← Chapters

ညခရီးသွားခြင်း

Vol. 55 Ch. 813

ညခရီးသွားခြင်း

Vol. 55 Ch. 813

ပြီးခဲ့သည့်တစ်လအတွင်း လရောင်ငိုကြွေးတောင်တွင် တည်ငြိမ်အေးချမ်းမှုက မရှိသလောက်နီးပါးပင်။

ရာပေါင်းများစွာသော စိတ်ဝိညာဉ်သားရဲများနှင့် မဟာကာကွယ်သူခုနှစ်ယောက်ထဲမှ နှစ်ယောက်၏ သေဆုံးမှုသည် ကြီးမားသည့် ဖြစ်ရပ်တစ်ခုပင်။

ထိုသားရဲများသည် ရှေးဟောင်းတိုက်ပွဲမြေကနေ ရောက်ရှိလာသော သားရဲများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြရသည်ဟု ဆို၏။

ဒါ့အပြင် သူတို့သည် ငါးယောက်တည်းသာလျှင်ဖြစ်ပြီး သူတို့အားလုံးက စိတ်ဝိညာဉ်သားရဲအဆင့်မျှသာ ဖြစ်ကြသည်ဆို၏။

ဤအချိန်အတောအတွင်း.. လရောင်ငိုကြွေးတောင်မှာရှိသော သားရဲတိုင်းတိုင်းလိုလိုသည် သူတို့ငါးယောက်ကို လိုက်လံရှာဖွေနေကြပြီး နေရာတစ်ခုလုံးနီးပါးကို မြေလှန်ခဲ့ကြသော်လည်း အချည်းနှီးသာ ဖြစ်ရ၏။

သူတို့ငါးယောက်က ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီဖြစ်ကြောင်း သားရဲများသည် နားလည်သဘောပေါက်လာကြ၏။

သူတို့သည် ယခင်က လရောင်ငိုကြွေးတောင်မှာ ပုန်းကွယ်နေခဲ့ကြသည်ဆိုလျှင်တောင် ထိုကဲ့သို့ အင်အားအလုံးအရင်းနှင့် အမဲလိုက်ခံရပြီးနောက် ကြောက်ရွံ့မှုဖြင့် လွတ်ရာကျွတ်ရာသို့ ထွက်ပြေးသွားကြလောက်လေပြီ။

ဤနေ့တွင် လူသားသွင်ပြင်နှင့် သားရဲငါးယောက်သည် လရောင်ငိုကြွေးတောင်ရှိရာသို့ ထောင်ထောင်လွှားလွှားဖြင့် ချီတက်လာနေကြသည်ကို မည်သည့်သားရဲကမှ သတိမထားမိကြပေ။

ဤသားရဲငါးယောက်ကတော့ ပြီးခဲ့သည့် တစ်လလုံးလုံး ပစ်မှတ်ထားရှာဖွေခြင်း ခံနေရသော ဆူဇီမိုတို့အုပ်စုပင် ဖြစ်လေသည်။

“ဟေး.. လရောင်ငိုကြွေးတောင်က ငမျောက်ငချောက်သားရဲတွေ.. ဟူးပါးထျန် ပြန်လာပြီကွ” စိတ်ဝိညာဉ်ကျားက သွားဖြီးလိုက်၏။

ချင်ချင်က ပြောလေသည်။

“လရောင်ငိုကြွေးတောင်က သားရဲတွေက ငါတို့ ပြန်လာရဲလိမ့်မယ်လို့ လုံးဝ ထင်ထားမှာ မဟုတ်ဘူးဆိုတာ ငါပြောရဲတယ်”

ဆူဇီမိုက ပြုံးလိုက်၏။

“သူတို့ ထင်ထင်၊ မထင်ထင် ကိစ္စမရှိဘူး.. သူတို့က ငါတို့ကို မှတ်မိတော့မှာ မဟုတ်ဘူး”

အနီးနားဝန်းကျင်တွင် စိတ်ဝိညာဉ်သားရဲအချို့ ရှိနေကြ၏။

သို့သော် ဆူဇီမိုအုပ်စုကို မြင်သောအခါ မည်သူကမှ တစ်မူထူးခြားစွာ မပြုမူကြပေ။ ထို့အစား သူတို့က ရိုသေလေးစားသော အမူအယာများဖြင့် သူတို့အုပ်စုကို ရှောင်ကွင်းသွားကြ၏။

သူတို့ငါးယောက်သည် တောအုပ်ကို ဖြတ်လာရင်း ပုရစ်များအော်သံကို ကြားနေရ၏။ သို့သော်လည်း သူတို့အားလုံးက ဣန္ဒြေရနေကြ၏။

ယခင်ကဆို သာမန်ပုံစံနှင့် မထူးခြားဟု ထင်ရသော ထိုပုရစ်များကြောင့် သူတို့သည် ပြေးစရာနေရာမရှိ ဖြစ်ခဲ့ရ၏။

ယခုတော့ မည်သည့်ပုရစ်ကမှ သူတို့ကို မခြိမ်းခြောက်နိုင်တော့ပေ။

ဆူဇီမိုတို့အုပ်စုသည် မိစ္ဆာသားရဲများအဖြစ်သို့ ကျင့်ကြံကြပြီးနောက် သူတို့သည် သားရဲများ၏ သွင်ပြင်လက္ခဏာများ မရှိတော့ဘဲ လူသားသွင်ပြင်ကို ယူနိုင်လာကြ၏။

သူတို့သည် ရွှေအမြုတေအဆင့်မှာတုန်းက လူသားသွင်ပြင်ကို ယူနိုင်သော်လည်း သူတို့ထံမှ သားရဲချီများက ဖြာထွက်၍ သူတို့၏ သားရဲဉာဉ်၊ လက္ခဏာများကို ထုတ်ဖော်ထားမိခဲ့ကြ၏။

ဥပမာအားဖြင့် မျောက်သည် သူ၏ သားမွေးရှည်များကို မဖုံးကွယ်နိုင်ပေ။ စိတ်ဝိညာဉ်ကျားက သူ၏ ကျားနှင့်တူသော ဦးခေါင်းပုံစံကို လုံးလုံးလျားလျား မဖျောက်နိုင်ပေ။ မြေခွေးလေး၏ အမြီးက မကြာမကြာဆိုသလို ပြူထွက်လာတတ်၏....

ယခုအခါ ဤသာမန်ပုရစ်များကို မပြောနှင့် အခြားသော မိစ္ဆာသားရဲများက သည်နေရာမှာ ရှိနေကြလျှင်တောင် သူတို့က သူတို့ငါးယောက်ကို မှတ်မိကြတော့မည် မဟုတ်ပေ။

သူတို့ထက် ကျင့်ကြံမှုအဆင့် သာလွန်သော ပညာရှင်များသာလျှင် သူတို့ကို ထွင်းဖောက်၍ မြင်နိုင်ပေလိမ့်မည်။

ဆူဇီမို၏ ဆံပင်က အနီရောင်ဖြစ်နေပြီး သူ့မျက်နှာပေါ်ရှိ ကြွက်သားများကိုလည်း လိုသလို ကျုံ့နိုင်ဆန့်နိုင်၏။ သူက လုံးဝ မတူညီသော လူတစ်ယောက်နှင့် တူနေလေပြီ။

“ကဲ စတည်းချစရာ နေရာတစ်ခု သွားရှာရအောင်.. ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေ တည်ငြိမ်သွားအောင် အချိန်အတိုင်းအတာတစ်ခုထိ ကျင့်ကြံကြရလိမ့်မယ်”

ဆူဇီမိုက မျောက်နှင့် အခြားသူများကို တောအုပ်အနက်ပိုင်းထဲသို့ ဦးဆောင်၍ မကြာမီ ပျောက်ကွယ်သွားကြလေသည်။

. . .

တစ်လကြာပြီးနောက်..

ညနက်သန်းခေါင်ချိန်တွင် လပြည့်ဝန်းက တောက်ပနေ၏။

ရှင်းသန့်သော လရောင်က ရေကန်မျက်နှာပြင်ပေါ်သို့ ဖြန်းပက်ကျဆင်း၍ ရေပြင်က ကြေးမုံတစ်ခုနှင့် ဆင်တူနေ၏။

ရေကန်၏ ရေက အရမ်းကြည်လင်သည့်အတွက် အောက်ခြေကိုပင် မြင်နေရ၏။ အဲ့ဒါသည် ရေကန်ထဲမှာ နတ်နဂါးတစ်ကောင်က ကူးခတ်နေသည်နှင့်တူ၏။

ညင်သာသော လေပြေတစ်ချက်က တိုက်ခတ်သွားပြီး လရောင်က လှိုင်းဂယက်ထသွား၏။ နတ်နဂါးက ပျောက်ကွယ်သွားပြီး ပုံရိပ်တစ်ခုက ထင်ဟပ်လာ၏။

ရေကန်၏ ဘေးရှိ ကျောက်ချပ်တစ်ခုပေါ်တွင် သွေးနီရောင်ဆံပင်နှင့် လူတစ်ယောက်က လရောင်ကို လှုံပြီး ကောင်းကင်နှင့် မြေကြီး၏ အဆီအနှစ်ကို ဝါးမျိုနေ၏။

သူအသက်တစ်ချက်ရှူလိုက်တိုင်း သူ့ခန္ဓာကိုယ်ထဲကနေ ဆူနာမီအသံက ထွက်ပေါ်နေလေသည်။

သူ၏ ပါးစပ်ထဲမှ ကြွယ်ဝသော သားရဲချီများ လျှံထွက်လာပြီး လေထဲတွင် နဂါးတစ်ကောင်၏ သဏ္ဌာန်ဖြစ်သွားသည်ဟု ထင်ရ၏။ အဲ့ဒါက သူ့ကို တစ်ချက်လှည့်ပတ်ပြီးနောက် သူ့နှာခေါင်းပေါက်ထဲသို့ တစ်ဖန်ပြန်ဝင်သွား၏။

ထိုစက်ဝန်းက အဆက်မပြတ် လည်ပတ်နေလေသည်။

ထိုလူ၏ ဘေးပတ်လည်ရှိ အော်ရာသည် ပိုပို၍ ကြောက်စရာကောင်းလာပြီး အကန့်အသတ်မဲ့သော စွမ်းအားတစ်ခုကို ဖြာထွက်လာစေ၏။

အနီးနားဝန်းကျင်မှာရှိသော သားရဲများအားလုံးသည် အချိန်အတော်ကြာကတည်းက ရှောင်ထွက်သွားကြပြီဖြစ်၏။

ပုရစ်များ၏ အသံပင်လျှင် လုံးလုံး ပျောက်ကွယ်သွားခဲ့လေပြီ။

သွေးနီရောင်ဆံပင်နှင့်လူကတော့ ဆူဇီမိုပင်လျှင် ဖြစ်လေသည်။

သူတို့သည် လရောင်ငိုကြွေးတောင်သို့ ပြန်ရောက်လာပြီးနောက် တစ်လကြာအောင် ကျင့်ကြံနေခဲ့ကြ၏။

ဤအချိန်အတောအတွင်း ဆူဇီမို၏ ကျင့်ကြံမှုအဆင့်က တည်ငြိမ်လာ၏။

သူ၏ အမြုတေစိတ်ဝိညာဉ်၊ မျိုးဆက်သွေးနှင့် ကိုယ်ကာယတို့သည်လည်း ဓမ္မစွမ်းအားများကို အသုံးချပြီး ပကတိ တိုးတက်မြင့်မားလာခဲ့ကြ၏။

ယခုအချိန်တွင် ဆူဇီမိုသည် လွန်ခဲ့သည့်တစ်လကထက် များစွာပို၍ သန်မာလာခဲ့ပြီဖြစ်၏။

သူက မဟူရာသဲတောင်ရိုးမှ သခင်လေး၏ သဲကြတ်ခြင်းနှင့် တစ်ဖန် ပြန်ကြုံတွေ့ရမည်ဆိုလျှင်တောင်.. မီးပဒေသာမျက်လုံးကို အသုံးပြုခြင်း မရှိဘဲ သူက အဲ့ဒါကို ပယ်ဖျက်နိုင်တော့မည်ဖြစ်၏။

ပြီးခဲ့သည့်လအတွင်း ဆူဇီမိုသည် အတော်လေး အကျိုးအမြတ် ရရှိခဲ့၏။

သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်သည် မဟာအရိုင်းကမ္ဘာ၏ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံထား၏။

အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်ကတော့.. ခရမ်းရောင်မိုးကြိုးကျမ်းနှင့် မဟာနေ့ရက်ရူလိုင်းသုတ္တန်ကို ကျင့်ကြံထားပြီး အခြေအနေအတော်လေး ကောင်းမွန်နေ၏။

သို့သော်လည်း ဖန်တီးခြင်းကြာပဒုမ္မာကတော့ ဘာမှ ပြောင်းလဲမလာပေ။

ဆူဇီမိုက စိတ်ဓါတ်ကျသွားခြင်း မရှိပေ။ ဒဏ္ဍာရီအရဆို ဖန်တီးခြင်းကြာပဒုမ္မာသည် အင်မော်တယ်ကမ္ဘာ၏ ပစ္စည်းတစ်ခုဖြစ်ပြီး မနှိုင်းယှဉ်သာအောင် သန်မာလေသည်။ အဲ့ဒါကို အလွယ်တကူ ပြင်ဆင်နိုင်သည်ဆိုတာကမှ ထူးခြားနေပေလိမ့်မည်။

အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်သည် စိတ်ဝိညာဉ်စံအိမ်တွင် ရှေးကျသော ဖန်တီးခြင်းကြာပဒုမ္မာပေါ်မှာ ထိုင်နေ၏။ သူ့ဦးခေါင်းနောက်တွင် နတ်ဘုရားဆန်ဆန် အပြစ်ဆိုစရာမရှိသော ရောင်ခြည်စက်ဝန်းတစ်ခုက တောက်ပနေ၏။

မကြာမကြာဆိုသလို ခရမ်းရောင်လျှပ်စီးကြောင်းများက တဇီဇီမြည်၍ တဖျပ်ဖျပ် လက်လာတတ်၏။

သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်က စိတ်ဝိညာဉ်အသိစိတ်အတွင်းရှိ လေထဲမှာ ရစ်ဝဲနေ၏။

အချိန်ကြာသည်နှင့်အမျှ သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်၏ အရေပြားသည် ကြမ်းတမ်းလာပြီး နောက်ဆုံးမှာတော့ မီးတောက်နီရောင်ကြေးခွံများက တစ်ခုပြီးတစ်ခု ပေါ်လာ၏။

သူတို့က နီရဲနေအောင် မီးအပူပေးထားသော သတ္တုပြားများနှင့် ဆင်တူနေ၏။

ထိုကြေးခွံများသည် ဆူဇီမိုတစ်ယောက် နဂါးအသွင်ပြောင်းလဲတုန်းက သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါ်ထွက်လာခဲ့သော ကြေးခွံများနှင့် ဆင်တူနေ၏။

သို့သော်လည်း ယခုကြေးခွံများသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကနေ ဖန်တီးဖြစ်ပေါ်လာခြင်းဖြစ်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ပေါ်မှာ အမြဲတမ်းစွဲငြိနေမည်ဖြစ်၏။

ထိုစဉ်မှာပင် ဆူဇီမို၏ စိတ်အာရုံထဲ တစ်စုံတစ်ရာသော အတွေးက ပေါ်လာခဲ့၏။

အဲ့ဒါက စိတ်ဝိညာဉ်သည် နတ္ထိနယ်သို့ ပြန်သွားရသည်ဟူသော ဆိုရိုးစကားရှိ၏။ မူလနတ္ထိအဆင့်သို့ ရောက်သောအခါ အမြုတေစိတ်ဝိညာဉ်သည် လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲကနေ ထွက်ခွာပြီး ကီလိုမီတာတစ်ထောင်လောက်ကို တစ်ခဏအတွင်း လွတ်လပ်စွာ ပျံသန်းသွားလာနိုင်မည်ဖြစ်၏။

ပုံမှန်အခြေအနေမှာဆိုလျှင်တော့ နိုးထဝိညာဉ်အဆင့်မှာရှိသော ယင်စိတ်ဝိညာဉ်ဖြစ်စေ.. အမြုတေစိတ်ဝိညာဉ်ဖြစ်စေ.. ထိုသို့လုပ်ဆောင်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

သို့သော် ယခုအခါ ဆူဇီမိုသည် ယင်စိတ်ဝိညာဉ်၏ ကိုယ်ပေါ်ရှိ ကြေးခွံများကို အာရုံခံမိပြီး သူ့စိတ်ထဲတွင် ရဲတင်းသော အတွေးတစ်ခုက ဝင်ရောက်လာ၏။

ထိုအတွေးနှင့်အတူ ဆူဇီမိုသည် အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်ကို သူ၏ စိတ်ဝိညာဉ်အသိစိတ်ထဲကနေ အပြင်သို့ ထွက်ခွာလာစေလိုက်၏။

သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာလိုက်သည့် ခဏမှာပင် အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်က ချမ်းတုန်လာလေသည်။

အပြင်ဘက်ရှိ အပူချိန်က သာမန်သာ ဖြစ်သော်လည်း အဲ့ဒါက အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်အတွက် တောင့်မခံနိုင်လောက်အောင် အေးစက်လွန်းနေ၏။

ဝှစ်..

အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်သည် စိတ်ဝိညာဉ်အသိစိတ်သည် စိတ်ဝိညာဉ်အသိစိတ်ထဲသို့ ကပျာကယာ ပြန်ဝင်ပြီး ဆက်လက်ကျင့်ကြံလိုက်၏။

သည်တစ်ကြိမ်တွင်တော့ ဆူဇီမိုသည် စိတ်ဝိညာဉ်အသိစိတ်ထဲကနေ သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်ကို ဖြည်းဖြည်းချင်း ဂရုတစိုက် ထွက်လာစေဖို့ လမ်းညွှန်လိုက်၏။

အဲ့ဒါက အဆင်ပြေလေသည်။

ကြေးခွံများနှင့်အတူ ယင်စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲကနေ ထွက်လာပြီးနောက် သူက သက်သောင့်သက်သာ ရှိနေ၏။

ဆူဇီမိုသည် သဘောကျနှစ်ခြိုက်သွားသော်လည်း နမော်နမဲ့ မလုပ်ရဲပေ။

နိုးထဝိညာဉ်အဆင့်မှာရှိသော ယင်စိတ်ဝိညာဉ်ဖြစ်စေ၊ အမြုတေစိတ်ဝိညာဉ်ဖြစ်စေ.. ရာသီဥတုနှင့် သဘာဝဓါတ်ကြီးငါးပါးက သူတို့ကို အမှန်တစ်ကယ် ခြိမ်းခြောက်နိုင်လေသည်။

အမြုတေစိတ်ဝိညာဉ်တစ်ခုက လောကတစ်ခွင် လှည့်ပတ်သွားလာချင်သည်ဆိုလျှင် သဘာဝဓါတ်ငါးမျိုးက ရှောင်လွှဲလို့ မရပေ။

ထိုအတွေး မဆုံးသေးခင်မှာပင် လေအေးတစ်ချက်က တိုက်ခိုက်လာ၏။

ဆူဇီမိုသည် အံကိုကြိတ်ထားလိုက်၏။ သို့သော်လည်း သူ၏ ယင်စိတ်ဝိညာဉ်ကိုတော့ အထဲသို့ ပြန်မသွားစေဘဲ ခန္ဓာကိုယ်အပြင်ဘက်မှာသာ နေခိုင်းထား၏။

သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်သည် အေးစက်သော လေအဝှေ့တွင် မလှုပ်မယှက် ကျန်ရှိနေခဲ့၏။ ကြေးခွံများ၏ ကာကွယ်မှုနှင့်အတူ ၎င်းက ပျက်စီးထိခိုက်ခြင်း လုံးဝ မရှိပေ။

ဆူဇီမိုက ရွှင်ပျသွား၏။

သူထင်တာ မမှားဘူးဆိုလျှင် ထိုကြေးခွံများက ယင်စိတ်ဝိညာဉ်အပိုင်းကို ကျင့်ကြံခြင်းမှ ရရှိလာသော စိတ်ဝိညာဉ်အသိစိတ်၏ နဂါးကြေးခွံများ ဖြစ်ရပေမည်။

တဖြည်းဖြည်းနှင့် ဆူဇီမိုသည် ပို၍ ရဲတင်းလာ၏။

ယင်စိတ်ဝိညာဉ်ကို လေထဲမှာ အလွန်တရာ မြန်ဆန်စွာဖြင့် ပျံသန်းသွားလာစေပြီး အနီရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားစေ၏။

(နှစ်ခုစလုံးကို အမြုတေစိတ်ဝိညာဉ်များဟု ခြုံငုံ၍ ခေါ်သော်လည်း.. သားရဲကျင့်ကြံခြင်းကနေ ရရှိလာသည်ကို ဆူဇီမို၏ ယင်စိတ်ဝိညာဉ်ဟု ခေါ်ပြီး.. အင်မော်တယ်ကျင့်ကြံခြင်းကနေ ရရှိလာသည်ကို အမြုတေစိတ်ဝိညာဉ်ဟု ခေါ်လေသည်။ ယင်စိတ်ဝိညာဉ်သည် သွေးနီရောင်ဆံပင်နှင့် သားရဲ့အငွေ့အသက်ရှိပြီး.. အမြုတေစိတ်ဝိညာဉ်ကတော့ အနက်ရောင်ဆံပင်ရှိလေသည်။)

ယင်စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်ကနေ ထွက်လာပြီးနောက် လွတ်လပ်ပေါ့ပါးစွာ သွားလာနိုင်ပြီး ကီလိုမီတာတစ်ထောင်ကို တစ်ခဏလေးနှင့် ဖြတ်ကျော်နိုင်လေသည်။

တစ်ကယ်တော့ အဲ့ဒါသည် မူလနတ္ထိအဆင့်၏ အမြုတေစိတ်ဝိညာဉ်တစ်ခုသာလျှင် စွမ်းဆောင်နိုင်သောအရာဖြစ်၏။ သို့သော်လည်း ဆူဇီမိုသည် မဟာအရိုင်းကမ္ဘာမှ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်၏ ယင်စိတ်ဝိညာဉ်အပိုင်းကို ကျင့်ကြံခြင်းဖြင့် အဲ့ဒါကို ပြုလုပ်နိုင်နေပြီဖြစ်၏။

သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်သည် လေထဲမှာ ရပ်ပြီး ကျောက်ချပ်ပေါ်ရှိ သူ့ကိုယ်ပိုင်ခန္ဓာကိုယ်ကို ငေးကြည့်နေ၏။

သူက သူ့ကိုယ်သူ ပြန်ကြည့်နေခြင်းပင်။

အဲ့ဒါက ဖော်မပြတတ်သော လျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်တစ်ခု ဖြစ်၏။

အဲ့ဒါသည် စိတ်ဝိညာဉ်အသိစိတ်တစ်ခုဖြင့် ပုံဖော်ခံစားကြည့်ခြင်းထက် ပို၍ပင် တဲ့တိုးဆန်လေသည်။

ဒါ့အပြင် ယင်စိတ်ဝိညာဉ်သည် လောကတစ်ခွင် ကျက်စားနိုင်သည့်အတွက် ၎င်းထောက်လှမ်းသိမြင်နိုင်သည့် အကျယ်အဝန်းက စိတ်ဝိညာဉ်အသိစိတ်ထက် များစွာပို၍ ကျယ်ပြန့်လေသည်။

ဆူဇီမိုသည် သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်ကို ညအမှောင်နှင့်အတူ လရောင်ငိုကြွေးတောင်၏ ပတ်ပတ်လည်ကို စေလွှတ်၍ ကြည့်ရှုစစ်ဆေးဖို့ ဆုံးဖြတ်လိုက်၏။

အမြုတေစိတ်ဝိညာဉ်တစ်ခုသည် ခန္ဓာကိုယ်ထဲကနေ ထွက်လာပြီးနောက် သူ၏ စိတ်ဝိညာဉ်အသိစိတ်က ဗလာကျင်း၍ ကျန်ခဲ့ပေလိမ့်မည်။ ဆိုလိုသည်မှာ ထိုခန္ဓာကိုယ်သည် ဝိညာဉ် သို့မဟုတ် နာမ်အသိစိတ် မရှိတော့ဘဲ.. ဗလာကျင်း၍ ကျန်ခဲ့ပေလိမ့်မည်။

သူ၏ ကိုယ်ကာယခန္ဓာကိုယ်က အန္တရာယ်နှင့် ကြုံတွေ့ရလျှင်တောင် အဲ့ဒါကို ဘယ်လိုခုခံရမလဲ သို့မဟုတ် ဘယ်လိုရှောင်ရှားရမလဲ သိတော့မည် မဟုတ်ပေ။

ထို့ကြောင့် သူတို့၏ အမြုတေစိတ်ဝိညာဉ်ကို မထွက်ခွာခိုင်းခင် ကျင့်ကြံသူများသည် သူတို့၏ ခန္ဓာကိုယ်များကို ဘေးကင်းလုံခြုံစိတ်ချရသည့် နေရာများမှာ ဝှက်ထားခဲ့ကြမည်ဖြစ်၏။ အဲ့ဒါမှ သူတို့ရန်သူများနှင့် ပက်ပင်းမတိုးစေရန် ရှောင်လွှဲနိုင်ပေလိမ့်မည်။

သို့သော်လည်း ဆူဇီမိုသည် ထိုကဲ့သို့သော အခြင်းအရာကို စိုးရိမ်မနေပေ။

သူ၏ သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်က ထွက်ခွာသွားလျှင်တောင် သူ၏ စိတ်ဝိညာဉ်အသိစိတ်ထဲမှာ နောက်ထပ်အမြုတေစိတ်ဝိညာဉ်တစ်ခုက ကျန်နေခဲ့ဦးမည် ဖြစ်သောကြောင့်ပင်။

All Chapters