← Chapters

ပစ်မှတ်သည် လရောင်ငိုကြွေးတောင်

Vol. 55 Ch. 812

ပစ်မှတ်သည် လရောင်ငိုကြွေးတောင်

Vol. 55 Ch. 812

အနက်ရောင်ဝတ်လူငယ်သည် အငြိုးအတေးကြီးသော အကြည့်နှင့်အတူ ဆူဇီမိုကို စိုက်ကြည့်လိုက်၏။ ထို့နောက် သူက လှည့်ထွက်သွားပြီး တောအုပ်အနက်ပိုင်းထဲသို့ ပြေးဝင်ပျောက်ကွယ်သွားလေသည်။

သူ၏ခန္ဓာကိုယ်ကို ဖျက်စီးခြင်းအားဖြင့် သူတို့နှစ်ယောက်ကြားတွင် နက်ရှိုင်းသော ရန်ငြိုးရန်စက ရှိခဲ့လေပြီ။

အနက်ရောင်ဝတ်လူငယ်၏အကြည့်ကို မြင်ပြီးနောက် ဆူဇီမိုသည် ရန်မီးတစ်စကို မွှေးမိခဲ့ပြီဖြစ်ကြောင်း နားလည်လိုက်၏။

ယခုအချိန်တွင် ဆူဇီမိုအတွက် အရိုးရှင်းဆုံးနည်းလမ်းမှာ နောက်ကနေပြေးလိုက်ပြီး အနက်ရောင်ဝတ်လူငယ်၏ အမြုတေစိတ်ဝိညာဉ်ကို ဖျက်စီးကာ နောင်ဖြစ်လာမည့် ပြဿနာများကို တခါတည်း ဖြေရှင်းပစ်ရန်ဖြစ်လေသည်။

သို့သော်လည်း.. အနက်ရောင်ဝတ်လူငယ်က ခြေတစ်လှမ်းဦးသွားပြီး သူတို့နှစ်ယောက်ကြား အကွာအဝေးက အတော်လေး ခြားသွားပြီဖြစ်၏။

ဒါ့အပြင် ဤနေရာက မဟူရာသဲတောင်ရိုးဖြစ်ပြီး ဆူဇီမိုက ဤနေရာနှင့် အစိမ်းသက်သက်ဖြစ်နေ၏။

သူက ပြေးလိုက်သွားပြီး မကြာခင်မှာပင် အနက်ရောင်ဝတ်လူငယ်ကို မျက်ခြည်ပြတ်သွားလေသည်။

ခန္ဓာကိုယ်ထဲကနေ ထွက်လာပြီးနောက် အမြုတေစိတ်ဝိညာဉ်သည် အပြင်ပိုင်းကိုယ်ကာယ၏ ကန့်သတ်ချုပ်နှောင်မှု မရှိတော့ဘဲ သူတို့က ကီလိုမီတာထောင်ချီ အကွာအဝေးကို ချက်ချင်း လျင်မြန်စွာ ထွက်ပြေးနိုင်လေသည်။

အနက်ရောင်ဝတ်လူငယ် ရှိသည့်နေရာကို ဆူဇီမိုက သိလျှင်တောင် သူ့အနေနှင့် သွေးစတေးထွက်ပြေးခြင်းကို မထုတ်ဖော်မချင်း အမီလိုက်နိုင်ဖို့ ခက်ခဲပေလိမ့်မည်။

ဒါ့အပြင်.. အနက်ရောင်ဝတ်လူငယ်သည် မဟူရာသဲတောင်ရိုး၏ သခင်လေးတစ်ယောက်ဖြစ်၏။ သူက မြင့်မြတ်သော ဂုဏ်အဆင့်အတန်းရှိလေသည်။ သူက ဆက်လိုက်သွားလျှင် များစွာသော မိစ္ဆာသားရဲများသည် သတိဝင်လာကြမည်ဖြစ်ပြီး ကြီးမားသည့်တိုက်ပွဲကို ဆက်လက်ဆင်နွှဲရပေလိမ့်မည်။

ခဏမျှ တိတ်ဆိတ်နေပြီးနောက်.. ဆူဇီမိုက လက်လျှော့က နောက်ပြန်လှည့်လာခဲ့၏။

ဤအတွေ့အကြုံနှင့်အတူ နောက်တစ်ကြိမ် အလယ်အလတ်အဆင့် မိစ္ဆာသားရဲများနှင့် တိုက်ခိုက်ရမည်ဆိုလျှင် သူက တူညီသော အမှားကို မကျူးလွန်မိစေရန် သတိထားရပေတော့မည်။

ဆူဇီမို ပြန်ရောက်လာချိန်တွင်.. တိုက်ပွဲက အဆုံးသတ်သွားခဲ့လေပြီ။

အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်ဖြစ်သော အနက်ရောင်ဝတ်လူငယ်ပင်လျှင် သေလုနီးပါးဖြစ်ခဲ့ပြီး သူ၏ခန္ဓာကိုယ်က ဖျက်စီးခံရကာ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရ၏။ ထိုသည်ကို မြင်သောအခါ အခြားသော သားရဲတောကောင်များသည် ဆက်လက်၍ ကြန့်ကြာမနေတော့ဘဲ ခြေဦးတည့်ရာသို့ ထွက်ပြေးကုန်ကြလေပြီ။

တောအုပ်ထဲတွင် အလောင်းများက ပြန့်ကျဲ၍ ကျန်ခဲ့၏။

အချိန်ခဏအတွင်း.. သားရဲတောကောင်တစ်ရာကျော်က သေဆုံးသွားခဲ့လေပြီ။

မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ချင်ချင်တို့က စိတ်အားတက်ကြွနေကြ၏။

သူတို့သည် သားရဲတစ်ထောင်တောင်ကြားသို့ ဝင်ရောက်လာချိန်ကတည်းက လရောင်ငိုကြွေးတောင်မှ သားရဲတောကောင်များ၏ အမဲလိုက်ကို ခံခဲ့ရ၏။ နောက်ဆုံးမှာတော့.. သူတို့၏ မကျေမချမ်းမှုများကို ဖွင့်ထုတ်ဖို့ အခွင့်အရေးတစ်ခု ရခဲ့လေသည်။

မြေခွေးလေးပင်လျှင် သူမ၏မျက်လုံးထဲမှ ပျော်ရွှင်မှုကို မဖုံးကွယ်ထားနိုင်ဘဲ နက်မှောင်နေသော ထီးကို တင်းကျပ်စွာဖြင့် ဆုပ်ကိုင်ထား၏။

“မိုက်လိုက်တာကွာ.. အရမ်းမိုက်တယ်”

စိတ်ဝိညာဉ်ကျားက သွားဖြီး၍ သူ၏ရင်ဘတ်ကို တဖုန်းဖုန်းပုတ်ကာ ကျယ်လောင်စွာ ပြောလိုက်၏။

“လခွမ်းပဲ.. ဒီနေ့ကစပြီး ငါတို့ကို ဘယ်သူတွေ အမဲလိုက်ရဲမလဲ ကြည့်ရသေးတာပေါ့.. ငါတို့နောက်ကို လိုက်လာတဲ့လူမှန်သမျှ ငရဲကို ပြန်ပို့ပေးလိုက်မယ်”

သူတို့ငါးယောက်သည် အကြည့်ချင်းဖလှယ်ပြီး ပြုံးမိလိုက်ကြ၏။

ဤအခိုက်အတန့်မှစ၍ သူတို့သည် အသက်လု၍ထွက်ပြေးစရာ မလိုတော့ပြီဖြစ်ကြောင်း သိလိုက်ကြ၏။

မြေခွေးလေးသည် နက်မှောင်နေသော ထီးကို သူမ၏သိုလှောင်အိတ်ထဲသို့ ပြန်ထည့်ပြီး လှည့်မေးလိုက်၏။

“သခင်လေး.. ဒါပြီးရင် ကျွန်မတို့က ဘယ်ကိုဆက်သွားကြမှာလဲ”

သားရဲတောကောင်များသည် အမြုတေစိတ်ဝိညာဉ်ကို ကျင့်ကြံပြီးနောက် ဓမ္မစွမ်းအားများကို အသုံးချလာနိုင်၏။ သူတို့သည် ဓမ္မစွမ်းအားများနှင့်အတူ သူတို့အတွက် သင့်လျော်သည့် သိုလှောင်အိတ်များကို ဖန်တီးအသုံးပြုလာနိုင်ပြီဖြစ်၏။

တကယ်တော့.. အချို့သော မိစ္ဆာသားရဲများသည် သူတို့၏လက်နက်များကို သူတို့၏ခန္ဓာကိုယ်၊ ပါးစပ် သို့မဟုတ် စိတ်ဝိညာဉ်အသိစိတ်ထဲတွင် ဝှက်ထားကြလေသည်။

စိတ်ဝိညာဉ်ကျားက လက်သီးကိုမြှောက်ပြီး ကျယ်လောင်စွာ ကြေညာလိုက်၏။

“ငါတို့က နယ်မြေတစ်ခုကို ရှာဖွေပြီးတော့ ငါတို့ဘာသာငါတို့ ပိုင်နက်အရှင်တွေ လုပ်ရမှာပေါ့.. ငါတို့က ပိုင်နက်အရှင်တွေ ဖြစ်လာပြီးတော့ သားရဲထောင်ပေါင်းများစွာကို အုပ်စိုးနိုင်မယ်ဆိုရင် တော်တော်မိုက်မှာပဲ”

“အဲဒါဟုတ်တယ်”

မျောက်က သဘောတူစွာ ခေါင်းညိတ်လိုက်၏။

သူသည် ဘုရင်တစ်ပါးဖြစ်လာဖို့အတွက် တစ်ချိန်လုံး စဉ်းစားတွေးတောနေသူဖြစ်၏။

ချင်ချင်က စိတ်ဝိညာဉ်ကျားကို ပြုံးပြပြီး မေးလိုက်၏။

“ဒါဆို နင်က ပိုင်နက်အရှင်တစ်ပါးဖြစ်လာရင် နင့်ဘေးမှာ သားရဲမလေးတွေ ဝိုင်းဝိုင်းလည်နေမှာပေါ့.. ဟုတ်တယ်မလား”

“ဒါပေ့ါ”

စိတ်ဝိညာဉ်ကျားသည် တွေဝေယစ်မူးသော အမူအရာဖြင့် စိတ်ကူးယဉ်ပြီး သားရည်များပင် ကျလုနီးပါးဖြစ်သွား၏။ သူက ထိုစကားကို ပြောပြီးသည်နှင့် သတ်ဖြတ်လိုစိတ်တစ်ခုကို ခံစားမိလိုက်​ပြီး ငေးငိုင်နေရာကနေ ချက်ချင်းနိုးထလာ၏။

“ငါ.. ငါပြောတာက.. အဲ့လိုသဘောနဲ့ မဟုတ်ဘူး”

သူက မှန်ကန်ဖြောင့်မတ်သော အမူအရာ​ဖြင့် ပြောလိုက်၏။

“ငါက မှန်ကန်ဖြောင့်မတ်တဲ့ လူကြီးလူကောင်းတစ်ယောက်ပဲ.. အမျိုးသမီးတွေဆီကနေ ကျရောက်လာမယ့် လောကီအာရုံစိတ်ဆန္ဒတွေက ငါ့ကို ဖြားယောင်းနိုင်မှာ မဟုတ်ဘူး”

စိတ်ဝိညာဉ်ကျားက သူ၏နှုတ်ခမ်းကို သပ်ပြီး မျက်နှာချိုသွေးသော အပြုံးတစ်ခုနှင့်အတူ ချင်ချင်၏အနားသို့ ကပ်လိုက်၏။

“ငါ့အတွက် လိုအပ်သမျှ အကုန်က နင်တစ်ယောက်ပါပဲ.. ချင်ချင်”

“ထွက်သွားစမ်း”

ချင်ချင်က သူမ၏ခြေထောက်ကို မြှောက်ပြီး စိတ်ဝိညာဉ်ကျားကို ကန်ထုတ်လိုက်၏။

မြေခွေးလေးက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ညင်သာစွာ မေးလိုက်၏။

“ဒါပေမဲ့လို့ ကျွန်မတို့က အခုမှ အဆင့်ချိုးဖျက်ပြီးတော့ အဆင့်နိမ့်မိစ္ဆာသားရဲတွေ ဖြစ်လာရုံပဲ ရှိသေးတယ်လေ.. ပိုင်နက်အရှင်တစ်ယောက်ဖြစ်ဖို့ဆိုရင် ကျွန်မတို့က အနည်းဆုံး အလယ်အလတ်အဆင့်မိစ္ဆာသားရဲတွေ ဖြစ်ရမယ်မလား”

“အဲ့လောက်လည်း မလိုပါဘူး”

စိတ်ဝိညာဉ်ကျားက ကပျာကယာ နောက်ဆုတ်ပြီး ပြောလိုက်၏။

“ဒီ မဟူရာကင်းမြီးကောက်ကလည်း အလယ်အလတ်အဆင့်မိစ္ဆာသားရဲပဲလေ.. ဒါပေမဲ့လို့ သူက ငါတို့အစ်ကိုကြီးရဲ့ လက်ထဲမှာ စုတ်ပြတ်သတ်သွားအောင် အတီးခံခဲ့ရတယ်မှတ်လား.. သူက သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာပြီးတော့ သူ့ရဲ့အမြုတေစိတ်ဝိညာဉ်နဲ့အတူ ထွက်ပြေးခဲ့ရတယ်မှတ်လား”

ချင်ချင်ကလည်း ခေါင်းညိတ်လိုက်၏။

“အစ်ကိုကြီးက သူရဲ့ခွန်အားနဲ့ဆို ပိုင်နက်အရှင်တစ်ယောက် သေချာပေါက် ဖြစ်လာလိမ့်မယ်.. သူက သန်မာတဲ့ ပိုင်နက်အရှင်တွေကို မယှဉ်နိုင်သေးဘူးဆိုရင်တောင် အားနည်းတဲ့သူတွေနဲ့တော့ ယှဉ်နိုင်နေပြီ”

“ဒါပေမဲ့လို့ ငါတို့အတွက် ပိုင်နက်နယ်မြေတစ်ခုကို ဘယ်မှာသွားပြီး ရှာဖွေမှာလဲ”

မြေခွေးလေးက ခေါင်းခါလိုက်၏။

“ဒီနေရာက သားရဲတစ်ထောင်တောင်ကြား.. ဒီမှာရှိတဲ့ နယ်မြေတွေက ကြီးကြီးသေးသေး နဂိုကတည်းက ပိုင်ရှင်သားရဲတွေ ရှိနေကြပြီးပြီ”

“အဲ့ဒါက ရိုးရှင်းပါတယ်”

မျောက်၏မျက်လုံးထဲတွင် သွေးရောင်အလင်းက လက်သွားပြီး သူက နှုတ်ခမ်းကို သပ်လိုက်၏။

“ငါတို့က နယ်​မြေတစ်ခုကို ရှာဖွေပြီးတော့ ငါတို့အားလုံးပေါင်းတိုက်ခိုက်ပြီး အဲဒီနယ်​မြေက ပိုင်နက်အရှင်ကို ဖိနှိမ်လိုက်ရုံပေါ့.. အဲဒါပြီးသွားတာနဲ့ ကျန်ရှိနေတဲ့ ဘယ်သားရဲတောကောင်က ငါတို့ကို အာခံရဲမှာလဲ”

မျောက်က တိုက်ခိုက်ရတာကို နှစ်သက်ပြီး အဲဒါကို အမြဲတမ်း စဉ်းစားတွေးတောနေလေသည်။

မည်သူကမှ သူ့ကို ရန်မစလျှင်တောင် သူက ဘယ်နေရာမှာသွားပြီး တိုက်ခိုက်ရမလဲ စဉ်းစားနေပြီဖြစ်၏။

“သူများတွေရဲ့ ပိုင်နက်နယ်မြေကို ကျွန်မတို့က လုယူလို့ ကောင်းပါ့မလား”

မြေခွေးလေးက မျက်တောင်ခတ်ပြီး မေးလိုက်၏။

“မြေခွေးလေး.. နင်က သားရဲလောကမှာ အရင်က မနေဖူးခဲ့လို့..”

စိတ်ဝိညာဉ်ကျားက လက်ခါပြလိုက်၏။

“ဒီမှာဆိုရင် အသန်မာဆုံးသူကပဲ ရှင်သန်ရတာ.. အဲဒီမှာ ကျိုးကြောင်းဆီလျော်တာတွေ မဆီလျော်တာတွေ မရှိဘူး.. သန်မာတဲ့ဘက်ကပဲ အမြဲတမ်း ရှင်သန်ပြီးတော့ ကောင်းမွန်တဲ့ဘဝကို ရရှိလိမ့်မယ်”

မြေခွေးလေးက လေးနက်စွာ တွေးတောလိုက်၏။

သူတို့သည် သားရဲတစ်ထောင်တောင်ကြားသို့ ဝင်ရောက်ပြီးနောက်.. မည်သူ့ကိုမှ တမင်တကာ သွား၍ရန်မစခဲ့ပေ။ သို့သော်လည်း.. သူတို့က အားနည်းသည်ဆိုသော အကြောင်းပြချက်ကြောင့် အခြားသူများသည် သူတို့ကို ထပ်ခါထပ်ခါဆင့်၍ အနိုင်ကျင့်ဖို့ ကြိုးစားခဲ့ကြ၏။

မျောက်က ထပ်ပြောလိုက်၏။

“မင်းက သားရဲတွေကြားမှာ ရှင်သန်ချင်တယ်ဆို.. အရာရာတိုင်းကို သည်းခံပြီးတော့ အပယ်ခံဘဝနဲ့ နေနေလို့မရဘူး.. ဒီမှာရှိတဲ့ အရာရာတိုင်းကို မင်းရဲ့လက်သီးနဲ့ တိုက်ခိုက်ပြီးမှပဲ ရယူနိုင်လိမ့်မယ်”

မြေခွေးလေးက ခေါင်းညိတ်လိုက်၏။

“ဟုတ်ပြီလေ.. ကျွန်မက ရှင်တို့ပြောတာကို နားထောင်ပါ့မယ်”

ဆူဇီမိုက တစ်ချိန်လုံး ဘာမှမပြောသော်လည်း သူ၏စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခုကို ချပြီးနေပြီဖြစ်၏။

သူဖြစ်စေ.. မျောက် သို့မဟုတ် စိတ်ဝိညာဉ်ကျားဖြစ်စေ.. သူတို့သည် အခြားလူများကို ဦးညွှတ်နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့က သူတို့၏ ကိုယ်ပိုင်နယ်မြေတစ်ခုကို သေချာပေါက် ရယူရပေလိမ့်မည်။

ချင်ချင်က တွေးတွေးဆဆဖြင့် ပြောလိုက်၏။

“ငါတို့က သားရဲတစ်ထောင်တောင်ကြားကို အခုမှရောက်တာဆိုတော့ ဒီနေရာနဲ့ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်မှု မရှိသေးဘူး.. ဘယ်နယ်မြေကို ငါတို့က သိမ်းပိုက်ရင် ကောင်းမလဲ”

အဲဒါက အရေးကြီးသော မေးခွန်းဖြစ်၏။

သူတို့သည် မှားယွင်းသော ရွေးချယ်မှုကို ပြုလုပ်ပြီး သန်မာအားကောင်းသော ရန်သူနှင့် ရင်ဆိုင်မိလျှင် သူတို့ငါးယောက်သည် ပိုင်နက်အရှင်များဖြစ်ဖို့နေနေသာသာ.. သူတို့၏အသက်များကိုပင် ပေးဆပ်သွားရနိုင်၏။

လူတိုင်းက ဆူဇီမိုကို လှည့်ကြည့်လိုက်ကြ၏။

သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါတို့.. လရောင်ငိုကြွေးတောင်ကို ပြန်သွားကြတာပေါ့”

မျောက်နှင့် စိတ်ဝိညာဉ်ကျား၏မျက်လုံးက ဝင်းလက်သွား၏။

“အဲဒါ ဟုတ်တာပေါ့”

စိတ်ဝိညာဉ်ကျားက သူ့နဖူးကိုသူ လက်ဝါးဖြင့် ရိုက်လိုက်၏။

“ငါက အဲ့နေရာကို မေ့တောင်မေ့နေတယ်.. အဲဒီ လရောင်ငိုကြွေးတောင်က ငနဲတွေက ငါတို့ကို တောင်တန်းတွေ မြစ်တွေ တောအုပ်တွေကို ဖြတ်ပြီးတော့ ရက်ပေါင်းများစွာကြာအောင် အမဲလိုက်ခဲ့ကြတယ်.. ငါတို့က သူတို့ကို အဲဒါအတွက် ပြန်ပေးဆပ်ခိုင်းရမယ်”

ဆူဇီမိုက ကြွက်ပေးခဲ့သော မြေပုံကို ထုတ်ယူလိုက်၏။

“ဒီနားဝန်းကျင်မှာ လရောင်ငိုကြွေးတောင်ရဲ့ ပိုင်နက်နယ်မြေက အသေးဆုံးပဲ.. ယုတ္တိကျကျပြောရရင် အဲဒီက ပိုင်နက်အရှင်က အားအနည်းဆုံးဖြစ်လိမ့်မယ်”

“အဲဒါ ဟုတ်တာပေါ့”

မျောက်ကလည်း သဘောတူလိုက်၏။

စိတ်ဝိညာဉ်ကျားက စိတ်လှုပ်ရှားသွားပြီး အလောတကြီး ပြောလိုက်လေသည်။

“ငါတို့ အခုပဲ သွားကြတာပေါ့”

ဆူဇီမိုက လေးနက်စွာ ပြောလိုက်၏။

“အလောတကြီး မလုပ်နဲ့.. ငါတို့က လရောင်ငိုကြွေးတောင်ကို မကျူးကျော်ခင် ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေကို တည်ငြိမ်အောင် အရင်ကျင့်ကြံရဦးမယ်.. ငါတို့က အစီအစဉ်သေချာချပြီးမှ လရောင်ငိုကြွေးတောင်ရဲ့ သတင်းအချက်အလက်တွေကို ပိုပြီးတော့ ရှာဖွေနိုင်မယ်ဆို အကောင်းဆုံးဖြစ်လိမ့်မယ်”

နယ်မြေတစ်ခုကို သိမ်းပိုက်ရမည်က ရိုးရှင်းသော အလုပ်တစ်ခုမဟုတ်ကြောင်း ဆူဇီမိုက သိထား၏။

သူတို့မှာက ငါးယောက်သာလျှင် ရှိလေသည်။

သူတို့က အရမ်းကာရော ပြုမူမိလျှင် အခက်အခဲများစွာနှင့် ကြုံတွေ့ရနိုင်၏။

ဒါ့အပြင် မျောက်နှင့်အခြားသူများက သူတို့၏ မူပိုင်ဓမ္မလက်နက်များကို သန့်စင်ပြီးပြီဖြစ်သော်လည်း.. သူက ဖန်တီးခြင်းကြာပဒုမ္မာကို သန့်စင်ဖို့ အချိန်ယူရပေဦးမည်။

သူ၏ကျင့်ကြံမှုအဆင့်က တည်ငြိမ်သွားသည်နှင့် သူ၏အမြုတေစိတ်ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးက သူ၏ ဓမ္မစွမ်းအားများမှတဆင့် ပကတိတိုးမြင့်ခြင်းကို လက်ခံရရှိပေလိမ့်မည်။ အဲဒီနောက် သူက ဖန်တီးခြင်းကြာပဒုမ္မာကို သန့်စင်ပြီးပြီဆိုလျှင် သူ၏ခွန်အားသည် သေချာပေါက် နောက်ထပ်အဆင့်အတန်းတစ်ခုအထိ တိုးတက်သွားပေလိမ့်မည်။

ထိုသို့ဖြင့် သူတို့သည် လရောင်ငိုကြွေးတောင်ကို သိမ်းပိုက်ဖို့အတွက် သူတို့ဘက်မှ အခွင့်အရေးက ပိုမိုများပြားလာပေလိမ့်မည်။

“ကဲ… အရင်ဆုံး ဒီနေရာကနေ ထွက်ခွာကြတာပေါ့”

ဆူဇီမိုက ခဏမျှ တွေးဆပြီးနောက် လက်ထောင်ပြလိုက်၏။

ဤနေရာက မဟူရာသဲတောင်ရိုး၏ နယ်မြေဖြစ်၏။ သူတို့၏သခင်လေးသည် စောစောကတင် အကြီးအကျယ် ဒဏ်ရာရရှိပြီး သေလုနီးပါးဖြစ်ခဲ့ရ၏။ ဤနေရာကို သားရဲတောကောင်များစွာက ပြန်ရောက်လာဖို့ သိပ်ကြာမည် မဟုတ်ပေ။

All Chapters