက်ပေါ်လာသောအင်အားတို့က လေထုထဲတွင် အရှိန်အဟုန်ပြင်းစွာဖြင့် ရိုက်ခတ်သွားခဲ့ပါသည်။

ထိုစွမ်းအားမှာ ဆုရှန်းချီ၏ ဘဝတစ်လျှောက်တွင် ကြုံတွေ့ခဲ့ ရသည့် စွမ်းအားများအနက် အပြင်းထန်ဆုံး စွမ်းအားတစ်ခုပင် ဖြစ်ပါသည်။

“အင်မော်တယ်အရှင်သခင် လှံသိုင်းပါ့လား”

လီဟမ်ရှန်းက အင်မော်တယ်အရှင်သခင် လှံသိုင်းကို အသုံးပြုထားကာ တတ်မြောက်ထားမည်ဟု ဆုကျန်းက မမျှော်လင့်ထားခဲ့မိပါ။ အင်မော်တယ်အရှင်သခင် လှံသိုင်းကို ကျင့်ကြံရန်အတွက် လွန်စွာမှကို အားကောင်းသည့် ခန္ဓာကိုယ် အင်အားလိုအပ်ပါသည်။

သာမာန်လူများက ထိုကျင့်စဉ်ကို ကျင့်ကြံနိုင်မည် မဟုတ်ပါချေ။ ထိုကဲ့သို့သော ကြောက်မက်ဖွယ် ကောင်းသည့်လှံသိုင်းကို လီဟမ်ရှန်းက မကြောက်မရွံ့ လေ့ကျင့်ထားလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့မိပါချေ။ ထိုလှံသိုင်း၏ အားနည်းချက်နှင့် အားသာချက်များမှာ အရမ်းကို သိသာလှပါ၏။

All Chapters