← Chapters

အမြုတေစိတ်ဝိညာဥ် ထွက်ခွာခြင်း

Vol. 55 Ch. 811

အမြုတေစိတ်ဝိညာဥ် ထွက်ခွာခြင်း

Vol. 55 Ch. 811

အနက်ရောင်ဝတ်လူငယ်သည် သူ၏ ဤကျင့်ကြံမှုအဆင့်ထိ တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့ဖူးသော်လည်း ဘာဘဲပြောပြော သူသည် လူအများ၏ ကြည်ညိုလေးစားခြင်းခံရသော မဟူရာသဲတောင်ရိုး၏ သခင်လေးတစ်ယောက်ဖြစ်သည်။ တိုက်ခိုက်မှုအများစုမှာ သူက ထိခိုက်နစ်နာခဲ့ခြင်းမရှိပေ။

အနည်းဆုံးတော့ မဟူရာသဲတောင်ရိုးတွင် သူ့ကို ရန်စတိုက်ခိုက်ရဲလောက်အောင် မိုက်မဲသည့် သားရဲက မရှိပေ။

ဒါ့အပြင် သူသည် ပြီးခဲ့သည့်နှစ်အနည်းငယ်က အဆင့်ချိုးဖျက် တက်လှမ်းခဲ့ပြီး အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာခဲ့၏။ တစ်ကယ်တော့ သူ၏ မာနထောင်လွှားမှုက အခြေအမြစ်မရှိသည်တော့ မဟုတ်ပေ။

မဟူရာသဲတောင်ရိုးပိုင်နက်အရှင်၏ ကာကွယ်မှုမရှိလျှင်တောင် သူသည် အနီးနားရှိ နယ်မြေများမှာ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်အဖြစ် ရပ်တည်နိုင်စွမ်းရှိလေသည်။

အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်အနေနှင့် သူ၏ ပထမဆုံးတိုက်ပွဲမှာပင် သူက ဤကဲ့သို့ ထိခိုက်နစ်နာခဲ့ရသည်ဆိုတော့...။

သူက ပို၍ လက်မခံနိုင်သည့်အချက်မှာ အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်၏ လက်ချက်မှာ သူက ရှုံးနိမ့်နေရခြင်းဖြစ်လေသည်။

အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ...

အနက်ရောင်ဝတ်လူငယ်၏ အရိုးများနှင့်အရွတ်များက ကျိုးပြတ်လုနီးပါးဖြစ်သွားပြီး သူ့စိတ်က ရှုပ်ထွေးနေ၏။

သူက အဲ့ဒါကို စဥ်းစားဖော်ထုတ်လို့မရနိုင်သေးပေ။

သူတို့၏ ကျင့်ကြံမှုအဆင့် ကွာဟချက်အရ မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်ပင်လျှင် သူ့ကို သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။

ဤလူရဲ့ နောက်ခံက ဘာများဖြစ်နေမလဲ....

သူက စိတ်ဝိညာဥ်တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်နိုင်သော အဆင့်နိမ့်မိစ္ဆာသားရဲတစ်ကောင်များလား...။

အနက်ရောင်ဝတ်လူငယ်၏ စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးများက ဝင်ရောက်လာ၏။

သူက လျှို့ဝှက်ချက်အချို့ကို ဖုံးကွယ်ထားတာ ဖြစ်ရပေမည်။

သူ့မှာ ရှားရှားပါးပါး ရတနာအချို့ ရှိနေတာ သို့မဟုတ် စွမ်းအားကြီးသော လျှို့ဝှက်ပညာရပ်တစ်ခုကို တတ်မြောက်ထားတာ ဖြစ်ရပေမည်။

သူက သူ့ကို သတ်ဖြတ်နိုင်မည်ဆိုလျင် သူ၏ ရတနာများ သိူ့မဟုတ် လျှို့ဝှက်ပညာရပ်များကို ရယူနိုင်ကာ သူ၏ ခွန်အားက သေချာပေါက် မြင့်မား တိုးတက်လာပေလိမ့်မည်။

အနက်ရောင်ဝတ်လူငယ်သည် အစကတော့ နောက်ဆုတ်ထွက်ခွာဖို့ စဥ်းစားနေခဲ့၏။ သို့သော်လည်း ထိုသို့အတွေးများဖြင့် သူက တစ်ဖန်လောဘတက်လာ၏။

တစ်ကယ်ကြီးကြီးမားမား အခွင့်အလမ်းများသည် သေရေးရှင်ရေး အခြေအနေများကနေ ရရှိလာခဲ့ခြင်းဖြစ်လေသည်။

မည်သို့ပင်ဆိုစေ သူက အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်ဖြစ်ပြီး တိုက်ခိုက်နိုင်နေဆဲဖြစ်၏။ သူ၏ သာလွန်သော ကျင့်ကြံအဆင့်အရ သူက လက်ရှိမှာ အရေးနိမ့်နေလျှင်ပင် သူက အနိုင်ရရှိဖို့ အခွင့်အရေးတစ်ခုရှိနေသေး၏။

သူက အခုချိန်တွင် ဤအခွင့်အရေးကို လက်လွှတ်လိုက်ပါက နောင်အခါ ဤလူငါးယောက်ကို ပြန်လည်ဖမ်းဆီးဖို့အတွက် ခက်ခဲသွားပေလိမ့်မည်။

ထိုသို့အတွေးဖြင့် အနက်ရောင်ဝတ်လူငယ်သည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး စိတ်ဝိညာဥ်ဆေးပင်အချို့ကို စားသုံးလိုက်၏။ သူ၏ နဖူးက တောက်ပသွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ကာ ဓမ္မစွမ်းအားများကို ဆက်တိုက်စုစည်းလိုက်၏။

"မဟူရာသဲကြတ်ခြင်း..."

အနက်ရောင်ဝတ်လူငယ်သည် နောက်ပြန်လှည့်ခြင်းမရှိဘဲ သွေးနီရောင်မျက်လုံးများနှင့်အတူ ဟိန်းဟောက်လိုက်၏။

အစက မျောက်နှင့်အခြားသူများနှင့် တိုက်ခိုက်နေကြသော မဟူရာသဲတောင်ရိုးမှ များစွာသော သားရဲတောကောင်များသည် ထိုအသံကို ကြားသောအခါ တုန်လှုပ်သွားကြ၏။ သူတို့အားလုံးသည် စိုးရိမ်တကြီး အမူအရာများဖြင့် နောက်သို့ ကပျာကယာ ခုန်ဆုတ်လိုက်ကြ၏။

ဆူဇီမိုက ရှေ့သို့တက်ပြီး အနက်ရောင်ဝတ်လူငယ်ကို သတ်ဖြတ်တော့မည့်ဆဲဆဲမှာပင် သူ့ဘေးပတ်လည်မှ ပြင်းထန်စွာ တိုက်ခတ်အော်မြည်လာသော လေသံများကို ကြားလိုက်ရလေသည်။ အနက်ရောင်သဲများက သူ့ဆီသို့ ပျံသန်းလာကြလေသည်။

ချက်ချင်းပင် နေရာတစ်ခုလုံးက မှောင်မိုက်သွား၏။

နေရောင်က ဖုံးကွယ်ခံလိုက်ရသည့်အလားပင်။

မဟူရာသဲကြတ်ခြင်းသည် မဟူရာသဲတောင်ရိုး ပိုင်နက်အရှင်ကို နာမည်ကျော်ကြားစေခဲ့သော အထွတ်အထိပ်နည်းစနစ်တစ်ခုဖြစ်၏။

အနက်ရောင်သဲပွင့်တစ်ပွင့်စီတိုင်းတွင် ကင်းမြီးကောက်မျိုးနွယ်၏ အဆိပ်ဓာတ်က ပါဝင်ပြီး အားကောင်းသည့် ဓမ္မစွမ်းအားများလည်း ပါရှိနေ၏။ အဲ့ဒါက မနှိုင်းယှဥ်သာအောင် စွမ်းအားကြီးပြီး လူတစ်​ယောက်၏ အရေပြားနှင့် အရိုးများကို ဆုတ်ဖြဲပစ်နိုင်စွမ်းရှိလေသည်။

"ဟမ်...."

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

မဟူရာသဲစက်ကလေးများနှင့် ထိတွေ့ချိန်တွင် သူက စူးရှသော နာကျင်မှုကို ခံစားလိုက်ရ၏။ အဲ့ဒါက သိပ်တော့မသိသာဘဲ သူက ခံနိုင်ရည်ရှိနေသေး၏။

နိုးထဝိညာဥ်အဆင့်သို့ တက်လှမ်းလာပြီးနောက် သူ၏ ခန္ဓာကိုယ်က ပို၍ပင် ကြောက်စရာကောင်းလာ၏။ သူ၏ သွေးချီကို လှည့်ပတ်ထားချိန်တွင် သာမန် ဓမ္မလက်နက်များက သူ့ကို ထိခိုက်စေလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် မျက်လုံးများက အနုနယ်ဆုံးဖြစ်ပြီး မဟူရာသဲ၏ တ်ိုက်ခိုက်မှုက်ို အဲ့ဒါက ခံနိုင်ရည်မရှိပေ။ ဆူဇီမိုက သူ့မျက်လုံးနှစ်ဖက်ကို အလိုလိုမှိတ်လိုက်၏။

သူ့မျက်လုံးကို မှိတ်လိုက်သည့်အချိန်မှာပင် သူက ရင်တစ်ချက် ထိတ်သွား၏။

ရိုင်းစိုင်းသောလေများက တိုက်ခတ်လာပြီး မဟူရာသဲများက ကောင်းကင်တစ်ခွင် လွှမ်းခြုံလာ၏။

ရုတ်တရက် ထိုမဟူရာသဲများသည် အားကောင်းသော တိုက်ခိုက်ခြင်းစွမ်းအားသာလျှင် ရှိသည်မဟုတ်ဘဲ အဲ့ဒါက သူ၏ အာရုံငါးပါးကိုပင် ပိုင်းခြားနိုင်သည်ကို သူက တွေ့ရှိလိုက်ရ၏။

သူ၏ အာရုံခံသတိစိတ်ပင်လျှင် မဟူရာသဲများ၏ လွှမ်းခြုံမှုအောက်တွင် နှောင့်နှေးကြန့်ကြာ၍ ဝေဝါးလာ၏။

သူက အန္တရာယ်ကို အာရုံခံမိနိုင်စွမ်းရှိသော်လည်း တည်နေရာအတိအကျကို မဆုံးဖြတ်နိုင်တော့ပေ။

ဆူဇီမိုက အံ့အားသင့်နေစဥ်တွင် အနက်ရောင်ဝတ်လူငယ်က ပို၍ပင် တုန်လှုပ်သွား၏။

အဲ့ဒါက အခြားအလယ်အလတ်အဆင့် မိစ္တာတစ်ယောက်ယောက်သာ ဆိုလျှင် ဤမဟူရာသဲမုန်တိုင်း၏ လွှမ်းခြုံမှုအောက်၌ သူတို့က သေကြေပျက်စီးရပေလိမ့်မည်။ သူတို့ထဲမှ အများစုသည် အသက်ရှုချိန်အနည်းငယ်အတွင်း ခြောက်သွေ့သော အလောင်းကောင်များ ဖြစ်သွားကြပေလိမ့်မည်။

ဆူဇီမိုသည် မဟူရာသဲကြတ်ခြင်း၏ တိုက်ခိုက်မှုကို သူ၏ကိုယ်ကာယသက်သက်ဖြင့် ခံနိုင်ရည်ရှိလိမ့်မည်ဟု သူက မျှော်လင့်မထားပေ။

မဟူရာသဲများသည် ဆူဇီမို၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ရိုက်ခတ်နေပြီး သူ၏ အစိမ်းရောင်ဝတ်ရုံက စကာပေါက်များဖြင့် ဆုတ်ပြဲသွားပြီဖြစ်၏။ သို့သော်လည်း အောက်ဖက်ရှိ သူ၏ အရေပြားကတော့ အကောင်းပကတိရှိနေသေးလေသည်။

အနက်ရောင်ဝတ်လူငယ်သည် ထက်ရှသောအကြည့်နှင့်အတူ အံကိုကြိတ်ကာ သူ၏ အမြုတေစိတ်ဝိညာဥ်ကို အဆက်မပြတ် လှည့်ပတ်ပြီး ဓမ္မစွမ်းအားများကို ပို့လွှတ်လိုက်၏။

မည်သို့ပင်ဆိုစေ ဆူဇီမိုက မဟူရာသဲများ၏ လွှမ်းခြုံမှုကနေ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ဟု သူက ယုံကြည်၏။ ဘယ်လိုဘဲ ဖြစ်ဖြစ် နောက်ဆုံးမှာတော့ သူက အနိုင်ရရှိရပေမည်။

ရုတ်တရက်ဆိုသလို...

မဟူရာသဲများကြားမှ အလင်းတန်းတစ်ခုက ဖြာထွက်လာ၏။

အနက်ရောင်ဝတ်လူငယ်သည် မျက်လုံးပြူးသွားပြီး ဖြစ်ပျက်သမျှကို မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေ၏။

မဟူရာသဲမုန်တိုင်းအတွင်းကနေ ဆူဇီမိုက သူ့မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။

ထိုအလင်းတန်းသည် သူ၏ ညာဘက်မျက်လုံးကနေ ထွက်ပေါ်လာခြင်းဖြစ်၏။

အဲ့ဒါက သိပ်သည်းအားကောင်း၍ လျှင်မြန်စွာ တောက်ပလာ၏။

အဲ့ဒါက ချစ်ချစ်တောက်ပူလောင်နေသော နေတစ်စင်းနှင့်တူလေသည်။

မဟူရာသဲများသည် အကန့်အသတ်မဲ့သော ဓမ္မစွမ်းအားဖြင့် သန်မာသော်လည်း အဲ့ဒါက ချစ်ချစ်တောက်ပူသော နေကိုတော့ မဝါးမျိုနိုင်ပေ။

အဲ့ဒါက နတ်ဘုရားသက်ရှိတစ်ပါး၏ မျက်လုံးနှင့်တူလေသည်။

အဲ့ဒါက အေးစက်ပြီး အမိန့်အာဏာစက်တစ်ခုကို ပိုင်ဆိုင်ထား၏။

"ဒါက..."

အနက်ရောင်ဝတ်လူငယ်သည် ခေါင်းနပန်းကြီးသွားပြီး သူ၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာကာ ရုတ်တရက် အော်ဟစ်လိုက်၏။

"စက္ခုနည်းစနစ်..."

ပြိုးပြိုးပြက်ပြက်အလင်းတန်းသည် မဟူရာသဲများကြားကနေ ထိုးထွက်လာပြီး ပတ်ဝန်းကျင်တစ်ခွင်ကို ထိန်ထိန်လင်းသွားစေ၏။

ဘုန်း...

အလင်းတန်းသည် မဟူရာသဲများကို ချက်ချင်းဆုတ်ဖြဲပြီး အနက်ရောင်ဝတ်လူငယ်ပေါ်သို့ ရက်ရက်စက်စက် ကျဆင်းလာ၏။ အဲ့ဒါက သူ၏ ကင်းမြီးကောက်ခန္ဓာကိုယ်ပေါ်ရှ်ိ မဟူရာချပ်ဝတ်ကို ဆုတ်ဖြဲပြီး သူ၏ ရင်အုပ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။

သို့သော်လည်း ပန်းကန်လုံးအရွယ်လောက် ကြီးမားသည့်ဒဏ်ရာမှ သွေးများစွာက စီးထွက်လာခြင်းမရှိပေ။ အဲ့ဒါက လောင်ကျွမ်း၍ အသားများကို ကျက်သွားစေခြင်းဖြစ်၏။

'မီးပဒေသာ နဂါးမျက်လုံး' နဂါးမျိုးနွယ်၏ လျှို့ဝှက်ပညာရပ်တစ်ခု...

မဟူရာသဲများက သန်မာသော်လည်း အဲ့ဒါက ဆူဇီမို၏ အမြင်အာရုံကို ပိတ်ဆို့မထားနိုင်ပေ။

ဆူဇီမိုသည် အနက်ရောင်ဝတ်လူငယ်၏ တည်နေရာကို ထောက်လှမ်းသိရှိသွားပြီး လျှပ်တစ်ပြက်တိုက်ခိုက်ကာ ထိုသူကို အပြင်းအထန် ဒဏ်ရာရရှိသွားစေ၏။

မဟူရာသဲများက ပျက်ပြယ်သွားလေသည်။

ဤတစ်ကြိမ်တွင်တော့ ဆူဇီမိုသည် အနက်ရောင်ဝတ်လူငယ်ကို မည်သည့်အခွင့်အရေးမှ မပေးလိုတော့ပေ။ သူက ရှေ့သို့ပြေးဝင်သွားပြီး အနက်ရောင်ဝတ်လူငယ်၏ ကျောကို ခြေဖြင့် ပြင်းထန်စွာ ဆောင့်နင်းချလိုက်၏။

ဘုန်း...

သူ့ကျောပေါ်ရှိ မဟူရာချပ်ဝတ်က ကြေမွသွား၏။

ထိုခြေနင်းချက်ဖြင့် အနက်ရောင်ဝတ်လူငယ်၏ ကျောရိုးက ကြေမွပျက်စီးသွားလေသည်။

ဘုန်း..

ဆူဇီမိုသည် ရှေ့သို့ ပြေးဝင်သွားပြီး အနက်ရောင်ဝတ်လူငယ်၏ ဦးခေါင်းကို ရက်ရက်စက်စက် ပစ်ထိုးချလိုက်၏။

ဦးခေါင်းက ပေါက်ကွဲထွက်သွားပြီး အနီရောင်နဲ့ အဖြူရောင်အရည်များက မြေပြင်ပေါ်သို့ ပြန့်ကျဲသွား၏။

အနက်ရောင်ဝတ်လူငယ်က သေလေပြီ။

ဆူဇီမိုက မတ်တက်ရပ်နေရင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

သူက စီးပိုးချယ်လှယ်သော နည်းလမ်းများဖြင့် အနက်ရောင်လူငယ်ကို သတ်ဖြတ်နိုင်ခဲ့သော်လည်း တစ်ခုခု လွဲမှားနေသည့်အလား သူ့စိတ်ထဲတွင် မူမန်မှုတစ်ခုကို ခံစားနေရ၏။

ရုတ်တရက်ဆိုသလို....

သူ့ကို တစ်ယောက်ယောက်က ချောင်းကြည့်နေသည့်အလား ခံစားချက်ကို ရလိုက်၏။

သူက တောက်ပသော အကြည့်နှင့်အတူ ဘေးတစ်ဖက်သို့ ချာကနဲ လှည့်ကြည့်လိုက်၏။

တောအုပ်၏ အနက်ပိုင်းထဲတွင် လက်မအရွယ်လောက်ရှိသော နက်မှောင်နေသည့် ကင်းမြီးကောက်တစ်ကောင်သည် လေထဲမှာ ရစ်ဝဲနေ၏။ အဲ့ဒါက ခပ်ဖျော့ဖျော့ အလင်းရောင်ကို ထုတ်ပေးနေပြီး အငြိုးအတေးကြီးသော အကြည့်နှင့်အတူ ကြောက်စရာကောင်းသော အမူအရာကို ပိုင်ဆိုင်ထား၏။

ထိုနက်မှောင်နေသော ကင်းမြီးကောက်သည် စောစောကတင် သေဆုံးသွားခဲ့သော အနက်ရောင်ဝတ် လူငယ်နှင့် အတိအကျ တူညီနေ၏။

သူက ခဏမျှကြောင်အသွားပြီးနောက် ချက်ချင်းပင် နားလည်သဘောပေါက် သွားခဲ့၏။

လက်မအရွယ် နက်မှောင်နေသော ကင်းမြီးကောက်သည် အနက်ရောင်ဝတ်လူငယ်၏ အမြုတေစိတ်ဝိညာဥ်ပင် ဖြစ်ရပေမည်။

အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက် ဖြစ်လာပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဥ်သည် သူ၏ ခန္ဓာကိုယ်ကနေ ထွက်ခွာနိုင်လေသည်။

အဲ့ဒါက နေ၏ အပူစွမ်းအားနှင့် လေပြင်းများကို ကြောက်ရွံ့ခြင်းမရှိတော့ဘဲ အကန့်အသတ်မဲ့သော နယ်မြေများတွင် လွတ်လပ်စွာ ကျင်လည်ကျက်စားနိုင်လေသည်။

အဲ့ဒါက လူတစ်ယောက်၏ ခန္ဓာကိုယ်ကနေ ထွက်ခွာနိုင်သော အမြုတေစိတ်ဝိညာဥ်အဆင့်ဟု ပြောလို့ရလေသည်။

သူ၏ အမြုတေစိတ်ဝိညာဥ်က မသေဆုံးသေးသရွေ့ သူ၏ ခန္ဓာကိုယ်က ဖျက်ဆီးခံရလျှင်တောင် ထိုကျင့်ကြံသူက သေဆုံးသွားပြီဟု သတ်မှတ်လို့မရပေ။

မူလနတ္ထိအဆင့်မှာရှိသော အမြုတေစိတ်ဝိညာဥ်တစ်ခုသည် အခြားလူတစ်ယောက်၏ ခန္ဓာကိုယ်ကို ပူးကပ်သိမ်းပိုက်နိုင်ပြီး အခြားသော နည်းလမ်းတစ်ခုဖြင့် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာနိုင်၏။

တစ်ကယ်တော့ အဲ့ဒါက မည်သူပင် ဖြစ်ပါစေ သူတို့က အကန့်အသတ်မဲ့သော ဓမ္မစွမ်းအားများကို ပိုင်ဆိုင်ထားသည်ဆိုလျှင်တောင် အခြားသူများ၏ ခန္ဓာကိုယ်ကို စိတ်ရှိတိုင်း ပူးကပ်သိမ်းပိုက်နိုင်မည်တော့ မဟုတ်ပေ။

ဒါ့အပြင် ဝင်ရောက်ပူးကပ်သိမ်းပ်ိုက်ခြင်းက အလွန်တရာ အန္တရာယ်များပြီး အကန့်အသတ်များစွာ ရှိလေသည်။ အရှင်းဆုံးတစ်ချက်ကို ပြောရလျှင် ပူးကပ်သိမ်းပိုက်ခြင်းကို တစ်ကြိမ်သာလျှင် ကြိုးပမ်းကြည့်နိုင်လေသည်။

ထိုသို့ဆိုလျှင်တောင် အဲ့ဒါက ကြောက်စရာကောင်းသော အခွင့်အလမ်းတစ်ခု ဖြစ်နေဆဲပင်။ အဲ့ဒါက အသက်ပိုတစ်ခုရှိသည်နှင့်တူညီလေသည်။

အနက်ရောင်ဝတ်လူငယ်သည် အထင်ကြီးဖို့ကောင်းလေ၏။ သူက သူ၏ခန္ဓာကိုယ်ကို ဆုံးရှုံးရ တော့မည်ဆိုတာ နားလည်သွားပြီးနောက် ပြတ်သားစွာဖြင့် သူ၏ ခန္ဓာကိုယ်ကို ချက်ချင်း စွန့်လွှတ်၍ သူ၏ အမြုတေစိတ်ဝိညာဥ်နှင့်အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့၏။

ဆူဇီမိုသည် အလယ်အလတ်အဆင့် မိစ္ဆာသားရဲအဆင့်မှာရှိသော ပညာရှင်တစ်ယောက်နှင့် ပထမဆုံး တိုက်ခိုက်ဖူးခြင်းဖြစ်၏။ သူက ဤအဆင့်ရှိ နည်းလမ်းများနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသေးပေ။ ထို့ကြောင့်ပင် သူက အမှားတစ်ခုကိုပြုလုပ်ခဲ့ပြီး အနက်ရောင်ဝတ်လူငယ်၏ အမြုတေစိတ်ဝိညာဥ်ကို ထွက်ခွာခွင့် ပေးစေခဲ့မိခြင်းဖြစ်၏။

All Chapters