← Chapters

ခန်းမသခင်၏မေးခွန်း......

Vol. 58 Ch. 804

ခန်းမသခင်၏မေးခွန်း......

Vol. 58 Ch. 804

လီလော့သည် ကျုံးလင်နှင့် ပြဿနာကို ဖြေရှင်းပြီးနောက် ရှေ့တန်းအဖွဲ့ကို ဖွဲ့စည်းရန်အတွက် အရှိန်အဟုန်ဖြင့် ပြင်ဆင်ခဲ့သည်။ ကျောက်ရှန်ဟေး တပ်ခွဲခေါင်းဆောင် အသစ်ဖြစ်လာသဖြင့် ပထမတပ်ခွဲ​တွင် ပူးပေါင်းလိူသူများ ပိုများလာပြီး အထက်တန်းစားအဖွဲ့ဝင်များ၏အမည်များပါရှိသောစာရင်းကို လျင်မြန်စွာတင်သွင်းခဲ့သည်။

၎င်းကို အစမှတ်အဖြစ်အသုံးပြု၍ ကျောက်ယန်ဇီသည် အလားအလာရှိသော ကိုယ်စားလှယ်လောင်းအချို့ကို ရွေးချယ်ခဲ့သည်။ ထက်မြက်သူများကသာ ကျုံးလင်၏ လူယုံအချို့ကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့ကြောင်း သတိပြုမိလိမ့်မည်။ အမာခံထောက်ခံသူများ အချင်းချင်း ခွဲခြားနိုင်ရန် ကျောက်ယန်ဇီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်။ ခွဲထုတ်လိုက်ပြီးနောက် နေ့ရက်တွေကြာလာတာနဲ့အမျှ ကျုံးလင် အကြောင်းကို တဖြည်းဖြည်း မေ့သွားကြလိမ့််မည်။

သူမ၏ထူးခြားသောစွမ်းဆောင်ရည်ကြောင့် အစိမ်းရောင်နယ်သာတံခွန်၏ ရှေ့ပြေးအဖွဲ့ကို နှစ်ရက်အတွင်း စတင်ဖွဲ့စည်းခဲ့သည်။

ပဉ္စမတပ်ခွဲကို အခြေခံထားသဖြင့် ရှေ့တန်းအဖွဲ့အား ပဉ္စမတပ်ခွဲခေါင်းဆောင် လီရှီက ဦးဆောင်မည်ဖြစ်သည်။ နတ်ဆိုးလှိုဏ်ဂူ လေ့လာရေးခရီးမှာ ရှေ့တန်းအဖွဲ့ရဲ့ တပ်မှူးချုပ်ကတော့ လီလော့ ဖြစ်လာပေမည်။

နတ်ဆိုးလှိုဏ်ဂူ၏ အလွှာလေးဆယ်သို့ ရောက်သည်အထိ ဤအရာသည် တောက်လျှောက် ဆက်လက်ရှိနေမည်ဖြစ်သည်။

အလွှာလေးဆယ်မှစတင်၍ နတ်ဆိုးလှိုဏ်ဂူ ၏အခက်အခဲသည် ကြီးမားစွာတိုးလာမည်ဖြစ်သည်။ ရှေ့ဆက်ဖို့ တွန်းအားပေးချင်တယ်ဆိုရင်တော့ စည်းလုံးညီညွတ်မှုအပြည့်ရှိခြင်းကို အသုံးချဖို့ တပ်ခွဲငါးခုစလုံးကို လိုအပ်ပေမည်။

မည်သို့ပင်ဆိုစေကာမူ၊ ၎င်းတို့သည် လက်ရှိတွင် အလွှာသုံးဆယ့်ငါးတွင်ရှိပြီး ဦးဆောင်ရန် ရှေ့တန်းအဖွဲ့တစ်ဖွဲ့ လိုအပ်နေသေးသည်။

ရှေ့တန်းအဖွဲ့ကိုဖွဲ့စည်းပြီးသည့်နောက်တွင် လီလော့သည် လူတိုင်းကိုစုရုံးပြီး စွမ်းဆောင်ရည်များကိုစမ်းသပ်ခဲ့သည်။ ဒါဟာ တကယ့်ကို ကျေနပ်စရာ ရလဒ်တစ်ခုပင်..

သူ၏ ခန့်မှန်းချက်အရ ၎င်းတို့သည် သဟဇာတဖြစ်မှု၏ စွမ်းအားဖြင့် နှောင်းပိုင်းကောင်းကင်ပဲ့တင်ထပ်သံအဆင့်နှင့်ပင်နှိုင်းယှဉ်နိုင်သည်။

ရှေ့တန်းအဖွဲ့တွင် ပဉ္စမတပ်ခွဲကို အခြေခံထား၍ ဖွဲ့စည်းထားသောကြောင့် တိုးတက်မှုမြန်ဆန်လာပေမည်။ ယခင်က၊ ပဉ္စမတပ်ခွဲနှင့်သဟဇာတဖြစ်မှုသည် အစောပိုင်း

ကောင်းကင်ပဲ့တင်ထပ်သံအဆင့်တွင်သာရှိခဲ့သည်။ ဤနှစ်ခုကြားတွင် ကြီးမားသော ကွာဟချက်ရှိခဲ့သည်။

ဤအထူးရွေးချယ်ထားသော ရှေ့တန်းတပ်အဖွဲ့ဖြင့်၊ လီလော့သည် ထိပ်တန်းတံခွန်ခြောက်ခု၏ ရှေ့တန်းအသင်းမဟုတ်သရွေ့ အခြားတံခွန်များနှင့် ရင်ဆိုင်ရာတွင် ပြဿနာမရှိနိုင်ကြောင်း ယုံကြည်နေသည်။

ထို့ကြောင့်၊ လီလော့၏နောက်ထပ်ရည်မှန်းချက်မှာ အစိမ်းရောင်နယ်သာတံခွန် ကို တစ်လအကြာတွင် လေးဆယ်အလွှာသို့ရောက်ရှိစေရန်ဖြစ်သည်။

သို့သော်၊ နတ်ဆိုးလှိုဏ်ဂူ ပြန်မဖွင့်မီမှာပင် သူ့ကို အစိမ်းရောင်နယ်သာခန်းမက ဆင့်ခေါ်မေးမြန်းခဲ့သည်။

ကျုံးလင်နှင့် ပတ်သတ်သည်မှာ တွေးကြည့်နေစရာတောင်မလိုပေ။

နှစ်ရက်ကြာ သည်းခံပြီးနောက် ဒုခန်းမသခင်ကျုံးယုရှီသည် ဒေါသကို ကြာကြာမထိန်းနိုင်တော့ပေ။

ဤအရာအားလုံးသည် လီလော့ မျှော်လင့်ထားသည့်အတိုင်းဖြစ်သည်။ ကျောက်ယန်ဇီ နဲ့ အခြားသူတွေကို စိတ်မပူဖို့ ပြောပြီးနောက် အစိမ်းရောင်နယ်သာတောင်ထွတ်ဆီကို ဦးတည်သွားခဲ့သည်။

ခန်းမထဲတွင်.....

ဤနေရာသည် ခန်းမတစ်ခုစီ၏ အမြင့်ဆုံးအာဏာပိုင်များ စုဝေးရာနေရာဖြစ်သည်။ ပုံမှန်နေ့များတွင်၊ ခန်းမသခင်သည် ၎င်းတို့၏တရားစီရင်ပိုင်ခွင့်အောက်ရှိ နယ်မြေများမှ မရေမတွက်နိုင်သော သတင်းအချက်အလက်များကိုလက်ခံရရှိပြီး မျှဝေကြသည်။

လီလော့ ရောက်ရှိလာခြင်းမှာ လူတိုင်းအတွက်အာရုံစိုက်စရာဖြစ်လာခဲ့သည်။ နောက်ဆုံးတွင်၊ သူသည် မိသားစုနောက်ခံနှင့် လွန်ခဲ့သည့် နှစ်လအတွင်း အံ့သြဖွယ်ကောင်းသော စွမ်းဆောင်မှုများကြောင့် အစိမ်းရောင်နယ်သာခန်းမတွင် အထူးပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သည်။ အဓိကခန်းမသခင် ၏သားက ထူးချွန်သူဖြစ်သည်ကို သူတို့အားလုံး သိကြသည်။

သူတို့ရဲ့အကြည့်တွေကို သိပ်ဂရုမစိုက်ဘဲ လီလော့က ပင်မအစည်းအဝေးခန်းဆီကို ဦးတည်သွားသည်။ သူဝင်သွားတော့ ခန်းမကြီးထဲမှာ ကုလားထိုင်ငါးလုံးကိုတွေ့လိုက်ရသည်။ အလယ်ခုံက ဗလာဖြစ်နေပြီး ကျုံးယုရှီက ဘယ်ဘက်မှာ ထိုင်နေပြီး လီရုန်ယွင့်ကတော့ ညာဘက်မှာ ထိုင်နေသည်။

လီလော့နဲ့ သိပ်မရင်းနှီးတဲ့ တခြားခန်းမသခင် နှစ်ယောက်လည်း ရှိနေသေးသည်။

အစိမ်းရောင်နယ်သာခန်းမ၏ ခန်းမသခင် လေးယောက်မှလွဲ၍ အခန်းတစ်ဝိုက်တွင် ထိုင်နေသော အနက်ရောင်ဝတ်ရုံဝတ်ဆင်ခါးသူအမြောက်အမြား ရှိနေပြီး သူ့ကို စေ့စေ့စပ်စပ်ကြည့်နေကြသည်။

လီလော့ ဝင်လာစဉ်တွင် သူ့အကြည့်များက အလယ်ရှိ ထိုင်ခုံအလွတ်ကိုသာ စိုက်ကြည့်နေသည်။ "ဒီနေရာက ငါ့အဖေ အရင်တုန်းက ထိုင်ခဲ့တဲ့နေရာလား.... အတော်လေး အံ့သြဖို့ကောင်းတယ်လို့ ခံစားရတယ်.....”

ခန်းမမာစတာလေးယောက်ကို ဦးမညွှတ်ခင် သူ့စိတ်ထဲမှာ တိတ်တိတ်လေး ပြုံးပြီး....

"ဘာလို့ ကျွန်တော့်ကို ဆင့်ခေါ်လိုက်တာလဲ... အမိန့်အသစ်များရှိလို့လား...."

ကျုံးယုရှီက လီလော့ကို လေးလေးနက်နက် ကြည့်ပြီး..... "တံခွန်ကိုင်လီလော့.... လူငယ်တွေ သွေးပူတတ်မှန်း သိပါတယ်....ဒါပေမယ့် မင်း ဘာလို့ ကျုံးလင်ကို ဒဏ်ရာ ရအောင် လုပ်လိုက်တာလဲ.... ဒါက စံနမူနာဖြစ်လိမ့်မယ် ဆိုတာ မင်းသိလား.....တခြားလူသစ်တိုင်းကသယ မင်းလို ပြုမူကြမယ်ဆို အစိမ်းရောင်နယ်သာတံခွန်မှာ စည်းလုံးမှု ရှိနိုင်ပါတော့မလား...."

လီလော့သည် စွပ်စွဲချက်ကိုကြားသောအခါ အပြစ်ကင်းဟန်ဖြင့် မျက်တောင်ခတ်လိုက်သည်။ နောင်တအပြည့်ရှိသောမျက်နှာဖြင့်.....

"ဒုခန်းမသခင်...ကျွန်တော် ကျုံးလင်ကိုထိခိုက်စေဖို့မရည်ရွယ်ခဲ့ပါဘူး....

အစိမ်းရောင်နယ်သာတံခွန်အဖွဲ့နဲ့ ပထမဆုံးအကြိမ် သဟဇာတဖြစ်အောင်ကြိုးစားခဲ့တဲ့အချိန်က ထူးခြားတဲ့အခြေအနေတစ်ခုပါ.... လွန်စွာအင်အားကြီးမားတဲ့စွမ်းအင်တွေကို ပထမဆုံး ထိန်းချုပ်ရတာမို့ တချက်လေးချွတ်ချော်သွားခဲ့တယ်....ဒါ့ကြောင့် တပ်ခွဲခေါင်းဆောင် ကျုံးလင် ခင်ဗျာ အချိန်မီမတုံ့ပြန်နိုင်တော့ဘဲ ဒဏ်ရာရသွားခဲ့တယ်...."

ကျုံးယုရှီ မသိမသာမဲ့ရွဲ့လိုက်ပြီး....

"တံခွန်ကိုင်လီလော့ ....မင်းရဲ့စကားတွေက မယုံနိုင်စရာပဲ....."

"ဒါပေမယ့် ဒါက အမှန်တရားတွေပါ... ဒီအတွက် တပ်ခွဲခေါင်းဆောင် ကျုံးလင်ကို တောင်းပန်ပြီးပါပြီ.... ပြီးတော့ သူ မကြာခင် ပြန်ကောင်းလာပြီး အစိမ်းရောင်နယ်သာတံခွန်ဆီကို ပြန်လာဖို့ မျှော်လင့်ပါတယ်" လို့ လီလော့က စိတ်မကောင်းဖြစ်နေဟန်နဲ့ ရှင်းပြလိုက်သည်။

ဤအခိုက်အတန့်တွင် တတိယခန်းမသခင် လီရုန်ယွင့်က.....

"ဒုခန်းမသခင်.... ဒီကိစ္စကို သေသေချာချာ မစုံစမ်းရသေးဘူး.... ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် လီလော့ကို အပြစ်မတင်သင့်ဘူး....."

လီရုန်ယွင့်၏ တုံ့ပြန်မှုများကို ကြားလိုက်တော့ ကျုံးယုရှီ အတော်ဒေါသထွက်နေသည်။ သို့သော် လီလော့သာ ဤအတိုင်းဆက်ပြောနေသရွေ့ စ သူ့ကို ပြစ်တင်ရှုတ်ချရုံမှလွဲ၍ ဘာမှ မလုပ်နိုင်တော့ကြောင်း သူသိသည်။ တကယ်တော့ လီလော့ရဲ့ အဆင့်အတန်းဟာ သာမန်တံခွန်ကိုင်နဲ့ မတူပေ။

သူက အသက်ပြင်းပြင်းရှူပြီး ....

"တကယ် မတော်တဆဖြစ်ခဲ့ရင် ကျုံးလင် နေရာမှာ ဘာလို့ တခြားတစ်ယောက်ကိုအစားထိုးလိုက်တာလဲ...."

လီလော့က... "အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ သားတွေ လုပ်ရမယ့် အလုပ်တွေအများကြီးနဲ့ လေ့ကျင့်မှုတွေ အများကြီး ကျန်ပါသေးတယ်.... ကျုံးလင် ဘယ်လောက်ကြာကြာ အနားယူရမလဲ မသိန်ိုင်သေးဘူးလေ...ပထမတပ်ခွဲကို တပ်ခွဲခေါင်းဆောင် မပါဘဲ ဘယ်လို ထိန်းသိမ်းရမှာလဲ....?"

"ဒါပေမယ့် စည်းမျဉ်းတွေအရ တပ်ခွဲခေါင်းဆောင်က ပြစ်မှုမကျူးလွန်ခဲ့ဘူးဆိုရင် သူ့နေရာမှာ တခြားသူကို ယာယီရွေးချယ်ပိုင်ခွင့်ရှိတယ်....မင်းက တံခွန်ကိုင် ဖြစ်ပေမဲ့လည်း တပ်ခွဲခေါင်းဆောင်ကို အစားထိုးလို့မရဘူး....” ဟု ကျုံးယုရှီက ပြတ်ပြတ်သားသားပြောလိုက်သည်။

"ကျုံးလင်ကို စစ်ဆေးဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်တဲ့အခါ သူ သတိပြန်ရလာပြီး ပထမတပ်ခွဲရဲ့ တပ်ခွဲခေါင်းဆောင် ရာထူးအတွက် နောက်ထပ် ကိုယ်စားလှယ်လောင်းတစ်ယောက်ရှိနေတယ်လို့ ငါတို့ကို ပြောခဲ့တယ် စည်းမျဉ်းတွေအရ ပထမတပ်ခွဲရဲ့ တပ်ခွဲအဖွဲ့ခေါင်းဆောင်ကို ပြောင်းလဲဖို့ လိုအပ်နေသေးတယ်ဆိုရင် အရင်တပ်ခွဲခေါင်းဆောင်ကပဲရွေးချယ်ပေးလိမ့်မယ်........” ဟု ကျုံးယုရှီက ဆက်လက်ပြောကြားခဲ့သည်။

ဒါကိုကြားတော့ လီလော့ မျက်မှောင်ကြုတ်လိုက်မိသည်။ ကျုံးယုရှီက တကယ့်ကို ဉာဏ်များသော မြေခွေးတစ်ကောင်ပင်.... သို့သော်လည်း လီလော့သည် ကျောက်ရှန်ဟေးကို တပ်ခွဲခေါင်းဆောင်အဖြစ် ရွေးချယ်ထားသဖြင့် မပြောင်းနိုင်ပေ။ ဒါကို တံခွန်အဖွဲ့တစ်ခုလုံးရှေ့မှာ ကြေငြာခဲ့ပြီး ယခုပြောင်းလဲလိုက်ပါက နောင်တွင် မည်သူမျှ သူ့အမိန့်ကို နာခံကြမည်မဟုတ်ပေ။

ဤအခိုက်အတန့်တွင် လီရုန်ယွင့်က လီလော့ကို ကာကွယ်ရန် ကြိုးပမ်းခဲ့သည်။

"အစိမ်းရောင်နယ်သာတံခွန်က ရှေ့တန်းအဖွဲ့ကို ဖွဲ့စည်းပြီး နတ်ဆိုးလှိုဏ်ဂူကို ဝင်ရောက်ဖို့ ပြင်ဆင်နေကြတယ်.... ဒုခန်းမသခင်သာ ပထမတပ်ခွဲရဲ့ တပ်ခွဲခေါင်းဆောင်ကို ပြောင်းလဲဖို့ တောင်းဆိုလိုက်ရင် အချိန်နဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးပစ်ရာကျမနေဘူးလား....."

ဒါကိုကြားတော့ ခန်းမသခင် ထိုင်ခုံတစ်ခုပေါ်မှာထိုင်နေတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က .....

"ဟဲဟဲ....တတိယခန်းမသခင်...မင်းပြောတာတွေ မှားနေပြီ.... ဘယ်သူမဆို စည်းကမ်း လိုက်နာရမှာပေါ့.... မဟုတ်ရင် အနာဂတ်မှာ တခြားသူတွေကို ဘယ်လိုထိန်းကျောင်းကြမလဲ.....”

ထိုသို့ပြောခဲ့သူမှာ စတုတ္ထခန်းမသခင် လုရှန် ဖြစ်သည်။

"ဒီထက်ပိုပြီး ဆွေးနွေးစရာအကြောင်းမရှိဘူးဆိုရင် ခန်းမသခင်တွေကို မဲခွဲဆုံးဖြတ်ကြခိုင်းရအောင်" လို့ နောက်ဆုံး ခန်းမသခင် ဖြစ်တဲ့ လီရှိလဲ့ ကပြောလိုက်သည်။ သူသည် ခန်းမထဲတွင် ရာထူးအနိမ့်ဆုံးဖြစ်သော်လည်း သူသည် လီမျိုးရိုးမှ ဖြစ်ပြီး ယေဘုယျအားဖြင့် ကိုယ့်မျိုးရိုးကိုသာ ထောက်ပံ့ချင်သည်။

သူ့အဆိုပြုချက်ကိုကြားတော့ လီရုန်ယွင့်က.....

" ခန်းမသခင် လေးယောက်ရှိတယ်...ဒါက နှစ်မဲ နှစ်မဲ ညီနေနိုင်တာမို့ အခုလောလောဆယ် ကောက်ချက်မချနိုင်သေးတဲ့အတွက် ဒီကိစ္စကို နောက်မှပဲဆက်ဆွေးနွေးကြမယ်...."

သို့သော်လည်း ကျုံးယုရှီသည် ဤအခိုက်အတန့်တွင် သူ့လက်ကို မြှောက်လိုက်ပြီး......

"ခဏနေပါဦး.... စည်းမျဉ်းစည်းကမ်းတွေအရ၊ ဥပဒေစိုးမိုးရေးဌာနကို မဲခွဲတုံးဖြတ်ခိုင်းလို့ရနေတာပဲ.... အစိမ်းရောင်နယ်သာခန်းမရဲ့ ဥပဒေစိုးမိုးရေးဌာနကိုလည်း ဖိတ်ကြားထားပြီးပြီ......"

ဒါကိုကြားလိုက်တာနဲ့ လီရုန်ယွင့် အမူအရာ ချက်ချင်း အေးစက်သွားသည်။ အစိမ်းရောင်နယ်သာခန်းမတွင် နှစ်များစွာကြာပြီးနောက်၊ ကျုံးယုရှီသည် သြဇာကြီးမားလာခဲ့သည်။ အခုလက်ရှိ ရှိနေတဲ့ အုပ်ချုပ်ရေးဌာနရဲ့ ထက်ဝက်ကျော်က သူ့ကို ထောက်ခံသူတွေသာပင်......

ကျုံးယုရှီသည် လီလော့၏ လုပ်ရပ်ကြောင့် အမှန်တကယ် ဒေါသထွက်နေပုံရသည်။ အစိမ်းရောင်နယ်သာခန်းမတွင် တစ်စုံတစ်ယောက်ကြောင့် စိတ်အနှောက်အယှက်ဖြစ်ခြင်းကို ပထမဆုံးအကြိမ် ခံစားခဲ့ရခြင်းဖြစ်နိုင်သည်။

"ကဲ.... ကျောက်ရှန်ဟေးကို ပထမတပ်ခွဲရဲ့ တပ်ခွဲခေါင်းဆောင်အဖြစ် ဆက်ထားဖို့ သဘောတူရင် ကျေးဇူးပြုပြီး ဆက်ထိုင်နေပါ... စည်းမျဉ်းတွေကို လိုက်နာပြီး တပ်ခွဲခေါင်းဆောင်ကို ပြောင်းလဲသင့်တယ်လို့ သဘောတူတဲ့သူတွေကတော့ ကျေးဇူးပြုပြီး ရှေ့ကို တိုးလိုက်ပါ....."

စကားဆုံသောအခါ အနက်ရောင်၀တ်စုံဝတ်ထားသူများက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကြသည်။

တစ်ချက်ကြည့်လိုက်တော့ ထိုင်နေတဲ့သူတွေထက် ရှေ့ကိုတိုးလာတဲ့သူ ပိုများနေကြောင်း ထင်ရှားနေသည်။

ကျုံးယုရှီ ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပြန်ပေါ်လာပြီး လီရုန်ယွင့်အား.... "တတိယခန်းမသခင်....မင်းမှာထပ်ထည့်စရာရှိသေးလား?"

လီရိုယွင်က ပြုံးရုံသာ တုံ့ပြန်ခဲ့သည်။ ကျုံးယုရှီသည် အစိမ်းရောင်နယ်သာခန်းမတွင် သူမည်မျှသြဇာရှိသည်ကို ၎င်းတို့အား ပြသနေကြောင်း သူမသိသည်။

ဥပဒေစိုးမိုးရေးဌာနရဲ့ မဲခွဲဆုံးဖြတ်မှုကြောင့် ဒီကိစ္စဟာ တကယ်ကို လှည့်စားစရာဖြစ်လာခဲ့ချေပြီ။

"ခဏလေးစောင့်ပါဉီး... ကျွန်တော်အ

ပြောစရာရှိတယ်...."

လီရုန်ယွင့် လက်ရှိအခြေအနေနှင့် ပက်သက်၍ အားကိုးရာမဲ့ ဖြစ်နေသည့်အချိန်တွင် လီလော့က သူတို့ကို နှောင့်ယှက်လိုက်သည်။

"ဘာလဲ..."

ကျုံးယုရှီက ပြုံးပြီး မေးလိုက်သည်။ သာမန်အခြေအနေမျိုးတွင်၊တခြားသူသာဆို ရိုင်းစိုင်းသောအပြုအမူကြောင့် ဆူပူကြိမ်းမောင်းခြင်းခံရပေမည်။ သို့သော်လည်း လီလော့ ဖြစ်သောကြောင့် သည်းခံရပေမည်။

လီလော့က.... "အစိမ်းရောင်နယ်သာခန်းမ မှာ ခန်းမသခင် ငါးယောက်ရှိတယ်၊ ဒါကြောင့် ဘယ်လိုမဲပေးမှာလဲ....."

ဒါကိုကြားတော့ ကျုံးယုရှီ က မျက်မှောင်ကြုတ်ပြီး ..." ပင်မခန်းမသခင်က နှစ်ပေါင်းများစွာ အဝေးရောက်နေတာဆိုတော့ သူမှ မဲပေးလို့မရတာ..... "

ထိုအချိန်တွင် လီလော့က ပေါ့ပေါ့ပါးပါး ပြုံးကာ....... " နောက်ဆို ဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး"

ထို့နောက် သူ့လက်ထဲမှာ ကိုင်ထားတဲ့ ကျောက်စိမ်းပြားကို ပြသလိုက်သည်။၎င်းပေါ်တွင် ကခုန်နေသော နဂါးနှင့်ဖီးနစ် ပုံသဏ္ဍာန်ရေးထွင်းထားပြီး အလယ်ဗဟိုတွင် "ပင်မ" ဟူသောစာသားရှိနေသည်။

လီလော့က ပြုံးလိုက်ပြီး ...."မနေ့က ကလန်အကြီးအကဲဆီ သွားလည်တော့ အစိမ်းရောင်နယ်သာခန်းမ ရဲ့ ပင်မခန်းမသခင် တံဆိပ်ပြားကိုပေးလိုက်တယ်.... တံခွန်ကိုင်ရာထူးကို ရယူနိုင်ပြီး နောက်ပိုင်း ကျွန်တော့်ရဲ့စွမ်းဆောင်ရည်က ကျေနပ်စရာကောင်းတယ်လို့ ပြောခဲ့တယ်.... အစိမ်းရောင်နယ်သာခန်းမရဲ့ အတွင်းရေးမှာ ပိုမိုကောင်းမွန်စွာ ပါဝင်နိုင်ဖို့ ဒီအမှတ်အသားနဲ့ဆို လုံလောက်တယ်မလား....."

ဒါကိုကြားတော့ ကျုံးယုရှီရဲ့ မျက်နှာ ရုပ်ဆိုးအကျည်းတန်သွားသည်။

"နောက်တကြိမ် မဲပြန်ပေးကြမလား..."ဟု လီလော့က ရွှင်မြူးစွာ မေးလိုက်လေတော့သည်။

All Chapters