အညံ့ခံခြင်း
Vol. 55 Ch. 820
ဆူဇီမိုသည် မဟူရာဝံပုလွေနှင့် ချန်ရူယီ၏ အစွမ်းအစများကို သိမြင်နားလည်ထားခြင်း မရှိဘဲ သူတို့နှစ်ယောက်ထံမှ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်များဖြင့် ရုတ်တရက် တိုက်ခိုက်မှုကို လက်ခံရရှိမည်ဆိုလျှင် သူက ထိတ်ထိတ်ပျာပျာ ဖြစ်သွားပေလိမ့်မည်။
သို့သော်လည်း.. သည့်အရင်က သူသည် ဤနေရာသို့ သူ၏အမြုတေစိတ်ဝိညာဉ်ဖြင့် လာရောက်လည်ပတ်ခဲ့ပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်များ၏ စွမ်းအားကို တွေ့မြင်ခဲ့ဖူး၏။ ထိုသို့ဖြင့် သူက အဲဒါကို ကိုင်တွယ်ရမည့် နည်းလမ်းတစ်ခုကို စဉ်းစားထားခဲ့ပြီးဖြစ်လေသည်။
ဆူဇီမိုထံမှ အတွေးတစ်ချက်နှင့်အတူ.. သူ၏ဘယ်ဘက်လက်ကောက်ဝတ်မှ မြင့်မြတ်ထည်ဝါသော ရွှေရောင်အလင်းတန်းများက ရုန်းကန်ထွက်လာပြီး သူ့ရှေ့တွင် ဖျက်စီး၍မရနိုင်သော အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်သွားစေလေသည်။
ဘုန်း
ရွှင်.. ရွှင်..
လေထဲတွင် စိတ်ဝိညာဉ်အသိစိတ်ကနေ သိပ်သည်းစုဖွဲ့လာသော မဟူရာဝံပုလွေနှင့် ပုစဉ်းတောင်ပံများလောက် ပါးလွှာသော ဆေဘာကွေးနှစ်လက်က အကာအရံအလွှာကို ရိုက်ခတ်လိုက်သောအခါ.. ကျယ်လောင်သော မြည်ဟည်းသံများက ထွက်ပေါ်လာ၏။
ရွှေရောင်အကာအရံအလွှာက တုန်ခါသွားပြီး ဝဲဂယက်များက ထွက်ပေါ်လာလေသည်။
အဲဒါက.. အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်နှစ်ခုကို ကောင်းမွန်စွာ ခုခံနိုင်ခဲ့လေသည်။
“ဒါက..”
မဟူရာဝံပုလွေနှင့် ချန်ရူယီသည် တုန်လှုပ်သွားကြ၏။
သာမန်ဓမ္မလက်နက်များသည် ဓမ္မတိုက်ကွက်များ၊ ရိုရိုးလက်နက်များနှင့် အမျိုးမျိုးသော စွမ်းအားများ၏ ရုန်းကန်ပေါက်ကွဲအားကို ခုခံနိုင်လေသည်။ သို့သော်လည်း.. သူတို့က အမြုတေစိတ်ဝိညာဉ်တစ်ခု၏ စွမ်းအားကိုတော့ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
တစ်ယောက်ယောက်က အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်တစ်ခုကို ခုခံချင်သည်ဆိုလျှင် သူတို့သည် သူတို့၏ကိုယ်ပိုင် အမြုတေစိတ်ဝိညာဉ်၏စွမ်းအားနှင့် ထိပ်တိုက်ရင်ဆိုင်လျှင်ရင်ဆိုင်.. မဟုတ်လျှင်.. သူတို့က တစ်မူထူးခြားသော အမြုတေစိတ်ဝိညာဉ်ဓမ္မလက်နက်များကို ထုတ်သုံးရပေလိမ့်မည်။
သို့သော်လည်း.. အမြုတေစိတ်ဝိညာဉ်ဓမ္မလက်နက်များက အလွန်တရာ ရှားပါးပြီး သန့်စင်ဖို့ ခက်ခဲလေသည်။
သားရဲလောကမှာ မပြောနှင့်.. ကျင့်ကြံရေးလောကမှာတောင် ထိုသို့သော လက်နက်မျိုးက အနည်းအကျဉ်းသာရှိပြီး အဲဒါက မူလဓမ္မလက်နက်များထက်တောင် ပို၍ရှားပါးလေသည်။
ယခုအချိန်တွင်.. ရွှေရောင်အကာအရံအလွှာသည် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်နှစ်ခုစလုံးကို လုံးလုံးလျားလျား ခုခံနိုင်ခဲ့လေသည်။ ဆိုလိုသည်မှာ.. သူတို့၏ရန်သူက အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်တစ်ခုကို ပိုင်ဆိုင်ထားလေသည်။
ဒါ့အပြင်.. ထိုအမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်က အရမ်းကို စွမ်းအားကြီးလေသည်။
သူက နိုးထဝိညာဉ်အဆင့်မှာသာ ရှိသေးသော်လည်း သူတို့နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံဖို့အတွက် သူက အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်တစ်ခုကို ထုတ်သုံးနိုင်ခဲ့လေသည်။
မဟူရာဝံပုလွေနှင့် ချန်ရူယီက ငေးငိုင်သွား၏။
တကယ်လည်း ဆူဇီမိုက အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်တစ်ခုကို ပိုင်ဆိုင်ထားလေသည်။
ဤဓမ္မလက်နက်သည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာတုန်းက ဘုန်းကြီးအိုက သူ့ကို ပေးခဲ့ခြင်းဖြစ်၏။
အဲဒါသည်.. အတိတ်ကာလတုန်းက တာမင်းကျောင်းတော်ကို ထောက်ပံ့ပေးခဲ့သော ရတနာများထဲမှ တစ်ခုဖြစ်သော မင်းဝမ်ဆုတောင်းပုတီး ဖြစ်လေသည်။
အစကတော့.. မင်းဝမ်ဆုတောင်းပုတီးတွင် ပုတီးစေ့ ခြောက်စေ့ရှိပြီး အဲဒါကို ထိုခေတ်ထိုအခါက တာမင်းကျောင်းတော်၏ မည်ကာမတ္တတပည့်ဖြစ်သော ကိုယ်တော်တာမင်းက ဆောင်ထားခဲ့လေသည်။
သို့သော်လည်း.. အချိန်ကာလ ကြာမြင့်ပြီးနောက် ကိုယ်တော်တာမင်း၏ ကျဆုံးမှုနှင့်အတူ မင်းဝမ်ဆုတောင်းပုတီးစေ့များကလည်း ပြန့်ကျဲသွားခဲ့၏။ ယခုအခါ.. မင်းဝမ်ဆုတောင်းပုတီးသည် ပုတီးစေ့ လေးစေ့နှင့်အတူ မပြည့်မစုံဖြစ်နေ၏။
ထိုသို့ဆိုလျှင်တောင်.. မင်းဝမ်ဆုတောင်းပုတီးက အထင်သွားသေးလို့ မရပေ။
ဆူဇီမိုသည် ရွှေအမြုတေအဆင့်မှာတုန်းက မင်းဝမ်ဆုတောင်းပုတီးကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲခဲ့၏။ သူက အဲဒါကို လက်ကောက်ဝတ်မှာ ပတ်ထားပြီး စိတ်ဝိညာဉ်အသိစိတ်များ၏ ထောက်လှမ်းမှုကိုသာ ပိတ်ဆို့တားဆီးနိုင်လေသည်။
သူက သူ၏အမြုတေစိတ်ဝိညာဉ်ကို ကျင့်ကြံပြီးမှသာလျှင် မင်းဝမ်ဆုတောင်းပုတီး၏ စွမ်းအားအချို့ကို အသုံးချလာနိုင်ခဲ့၏။
တကယ်တော့.. မင်းဝမ်ဆုတောင်းပုတီး၏ အစစ်အမှန်စွမ်းအားကို မူလနတ္ထိအဆင့်သို့ တက်လှမ်းပြီးမှသာ အပြည့်အဝ ထုတ်ဖော်နိုင်ပေလိမ့်မည်။
ယခုအချိန်တွင် မင်းဝမ်ဆုတောင်းပုတီးသည် အမြုတေစိတ်ဝိညာဉ်များ၏ တိုက်ခိုက်မှုကို ခုခံဖို့အတွက်သာ အသုံးချနိုင်သေးလေသည်။
သို့သော်လည်း.. အဲဒါက လုံလောက်တာထက် ပိုလေသည်။
အဲဒါသည် ပိုင်နက်အရှင်နှစ်ပါး၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်များကို ခုခံဖို့အတွက် လုံလောက်လေသည်။
ချက်ချင်းပင်.. တိုက်ပွဲမြေပြင်တွင် အပြောင်းအလဲများက ဖြစ်ပေါ်လာ၏။
မဟူရာဝံပုလွေနှင့် ချန်ရူယီ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်များက သုံးစားမရတော့ခြင်းနှင့်အတူ သူတို့က ဆူဇီမို၏ မွန်းကျပ်ဖွယ်ရာကောင်းသော အနီးကပ်တိုက်ခိုက်မှုများကို ကြိတ်မှိတ်ခံစားရပေတော့မည်။
ဘန်း.. ဘန်း.. ဘန်း.. ဘန်း..
အဲဒီမှာ ကျယ်လောင်သော အသံများက ဆက်တိုက်ထွက်ပေါ်လာ၏။
ပုံရိပ်များက တရိပ်ရိပ်ဖြင့် တဖျတ်ဖျတ် လှုပ်ရှားသွား၏။
အသက်ရှူချိန် ဆယ်ကြိမ်မပြည့်ခင်မှာပင်.. မဟူရာဝံပုလွေနှင့် ချန်ရူယီသည် သူတို့နောက်ဘက်ရှိ ကျောက်တုံးနံရံများဆီသို့ လွင့်စင်ထွက်သွားပြီး တဖြည်းဖြည်းချင်း အောက်သို့လျှောကျသွား၏။
ဆူဇီမိုက ရှေ့ဘက် မလှမ်းမကမ်းတွင် တောက်ပကြည်လင်သော အကြည့်နှင့်အတူ တိတ်တဆိတ် မတ်တပ်ရပ်နေ၏။ သူ၏အဝတ်အစားများက သေသေသပ်သပ်ပင် ရှိနေဆဲဖြစ်ပြီး သူက လုံးဝမတိုက်ခိုက်ခဲ့သည့်အလားပင်။
အဲဒါက အပြတ်အသတ် ရှုံးနိမ့်ခြင်းဖြစ်၏။
မဟူရာဝံပုလွေနှင့် ချန်ရူယီ၏မျက်နှာများက ဖြူဖတ်ဖြူလျော်ဖြစ်နေပြီး သူတို့၏အရိုးများက ကျိုးကြေထွက်ကုန်ပြီဟု ခံစားလိုက်ရ၏။ သို့သော်လည်း သူတို့သည် အံကိုကြိတ်ပြီး အသံတစ်ချက်မှ မထွက်ပေ။
သူတို့နှစ်ယောက်စလုံးသည် တွေဝေရှုပ်ထွေးသော အမူအရာများဖြင့် ဆူဇီမိုကို ကြည့်နေ၏။
သူတို့နှစ်ယောက်စလုံးသည် လိမ္မာပါးနပ်သူများဖြစ်ကြပြီး စောစောက ဤလူသည် သူတို့အပေါ် သနားညှာတာမှု ပြခဲ့ကြောင်းကို ရှင်းလင်းစွာ ခံစားမိလိုက်၏။
မဟုတ်ပါက.. သူ၏အစွမ်းအစနှင့်ဆို သူက စောစောက အသာစီးရသည့်ခဏမှာတင် သူတို့ကို သတ်ဖြတ်ပစ်နိုင်စွမ်း ရှိလေသည်။
ရုတ်တရက်.. မဟူရာဝံပုလွေသည် တစ်စုံတစ်ရာကို တွေးမိသွားပြီး သူ၏ရင်က တဒိတ်ဒိတ်ခုန်လာ၏။
စောစောက.. သူ၏စကားကို သူက အမှန်တကယ် ပြန်ရုတ်သိမ်းပြီး ဤလူကို သတ်ဖို့အတွက် အမိန့်ပေးခဲ့မည်ဆိုလျှင် အခုလောက်ဆို သူက မြေပြင်ပေါ်မှာ လဲကျနေသည့် အလောင်းတစ်လောင်း ဖြစ်နေလောက်လေပြီ။
ဆူဇီမိုအပေါ် သူ၏သနားညှာတာမှုက သူ့အတွက် သနားညှာတာမှုကို ပြန်လည်ရရှိခဲ့ခြင်း ဖြစ်လေသည်။
တကယ်တော့.. မဟူရာဝံပုလွေ၏အတွေးက အမှန်တရားနှင့် သိပ်မကွာပေ။
တကယ်တော့.. ဆူဇီမိုသည် ဤနေရာသို့ ရောက်လာခဲ့သည်မှာ ရည်ရွယ်ချက်တချို့ ရှိလေသည်။
သူသည် ပိုင်နက်အရှင်တစ်ယောက် ဖြစ်ချင်သော်လည်း သူ၏လက်အောက်တွင် လက်ထောက်အကူ များစွာမရှိချေ။
သူက သွေးချောင်းစီးခြင်း မရှိဘဲ မဟူရာဝံပုလွေနှင့် ချန်ရူယီကို သူ့လက်အောက်သို့ သိမ်းသွင်းနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်လေသည်။
ကြေးညိုနွားရိုင်း၏မျက်လုံးက ပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသားဖြစ်နေ၏။
တိုက်ပွဲ၏ရလဒ်က ဤကဲ့သို့ဖြစ်လာမည်ဟု သူက အမှန်တကယ် မျှော်လင့်မထားပေ။
ပိုင်နက်အရှင်နှစ်ပါးသည် မကြာသေးခင်ကမှ အဆင့်ချိုးဖျက်တက်လှမ်းခဲ့သော အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ထံမှာ အမှန်တကယ်ကို ရှုံးနိမ့်ခဲ့လေသည်။
အဲဒါကို သူကိုယ်တိုင်မြင်တွေ့ရခြင်း မဟုတ်လျှင် သူက ယုံကြည်လိမ့်မည် မဟုတ်ပေ။
“ပိုင်နက်အရှင်တို့.. ခင်ဗျားတို့က အဆင်ပြေရဲ့လား”
ကြေးညိုနွားရိုင်းက စိတ်ပူပန်စွာဖြင့် မေးလိုက်၏။
မဟူရာဝံပုလွေက လက်ကာပြပြီး မတ်တပ်ထရပ်လိုက်၏။ သူက ဆူဇီမိုကို စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“ငါက ရှုံးသွားပြီ.. တကယ်ပဲ မင်းက လရောင်ငိုကြွေးတောင်ရဲ့ ပိုင်နက်အရှင်တစ်ပါးဖြစ်ဖို့ အဆင့်မီပါပေတယ်”
“ဒါပေမဲ့လို့ ငါက မင်းရဲ့ ပါရမီအလားအလာကိုပဲ အသိအမှတ်ပြုတာ”
မဟူရာဝံပုလွေက ထိုနေရာတွင် အသားပေး၍ ဆက်ပြောလိုက်၏။
“မင်းရဲ့ အလားအလာနဲ့ဆို မင်းက အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက် ဖြစ်လာအောင် ကျင့်ကြံပြီးတာနဲ့ ဒီနားတစ်ဝိုက်မှာ မင်းကို ဘယ်သူမှ ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ဘူး.. ဒါပေမဲ့ အခုအချိန်မှာတော့ မင်းက…”
သူက ဆက်မပြောတော့ပေ။
ချန်ရူယီကလည်း ပြောလိုက်၏။
“စောစောက မင်းထုတ်ဖော်ခဲ့တဲ့ အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်နဲ့ မင်းရဲ့ အစွမ်းအစကိုသုံးပြီး လရောင်ငိုကြွေးတောင်ရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ ထင်နေတယ်ဆိုရင်တော့.. အဲဒါက မလုံလောက်သေးဘူး”
“လရောင်ငိုကြွေးတောင်ရဲ့ အကျပ်အတည်းကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကျုပ်အစီအစဉ်နဲ့ကျုပ် ရှိပါတယ်”
ဆူဇီမိုက ဂရုမထားဟန်ဖြင့် ပြန်ပြောလိုက်၏။
“အခုချိန်မှာ ခင်ဗျားတို့ ပြောရမှာက ကျုပ်ဆီမှာ အညံ့ခံမှာလား မခံဘူးလားပဲ”
လိုဏ်ဂူခန်းဝါက တိတ်ဆိတ်ငြိမ်သက်သွား၏။
မဟူရာဝံပုလွေသည် ဆုံးဖြတ်ချက် မချရသေးဘဲ တွေဝေနေသော အမူအရာတစ်ခု ရှိနေ၏။
ပိုင်နက်အရှင်ဖြစ်လာသူများသည် အတော်အတန် အစွမ်းအစရှိသော ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ ယခု သူက ပိုင်နက်အရှင်တစ်ပါးဟူသော သူ၏နေရာကို စွန့်လွှတ်ပြီး အခြားတစ်ယောက်ထံမှာ အညံ့ခံရဖို့ ရုတ်တရက် မေးမြန်းခံရသည့်အခါ.. အဲဒါက သူ့အတွက် လက်ခံဖို့ ခက်ခဲနေသေး၏။
သို့သော်လည်း.. အခြားနယ်မြေသုံးခုမှ ပိုင်နက်အရှင်များ ရောက်လာမည်ဆိုလျှင် အခြေအနေက ဒီထက်ပို၍ ဆိုးရွားနိုင်ကြောင်း မဟူရာဝံပုလွေက သိထား၏။
အဲဒီအခါ.. သူက အသတ်ခံရမည်သာမက လရောင်ငိုကြွေးတောင်ကလည်း ဖျက်စီးချေမှုန်းခံရပေလိမ့်မည်။
အဲဒါက သူ လုံးဝလက်မခံနိုင်သော တစ်စုံတစ်ရာဖြစ်လေသည်။
ထိုသို့အတွေးဖြင့် မဟူရာဝံပုလွေက သူ့လက်သီးကို ညင်သာစွာဆုပ်ပြီး လေးနက်စွာ ပြောလိုက်၏။
“ငါက ရှုံးသွားပြီဆိုမှတော့ ဘာများကန့်ကွက်လို့ ရဦးမှာလဲ.. ငါက ပိုင်နက်အရှင်တစ်ပါးဆိုတဲ့ ငါ့ရဲ့နေရာကို စွန့်လွှတ်ပေးမယ်.. ဒါပေမဲ့လို့ မင်းက လရောင်ငိုကြွေးတောင်ကို ကာကွယ်ပြီးတော့ ဒီမှာရှိတဲ့ သားရဲတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးဖို့ ငါက တောင်းဆိုချင်တယ်”
“ပိုင်နက်အရှင်”
ကြေးညိုနွားရိုင်းက အော်လိုက်၏။
မဟူရာဝံပုလွေက လက်ကာပြလိုက်လေသည်။
“ငါက ဆုံးဖြတ်ချက်ချပြီးသွားပြီဆိုမှတော့ ဘာမှထပ်ပြောစရာ မလိုတော့ဘူး”
“ဟုတ်ပြီလေ”
ဆူဇီမိုက ခေါင်းညိတ်ပြီး ပြောလိုက်၏။
“ဒီနေ့ကစပြီးတော့ လရောင်ငိုကြွေးတောင်မှာ နောက်ထပ် လက်ထောက်ပိုင်နက်အရှင်တစ်ပါး ရှိလာပြီ.. မဟူရာဝံပုလွေ.. ချန်ရူယီကလည်း သူမရဲ့ နဂိုနေရာဖြစ်တဲ့ လက်ထောက်ပိုင်နက်အရှင်နေရာကို ဆက်ယူထားရလိမ့်မယ်”
မျောက်နှင့် အခြားသူများက စိတ်လှုပ်ရှားသွားကြ၏။
ဆိုလိုသည်မှာ ဤနေ့ကစ၍ သူတို့ညီအစ်ကိုမောင်နှမ ငါးယောက်သည် သူတို့ကိုယ်ပိုင်နယ်မြေတစ်ခု ရှိလာခဲ့လေပြီ။
မဟူရာဝံပုလွေက ခဏမျှ စဉ်းစားပြီးနောက်.. လက်သီးဆုပ် လေးစားဟန်ပြကာ မေးလိုက်၏။
“ကျုပ်က အခုထိ ခင်ဗျားရဲ့နာမည်ကို မသိရသေးဘူး.. ပိုင်နက်အရှင်.. နောက်ပြီး ခင်ဗျားရဲ့ အစစ်အမှန်ပုံစံကရော ဘာလဲ”
ပြောရမည်ဆိုလျှင်.. သူသည် ပိုင်နက်အရှင်တစ်ပါးဟူသော သူ၏နေရာကို စွန့်လွှတ်ခဲ့ပြီးပြီဖြစ်သော်လည်း မဟူရာဝံပုလွေသည် ဤလူငယ်နှင့် ပတ်သက်၍ သူ၏စိတ်ထဲမှာ မချင့်မရဲဖြစ်နေဆဲပင်။
သို့သော်လည်း ဤလူ၏စိတ်ကို သူက လုံးဝမဖတ်နိုင်ပေ။
သူတို့ တိုက်ခိုက်ခဲ့ပြီးတာတောင် ဤလူက သူ၏ အစစ်အမှန်ပုံစံကို ထုတ်ဖော်ခဲ့ခြင်း မရှိချေ။
ချန်ရူယီအတွက်လည်း ထို့အတူပင်။
ဆူဇီမိုသည် ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
“ခင်ဗျားတို့တွေက ဒီနေ့ကစပြီး ကျုပ်ကို မိုလို့ ခေါ်လို့ရတယ်”
“မိုလား”
မဟူရာဝံပုလွေနှင့် ချန်ရူယီက တီးတိုးရေရွတ်လိုက်ကြ၏။
လူသားကျင့်ကြံသူများနှင့်ယှဉ်လျှင် သားရဲများသည် သူတို့၏နာမည်များကို လွယ်ကူရိုးရှင်းစွာဖြင့် ပေးလေ့ရှိလေသည်။
အဲဒီမှာ.. သူတို့၏အမည်များကို နာမည်တစ်လုံးတည်းဖြင့် ပေးတတ်ကြသည်မှာ သာမန်သာ ဖြစ်လေသည်။
အဲဒီမှာ.. သူတို့ကိုယ်သူတို့ နာမည်တစ်ခုပေးဖို့ကိုပင် အရေးမလုပ်သော မျောက်ကဲ့သို့ သားရဲတောကောင်များလည်း များစွာရှိလေသည်။
သူတို့နှစ်ယောက်စလုံးသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် တွေဝေရှုပ်ထွေးမှုကို မြင်လိုက်ရ၏။
ဆူဇီမိုသည် သူတို့၏မေးခွန်းများထဲမှ တစ်ခုကိုသာ ဖြေပေးခဲ့သော်လည်း.. မဟူရာဝံပုလွေနှင့် ချန်ရူယီသည် လိမ္မာပါးနပ်မှုရှိပြီး ထပ်မံ၍ မေးမြန်းခြင်း မပြုတော့ပေ။