← Chapters

အခန်း (၃၄၄)

Vol. 29 Ch. 344

အခန်း (၃၄၄)

Vol. 29 Ch. 344

အင်အားကြီးမားသောလှံသိုင်းကွက်များ နှစ်ချက် သုံးချက် ထွက်သွားပြီးသည့်နောက်တွင် ထိုလှံသိုင်းက ဆက်လက်၍ အသုံးချနိုင်တော့မည် မဟုတ်ပါချေ။ စစချင်းတုန်းက အင်မော်တယ် အရှင်သခင် လှံသိုင်းကို နှစ်ကြိမ်၊ သုံးကြိမ်ခန့် အသုံးပြုပြီးသည့်နောက်တွင် လီဟမ်ရှန်းက အမောဆို့သွားလိမ့် မည်ဟု ဆုကျန်းက မျှော်လင့်ထားခဲ့ပါ၏။ လီဟမ်ရှန်း အမောဆို့ သွားသည့်အခါမှသာ ဆုကျန်းက သူ၏ ဓားမောက်ဖြင့် လီဟမ်ရှန်းကို သတ်ဖြတ်နိုင်လိမ့်မည် ဟုပင် ဆုကျန်းက တွေးထားမိပါ၏။

ဒါပေမဲ့ ဆုကျန်းကို အံ့ဩသွားစေသည်မှာ လီဟမ်ရှန်း၏ ပထမဦးဆုံး လှံချက်ကပင်လျှင် လွန်စွာမှကို ကြောက်မက်ဖွယ်ကောင်းသော အင်အားများ ပါဝင်နေခြင်းပင် ဖြစ်၏။ အင်မော်တယ် အရှင်သခင်လှံသိုင်းနဲ့ လောရွှယ် ဓားမောက်သိုင်းကွက်တို့၏ ရိုက်ခတ်မှုက ဆုရှန်းချီ၏လက်ဖဝါး ကိုပင်လျှင် နှစ်ခြမ်းကွဲကာ ပွင့်ထွက်သွားစေခဲ့ပါ၏။

ဒုတိယ လှံချက် ကျလာပြီးသည့်အခါတွင် ဆုရှန်းချီက လှံချက်ကို အပြည့်အဝ ကာကွယ်နိုင်ရန်အတွက် ခွန်အားပင် မရှိတော့ ပါချေ။ သူ၏ဓားမောက်က လီဟမ်ရှန်း၏ လှံချက်ကြောင့် လက်ထဲမှပင် လွတ်ကျသွားခဲ့ပါ၏။ သိုင်းပညာ ဖလှယ်ရာတွင် တစ်ကြိမ်ခန့်သာ ဖလှယ်ပြီးသည့်အခါတွင် ဆုရှန်းချီက လုံးဝကို ရှုံးနိမ့်သွားခဲ့ရပါ၏။

ဆုမိသားစု၏ လောရွှယ်ဓားသိုင်းနဲ့ ရှန်းယွမ် ခြေလှမ်းသိုင်းတို့မှာ သိုင်းလောကကို လွှမ်းမိုးပြီး ဂုဏ်ယူဖွယ် ကောင်းသည့်တိုင် လီဟမ်ရှန်း၏ အနင်းချေခြင်းကို ခံခဲ့ရပါ၏။ ဝုန်း အင်မော်တယ်အရှင်သခင်လှံသိုင်းကတော့ လုံးဝကို ရပ်တန့်မည့် အရိပ်အယောင်မရှိပါ။ လီဟမ်ရှန်း ကလည်း ဆုရှန်းချီကို သတ်ရန်အတွက် တတိယအကြိမ်မြောက် လှံချက်ကို ထိုးသွတ်လိုက်ပါ၏။ လှံတံမှာ လေထုကို ခွင်းသွားသည်။ တတိယမြောက်လှံချက်က လွှမ်းမိုးနိုင်သော နဂါးတစ်ကောင် ကဲ့သို့ ဆုရှန်းချီရှေ့သို့ ရောက်လာခဲ့ပါ၏။

ဆုရှန်းချီ၏ မျက်နှာမှာ ချက်ချင်းပြောင်းလဲသွားပါ၏။ သူ၏ တိုက်ပွဲဝင် ဓားမောက်က လည်း အဝေးသို့ လွင့်သွားခဲ့ပြီ။ လီဟမ်ရှန်း၏ လှံချက်အောက် တွင် သူအသက်သေရတော့မည်ကို သေချာ သိလိုက်ရပါ၏။

သို့ပေမယ့် လီဟမ်ရှန်း၏ လှံတံက ဆုရှန်းချီ၏ အရှေ့သို့ ရောက် သည့် အချိန်မှာပင် ဆုကျန်း၏ပုံရိပ်က ဆုရှန်းချီ ၏ အရှေ့တွင် တစ္ဆေတစ်ကောင်လိုမျိုး ပေါ်လာခဲ့ပါ၏။ သူက သူ၏ အိုမင်း နေသော လက်ဖဝါးကို ရှေ့သို့ ဆန့်တန်းလိုက်ပြီး လီဟမ်ရှန်း၏ လှံကို ဆွဲယူလိုက်ပါ၏။

လီဟမ်ရှန်း၏ လှံတံက မည်မျှပင် စွမ်းအားကြီးမားသည် ဆိုသော်လည်း ဆုကျန်း၏ လက်ထဲသို့ ရောက်သွားသည့် အခါတွင် လီဟမ်ရှန်း၏ အင်အားကြီးမား သော အင်မော်တယ် အရှင်သခင်လှံသိုင်းမှာ ပင်လယ်ထဲသို့ မြုပ်သွားသော ကျောက်တုံး တစ်တုံးကဲ့သို့ပင် ပျောက်ကွယ် သွားပါ၏။

ဆုကျန်း၏ ပုံစံမှာ အားမစိုက်ထုတ် လိုက်ရသည့် အလားပင် ဖြစ်သည်။ လီဟမ်ရှန်း၏ နှလုံးသားမှာ လှုပ်ခါသွား ပါ၏။ မဟာသိုင်းဂိုဏ်း အဆင့်က သူ၏ အင်မော်တယ် အရှင် သခင်လှံသိုင်းကို ပေါ့ပေါ့ပါးပါး ဖမ်းယူ လိုက်သည်ကို မျက်လုံး အဝိုင်းသားနှင့်သာ စောင့်ကြည့်နိုင် ယုံသာ တတ်နိုင် ခဲ့ပါ၏။ သူ၏လှံသိုင်းချက်မှာ မူလအဆင့်ကျင့်ကြံသူများပင်လျှင် အလွယ်တကူ မရင်ဆိုင်ရဲပါချေ။

“ ဘယ်လောက်တောင် လွှမ်းမိုး နိုင်စွမ်းရှိတဲ့စွမ်းအားလဲ”

ဆုကျန်းက သူ့အရှေ့တွင်ရှိသော လီဟမ်ရှန်းကို ခပ်အေးအေးကြည့်လိုက်ပါ၏။ သူ့နှလုံးသားမှာ လည်း အနည်းငယ်တော့ ထိတ်လန့်နေခဲ့ပါသည်။ တောင်ဘက် ကုန်းမြေဒေသကြီးတွင် ဆုမိသားစု၏ ဆုရှန်းချီမှာ အမှန်တကယ် ကို ထူးချွန်သော ပါရမီရှင် မျိုးဆက်သစ်ပင်ဖြစ်ပါ၏။

ဒါပေမဲ့ လီဟမ်ရှန်းလိုမျိုးလူနှင့် ယှဉ်လိုက်ရသည့် အခါတွင် ဆုရှန်းချီမှာ ခေါင်းပင် မော့မကြည့် နိုင်ပါချေ။ တိုက်ကွက်သုံးကွက် အတွင်း မှာပင် လီဟမ်ရှန်းကြောင့်ပင် ဆုရှန်းချီက သေမလိုပင် ဖြစ်ခဲ့ရပါ ၏။ ဒီလိုမျိုး ပါရမီနှင့်ထူးချွန်သော လီဟမ်ရှန်းလိုလူမျိုးနှင့် တွေ့သည့်အခါတွင်ဆုကျန်းကသူ့အား တပည့်အဖြစ် လက်ခံလိုစိတ်ပင် ရုတ်တရက်ပေါ်လာခဲ့ပါ၏။

ထို့အပြင် လီဟမ်ရှန်း၏အင်မော်တယ် အရှင်သခင်လှံသိုင်း တတိယလှံချက်ကို တားမြစ်ပြီးသည့်နောက်တွင် လီဟမ်ရှန်း၏ ခန္ဓာကိုယ်မှရုန်းကြွနေသော အတွင်းအားများက ချက်ချင်းကိုပင် ပြန်လည် ငုပ်လျိုးသွားသည်ကို ဆုကျန်းက သတိထားမိ လိုက်ပါ၏။

ထိုအဓိပ္ပါယ်မှာ လီဟမ်ရှန်းက သူ၏ အတွင်းအားများကို ပိုင်နိုင်စွာထိန်းချုပ်နိုင်သည့်အပြင်ကိုမှ နောက်ထပ် အင်အားကြီးသည့် လှံချက်များကို ထပ်မံ၍ ထုတ်လွှတ်နိုင်သည်ဆိုသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။ ယင်းမှာ လွန်စွာမှကို အံ့အားသင့်ဖွယ်ကောင်းလှပါ၏။

“ရှန်းချီ မင်းရှုံးပြီ။”

ဆုကျန်းက ခံစားချက်မဲ့သော လေသံဖြင့် ဆိုလိုက်ပါ၏။

“အဘိုးလေး ကျွန်တော် ကျွန်တော်” ဆုရှန်းချီ၏ မျက်နှာမှာလည်း သွေးစုပ်ကာ ဖြူဖပ်ဖြူရော်ဖြစ်နေပါ၏။

သူက အကြောင်းပြချက်တစ်ခုခုပေးရန် ဟန်ပြင်လိုက်သော်လည်း မည်သည့်အရာကိုမျှ မပေးနိုင်ပါချေ။ ဘယ်လိုပဲ ကြည့်ကြည့် လီဟမ်ရှန်းက သူ့ကို လုံးဝကို နင်းချေပစ်လိုက်ခြင်းပင်ဖြစ်ပါ၏။ သူတို့ နောက်တစ်ကြိမ် မျှမျှတတ တိုက်ခိုက်မည်ဆိုလျှင်ပင် လျှင် သူ့ကို ပထမဦးဆုံးအကြိမ် တိုက်ခိုက်ခိုင်းရင်တောင်မှ လီဟမ်ရှန်းကို နိုင်အောင်မတိုက်နိုင်ဟု ဆုရှန်းချီက တွေးနေခဲ့မိ ပါ၏။

လီဟမ်ရှန်း၏ အင်မော်တယ် အရှင်သခင်လှံသိုင်းမှာ အလွန်အမင်းကို ကြောက်မက်ဖွယ် ကောင်းလွန်းလှပါ၏။ အင်မော်တယ် အရှင်သခင် လှံသိုင်းကို ကျင့်ကြံထားသည့်သူကို အကောင်းဆုံး ပြန်လည် တိုက်ခိုက်နိုင်သည့် နည်းလမ်းမှာ ထိုသူက လှံချက်များကို အစွမ်းကုန်ထုတ်ပြီး အားအင် ကုန်ခမ်းသည့် အချိန်ထိ တောင့်ခံရုံသာ ဖြစ်ပါသည်။

လှံချက် များကို ထုတ်သုံးပြီးသည့်နောက်တွင် အားအင်ကုန်ခမ်းသွား သည့်အခါမှ ထိုကျင့်ကြံသူကို အသာလေးသတ်ပစ်လိုက်ရန်သာ ဖြစ်၏။ ဒါပေမဲ့ လီဟမ်ရှန်းကတော့ တတိယမြောက်လှံချက်မှာ သူ၏ အကန့်အသတ် မဟုတ်သေး သည်ကို ဆုရှန်းချီက ကောင်းကောင်း မြင်နိုင်ပါသည်။

လီဟမ်ရှန်းကို အားအင်ကုန်ခမ်းတဲ့အထိ တောင့်ခံပြီး စောင့်ဖို့မပြောနဲ့ လီဟမ်ရှန်းက အခုလှံချက်သုံးချက်မှာတောင် သူ့ရဲ့ ခွန်အား အကုန်အစင်ကို ထုတ်မသုံးရသေးဘူးလေ။ အဲတော့ လီဟမ်ရှန်းအားကုန်သွားတာကိုစောင့် ပြီးတော့ သူအားကုန်တဲ့အချိန်မှာ ပြန်သတ်ဖို့မပြောနဲ့ သူအားမကုန်သေးခင်မှာ ပင်လျှင် ကိုယ်သေသွားနိုင်ပါသည်။

“ဟင်း”

ဆုကျန်းက ဒေါသတကြီးနှင့် နှာမှုတ်လိုက်ပါ၏။ သူ၏နှလုံးသားထဲတွင် လုံးဝကို မကျေနပ်နေခဲ့ပါချေ။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း ရှေ့မှာ အမြဲတမ်း အရှက်တကွဲ အကျိုးနည်း ဖြစ်ရဖို့က သူတို့ရဲ့ ဆုမိသားစုရဲ့ ကံတရားလား။ သူကရှေးဟောင်း တာအိုတောင်တန်းဂိုဏ်းကို နှစ်ခါတိတိ မျက်နှာ ပျက်ခဲ့ရပါသည်။

အခုလိုမျိုးရှေးဟောင်း တာအို တောင်တန်းဂိုဏ်းက ဘာမဟုတ်တဲ့ တပည့်ရဲ့ ရှေ့မှာလည်းနောက်တစ်ခါထပ် မျက်နှာပျက်ရပြန်သည်။ ထိုအရာများကို တွေးပြီးနောက်တွင် ဆုကျန်းမှာ သာမာန်အတိုင်း ဆင်ခြင် စဉ်းစားနိုင်စွမ်းပျောက်သွားပါ၏။

သူက လှံတံကို ကိုင်ထားသော လက်ချောင်းကို လွှတ်လိုက်ပြီး လှံထိပ်ဖျားကို လက်ညိုးနှင့် တို့လိုက်ပါ၏။

“ ဝုန်း..”

လေထုက တုန်ခါသွားပါသည်။ လီဟမ်ရှန်း၏မျက်နှာအမူအရာမှာလည်း ချက်ချင်းကို ပြောင်းလဲသွားခဲ့ပါ၏။ သူကိုယ်ပေါ်သို့ တောင်တစ်လုံးက အရှိန်ပြင်းပြင်းနှင့် ဝင်ဆောင့်လိုက်သလို ခံစားလိုက်ရပါသည်။

သူ၏ပုံရိပ်မှာ နောက်သို့အရှိန်ပြင်းထန်စွာဖြင့် လွင့်ထွက်သွားခဲ့ပါ၏။ ထိုအင်အားမှာ လီဟမ်ရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကျူးကျော်လာပြီး သူ၏ အတွင်းအင်္ဂါများကို ပင်လျှင် လှုပ်ရမ်းသွားစေပါ၏။ ထိုအင်အားမှာ လွန်စွာမှကို ပြင်းထန်လှ သော်လည်း လီဟမ်ရှန်း၏နတ်ဘုရား ဖီးနစ်ငှက် အရိုးကအားတော်တော်များများကို ပိတ်ဆို့ကာ ကာကွယ်ခဲ့ပါသည်။

လီဟမ်ရှန်းက အနည်းငယ်သာ နေမထိထိုင်မသာ ဖြစ်သွားပြီးသည့်နောက်တွင် ဒဏ်ရာများတော့ မရခဲ့ပါ။

“ဟင်..”

ဆုကျန်းက အံ့ဩသွားပြန်၏။ သူက သူ့လိုမဟာသိုင်းဂိုဏ်း အဆင့်က လှုပ်ရှားလိုက်တာတောင်မှ ဒီလှုပ်ရှားမှုက ပေါ့ပေါ့ပါးပါးဟု ပြော၍ရသော်လည်း သာမာန် မူလအဆင့် ဆိုလျှင်ပင်လျှင် နေရာတွင်ပင် သေလုနီးပါး ဒဏ်ရာရသွားမည်ဖြစ်သည်။

ဒါကိုမှ လီဟမ်ရှန်းက တကယ်ကြီးကို တောင့်ခံနိုင်တာလား။ ဒီလူငယ်လေးရဲ့ ခန္ဓာကိုယ်က ဘယ်လိုဖြစ်ပြီးတော့ မကောင်းဆိုးဝါး ဆန်နေရတာလဲ။

“ မြေးက ကျုပ်ကိုမနိုင်တော့ အဘိုးက ဝင်ပြီးတော့ အနိုင်ကျင့်တယ်ပေါ့လေ” လီဟမ်ရှန်းက လှောင်ပြောင်လိုက်ပါ၏။

“ ငါသာမင်းကို အနိုင်ကျင့်ချင်တယ် ဆိုလို့ရှိရင် ဒီတစ်ချက်တည်းနဲ့တင်ပဲ မင်းတန်းပြီး သေသွားပြီ” ဆုကျန်းက မျက်မှောင်ကျုံ့ကာ ပြောလိုက်၏။

“ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်က အရမ်းကို စွမ်းအား ကြီးလွန်းတယ်။ ဒါကငါ့ကို အံ့ဩသွားစေတယ်”

“ အဟက်” လီဟမ်ရှန်းကတစ်ချက်ရယ်ကာ လှောင်လိုက်ပါ၏။

“ခင်ဗျားတို့ ဆုမိသားစုက လူတွေက ကျုပ်ကိုမနိုင်တာ ပုံမှန်ပဲလေ။ ဘာလို့လဲ သိလား။ ကျုပ်မှာ နတ်ခန္ဓာရှိတယ်။ ခင်ဗျားရဲ့ မြေးက ကျုပ်ကို ဘယ်လိုလုပ်နိုင်မှာလဲ”

“ဆုရှန်းချီ မင်းက သေမျိုး ခန္ဓာကိုယ်ပဲရှိတာကွ။ လုရှီရန်နဲ့ ဘယ်လိုလုပ်ပြီး မင်းကထိုက်တန်မှာလဲ။ အဲဒီတော့ မင်းက ကိုယ်နေတဲ့နေရာ တောကြိုအုံကြားကိုပဲ ပြန်သွားဖို့ပဲငါ အကြံပေးချင်တယ်”

“ လုရှီရန်ကို ထိုက်တန်တာ ငါ့လို နတ်ခန္ဓာကိုယ်ရှိတဲ့လူကပဲ ထိုက်တန်တာကွ။ မင်းလိုမျိုးကောင်က အောက်ခြေမှာရှိတဲ့ သေမျိုးသာသာပဲရှိတာ”

လီဟမ်ရှန်းက ထိုစကားများကို မောက်မာစွာပြောလိုက်သောအခါတွင် ဆုရှန်းချီက ထိတ်လန့်တကြားအော်လိုက်ပါ၏။

“မင်းမှာ တစ်ကယ်ပဲ နတ်ခန္ဓာရှိတာလား”

“ အံ့ဩစရာတော့မရှိဘူး”

ဆုကျန်းကလည်း ထိုအခိုက်မှသာ အသိဝင်သွားပါ၏။

လီဟမ်ရှန်းက အဲလောက်တောင် စွမ်းအားကြီးတာ။ အင်မော်တယ် အရှင် သခင် လှံသိုင်းကို ကျင့်ကြံထားတာတောင်မှ သူ့ခန္ဓာကိုယ်က ဖိနှိပ်တာကိုမခံရဘူး။ လတ်စသတ်တော့ သူ့မှာနတ်ခန္ဓာကိုယ် ရှိနေတာကို။ ထိုအချက်များက ဆုကျန်း၏ရင်ထဲကို မကျေမနပ်များ ပို၍ပင် ဖြစ်စေပါ၏။

ဘာဖြစ်လို့ ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းက တပည့်က နတ်ခန္ဓာကိုယ်ရှိနေတာလဲ။ ဘာလို့ ငါတို့ ဆုမိသားစုက နတ်ခန္ဓာကိုယ်ပိုင်ရှင် မရှိရတာလဲ။ ငါတို့ ဆုမိသားစု မှာ နတ်ခန္ဓာကိုယ်ပိုင်ရှင်ရှိလို့ရှိရင် အခုလိုမျိုး ကုန်းမြေကြီးတစ်ခုလုံးကို လှည့်လည်ပြီးတော့ နတ်ခန္ဓာကိုယ်ရှိတဲ့ အမျိုးသမီးတွေကို လိုက်ရှာပြီးတော့ လက်ထပ်စရာမလိုတော့ဘူး။

လီဟမ်ရှန်းက ခေါင်းကို ပေါ့ပေါ့ပါးပါး ခါရမ်းကာ ပြောလိုက်ပါ၏။

“ဆုရှန်းချီ မင်းအိမ်ကို မင်းပြန်လိုက်တော့။ မင်းငါ့ကို ဘယ်တော့မှ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ မင်းက ငါ့ရဲ့ပြိုင်ဘက်ဖြစ်လာ ဖို့အတွက်အရည်အချင်းမရှိဘူး၊ မထိုက်တန်ဘူး။ မင်းမှာ နတ်ခန္ဓာကိုယ်မရှိတဲ့အတွက်ကြောင့်မို့လို့ ငါ့ကို ဖိအားပေးဖို့ ဆိုတာကလုံးဝမဖြစ်နိုင်ဘူး”

“ မင်းအတွက်ကတော့ မိုးကောင်းကင်ကို လှေကားထောင်ပြီးတက်တာကမှ ဖြစ်ရင် ဖြစ်နိုင်အုံးမယ်။ ငါကိုနိုင်ဖို့ဆိုတာက ဒီတသက်မှာ လုံးဝမဖြစ်နိုင်ဘူး”

“နတ်ခန္ဓာကိုယ်” ဆုရှန်းချီက လှောင်လိုက်ပါ၏။

“မင်းက အရမ်းတွေတော်ပြီး၊ အရမ်းတွေကြီးမြတ်နေတာက မင်းမှာ နတ်ခန္ဓာကိုယ်ရှိလို့လို့ မင်းထင်နေတာလား”

“ အနည်းဆုံးတော့ ငါက မင်းထက်တော့ သာတယ်ကွ” လီဟမ်ရှန်းက ဂုဏ်ယူဝင့်ကြွားစွာပြောလိုက်ပါ၏။

“အဘိုးလေး ဒီကောင့်ကို ကြည့်ရတာအရမ်းကို မောက်မာနေတယ်။” သူ့ရဲ့နတ်ခန္ဓာကိုယ်ရှိတာနဲ့ပဲ သူ့ကိုယ်သူ အရမ်းကို ကြမ်းလှ ပြီလို့ထင်နေတာ။

အဲလိုဆိုမှတော့ အဘိုးလေးအနေနဲ့ သူ့ကို သင်ခန်းစာ တစ်ခုလောက်ပေးသင့်တယ်။ ကျွန်တော်တို့ရဲ့ ဆုမိသားစု ရှေ့မှာ နတ်ခန္ဓာကိုယ်ပိုင်ရှင်တွေကဘာမှ အရေး မပါတဲ ပုရွတ်ဆိတ်တွေဆိုတာကို ပေးသိလိုက်စမ်းပါ”

ဆုရှန်းချီက အံတင်းတင်းကြိတ်ပြီးပြောလိုက်ပါ၏။ သူ့မျက်လုံး များထဲတွင် မနာလိုစိတ်များအပြည်နှင့် ဖြစ်နေခဲ့ပါသည်။

သူမှာ ဘာလို့ နတ်ခန္ဓာမရှိ ရတာလဲ။

လီဟမ်ရှန်းဆိုတဲ့ မျိုးမစစ်ကောင်မှကြတော့ နတ်ခန္ဓာကိုယ် ရှိနေတယ်။

ဆုကျန်းကလည်း သူ၏ စကားလုံးများကို ဖြုန်းတီးမနေခဲ့ပါ။ ချက်ချင်းပင်လျှင် လီဟမ်ရှန်း၏ ရှေ့တွင် ဘုန်းခနဲပေါ်လာခဲ့ပါ၏။

လီဟမ်ရှန်းမှာ လန့်ဖျပ်သွားပါသည်။

“ခင်ဗျားဘာလုပ်ဖို့လဲ။”

“ယောင်္ကျား ရှင် ပြေးတော့။” ဆုကျန်း ကလီဟမ်ရှန်း၏ ရှေ့တွင် ပေါ်လာသောကြောင့် လုရှီရန်၏မျက်နှာ အမူအရာကလည်း ပြောင်းလဲသွားပါ၏။ ဆုကျန်းဘာလုပ်မလဲဆိုတာကို လုရှီရန်က သိသွားခဲ့ပါသည်။

ဆုကျန်းက လီဟမ်ရှန်းကို နတ်ခန္ဓာကိုယ် ဆုံးရှုံးအောင်လုပ်ပြီး သာမာန် လူဖြစ်အောင် လုပ်တော့မည် ဖြစ်ပါ၏။ အပြာရောင်အလင်းတန်းတစ်ခုမှာ ဆုကျန်း၏ လက်တစ်ချောင်းတွင် ပေါ်လာပါ၏။

ထို့နောက်တွင် မတူညီသော အလင်းတန်းများက ဆုကျန်း၏ လက်များတွင် တစ်ခုပြီး တစ်ခု ထွက်ပေါ်လာခဲ့ပါသည်။ လီဟမ်ရှန်း တုန့်ပြန် ခြင်းကိုပင် မစောင့်ပဲ ဆုကျန်း၏လက်ချောင်းများက လီဟမ်ရှန်း၏ ခန္ဓာကိုယ်အနှံ့သို့ ရိုတ်ခတ်လိုက်ပါသည်။

လီဟမ်ရှန်းက ရိုက်ခတ်လိုက်သည့်အကြိမ်ရေအတိုင်း နာကျင်လွန်းလှသောကြောင့် အော်ဟစ်လိုက်ပါ၏။

“အားးးး”

All Chapters