အခန်း(၃၄၁)
Vol. 29 Ch. 341
ကျန်းကောစံအိမ်နယ်မြေ၊ မြွေဖြူလမ်းကြောင်း
ဤနေရာသည် လီချန်းချင်း ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့သော နေရာမဟုတ်ပါ။ အတိတ်တုန်းက သားဖြစ်သူကို လိုက်ရှာသည့် အချိန်တုန်းကလည်း သူရောက်ခဲ့ပြီးပါပြီ။ ယခုအချိန်တွင်တော့ အရင်တုန်းက သူလာခဲ့စဉ် ကာလတုန်းကထက် မြွေဖြူလမ်းကြောင်းက အခြေအနေများက ပို၍တိုးတက်လာပြီး သာယာဝပြော စည်ပင်နေသည်ကို လီချန်းချင်းခံစားမိပါ၏။
အနည်းဆုံးတော့ သာမာန်ပြည်သူ လူထုတို့၏ နှုတ်ခမ်းထက်တွင်ရှိသော အပြုံးများက အရင်တစ်ခေါက်ကထက် ပို၍စစ်မှန်လာသည်ကို လီချန်းချင်းက သတိထားမိခဲ့ပါသည်။
လီချန်းချင်းက သူရောက်ရှိနေသည်ကို မည်သူ့ကိုမှ မသိစေဘဲ တည်းခိုဆောင် တစ်ဆောင်၌ အခန်းတစ်ခန်းငှားရမ်းကာ သိုသိပ်စွာဖြင့်သာ နေထိုင်ခဲ့ပါ၏။ သူက ဆုမိသားစု၏ မြေးအဘိုးနှစ်ယောက် ရောက်ရှိလာမည်ကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ ပါသည်။
ဖခင်ဖြစ်သူက သူနဲ့ တစ်မြို့တည်းရှိရာသို့ ရောက်နေသည်ကိုတော့ သားဖြစ်သူ လီဟမ်ရှန်းက လုံးဝမသိသေးပါချေ။
ကုန်လွန်ခဲ့သော ရက်နည်းနည်းက စိတ်သက်သာရာ ရဖွယ်ရှိပါ၏။ ကိစ္စတော်တော်များများကို စစ်ဆေးရေးမှူးရုံးတော်မှ ရဲမက်များနှင့် ကျန်သောအရာရှိမင်းများက ကိုင်တွယ်နေခဲ့ကြပါ၏။ ထို့အပြင် စစ်သားအသစ်များ စုဆောင်းရန်အတွက် အကြီးအကဲဖြစ်သူ ရန်ဝမ်ဟိုက ထိုတာဝန်ကို ယူထားပြီး လူသစ်စုဆောင်းရန်အတွက် ပြင်ဆင်နေပါ၏။
သာမာန်ပြည်သူ လူထုများမှာ စစ်ဆေးရေးမှူးရုံးတော်၏ လုပ်ဆောင်ချက်များ ကို လွန်စွာနှစ်ထောင်းအားရသောကြောင့် စစ်ဆေးရေးမှူး ရုံးတော်သို့ ဝင်ကာ စစ်သည်များအဖြစ် တာဝန်ထမ်းဆောင်ချင်ပါ၏။ လျှောက်လွှာများမှာ အပုံလိုက်ကြီး ဖြစ်နေပြီး ရုံးတော်အရှေ့၌ တန်းစီနေသော လူများစွာတို့ကလည်း မနည်းမနော ရှိလှပါသည်။
ထိုကဲ့သို့သော မြင်ကွင်းမှာ တစ်ရက်တည်း မဟုတ်ပါ။ တန်းစီနေသော လူအုပ်ကြီးမှာ နေ့တိုင်းပင်လျှင် တန်းစီပြီး လျှောက်လွှာများကို တင်နေခဲ့ကြပါ၏။ ဒါပေမဲ့ စစ်ဆေးရေးမှူးရုံးတော်သို့ ဝင်ရန်အတွက် လိုအပ်ချက်များမှာ မြင့်မားလှပါသည်။ စစ်ဆေးရေးမှူးရုံးတော်သို့ ဝင်ပြီး အစောင့်ရဲမက် လုပ်နိုင်ရန်အတွက် လျှောက်လွှာတင်သူမှာ အနည်းဆုံးတော့ ကျွမ်းကျင်မှုများ ရှိရမည်။
ကျင့်ကြံမှု အဆင့်က အနည်းဆုံး တက်လှမ်းခြင်းအဆင့် ရှိရမည်။ ထို့အပြင် အတိုက်အခိုက်လည်း ပိုင်နိုင်ကျွမ်းကျင်ရပါမည်။
လီဟမ်ရှန်းကလည်း အလုပ်ရှုပ်နေသောကြောင့် မနက်ဆိုလည်း အစောကြီးထပြီး အခန်းမှထွက်သွားပြီး ညဆိုလို့ရှိရင် လွန်စွာနောက်ကျမှ ပြန်လာခဲ့ပါ၏။
ထိုကဲ့သို့သော ဖြစ်စဉ်မှာ နေ့ရက်တိုင်းဖြစ်နေသော်လည်း လုရှီရန်က မကြည်မဖြူမဖြစ်ပါ။
သူမက လောလော လတ်လတ် လက်ထပ်ထားသော အမျိုးသမီးလေးကဲ့သို့ပင် ယောက်ျားပြန်လာသည်ကိုသာ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်း နေပါ၏။
လီဟမ်ရှန်းပြန်လာသော အချိန်တိုင်း လုရှီရန်က ပူနွေးနေသော ဟင်းလျာများကို ပြင်ဆင်ပြီး လီဟမ်ရှန်း စားသောက်ရန်အတွက် ထမင်းဝိုင်း တည်ခင်းပေးပါသည်။
လီဟမ်ရှန်းအား နွေးထွေးကာ နှစ်လိုဖွယ်ကောင်းသော စိတ်ခံစားချက်ကို ရရှိရန်အတွက် သူမက အလွန်အမင်း ကြိုးစားပြီးတော့ ပြုစုပေးနေခဲ့ပါ၏။ ဒါပေမဲ့ လီဟမ်ရှန်းက လုရှီရန်အတွက် နည်းနည်းစိတ်ပူနေခဲ့ပါသည်။
လုရှီရန်မှာ ကွမ်လမ်နန်းတော်၏ ပါရမီရှင် အမျိုးသမီးလေးဖြစ်ပါ၏။ သူမ၏ ကျင့်ကြံခြင်းမှာ လွန်စွာ စွမ်းအားကြီးမားပြီး နတ်ခန္ဓာ မှာလည်း သူ၏ကိုယ်ပိုင်နတ်ခန္ဓာထက်ပင်လျှင် မယုတ်လျော့ ပါချေ။
သူမ၏ ကံကြမ္မာမှာ ဤစန်းယွမ်တိုက်ကြီး၌ စွမ်းအား ကြီးမားသော ကျင့်ကြံသူတစ်ဦးဖြစ်လာမည့် ကံကြမ္မာ ဖြစ်ပါ၏။ ဒါပေမဲ့ ယခုမှာတော့ သူမက သာမာန်ဇနီး မယားလေး တစ်ဦးကဲ့သို့ ဖြစ်နေခဲ့ပါသည်။ ထိုဖြစ်ရပ်က လီဟမ်ရှန်း၏ စိတ်ခံစားချက်များကို ရှုပ်ထွေးစေခဲ့ပါ၏။
လုရှီရန်၏ ကျင့်ကြံခြင်းများကို ချိတ်ပိတ်ထားသည့် စည်းတံဆိပ်ကို ဘယ်လိုများ သူက ဖြေလျော့ပေးရမလဲ။ နည်းလမ်းကို သူ လုံးဝစဉ်းစားနေခဲ့ပါ၏။
ချိတ်ပိတ်ထားသောစည်းတံဆိပ်က ဆုမိသားစု၏ အန္နိမ တိုက်ကွက်ဖြစ်သော အင်မော်တယ် ချုပ်နှောင်ခြင်း လက်ညှိုးသိုင်း ဖြစ်ပါသည်။
လွယ်လွယ်ကူကူနဲ့ ဖြေလျော့ နိုင်မည် မဟုတ်ပါ။ သူက ရှေးဟောင်း တာအိုတောင်တန်း ဂိုဏ်းသို့ လုရှီရန်ကို ခေါ်လာပြီး ဆရာသခင်ဖြစ်သော ရှမုဟိုင်အား အကူအညီတောင်းမည် ဟုသာ လောလောဆယ် တော့ တွေးထားပါ၏။
ဒါပေမဲ့ အဲ့ဒီအချိန်ကို ရောက်ဖို့အတွက် လွန်စွာကြာမြင့်ပါအုံးမည်။ ဒီကြားကာလထဲမှာ လုရှီရန်က မကျင့်ကြံရသောကြောင့် သူမ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း သက်တူရွယ်တူများထက် လွန်စွာနောက်ကျသွားပါတော့မည်။
“ယောက်ျား ရှင်ကျွန်မရဲ့ ကျင့်ကြံခြင်းတွေကို စိတ်ပူနေတာလား။”လီဟမ်ရှန်းမျက်နှာသစ်ရန်အတွက် လုရှီရန်က မျက်နှာသုတ်ပဝါကို ကမ်းပေးရင်းနဲ့ ပြောလိုက်ပါ၏။
လီဟမ်ရှန်းကလည်း မငြင်းဆန်ခဲ့ပါ။ သူက ခေါင်းညိတ်ပြီးနောက် ပြောလိုက်ပါသည်။
“အလုပ် ဖြစ်နိုင်မယ်လို့ထင်ရတဲ့ နည်းလမ်းတစ်ခုကို ကျွန်မတွေးထားမိတယ်။” လုရှီရန်က စိတ်အားတက်ကြွစွာပြောလိုက်ပါ၏။ သူမ၏ မျက်လုံးများမှာ အရောင်တဖျပ်ဖျပ်တောက်နေပြီး လီဟမ်ရှန်းကို စိုက်ကြည့်နေပါ၏။
“နင်သိတယ်လား” လီဟမ်ရှန်းက အံ့ဩသွားခဲ့ပါ၏။
“ချိတ်ပိတ်ထားတဲ့ စည်းတံဆိပ်ကို ဘယ်လိုမျိုးပြန်ဖြေရမယ်ဆိုတာ သိလို့ရှိရင် ဘာလို့ အခုမှ ငါ့ကို ပြောတာတုံး။ ဘာလို့ အကြာကြီးစောင့်နေရတာတုံး”
“ ဘာလို့လဲဆိုတော့ ကျွန်မတစ်ယောက်တည်း လုပ်လို့မရဘူးလေ။ ပြီးတော့ ကျွန်မက အဲ့ဟာကို လုပ်ဖို့အတွက် ယောက်ျားရဲ့ အကူအညီကို လိုတယ်။ အခုတလော ယောက်ျားက အရမ်းကို အလုပ်များနေတာဆိုတော့ ကျွန်မလည်း အနှောင့်အယှက်မပေးချင်တာကြောင့် မပြောခဲ့တာပါ”
လုရှီရန်က တည်ငြိမ်စွာဖြင့်ပြောလိုက်ပါ၏။
“ကဲ ငါ့ကိုပြောပါဦး။ ငါတို့ လုပ်ဖို့လိုတာ ဘာနည်းလမ်းလဲ။”
လီဟမ်ရှန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်ပါ၏။
“ နင်သာ ငါ့ကို စောစောစီးစီးပြောလိုက်မယ်ဆိုလို့ရှိရင် ပြီးတာပေါ့ဟာ။ နင့်ရဲ့ ကျင့်ကြံခြင်းကို ပြန်ရဖို့ထက် ပိုပြီးအရေးကြီးတာ ဘာမှ မရှိတော့ဘူး”
“အဲ့တာကတော့ ကျွန်မတို့နှစ်ယောက် တူနှစ်ကိုယ်ကျင့်ကြံဖို့ပဲ လိုတာပေါ့။” လုရှီရန်က တည်ငြိမ်စွာပြောလိုက်ပါ၏။ သူမ၏လေသံထဲတွင် ဖော်ပြရခက်သည့် လေးနက်မှုများ ပါနေပါသည်။
“ယောက်ျားကလည်း နတ်ခန္ဓာတစ်ခုကို ပိုင်ထားတယ်။ ကျွန်မကလည်း နတ်ခန္ဓာကို ပိုင်ထားတယ်။ ကျွန်မတို့နှစ်ယောက်သာ ပေါင်းစပ်လိုက်မယ်ဆိုလို့ရှိရင် ယောက်ျားရဲ့ နတ်ခန္ဓာက ချိတ်ပိတ်ထားတဲ့ စည်းတံဆိပ်ကို ဖျက်စီးနိုင်ပြီးတော့ ကျွန်မရဲ့ နတ်ခန္ဓာကလည်း ယောက်ျားရဲ့ နတ်ခန္ဓာကို ပြန်တုံ့ပြန်ပြီးတော့ ကျွန်မရဲ့ မူလကျင့်ကြံခြင်း အဆင့်တွေကို ပြန်ရနိုင်တယ်”
သူမ၏ အကြံပြုချက်ကို ကြားပြီးသည့်နောက်တွင် လီဟမ်ရှန်းမှာ သူ၏ စကားလုံးများက လည်ချောင်းဝတွင် တစ်ဆို့သွားသလို ဖြစ်သွားပါ၏။
ဒီနည်းက တကယ်ပဲ အလုပ်ဖြစ်လို့လား။ ဒီကောင်မလေးက ငါ့ကို လာပြီးတော့ လာလှိမ့်နေပြန်ပြီ။
ငါ့ကို ငတုံးများ ထင်နေလား မသိဘူး။
“ဒီနည်းလမ်းကို နင်ဘယ်က ကြားလာတာတုံး။” လီဟမ်ရှန်းက အံ့ဩတကြီးနဲ့ အသံမြှင့်ကာ ပြောလိုက်ပါ၏။
“ ကျွန်မဘာသာ တွေးလိုက် တာလေ”
လုရှီရန်က လွန်စွာရိုးသားသော မျက်နှာပေးနဲ့ ဝန်ခံလိုက်ပါ၏။ လီဟမ်ရှန်းမှာ အမှန်တကယ်ကြီးကို စွံ့အနေခဲ့သည်။
သူကလုရှီရန်ကိုသာ စိုက်ကြည့်နေမိခဲ့ပါ၏။ ဒီငတုံးမလေးက သူ့ခန္ဓာကိုယ်ကို လိုချင်လို့ နည်းမျိုးစုံ သုံးပြီးတော့ အကြံအကုန်ထုတ်နေတာလား ဆိုတာကိုပင် သူသိချင်သွားပါ၏။
အင်း မိန်းမတွေ တော်တော်မလွယ်တာပဲ။ သူတို့လိုချင်တဲ့ ဥစ္စာကို နည်းမျိုးစုံသုံးပြီး ယူတတ်ကြတာပဲ။
သူတို့စကားပြောနေသည့် အချိန်မှာပင် လုရှီရန်၏ မျက်နှာအမူအရာက ချက်ချင်းကို ပြောင်းလဲခဲ့ပါ၏။ သူမက ပြတင်းပေါက်ကို ဖွင့်လိုက်ပြီးနောက်တွင် အဝေးသို့ ငေးမောကြည့်လိုက်ပါ၏။
“ဘာဖြစ်လို့လဲ”
လီဟမ်ရှန်းကလည်း အနည်းငယ် ထိတ်လန့်သွားပြီးနောက်တွင် သူ၏နတ်ဘုရား ဝိဉာဉ်ကိုထုတ်ကာ အာရုံခံကြည့်လိုက်ပါ၏။ သို့သော် သူက ဘာမှ မခံစားရပါ။
“ဆုမိသားစု ရောက်လာပြီ။” လုရှီရန်က စိတ်ရှုပ်စွာပြောလိုက်ပါ၏။
“ ကျွန်မ သူတို့ရဲ့ အရှိန်အဝါတွေကို အာရုံခံမိတယ်”
“ဆုမိသားစုက နင့်ကို လာရှာတာလား” လီဟမ်ရှန်းမှာလည်း ထိုသတင်းကြောင့် အနည်းငယ် အံ့ဩသွားခဲ့ပါ၏။
ဆုမိသားစုမှာ လျော့တွက်၍ မရသော မိသားစုဖြစ်ပါသည်။ သူတို့သာ တကယ်လာတယ်ဆိုလို့ရှိရင် သူက လုရှီရန်ကို ဘယ်လိုမျိုး ကာကွယ်ရပါ့မလဲ။ သူ၏ နေလ အစစ်အမှန် မီးတောက်က လွန်စွာ စွမ်းအားကြီးမားလှပါသည်။ ဒါပေမဲ့ ရှေးဟောင်း တာအိုတောင်တန်းဂိုဏ်းတွင် သူ ရှိခဲ့စဉ်အခါတုန်းက ဆုမိသားစုက မဟာသိုင်းဂိုဏ်းအဆင့် ကျင့်ကြံသူကို သူမြင်ခဲ့ဖူးပါ၏။
သူ၏ နေလ အစစ်အမှန် မီးတောက်က ဘယ်လောက်ပဲ စွမ်းအားကြီးမားပါစေ မဟာသိုင်းဂိုဏ်းအဆင့်ကို နိုင်အောင်တိုက်ခိုက်နိုင်မည် မဟုတ်မှန်းကို သူကောင်းကောင်းသိပါသည်
။ သူတို့ အခုအချိန် ထွက်ပြေးလို့ရှိရင် မှီအုံးပါ့မလား။ ဒါမှမဟုတ်ရင် အရမ်းနောက်ကျ သွားပြီလား။
“ သူတို့တွေက မြို့ပြင်မှာ ရောက်နေလောက်ပြီ” လုရှီရန်က လီဟမ်ရှန်းထံသို့ လှည့်ကြည့်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေသည့် အလား ဖြစ်ပါသည်။
သူမ၏ ခန္ဓာကိုယ်တွင် ချုပ်နှောင်ထားသော စည်းတံဆိပ်က တုန်ခါနေပါ၏။ ထိုအဓိပ္ပာယ်မှာ ဆုမိသားစုက နီးကပ်လာပြီဟူသော အဓိပ္ပာယ်ဖြစ်ပါ၏။ ထိုသူများက သူမကို တကယ်ပဲ အတင်းအကြပ် လာခေါ်တာဆိုလို့ရှိရင် လီဟမ်ရှန်းက ဘယ်လိုမျိုး ကာကွယ်နိုင်ပါ့မလဲ။
“ဆုမိသားစုကို တွေ့ကြရအောင်။” ထိုအခိုက်မှာပင် လီဟမ်ရှန်း၏ စိတ်ထဲ၌ အသံတစ်သံ ထွက်ပေါ်လာပါသည်။
ထိုအသံက သူရင်းနှီးနေသော အသံဖြစ်ပါသည်။ ဒါပေမဲ့ ဘယ်သူလဲဆိုတာကို လီဟမ်ရှန်းက မမှတ်မိပါ။
“အခုပြောနေတာ ချင်းလဲ့ဓားသခင်ပဲ။” လီချန်းချင်း၏ ရုပ်ဖျက်ထားသော လွှမ်းမိုးနိုင်စွမ်းရှိသည့် အသံက လီဟမ်ရှန်း၏စိတ်ထဲ၌ ရုတ်တရတ်ပေါ်လာခဲ့ပါ၏။
“ချင်းလဲ့ဓားသခင်ပါ့လား။” လီဟမ်ရှန်းက လွန်စွာမှကို ပျော်ရွှင်သွားပါ၏။ ချင်းလဲ့ဓားသခင်က ယခုအချိန်တွင် ဤမြို့သို့ ရောက်နေမည်ကို သူကမမျှော်လင့်ထားခဲ့မိပါ။
ချင်းလဲ့ဓားသခင်ကြီးသာ ဒီမှာ ရှိနေတယ်ဆိုလို့ရှိရင် ဆုမိသားစုလာတာ ဘာမှ ကြောက်စရာမလိုတော့ဘူး။
“အရင်ဆုံး ဆုမိသားစုကို သွားတွေ့လိုက်။ ငါရှိနေသ၍ကတော့ မင်းတို့နှစ်ယောက်လုံး လုံခြုံပါပြီ။”
လီချန်းချင်း၏ အသံက ဆက်လက်၍ စကားပြောလိုက်ပါ၏။
“ဖြစ်နိုင်မယ်ဆိုလို့ရှိရင် ဆုမိသားစုက ဘိုးဘေးကြီးကို အင်မော်တယ်ချုပ်နှောင်ခြင်း လက်ညှိုးသိုင်းကို ထုတ်သုံးအောင်လို့ အကွက်ဆင်ပြီးတော့ လုပ်လိုက်ကွာ”
“ ဟုတ်ကဲ့ပါ” ယခုအချိန်တွင်တော့ လီဟမ်ရှန်းက ချက်ချင်းကို ယုံကြည်ချက်တွေနဲ့ ပြည့်ဝသွားပါပြီ။
“ရှီရန်ရေ ငါတို့တွေ မြို့ပြင်သွားပြီးတော့ အခုရောက်လာတဲ့ ဆုမိသားစုကို သွားရင်ဆိုင်ရအောင်။” သူကပြောလိုက်ပါ၏။
“ကောင်းပါပြီ” လီဟမ်ရှန်းက ဒီလိုမျိုး ပြောမှတော့ လုရှီရန်ကလည်း တုန့်ဆိုင်းမနေတော့ပါ။ လီဟမ်ရှန်းတွင် အစီအစဉ်တစ်ခုရှိမှန်းကို လုရှီရန်က ယုံကြည်ခဲ့ပါ၏
။ လီဟမ်ရှန်းက သူမကို ဆုမိသားစုလက်ထဲတွင် ပြန်ထည့်လိုက်မည် ဆိုပါကလည်း သူမက လီဟမ်ရှန်းကို အပြစ်တင်မည် မဟုတ်ပါ။
လုရှီရန်မျှော်လင့်သည်က ဆုမိသားစုက လူတွေက လီဟမ်ရှန်းကို ထိခိုက်အောင် မလုပ်ဖို့ကိုသာပင်ဖြစ်ပါသည်။