← Chapters

အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်

Vol. 55 Ch. 814

အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်

Vol. 55 Ch. 814

သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်သည် ပေါ့ပါးဖျတ်လတ်စွာဖြင့် လေထဲမှာ ရစ်ဝဲနေ၏။

ဆူဇီမိုက ကျောက်ချပ်ပေါ်ကနေ ခုန်ဆင်းလိုက်ပြီး မလှမ်းမကမ်းရှိ လိုဏ်ဂူရှိရာသို့ လျှောက်လှမ်းသွားလိုက်၏။

အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်သည် သူ၏ခန္ဓာကိုယ်ကို​ ထိန်းချုပ်ပြီး လှိုဏ်ဂူအတွင်းမှာ ယာယီအားဖြင့် ပုန်းကွယ်ရပေမည်။ ထိုသို့ဖြင့် သူက မလိုအပ်သော ပြဿနာများကို ကာကွယ်ပြီးသား ဖြစ်သွားပေလိမ့်မည်။

အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်သည် ဆက်လက်၍ ကျင့်ကြံနေပြီး သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်ကတော့ ဖျတ်ခနဲ ပျောက်ကွယ်ကာ လရောင်ငိုကြွေးတောင်၏ အနက်ပိုင်းထဲသို့ ဦးတည်သွားခဲ့လေသည်။

ခန္ဓာကိုယ်၏ချုပ်နှောင်မှု မရှိသောအခါ အမြုတေစိတ်ဝိညာဉ်သည် ကောင်းကင်နှင့်မြေကြီးနှင့် ပို၍နီးစပ်စွာ ချိတ်ဆက်မိသွား၏။ အဲဒါက သိသိသာသာ ခုခံမှုနည်းပါးစွာနှင့် လေထဲမှာ သွားလာနိုင်ပြီး ကီလိုမီတာတစ်ထောင် အကွာအဝေးကို တစ်ခဏအတွင်း လျင်မြန်စွာ ဖြတ်သန်းသွားလာနိုင်၏။

တကယ်ဆို.. ဆူဇီမိုက လရောင်ငိုကြွေးတောင်၏နယ်မြေကို သူ့ဘာသာသူ ရှာဖွေဖော်ထုတ်မည်ဆိုလျှင် အဲဒါက အနည်းဆုံး သုံးရက်သုံးည ကြာပေလိမ့်မည်။

သို့သော်လည်း.. သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်၏ အမြန်နှုန်းနှင့်ဆိုပါက သူသည် လရောင်ငိုကြွေးတောင်တစ်ခုလုံးကို တစ်ညအတွင်း စစ်ဆေးကြည့်ရှုနိုင်ပေလိမ့်မည်။

သစ်ပင်အရိပ်များက တရိပ်ရိပ်နှင့် အနောက်မှာ ကျန်ရစ်ခဲ့၏။

နဂါးအကြေးခွံများ၏ ကာကွယ်မှုနှင့်အတူ သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်သည် တောအုပ်ထဲမှာ လွတ်လပ်စွာ သွားလာနိုင်ပြီး ဖော်မပြတတ်သော လွတ်လပ်မှုနှင့်အတူ လောကတစ်ခွင် ကျင်လည်ကျက်စားနိုင်၏။

ဆူဇီမိုက သူ့လက်ထဲရှိ မြေပုံအတိုင်း လိုက်ပါသွားပြီး တဖြည်းဖြည်းနှင့်​ လရောင်ငိုကြွေးတောင်၏ အလယ်ဗဟိုသို့ နီးကပ်လာခဲ့၏။

အဲဒါက.. လရောင်ငိုကြွေးတောင်ပိုင်နက်အရှင် နားနေရာ ကုန်းမြေတစ်ခု ဖြစ်လေသည်။

သာမန်အခြေအနေမှာဆိုလျှင်.. ယင်စိတ်ဝိညာဉ်ဖြစ်စေ.. သို့မဟုတ် နိုးထဝိညာဉ်အဆင့် အမြုတေစိတ်ဝိညာဉ်ဖြစ်စေ.. သူတို့သည် ပြင်ပပစ္စည်းတစ်စုံတစ်ရာကို သယ်ဆောင်နိုင်ဖို့အထိ သန်မာလိမ့်မည် မဟုတ်ပေ။

မြေပုံတစ်ခုကို အသာထား.. ငှက်မွှေးကဲ့သို့ ပို၍ပေါ့ပါးသော တစ်စုံတစ်ရာကိုပင် ယင်စိတ်ဝိညာဉ်က သယ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း နဂါးအကြေးခွံများနှင့်အတူ သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်သည် လရောင်ငိုကြွေးတောင်၏ မြေပုံကဲ့သို့သော ပေါ့ပါးသည့် တစ်စုံတစ်ရာကို သယ်ဆောင်နိုင်လေသည်။

ဆူဇီမိုက တုန်လှုပ်သွားရ၏။

မဟာအရိုင်းကမ္ဘာမှ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်က တကယ့်ကို သန်မာလှပေသည်။

အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်သည် ခရမ်းရောင်မိုးကြိုးကျမ်းနှင့် မဟာနေ့ရက်ရူလိုင်းသုတ္တန်ကဲ့သို့သော အင်မော်တယ်နှင့် ဗုဒ္ဓတာအိုများ၏ ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်များကို ကျင့်ကြံထားသော်လည်း.. အဲဒါက ပြင်ပပစ္စည်းတစ်စုံတစ်ရာကို သယ်ဆောင်ဖို့နေနေသာ.. အပြင်ဘက်သို့ပင် လှည့်ပတ်သွားလာနိုင်ခြင်း မရှိပေ။

သို့သော်လည်း.. မဟာအရိုင်းကမ္ဘာမှ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်တွင် ပါရှိသော ယင်စိတ်ဝိညာဉ်အပိုင်းကတော့ အဲဒါကို လုပ်ဆောင်နိုင်စွမ်း ရှိလေသည်။

ယင်စိတ်ဝိညာဉ်အပိုင်းသည် အထီးကျန်သမုဒ္ဒရာ၏ နဂါးဘုရင်ထံမှ ဆင်းသက်လာခြင်းဖြစ်လေသည်။

တစ်နည်းအားဖြင့်ပြောရလျှင်.. ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ နဂါးမျိုးနွယ်များပင်လျှင် သူတို့၏စိတ်ဝိညာဉ်ကို သန့်စင်ခြင်းအရာမှာ ဆူဇီမိုကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်ကောင်းပေလိမ့်မည်။

နှစ်နာရီကြာပြီးနောက်.. ဆူဇီမိုသည် လရောင်ငိုကြွေးတောင်၏ ဗဟိုချက်မနေရာသို့ နီးကပ်လာခဲ့၏။

အခြားသူများ၏ ထောက်လှမ်းခံရခြင်း မရှိစေရန် သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်သည် သူ၏အရှိန်ကို တဖြည်းဖြည်း လျှော့ချလိုက်၏။

အနီးအနားပတ်ဝန်းကျင်တွင်.. များစွာသော မိစ္ဆာသားရဲများ ရှိနေကြသည်မှာ သိသာလေသည်။

သို့သော်လည်း.. မည်သည့်မိစ္ဆာသားရဲကမှ ဆူဇီမို၏တည်ရှိမှုကို သတိမထားမိပေ။

ပထမတစ်ချက်အနေနှင့်.. သူတို့ထဲမှ အများစုသည် ကျင့်ကြံနေကြပြီး စိတ်အာရုံ အပျက်ယွင်းမခံနိုင်ကြပေ။

ဒုတိယအချက်အနေဖြင့်.. သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်သည် လက်မအရွယ်လောက်သာရှိပြီး အဲဒါက အလွန်တရာ မြန်ဆန်၏။ တစ်စုံတစ်ယောက်က သူ့ကို ဖျတ်ခနဲ မြင်လိုက်ရလျှင်တောင် တစ်ခုခုထူးခြားနေတာကို စဉ်းစားမိလိမ့်မည် မဟုတ်ပေ။

တတိယအချက်အနေနှင့်.. ဆူဇီမိုသည် နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းကာစဖြစ်သော်လည်း.. သူ၏ သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်သည် လောကတစ်ခွင် ကျင်လည်ကျက်စားနိုင်သည် ဖြစ်သောကြောင့် အခြားသော မိစ္ဆာသားရဲများ၏ အမြုတေစိတ်ဝိညာဉ်များထက် များစွာပို၍ သန်မာလေသည်။

ထိုသို့ဖြင့်.. ထိုမိစ္ဆာသားရဲများက ဆူဇီမိုကို သတိထားနိုင်ဖို့ ခဲယဉ်းလေသည်။

သူ၏အမြုတေစိတ်ဝိညာဉ်သည် ခန္ဓာကိုယ်ထဲကနေ ထွက်ခွာလာနိုင်သည့်အချက်ကပင် အလွန်တရာ စွမ်းအားကြီးမားကြောင်းကို ပြသနေ၏။

အဆင့်နိမ့်မိစ္ဆာသားရဲများသည် သူတို့က စုံစမ်းထောက်လှမ်းခြင်း ခံနေရသည်ဆိုတာကို သတိထားမိနိုင်ဖို့ ခဲယဉ်းလေသည်။

ဆူဇီမိုသည် ရှေ့သို့ ဆက်တက်သွားပြီး သူ၏အရှိန်ကိုတော့ တဖြည်းဖြည်း လျှော့ချထား၏။

ရှေ့မလှမ်းမကမ်းတွင် မိစ္ဆာသားရဲနှစ်ယောက်က ကျင့်ကြံနေကြသည်ကို သူက ခံစားမိလိုက်၏။ သူတို့ထံမှ ထွက်ပေါ်လာသော ဓမ္မစွမ်းအင် အတက်အကျသည် အလွန်တရာ သန်မာအားကောင်းပြီး အခြားသော မိစ္ဆာသားရဲများထက် အပြတ်အသတ် သာလွန်လေသည်။

အဲဒါက အလယ်အလတ်အဆင့် မိစ္ဆာသားရဲနှစ်ယောက် ဖြစ်ရပေမည်။

ဆူဇီမိုသည် သူ၏လှုပ်ရှားမှုကို ရပ်တန့်ပြီး ရှေ့သို့ဆက်မတက်ဘဲ သူ့ကိုယ်သူ ပုန်းကွယ်လိုက်၏။

သူထင်တာ မမှားဘူးဆိုလျှင် ထိုအလယ်အလတ်အဆင့် မိစ္ဆာသားရဲနှစ်ယောက်သည် လရောင်ငိုကြွေးတောင် ပိုင်နက်အရှင် မဟူရာဝံပုလွေနှင့် သူ၏လက်ထောက် ချန်ရူယီတို့ ဖြစ်ရပေမည်။

သူတို့နှစ်ယောက်သည် အလယ်အလတ်အဆင့် မိစ္ဆာသားရဲများဖြစ်ပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို လှည့်ပတ်သွားလာစေနိုင်လေသည်။

ဆူဇီမိုက သူ့ကို သူတို့နှစ်ယောက် သတိမထားမိစေရန် သေချာဂရုတစိုက် ပုန်းကွယ်လိုက်၏။

ရုတ်တရက်ဆိုသလို..

မဟူရာဝံပုလွေသည် စီးပိုးခြယ်လှယ်သော အော်ရာတစ်ခုနှင့်အတူ မတ်တပ်ထရပ်လိုက်၏။ သူက အေးစက်ခက်ထန်သော အကြည့်နှင့်အတူ ဟိန်းဟောက်လိုက်လေသည်။

“အဲဒါ ဘယ်သူလဲ.. မင်းက လရောင်ငိုကြွေးတောင်ကိုတောင် လာပြီးတော့ စုံစမ်းထောက်လှမ်းရဲတယ်လား”

“မကောင်းတော့ဘူး.. ငါ့ကို တွေ့သွားပြီထင်တယ်”

ဆူဇီမိုက ထိတ်လန့်သွား၏။

“သူက လရောင်ငိုကြွေးပိုင်နက်အရှင်တစ်ပါးဖြစ်နေတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ.. တကယ်လည်း သူက အစွမ်းအစ ရှိသားပဲ.. ငါက ခပ်ဝေးဝေးကနေ ပုန်းကွယ်နေတာတောင် သူက ငါ့ကို အာရုံခံမိသွားတယ်ဆိုတော့…”

ထိုသို့အတွေးနှင့်အတူ ဆူဇီမိုသည် ထွက်ပြေးဖို့ ပြင်ဆင်လိုက်၏။

သူက ဖော်ထုတ်ခံလိုက်ရပြီဆိုမှတော့ ဤနေရာမှာ ဆက်နေဖို့ မသင့်လျော်တော့ပေ။ သူက ဤနေရာမှာ ကြန့်ကြာနေပြီဆိုလျှင် ထွက်ပြေးနိုင်ဖို့ အခွင့်အရေးကိုပင် ဆုံးရှုံးသွားရနိုင်လေသည်။

ထိုစဉ်မှာပင်.. ညင်သာသော လေပြေတစ်ချက်က တိုက်ခတ်သွားပြီး ခပ်ဖျော့ဖျော့ အလင်းရောင်ဖြင့် တောက်ပနေသော အမြုတေစိတ်ဝိညာဉ်များသည် မလှမ်းမကမ်း တောအုပ်ထဲကနေ လေထဲသို့ ပျံသန်းသွားကြ၏။

အစကတော့ ဆူဇီမိုသည် ထွက်ခွာချင်မိ၏။ သို့သော်လည်း.. ထိုသည်ကိုမြင်သောအခါ သူက သူ၏လှုပ်ရှားမှုကို ရပ်တန့်လိုက်၏။

ဤနေရာမှာ အမှောင်ထုထဲကနေ စုံစမ်းထောက်လှမ်းနေကြသည့် အခြားသော အမြုတေစိတ်ဝိညာဉ်များလည်း ရှိနေသည်ဆိုတော့…။

အမြုတေစိတ်ဝိညာဉ်သုံးခုသည် လင်းနို့များ၏ပုံသဏ္ဍာန်ရှိလေသည်။ သူတို့က ဤနေရာအထိ ရောက်ရှိလာနိုင်သည်ဆိုတော့ သူတို့က မူလနတ္ထိအဆင့် အမြုတေစိတ်ဝိညာဉ်များ ဖြစ်ရပေမည်။

အမြုတေစိတ်ဝိညာဉ်များထဲမှ တစ်ခုက တမူထူးခြားသည့်ပုံစံဖြင့် ပြောလိုက်၏။

“လရောင်ငိုကြွေးတောင်.. မင်းတို့က တကယ်ပဲ အစွမ်းအစတချို့ ရှိပါပေတယ်.. မင်းက ငါတို့ကိုတောင် ရှာဖွေဖော်ထုတ်နိုင်တယ်ဆိုတော့.. ဟမ့်… ငါတို့ နောက်နေ့မှ မင်းတို့ဆီကို ပြန်လာခဲ့မယ်”

ထိုစကားမဆုံးသေးခင်မှာပင်.. အမြုတေစိတ်ဝိညာဉ်သုံးခုသည် ဦးတည်ဘက်တစ်ခုသို့ ပျံသန်းသွားပြီး အချိန်မီထွက်ပြေးဖို့ ကြိုးစားလိုက်ကြ၏။

“မင်းတို့က ဘယ်ကိုထွက်ပြေးဦးမှာလဲ”

မဟူရာဝံပုလွေသည် ဟိန်းဟောက်လိုက်ပြီး သူ၏နဖူးက တောက်ပသွား၏။ ကြောက်စရာကောင်းသော စိတ်ဝိညာဉ်အသိစိတ်တစ်ခုက ထွက်ပေါ်လာပြီး လေထဲတွင် ခက်ထန်ကြမ်းကြုတ်သော ဝံပုလွေတစ်ကောင်ကို ဖြစ်ပေါ်လာစေ၏။

ထိုဝံပုလွေက အမြုတေစိတ်ဝိညာဉ်တစ်ခု၏ရှေ့သို့ ချက်ချင်းရောက်ရှိသွားပြီး ထိုသူကို တစ်ကိုက်တည်းဖြင့် ဝါးမျိုလိုက်၏။

“မဟူရာဝံပုလွေ.. မင်း… အား… “

ထိုအမြုတေစိတ်ဝိညာဉ်သည် အချိန်မီမရှောင်တိမ်းနိုင်ဘဲ သူ၏စကားကို ဆုံးအောင်မပြောနိုင်ခင်မှာပင် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

ဆူဇီမိုသည် တိတ်တဆိတ် တုန်လှုပ်သွားပြီး ရင်တစ်ချက်ထိတ်သွား၏။

မဟူရာဝံပုလွေ၏တိုက်ခိုက်မှုသည် အမြုတေစိတ်ဝိညာဉ်များကို ပစ်မှတ်ထားသော သတ်ဖြတ်ကွက်ဖြစ်လေသည်။ အဲဒါက စိတ်ဝိညာဉ်အသိစိတ် တိုက်ခိုက်မှုတစ်ခုထက် ပို၍သန်မာပြီး ပို၍ကြောက်စရာကောင်းလေသည်။

စိတ်ဝိညာဉ်အသိစိတ် တိုက်ခိုက်မှုများသည် မူလနတ္ထိအဆင့်တွင်ရှိသော အခြေခံအကျဆုံး တိုက်ခိုက်ခြင်းနည်းလမ်းများဖြစ်၏။

အလယ်အလတ်အဆင့် မိစ္ဆာသားရဲတချို့ သို့မဟုတ် မူလနတ္ထိအဆင့် အချို့ကသာ သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို သိပ်သည်းစုဖွဲ့ပြီး ကျစ်လစ်သော ခွန်အားနှင့်အတူ အလွန်တရာ ထိရောက်မှုပြင်းထန်သော တိုက်ခိုက်မှုများကို ထုတ်ဖော်နိုင်သည့် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်များကို ကျင့်ကြံနိုင်ခွင့် ရှိကြပေလိမ့်မည်။

အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်များသည် အလွန်တရာ ရှားပါးပြီး ထိပ်သီးဂိုဏ်းကြီးများကလည်း သူတို့ကိုယ်တိုင်သုံးဖို့အတွက်သာ ထိန်းသိမ်းထားကြလေသည်။

အန္တိမသားရဲနတ်ဆိုးကျင့်စဉ်၏ ယန်စိတ်ဝိညာဉ်အပိုင်းတွင် အထီးကျန်သမုဒ္ဒရာ နဂါးဘုရင်ထံမှ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်တစ်ခု ပါရှိလေသည်။

ကံမကောင်းစွာနှင့် ယန်စိတ်ဝိညာဉ်အပိုင်းတွင် ပါရှိသော စကားလုံးများသည် နားမလည်နိုင်လောက်အောင် ရှုပ်ထွေးနေ၏။ အဲဒါက နဂါးမျိုးနွယ်မှ ရှေးဟောင်းဘာသာစကားတစ်ခု ဖြစ်ပုံရ​ပြီး ထိုမျိုးနွယ်မှ လျှို့ဝှက်ပညာရပ်တစ်ခုလည်း ဖြစ်ပုံရ၏။

တကယ်တော့.. ဆူဇီမို၏ကျင့်ကြံမှုအဆင့်က မမြင့်မားသေးဘဲ သူက အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်ကို ကျင့်ကြံနိုင်ဖို့အတွက် အဆင့်မမီသေးပေ။ ယခင်က မဟူရာသဲတောင်ရိုးမှ သခင်လေးသည်လည်း အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်တစ်ခုခုကို မတတ်မြောက်ထားသည်မှာ သိသာလေသည်။

သူက အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်တစ်ခုကိုသာ ထုတ်ဖော်နိုင်ခဲ့မည်ဆိုလျှင် ဆူဇီမိုသည် သူ၏ အမြုတေစိတ်ဝိညာဉ်နှစ်ခုကို ပေါင်းစပ်လိုက်မည်ဆိုလျှင်တောင် အဲဒါကို ခုခံနိုင်ချင်မှ ခုခံနိုင်ခဲ့ပေလိမ့်မည်။

လင်းနို့၏ အမြုတေစိတ်ဝိညာဉ်က အလွန်တရာ မြန်ဆန်သော်လည်း မဟူရာဝံပုလွေ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်က ပိုလို့တောင် မြန်ဆန်သေး၏။ သူက လင်းနို့၏ အမြုတေစိတ်ဝိညာဉ်ကို ဝါးမျိုခဲ့လေသည်။

အလယ်အလတ်အဆင့် မိစ္ဆာတစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်သည် ခန္ဓာကိုယ်ကနေ ထွက်ခွာပြီး ဤနေရာအထိ ရောက်ရှိလာခဲ့၏။ ယခု သူက မဟူရာဝံပုလွေ၏လက်ထဲမှာ သေဆုံးခဲ့ရပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်ဖို့ အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

ချန်ရူယီကလည်း တိုက်ခိုက်လိုက်၏။

အလွန်ကြီးမားသော စိတ်ဝိညာဉ်အသိစိတ်တစ်ခုသည် စုစည်းသွားပြီး ပုစဉ်းတောင်ပံများကဲ့သို့ ပါးလွှာ၍ အေးစက်စက် အလင်းဖြင့် တလက်လက်ထနေသော ဆေးဘာကွေးနှစ်လက်က လေထဲတွင် ရုတ်တရက် ပေါ်လာ၏။

အဲဒါက နောက်ထပ် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်လေသည်။

ထိုဆေဘာကွေးနှစ်လက်သည် နောက်ထပ်အမြုတေစိတ်ဝိညာဉ်တစ်ခုပေါ်သို့ ဆင်းသက်လာပြီး တစ်ခုပြီးတစ်ခု ရစ်ပတ်လိုက်၏။

ဖြီး..

ထိုလင်းနို့၏ အမြုတေစိတ်ဝိညာဉ်သည် ဆေဘာများ၏ လှီးဖြတ်ခြင်းကို ခံရပြီး နေရာမှာပင် ပျက်စီးသွားရ၏။

တခဏအတွင်းမှာပင်.. မူလနတ္ထိအဆင့် အမြုတေစိတ်ဝိညာဉ်များက သေဆုံးပျက်စီးသွားခဲ့ရလေပြီ။

အမြုတေစိတ်ဝိညာဉ်တစ်ခုသည် ခန္ဓာကိုယ်ကနေ ထွက်ခွာခြင်းဖြင့် ကြီးမားသည့် အန္တရာယ်ကို ရင်ဆိုင်ရနိုင်လေသည်။

ယခု သူတို့က ပိုင်နက်အရှင်တစ်ပါးကို ထောက်လှမ်းဖို့ ရောက်ရှိလာခြင်းအတွက် ပိုလို့ပင် အန္တရာယ်များသေး၏။

လရောင်ငိုကြွေးတောင်၏ ပိုင်နက်အရှင်နှစ်ယောက်သည် တိုက်ခိုက်လိုက်ကြပြီး အမြုတေစိတ်ဝိညာဉ်နှစ်ခုကို ရှင်းလင်းစွာ သတ်ဖြတ်နိုင်ခဲ့၏။ သို့သော်လည်း.. တတိယမြောက်လင်းနို့၏ အမြုတေစိတ်ဝိညာဉ်ကတော့ အခွင့်အရေးကို အမိအရအသုံးချကာ ထွက်ပြေးသွားနိုင်ခဲ့၏။

“မဟူရာဝံပုလွေ.. ချန်ရူယီ.. မင်းတို့ သိပ်ပြီးတော့ ကြွစောင်းကြွစောင်း လုပ်မနေကြနဲ့”

လင်းနို့အမြုတေစိတ်ဝိညာဉ်၏ အသံက ခပ်ဝေးဝေးကနေ ထွက်ပေါ်လာ၏။

“လရောင်ငိုကြွေးတောင်က မကြာခင် ဖျက်စီးချေမှုန်းခံရတော့မှာ.. မင်းတို့က ဆက်ပြီးတော့ မောက်မာနိုင်နေဦးမလား ကြည့်ရသေးတာပေါ့”

အသံက ပို၍ပို၍ ဝေးကွာသွားပြီး နောက်ဆုံးမှာတော့ တိမ်ဝင်ပျောက်ကွယ်သွားလေသည်။

ဆူဇီမိုသည် သူရောက်နေရာ နေရာကနေ မလှုပ်မယှက်နှင့် ပုန်းကွယ်နေ၏။

လရောင်ငိုကြွေးတောင်၏ ပိုင်နက်အရှင်နှစ်ယောက်သည် သူ့ကို သတိထားမိသွားပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်များကို ထုတ်ဖော်မည်ဆိုလျှင် နဂါးအကြေးခွံများ၏ ကာကွယ်မှုနှင့်ပင်လျှင် သူ၏သွေးနီရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်က သေချာပေါက် ဒဏ်ရာအပြင်းအထန် ရရှိသွားပေလိမ့်မည်။

All Chapters