← Chapters

အလွှာလေးဆယ်.....

Vol. 58 Ch. 809

အလွှာလေးဆယ်.....

Vol. 58 Ch. 809

နတ်ဆိုးလှိုဏ်ဂူ၏အလွှာလေးဆယ်တွင်....

တောင်ထိပ်ပေါ်တွင် ရပ်နေသော လီလော့ သည် အဝေးမှ တောင်တန်းများဆီသို့ လှမ်းကြည့်နေသည်။ ထိုလမ်းကြောင်းအတိုင်း ကောင်းကင်သို့ မြင့်မားစွာ ပစ်လွှတ်လိုက်သော ကြောက်မက်ဖွယ် စွမ်းအင်စီးကြောင်း

ငါးခုရှိသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက နေရာအနှံ့ ဝိုင်းရံထားပြီး ဆူညံသောဟိန်းဟောက်သံများက လေထုကို တုန်ခါစေသည်။

ဒါကတော့ အလွှာလေးဆယ်ရဲ့ နတ်ဆိုးခေါင်းဆောင်များပင်......

အစပိုင်းတွင် ခေါင်းဆောင် ခြောက်ယောက်ရှိခဲ့သည်။ လီလော့သည် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ကို တစ်ကြိမ်သာ တိုက်ခိုက်ရန် ဦးဆောင်ခဲ့ပြီးဖြစ်သည်။ သို့သော် ၎င်းတို့သည် ထိုအချိန်တွင် အငိုက်မိသွားခဲ့ပြီး ကြီးမားသော အဖိုးအခပေးဆောင်ခဲ့ရသည်။

၎င်းတို့ကို နတ်ဆိုးခေါင်းဆောင် ခြောက်ဦးက ခြုံခိုတိုက်ခိုက်ခဲ့ကြသည်။

နတ်ဆိုးခေါင်းဆောင်များသည် အလွှာလေးဆယ်မှ စတင်၍ ဉာဏ်ရည်ထက်မြက်လာပုံရသည်။ ယခင်က ၎င်းတို့သည် စိန်ခေါ်သူများ ရောက်ရှိလာရန်အတွက် ဧရိယာတစ်ခုတွင် စောင့်ဆိုင်းနေခဲ့သည်။ သို့သော်လည်း ယခုအခါ ၎င်းတို့ဘက်က အစပျိုးလုပ်ဆောင်နေပြီဖြစ်သည်။

ချုံခိုတိုက်ခိုက်မှုကြောင့် လီလော့တို့ အငိုက်မိပြီး အထိနာခဲ့ကြသည်။

ရလဒ်အနေဖြင့် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့သည် ကြီးမားသောဆုတ်ယုတ်မှုကို ကြုံတွေ့ခဲ့ရပြီး ထောင်နှင့်ချီသော အဖွဲ့ဝင်များ တိုက်ပွဲမှ ထွက်ခွာခဲ့ကြရသည်။

သို့သော့ လီလော့သည် ခက်ခဲကြမ်းတမ်းသော တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ပြီး နတ်ဆိုးခေါင်းဆောင်များထဲမှ တစ်ဦးကို သတ်နိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ၊ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ သည် ဆက်လက်လုပ်ဆောင်ရန် အင်အားမရှိတော့သောကြောင့် စိန်ခေါ်မှုအတွက် အရှုံးပေးခဲ့ရသည်။

နေ့တစ်ဝက်ကျော် အနားယူပြီး ပြန်လည်သက်သာလာပြီးနောက် ဒုတိယအကြိမ်မြောက် ကြိုးစားမှုကို စတင်ခဲ့ကြသည်။

"အတူတူကြိုးစားကြမယ်..... မြို့စားအဆင့် နတ်ဆိုးခေါင်းဆောင် ငါးယောက်ရဲ့ အင်အားက ပထမအဆင့်မြို့စားအဆင့်နဲ့ ယှဉ်နိုင်တယ်" လို့ ကျောက်ယန်ဇီက သက်ပြင်းတစ်ချက်ချရင်း မှတ်ချက်ပြုလိုက်သည်။ သူမသည်လည်း တောနက်နက်ထဲမှ ထူးဆန်းတဲ့ သားရဲငါးကောင်ကို အဝေးကနေ စိုက်ကြည့်နေသည်။

"အလွှာလေးဆယ်က တကယ့်ကိုအရေးကြီးဆုံးနေရာပဲ....ဒါ့ကြောင့် စိန်ခေါ်မှုကြီးမားမှာ သေချာတယ်... တျန်ဖုန်းရှန်တောင် ဒီအဆင့်မှာ ရက်အနည်းငယ်ကြာအောင် ပိတ်မိနေခဲ့ဖူးတယ်..... နတ်ဆိုးခေါင်းဆောင်တွေကို တစ်ယောက်ပြီးတစ်ယောက် ရှင်းထုတ်ပြီးမှသာ အောင်မြင်ခဲ့တာ...."

"ငါတို့ ဒီနေ့ဒီအလွှာကိုရှင်းမယ်!"

လီလော့က စိတ်ပိုင်းဖြတ်ပြီး အော်လိုက်သည်။ နဂါးသွေးကလန်အကြီးအကဲ၏ မွေးနေ့ပွဲသည် ရက်အနည်းငယ်အတွင်း ရောက်တော့မည်ဖြစ်သည်။ ဤသည်မှာကောင်းကင်ဧကရာဇ်လီ၏သွေးမျိုးဆက်တွင် ကြီးကျယ်ခမ်းနားသော ကိစ္စတစ်ခုဖြစ်သောကြောင့် ထျန်းယွမ်တိုက်ကြီးမှ အခြားဧည့်သည်တော်များကိုလည်း ဖိတ်ကြားမည်ဖြစ်သည်။

လီလော့ရဲ့ အာရုံစိုက်မှုက အခမ်းအနားအတွက် မဟုတ်ခဲ့ပေ။ သူသည် ဟွမ်းလုံရှီး ရေကန်အတွက်သာ အာရုံစိုက်ထားသည်။ နောက်ထပ်ရက်အနည်းငယ်အကြာတွင် နဂါးစွယ်မြို့စားအဆင့်ပညာရပ်ကို လေ့လာနိုင်ရန် အလွှာလေးဆယ်ကို ရှင်းလင်းရန် လိုအပ်သည်။

ဒါဟာ သူ့ရဲ့ ခွန်အားနောက်တစ်ဆင့်တိုးလာစေမည့် အခွင့်အရေးတစ်ခုပင်.....

နောက်ဆုံးတွင်၊ တံခွန်ကိုင် တစ်ဉီးချင်းစီတိုင်းသည် ဟွမ်းလုံရှီးရေကန် တိုက်ပွဲအတွင်း ရှိသမျှဝှက်ဖဲများထုတ်သုံးကြပေလိမ့်မည်။ထို့ကြောင့် ကြီးမားသော တိုက်ပွဲဖြစ်မည်မှာ သေချာပါသည်။

"သဟဇာတဖြစ်အောင်လုပ်ထားတော့!" လီလော့က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

ဘန်းးးးးးးး

နောက်အခိုက်အတန့်တွင် ကြီးကျယ်ခမ်းနားသော စွမ်းအင်များ ကောင်းကင်သို့ ပျံတက်သွားပြီး သမုဒ္ဒရာကဲ့သို့ စီးဆင်းသွားသည်။အနှိုင်းမဲ့ ဖိအားများက အလွန်ပြင်းထန်သဖြင့် ၎င်း၏အရှိန်အဟုန်သည် တောင်များကို ဖြိုခွင်းကာ ပတ်ဝန်းကျင်က သစ်ပင်များကို ပြိုလဲစေခဲ့သည်။

နတ်ဆိုးခေါင်းဆောင်ငါးဦးသည် ဤစွမ်းအင်ကိုချက်ချင်းခံစားသိရှိပြီး သတ်ဖြတ်လိုစိတ်ပြင်းပြသောအကြည့်တွေနဲ့ လီလော့တို့ကို ကြည့်နေသည်။

၎င်းတို့၏ ကြီးမားသော ပါးစပ်များကို ဖွင့်လိုက်သောအခါတွင် အလင်းတန်းငါးခု ပေါက်ကွဲထွက်လာကာ လီလော့ဆီသို့ တိုက်ရိုက် ပျံသန်းသွားသည်။

ဤတစ်ကြိမ်တွင် လီလော့သည် သဟဇာတဖြစ်ခြင်းနှင့် အလွန်ရင်းနှီးခဲ့သည်။ အဆုံးမရှိသော စွမ်းအင်လှိုင်းတံပိုးများကို ခံစားလိုက်ရသောအခါ လက်ငါးချောင်းကို ဆန့်ထုတ်လိုက်သည်။

တောက်ပသော စွမ်းအင်များ သူ့လက်ချောင်းထိပ်တွင် စုစည်းကာ တစ်ခဏအကြာတွင် ပေထောင်ပေါင်းများစွာကျယ်သော ဓားစက်ဝန်းငါးခုအဖြစ် ပြောင်းလဲသွားသည်။

ဝုန်းးးးးးး

ဓားစက်ဝန်းများက အလွန်လျင်မြန်သော

အရှိန်အဟုန်ဖြင့် လည်ပတ်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ နတ်ဆိုးခေါင်းဆောင်ငါးဉီး ပစ်လွှတ်လိုက်သော အလင်းတန်းငါးခုနှင့် တိုက်ရိုက် ထိမှန်သွားသည်။

နားကွဲလုမတတ် ကျယ်လောင်သောပေါက်ကွဲသံများ လေထဲတွင် ပဲ့တင်ထပ်နေသည်။ ပေါက်ကွဲမှုက ပတ်ဝန်းကျင်တောင်တန်းတွေကို လှုပ်ခါစေပြီး ထွက်ပေါ်လာတဲ့ အဖျက်စွမ်းအားက အံ့ဩစရာလောက်ပင်....

အဆုံးတွင် နှစ်ဖက်စလုံးမှ တိုက်ခိုက်မှုများ အားနည်းလာပြီး လှပသောမိုးစက်များသဖွယ် သေးငယ်သော အလင်းရောင်အမှုန်အမွှားများအဖြစ်သို့ ပျောက်ကွယ်သွားသည်။

သို့သော်၊၎င်းတို့အတွင်း၌ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်ကိုဖုံးကွယ်ထားသည်။

ဒါကိုမြင်တော့ လက်ရှစ်ဖက်ရှိတဲ့ နတ်ဆိုးခေါင်းဆောင်ငါးယောက်က သားရဲတွေလို ရှေ့ကိုတိုးလာခဲ့ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်တွင် ရွှေရောင်၊ သတ္တုချပ်ဝတ်များရှိပြီး ဖျက်ဆီး၍မရသော အသွင်အပြင်နှင့် ကြောက်မက်ဖွယ် စွမ်းအင်များ ၎င်းတို့၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသည်။

သူတို့တွေ အတူပူးပေါင်းတိုက်ခိုက်နေကြမှန်း သိသာလွန်းသည်။ ၎င်းတို့အနက်မှ သုံးဦးသည် လေထဲတွင် ပျံဝဲနေသော လီလော့ဆီသို့ အပြေးအလွှား သွားခဲ့ကြပြီး ကျန်နှစ်ဦးမှာ သဟဇာတဖြစ်ခြင်း အခြေနေတွင် နစ်မြုပ်နေသော တံခွန်အဖွဲ့အဖွဲ့ဝင်များဆီ ဉီးတည်နေသည်။ တံခွန်အဖွဲ့ဝင်များက လီလော့ ၏ခွန်အားရင်းမြစ်ဖြစ်ကြောင်း သူတို့နားလည်ပုံရသည်။

"ဉာဏ်ကောင်းသားပဲ...."

လီလော့သည် လက်နှစ်ဖက်ဖြင့် စည်းတံဆိပ်များကို လျင်မြန်စွာ ဖန်တီးခဲ့ပြီး တခဏတွင် စွမ်းအင်သမုဒ္ဒရာထဲမှ ကြီးမားသော နဂါးကြီး ပေါ်လာသည်။ နဂါးကြီးသည် အာခံတွင်းကို ကျယ်ကျယ် ဖွင့်ဟလိုက်ပြီး မိုးကြိုးလျှပ်စီးများ ၎င်းအတွင်း၌ ပေါက်ကွဲနေပုံ ရသည်။

"နဂါးငွေ့တန်းကိုးသွယ်ပညာရပ်..... ကောင်းကင်နဂါးမိုးကြိုး....!"

အဖျက်စွမ်းအားများပြည့်နှက်နေသော ငွေရောင်ရေတံခွန်တစ်ခုကဲ့သို့၊ မိုးကြိုးမီးတောက်များ ကောင်းကင်မှဆင်းသက်လာပြီး သူ့ဆီသို့ ဦးတည်နေသော နတ်ဆိုးခေါင်းဆောင် သုံးဦးဆီသို့ ပျံသန်းသွားသည်။

သူတို့သည် ထိုအန္တရာယ်ကို ချက်ချင်း သတိပြုမိကြပြီး ချက်ချင်းရပ်တန့်ကာ လက်ရှစ်ဖက်စီဖြင့် လက်ဟန်အချို့ပုံဖော်ပြီး ပေတစ်သောင်းကျော်ကျော်ရှိသော အလင်းဘောလုံးသုံးလုံးကိုဖန်တီးကာ လိုက်ကြသည်။

အလင်းဘောလုံးသုံးလုံးသည် နေသုံးစင်း ပေါ်ပေါက်လာသကဲ့သို့ ထိုနေရာကို လင်းထိန်စေသည်။

ဘန်းးးးး

နတ်ဆိုးခေါင်းဆောင် တစ်ယောက်ချင်းစီသည် စွမ်းအားအပြည့်ပါရှိသော အလင်းဘောလုံးများကို လေထဲသို့ ပစ်လွှတ်လိုက်ကြပြီး မိုးကြိုးမီးတောက်များနှင့် ထိပ်တိုက်တွေ့ကြသည်။

ထိုအခါ ဖော်မပြနိုင်သောပြင်းထန်သော စွမ်းအင် ဟာရီကိန်းမုန်တိုင်းတစ်ခု ကောင်းကင်ယံကို ဖြတ်ကျော်သွားသည်။အဖျက်စွမ်းအား.ကြီးမားလွန်းတာကြောင့် လေဟာနယ်ပင်ပျက်စီးတော့မလိုပင်......

မြို့စားအဆင့် နတ်ဆိုးခေါင်းဆောင်သုံးယောက်၏ ခွန်အားက သာလွန်ကောင်းမွန်သော်လည်း ယခု အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ၏ သဟဇာတဖြစ်မှုကို အပြည့်အဝထိန်းချုပ်ထားသည့် လီလော့ကို အံတုရန်မလုံလောက်ပေ။ နောက်ဆုံးတွင်၊ သူတို့၏လက်ရှိအင်အားသည် ပထမအဆင့်မြို့စားနှင့်သာ နှိုင်းယှဉ်နိုင်သည်။

ဝုန်းးးးးးးးး

မိုးကြိုးမီးတောက်များက အလင်းဘောလုံးများကို ကျော်ဖြတ်ပြီး နတ်ဆိုးခေါင်းဆောင်သုံးဦးထံ တည့်တည့်ဦးတည်သွားသည်။ သနားစရာကောင်းတဲ့ အော်ဟစ်သံနဲ့အတူ သူတို့ရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်တွေ လွင့်ပျံသွားခဲ့ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်ကုန်ကြသည်။

မိုးကြိုးမီးတောက်နှင့်တိုက်ရိုက်ထိမှန်ပြီးနောက် ၎င်းတို့၏လက်ရှစ်ဖက်မှ တဝက်လောက် အရည်ပျော်သွားသည်။

သို့သော်လည်း လီလော့က နတ်ဆိုးခေါင်းဆောင် သုံးယောက်ကို တွန်းလှန်နေစဉ်တွင် အခြားသော အကျပ်အတည်းတစ်ခု ဖြစ်ပွားနေပါသည်။ အခြား နတ်ဆိုး ခေါင်းဆောင်နှစ်ဦးသည် အတားအဆီးများကို ဖြတ်ကျော်ကာ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ဝင် ရှစ်ထောင်ရှိသည့် နေရာသို့ ချက်ချင်း တိုက်ခိုက်ခဲ့သည်။

ဝံပုလွေများ သိုးအုပ်ထဲသို့ ဝင်ရောက်လာသကဲ့သို့၊ နတ်ဆိုး ခေါင်းဆောင်နှစ်ဦးက သတ်ဖြတ်ခြင်းကို စတင်ခဲ့သည်။

ထူးဆန်းသည်မှာ ကြာပန်းအနေအထားထိုင်နေသော တံခွန်အဖွဲ့ဝင်ရှစ်ထောင်သည် တံလျှပ်များကဲ့သို့ ကွယ်ပျောက်သွားပြီး နတ်ဆိုးခေါင်းဆောင်များ၏ တိုက်ခိုက်မှုများက ဗလာလေထုကို တိုက်ခိုက်နေသလိုပင်.....

"အရူးတွေ၊ အဲဒါက ပုံရိပ်ယောင်တွေ"

လီလော့က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ ရေပဲ့တင်ထပ်သံ စွမ်းအားကို အသုံးပြု၍ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ဝင်များ၏ တည်နေရာအမှန်ကို ကြိုတင်ကွယ်ဝှက်ထားခဲ့သည်။ နတ်ဆိုးခေါင်းဆောင်နှစ်ဦး တိုက်ခိုက်ခဲ့သည်မှာ ပုံရိပ်ယောင်များသာဖြစ်သည်။

ဝေါင်းးးးးးးး

လီလော့ရဲ့စကား ဆုံးတဲ့အခါ ကောင်းကင်မှာ ပြင်းထန်တဲ့ ဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ရသည်။ လေဟာနယ်ထဲကနေ

အနက်ရောင် နဂါးနက်ကြီး ထွက်လာပြီး နတ်ဆိုးခေါင်းဆောင်နှစ်ဦးကို အနက်ရောင်မြစ်ရေများ နစ်မြှုပ်သွားခဲ့သည်။

မည်းနက်သောရေများ ပျောက်ကွယ်သွားသောအခါတွင် မြို့စားအဆင့်ခွန်အားပိုင်ဆိုင်သော နတ်ဆိုးခေါင်းဆောင် နှစ်ယောက်သည်လည်း အရည်ပျော်သွားကြသည်။

အချိန်တိုလေးအတွင်းမှာပင် နတ်ဆိုးခေါင်းဆောင် သုံးဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ကျန်နှစ်ဦးက အရေးနိမ့်ခဲ့သည်။

ဒါကိုမြင်တော့ လီလော့ သက်ပြင်းတစ်ချက်ချလိုက်သည်။ သို့သော် သတိမလွတ်ရဲပေ။ သူသည် စွမ်းအင်သမုဒ္ဒရာမှ ခွန်အားကို စုဆောင်းပြီး အခြား နတ်ဆိုး ခေါင်းဆောင် သုံးဦးဆီသို့ တိုက်ခိုက်မှု လှိုင်းလုံးများ ဆက်တိုက် ပေးပို့ခဲ့သည်။

အဆက်မပြတ် ထိုးနှက်မှုအောက်တွင် နတ်ဆိုးခေါင်းဆောင်သုံးဉီး တဖြည်းဖြည်း အားနည်းလာသည်။ နောက်ဆုံးတွင် လီလော့ သည် မိုးကြိုးမီးတောက်နှင့် မဟူရာနဂါးကို တစ်ဖန်ပြန်လည်အသက်သွင်းခဲ့ပြီး နတ်ဆိုးခေါင်းဆောင် သုံးဦးကို လုံးဝအဆုံးသတ်စေခဲ့သည်။

သူ၏ ဖျက်ဆီးခြင်းပညာရပ်ကြောင့် ပတ်ဝန်းကျင်ရှိ တောင်တန်းများကို မီးခိုးလုံးများဖြင့် ရစ်ပတ်နေသည်။

လီလော့ ဖြူဖျော့သော မျက်နှာဖြင့် ကောင်းကင်မှ ဆင်းသက်လာသောအခါ အနောက်ဘက်ရှိ တောအုပ်ထဲမှ တံခွန်အဖွဲ့အဖွဲ့ဝင်များ ပျော်ရွှင်စွာ ထွက်ပေါ်လာသည်။

နောက်ဆုံးတွင်၊ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့သည် အလွှာလေးဆယ်ကို ရှင်းထုတ်နိုင်ခဲ့သည့် တံခွန်အဖွဲ့များထဲမှ တစ်ခုဖြစ်လာခဲ့ပြီဖြစ်သည်။

သူတို့၏ ရွှင်လန်းမှုကို ကြားသောအခါ လီလော့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ အလွှာလေးဆယ်ကို ရှင်းထုတ်ပြီးနောက်၊ သူသည်လည်း နဂါးအစွယ်ကလန်၏ မြို့စားအဆင့်ပညာရပ်ကို လေ့လာခွင့်ရပေတော့မည်။

သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေ အရာထင်လာခဲ့ချေပြီ.....

All Chapters