ချင်လျန်........
Vol. 59 Ch. 824
ချင်ရိ နှုတ်ခွန်းဆက်ပြီးနောက် ချူချင်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် မတ်တပ်ထရပ်ကာ....
"ဘယ်လိုလဲညီမငယ်၊ ပျော်ခဲ့ရဲ့လား...?"
ချင်ရိက ချိုသာစွာပြုံးပြီး ....
"စီနီယာချူ...တကယ်ကို ညီမအစား အစ်ကိုပဲ သွားသင့်တာ... ဟိုမှာ အစ်ကို့ကို သဘောကျတဲ့သူတွေ အများကြီးရှိတယ်"
တုံ့ပြန်သည့်အနေနှင့် ချူချင်းက ခေါင်းခါလိုက်ပြီး....
"ငါက အဲဒီမှာရှိတဲ့ လူတိုင်းထက် အသက်ကြီးတယ်.... လက်ရှိမှာ၊ ငါနဲ့ မျိုးဆက်တူတဲ့သူတွေ တာဝန်ထမ်းဆောင်နေကြတာမို့ ဘယ်သူမှမရှိဘူး.... အဲ့ရောက်ရင် ယောင်ချာချာဖြစ်နေမှာပေါ့...."
သူသည် နှောင်းပိုင်းကောင်းကင်ပဲ့တင်ထပ်သံအဆင့်တွင်ရှိပြီး၊ ချင်ရိ၊ လီချင်းဖုန်းနှင့် ကျန်သူများထက် အသက်ကြီးသည်။ ထို့ကြောင့် လူငယ်များနှင့် ပေါင်းသင်းခြင်းသည် သူ့အဆင့်အတန်းနှင့် မလျော်ညီသလို အချို့သောလူငယ်များကို ချီးမွမ်းရုံမျှဖြင့် ရောနှောခြင်းကိုလည်း စိတ်မဝင်စားခဲ့ပေ။
သူသည် သူ၏ကိုယ်ပိုင်အစွမ်းသတ္တိဖြင့် ထျန်းယွမ်မှတ်တမ်းဝင်ဖြစ်ခဲ့ပြီး ထျန်းယွမ်တိုက်ကြီးရှိ လူငယ်များကြားတွင် ဂုဏ်သိက္ခာကြီးမားသူဖြစ်သည်။ ဆန့်ကျင်ဘက်အနေနှင့်၊ လီချင်းဖုန်းနှင့် ကျန်သူများသည် သူ့အဆင့်သို့မရောက်မီ နောက်ထပ်နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ရန် လိုအပ်နေသေးသည်။ သူသာ ထိုပွဲသို့သွားလျှင်ပင် အားနည်းသူများကို အနိုင်ကျင့်ရုံမျှသာဖြစ်ပြီး အလွန်ငြီးငွေ့ဖွယ်ကောင်းပေလိမ့်မည်။
ထိုအချိန်တွင် အိမ်ရှင်ထိုင်ခုံတွင်ထိုင်နေသော ချင်လျန်သည် ချင်ရိကို စိုက်ကြည့်ကာ....
"ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်ရဲ့ ထိပ်တန်းပါရမီရှင်တွေကို မြင်ခဲ့လား.. သူတို့ ဘယ်လိုနေလဲ......."
ချင်ရိက....
"လီချင်းဖုန်းက တကယ်ကို အစွမ်းထက်တယ်... ပုံမှန်အခြေအနေအရဆို ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်ရဲ့ လုံထိုဖြစ်လာနိုင်တယ်...."
ချင်လျန်က ခေါင်းညိတ်ပြပြီး....
"နင်နဲ့ နှိုင်းယှဥ်လို့လား?"
ချင်ရိက ခပ်သော့သော့ ရယ်မောရင်း....
“မတိမ်းမယိမ်းလိုက်ပေါ့...."
ထိုစဉ် ချင်လျန်သည် သူမရှေ့ရှိ ဝိုင်ခွက်ကို စိုက်ကြည့်နေကာ....
"ဟိုတစ်ယောက်ကိုရော တွေ့ခဲ့လား...."
ချင်ရိနှင့် ချူချင်းတို့ နှစ်ဦးစလုံး သူမ၏ စိတ်ခံစားမှု အပြောင်းအလဲကို ရှင်းရှင်းလင်းလင်း ခံစားရသဖြင့် သတိထားနေကြသည်။
ချင်ရိ က " သူနဲ့တွေ့တယ်... သူ့နာမည်က လီလော့ .... နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့် အဆင့်ပဲရှိသေးပေမယ့် ထူးခြားတဲ့ ပဲ့တင်ထပ်သံသုံးခု ပိုင်ဆိုင်ထားတယ်....သူသာ နဂါးစွယ်ကလန်မှာ မွေးဖွားလာမယ်ဆို လီချင်းဖုန်းထက် အဆပေါင်းများစွာသာလွန်နေလိမ့်မယ်....."
ဒါကိုကြားတော့ ချင်လျန်ရဲ့ မျက်နှာထား အနည်းငယ် အေးစက်သွားပြီး.....
"သူက လီတိုင်ရွှမ်နဲ့ ဟိုခွေးမရဲ့သားပဲ... ဘယ်လိုနည်းနဲ့ ရိုးရှင်းနိုင်မှာလဲ...."
" ဟမ့်... အဲ့ဒီ့ခွေးမက ငါ့မိသားစုကိုသတ်ပြီး ငါ့အိမ်ထောင်ရေးကို ပျက်ပြားစေခဲ့တယ်... အခုလောလောဆယ် ဒီကောင်မ ထျန်းယွမ်တိုက်ကြီးမှာ ရှိမနေတာ ကံကောင်းတယ်မှတ်.... မဟုတ်ရင် သူ့သွေးနဲ့ သေချာပေါက် ပေးဆပ်ရလိမ့်မယ်.....!"
ချင်လျန်က စားပွဲကို ဆောင့်ရိုက်လိုက်တော့ ချက်ချင်းဆိုသလို အမှုန့်ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင်၊ ပတ်ဝန်းကျင်မှ လေဟာနယ် ထပ်ခါထပ်ခါ လှုပ်ခါစပြုလာပြီး သူမ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အပူဓာတ်များ ထွက်လာသည်။ ချင်ရိနှင့် ချူချင်းတို့ တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ်ကြည့်နေကြပြီး နှစ်ယောက်လုံး စကားမပြောရဲကြပေ။
နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် ထိုလူနှစ်ယောက်အကြောင်းပြောတိုင်း ချင်လျန် ဤကဲ့သို့ စိတ်လွတ်သွားစမြဲပင်....
ချင်လျန် ခဏတာ ဒေါသကို ပြေလျော့ပြီးနောက်၊ အေးစက်သော မျက်လုံးများဖြင့် ကြည့်ရင်း အသက်ပြင်းပြင်းရှူကာ....
"လီလော့က အင်မတန်စိတ်အနှောက်အယှက်ပေးနိုင်တယ်ဆိုတာ ငါယုံတယ်"
ဤအခိုက်တွင် ချင်ရိ၏ စိတ်ထဲတွင် လီလော့၏ မျက်နှာပေါ်လာသည်။ သူတကယ်စိတ်ဆိုးနေပေမယ့် လီလော့က တကယ်ကို ရုပ်ရည်ချောမောသူဆိုတာကိုတော့ ဝန်ခံရပေမည်။
"လီလော့ကို အနိုင်ရဖို့ ယုံကြည်မှုရှိလား?"
ချင်လျန် ရုတ်တရက် မေးလိုက်သည်။
ချင်ရိက သူမပြန်မဖြေခင် ခဏလောက် တွန့်ဆုတ်နေခဲ့ပြီး ....
"သူက လောလောဆယ် နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်မှာ ရှိနေတယ်ဆိုတော့ ခြိမ်းခြောက်မှု သိပ်မရှိဘူး.....ဒါပေမယ့် ပေါ်ပေါ်တင်တင်ရန်စရင် နဂါးစွယ်ကလန်ဘက်က ငြိမ်နေမှာမဟုတ်ဘူး...."
"လူအိုကြီးလီကျင်းဇယ်က ငါတို့ရဲ့ရန်ငြိုးကို နောက်ဆုံးမျိုးဆက်မှာ အဆုံးသတ်သင့်တယ်လို့ပဲ ပြောခဲ့တာ.... မျိုးဆက်တူသူတွေကြားမှာ တိုက်ပွဲဖြစ်ရင် သူဘာပြောနိုင်မလဲ...."
ချင်ရိ ထိုစကားကိုကြားပြီးနောက် တိတ်ဆိတ်သွားသည်။
"အခု ဒီကိစ္စအတွက် အလျင်စလိုစရာမလိုဘူး.... ဒီနေရာက ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်ရဲ့ ပိုင်နက်.... အနာဂတ်မှာ အခွင့်အလမ်းတွေ ပေါ်လာခဲ့ရင် မ ဒီကောင်လေးကို ပေးဆပ်ခိုင်းရမယ်.....ငါ့သမီးက လီတိုင်ရွှမ်နဲ့ဟိုခွေးမရဲ့
သားထက် အဆပေါင်းရာနဲ့ချီပြီး သန်မာတယ်ဆိုတာ လူတိုင်းသိစေရမယ်...”
မိခင်ဖြစ်သူ၏ နာကြည်းမှုကိုသိနေသောကြောင့် ချင်ရိက... “နားလည်ပါပြီ” ဟု နူးညံ့သောလေသံဖြင့် တည်ငြိမ်စွာ ပြန်ပြောခဲ့သည်။
အတိတ်မျိုးဆက်များ၏ ရန်ငြိုးဖွဲ့မှုများကြောင့် လီလော့နှင့် သူမ အတူနေရန် မဖြစ်နိုင်ပေ။ သူတို့နှစ်ဦးကြားတွင် သွေးထွက်သံယို တိုက်ပွဲတစ်ခုသို့မဟုတ် တစ်ယောက်ယောက် သေဆုံးသည်အထိ တိုက်ခိုက်ရနိုင်သည်။
သို့သော်လည်း ချင်ရိသည် လီလော့၏ လက်ရှိ အင်အားကြောင့် ခြိမ်းခြောက်မှုကို လုံးဝ မခံစားရပေ။ တကယ်လို့များ တစ်နေ့မှာ သူတို့နှစ်ယောက် ဆုံမိခဲ့မယ်ဆိုရင် လီလော့အနေနှင့် သူ့ကံဆိုးမှုကို အပြစ်ဖို့ရုံသာတတ်နိုင်လိမ့်မည်။ ၎င်းသည် ယခင်မျိုးဆက်များနှင့် ရန်ငြိုးဖွဲ့ခဲ့သော်လည်း သူမ၏မိခင်က သဘောထား ကြီးသူမဟုတ်ပေ။ လီလော့ကို လုံးလုံးလျားလျား မဖြိုခွဲခဲ့ဘူးဆိုရင် သူမပြန်လာတဲ့အခါ သူ့ကို စောင့်မျှော်နေမည့် ပြစ်ဒဏ်တစ်ခု ရှိနေမည်သာ....
တစ်ချိန်တည်းမှာပင်၊ ချင်လျန်က....
"နက်ဖြန် နဂါးသွေးကလန်ရဲ့ ကလန်အကြီးအကဲ၏ မွေးနေ့ပွဲမှာ ဟွမ်းလုံရှီးရေကန် ဖွင့်လှစ်မယ်လို့ကြားထားတယ်.... ဒါက ကောင်းကင်နဂါးကလန်ငါးခုက မျိုးဆက်သစ် လူငယ်တွေအတွက် စမ်းသပ်မှုတစ်ခု ဖြစ်လိမ့်မယ်.... ငါစုဆောင်းထားတဲ့ သတင်းအချက်အလက်တွေအရဆို ဟွမ်းလုံရှီးရေကန်ကို နောက်ထပ် သုံးနှစ်လောက်နေမှ ဖွင့်ဖို့ စိတ်ကူးထားပေမယ့် လီကျင်းဇယ်က လီလော့ အတွက် လောင်းကြေးထပ်ပေးလိုက်တာကြောင့် အချိန်စောပြီး ဖွင့်လှစ်တော့မှာ..... “
"ဟီးဟီး..လီကျင်းဇယ်က သူ့မြေးကို တကယ်ချစ်တာပဲ...? သူအရင်က ဆုံးဖြတ်ချက်တွေကိုတောင်ပြန်ပြင်နေပြီ..... ဒါပေမယ့် နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်မှာသာရှိတဲ့ သူ့မြေးလေးက နဂါးပတ်တိုင်တစ်ခုရနိုင်မယ်လို့ သူတကယ်ထင်နေတာလား...?"
"မေမေ ဘာလုပ်ချင်လို့လဲ"
ချင်လျန်က အေးစက်စက်ပြုံးလိုက်ပြီး
"နက်ဖြန် ရေကန်ဖွင့်ပွဲမှာ နင့်ကို ပါဝင်ခွင့်ပေးဖို့ စီစဉ်နေတယ်"
"ဒါပေမယ့် ဒါက ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်အတွက် ရှားရှားပါးပါး အခွင့်အရေးမဟုတ်လား တခြားသူတွေကို ပါဝင်ခွင့် ပေးမယ်မထင်ဘူး..." ဟု ချင်ရိ က အံ့အားသင့်စွာ တုံ့ပြန်ခဲ့သည်။
"နဂါးသွေးကလန်အကြီးအကဲက ကောင်းကင်ဧကရာဇ်ချင်သွေးမျိုးဆက်နဲ့အမြဲတမ်းနီးစပ်ချင်ခဲ့တာ...ဟိုအရင်က အဖြစ်အပျက်ကြောင့် ဆက်ဆံရေးပိုကောင်းလာအောင် ကြိုးစားချင်တယ်လေ...ဒါကြောင့်မို့ ဒီလိုအသေးအမွှားလောက်ကို မလိုက်လျောနိုင်စရယအကြောင်းမရှိဘူး...ပြီးတော့ ဒါက မျိုးဆက်တူတဲ့ လူငယ်တွေကြားက ပြိုင်ဆိုင်မှုမို့လို့ ငြင်းပယ်မယ်ဆို လူရယ်စရာဖြစ်ကုန်လိမ့်မယ်...."
ချင်ရိက "ဒီလိုသာဆို မေမေ သူတို့ရဲ့ ဖိတ်ကြားချက်ကို လက်ခံခဲ့တာ အံ့သြစရာမဟုတ်တော့ဘူး..... မီးကြာပန်း စခန်းကိုတောင် အတူခေါ်လာခဲ့သေးတယ်...."
ကောင်းကင်ဧကရာဇ်ချင်သွေးမျိုးဆက်တွင် စုစုပေါင်း ခန်းမနှစ်ဆယ့်သုံးခန်းရှိသည်။ ခန်းမတစ်ခုစီတွင် ကောင်းကင်ဘုံနဂါးကလန်ငါးခု၏ တံခွန်အဖွဲ့နှစ်ဆယ်လို စခန်းတစ်ခုစီရှိသည်။ မီးကြာပန်းစခန်းသည် ချင်ရိ ဦးဆောင်သောအဖွဲ့ဖြစ်သည်။
၎င်းတို့သည် ကောင်းကင်ဧကရာဇ်ချင် သွေးမျိုးဆက်၏ ခန်းမ နှစ်ဆယ့်သုံးခန်းတွင် အပြင်းထန်ဆုံးဖြစ်သည်။
"မနက်ဖြန် နင် ပါဝင်နိုင်ရင် လီလော့ကို ရအောင်အနိုင်ယူရမယ်...."
နှစ်များစွာကြာပြီးသည့်တိုင် သူမ၏မိခင်သည် ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်အပေါ် နက်ရှိုင်းစွာ မုန်းတီးနေဆဲပင်.. အခုလည်း မျိုးဆက်သစ်လူငယ်တွေကြား ပြိုင်ဆိုင်မှုတစ်ခုကိုအသုံးချ၍ သူမရဲ့ဒေါသကို အနည်းငယ်ဖြေဖျောက်ဖို့ စီစဉ်နေပြန်သည်။
ချင်လျန်သည် သူ့သမီးလေး၏ စွဲမက်ဖွယ် မျက်နှာကို စိုက်ကြည့်နေရင်း...
“အရေးကြီးဆုံးကတော့ လီလော့ကို အနီးကပ် စောင့်ကြည့်နေစေချင်တယ်...ဟွမ်းလုံရှီးရေကန်ထဲမှာ နဂါးတိုင် ခြောက်လုံး ရှိတယ်...လီလော့ တစ်ခုမှမရစေနဲ့... အဲဒီအဘိုးကြီးလီကျင်းဇယ် ရှုံးနိမ့်သွားတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲဆိုတာ မြင်ချင်လှပြီ....."
ချင်ရိက ခဏလောက်စဉ်းစားပြီး ...
"လီလော့ ဦးဆောင်တဲ့ အစိမ်းရောင်နယ်သာတံခွန်က သာမန်အဆင့်ပဲရှိတယ်... သူ့ကို ဘာမှမလုပ်ဘူးဆိုရင်တောင် နဂါးပတ်တိုင်တစ်တိုင်မှ ရနိုင်မှာမဟုတ်ဘူး...."
"ဒါဆို အကောင်းဆုံးပဲ..."
ချင်လျန်က အေးစက်စွာ ရယ်မောလိုက်သည်။
ထို့နောက် သူမသည် ချင်ရိနှင့် အချိန်အတော်ကြာ စကားစမြည်ပြောပြီး သူမလက်ကို ဝှေ့ယမ်းကာ သူတို့နှစ်ဦးကို ပြန်ခိုင်းလိုက်သည်။
ချင်ရိနှင့် ချူချင်း အခန်းထဲမှ ထွက်သွားပြီးနောက်၊ ချင်လျန်၏ မျက်နှာထား မည်းမှောင်လာပြီး....
"လီတိုင်ရွှမ်နဲ့တန်တိုင်လန်...နင်တို့ ရှေးဟောင်းအပျက်အစီးနယ်မြေထဲမှာ လေဟာနယ်ပဲ့တင်ထပ်သံဂိုဏ်းရဲ့ ဘယ်လိုလျှို့ဝှက်ရတနာမျိုးကိုရခဲ့တာလဲ...အဲ့ရတနာက နင်တို့ဆီမှာလား..ဒါမှမဟုတ် လီလော့ဆီမှာလား....."