← Chapters

ပက်သက်ဆက်နွယ်မှုများ

Vol. 55 Ch. 821

ပက်သက်ဆက်နွယ်မှုများ

Vol. 55 Ch. 821

လရောင်ငိုကြွေးတောင်၏ ပိုင်နက်အရှင်က ပြောင်းလဲသွားခဲ့လေပြီ။

ထိုသတင်းက လျင်မြန်စွာ ပျံ့နှံ့သွားပြီး ပိုင်နက်နယ်မြေတစ်ခုလုံးက အုံးအုံးကျက်ကျက် ဖြစ်သွားခဲ့၏။ လိုဏ်ဂူခန်းမအတွင်းရှိ ထိုတိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ခဲ့သူမှာ ကြွက်နှင့် ကြေးညိုနွားရိုင်းတို့သာလျှင် ဖြစ်လေသည်။

အခြားသောသားရဲအများစုက တွေဝေရှုပ်ထွေး​နေကြ၏။

သူတို့ သိခဲ့ရသည်မှာ သူတို့၏ မူလပိုင်နက်အရှင် မဟူရာဝံပုလွေသည် လူအချို့နှင့် တွေ့ဆုံပြီးနောက် သူက ပိုင်နက်အရှင်ဟူသော သူ၏ နေရာကိုစွန့်လွှတ်ကာ လက်ထောင်ပိုင်နက်အရှင်နေရာကို လက်ခံရယူခဲ့သည်ဟုဆို၏။

ကိစ္စများက အေးအေးချမ်းချမ်းနှင့်ပင် လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့၏။

ပြင်ပရန်သူများ၏ ကျူးကျော်ဝင်ရောက်သည့် လက္ခဏာမရှိဘဲ လရောင်ငိုကြွေးတောင်၏ အရှင်သခင်က ညတွင်းချင်း ပြောင်းလဲသွားခဲ့သည့်အလားပင်။

ပိုင်နက်အရှင် အပြောင်းအလဲဖြစ်ပြီးနောက် အော်ပွဲခံအခမ်းအနားတွေ ဘာတွေ ရှိမလာပေ။ မဟူရာဝံပုလွေနှင့် ချန်ရူယီက အဲ့ဒါကို ကိုယ်တိုင်ကြေညာပြီးနောက် ကိစ္စများက အဆုံးသတ်သွားခဲ့၏။

ပိုင်နက်အရှင်အသစ်က ဘယ်လိုပုံစံရှိသည်ဆိုတာကိုပင် များစွာသော သားရဲများက မသိကြပေ။

ဖြစ်စဥ်တစ်ခုလုံးက အရမ်းကို ထူးဆန်းနေ၏။

“ငါကြားတာတော့ ပိုင်နက်အရှင်အသစ်တွေက ငါးယောက်တောင်တဲ့... သူတို့က သွေးသောက်ညီကိုမောင်နှမတွေလို့လည်း ပြောကြတယ်”

“အဲ့ဒါက သူတို့ငါးယောက်ဆိုရင်တော့ ငါက သူတို့ထဲက လေးယောက်ကို အရင်က မြင်ဖူးတယ် ၊ အဲ့ဒါက မျောက်တစ်ကောင် ၊ ကျားတစ်ကောင် ၊ ကြိုးကြာတစ်ကောင်နဲ့ မြေခွေးတစ်ကောင်ဘဲ... ဒါပေမယ့်လို့ “

“ဒါပေမယ့် ဘာဖြစ်လဲ...”

“ဒါပေမယ့်လို့ အဲ့ဒီပိုင်နက်အရှင် လေးယောက်လုံးက အဆင့်နိမ့်မိစ္ဆာသားရဲတွေဘဲ.. သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကလည်း အစောပိုင်းနိုးထဝိညာဥ်အဆင့်မှာဘဲ ရှိတာ”

“ဟမ်... အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ ၊ အဆင့်နိမ့်မိစ္ဆာသားရဲတွေက လရောင်ငိုကြွေးတောင်ရဲ့ အခုလက်ရှိ ပိုင်နက်အရှင်တွေ ဖြစ်နေကြတာလား”

“ငါကြားတာတော့ သူတို့ ညီကိုမောင်နှမငါးယောက်ထဲမှာ လရောင်ငိုကြွေးတောင်ရဲ့ ပ်ုင်နက်အရှင်ခေါင်းဆောင်က အရမ်းကိုသန်မာတယ်တဲ့ ၊ သူကတော့ သေချာပေါက် အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက် ဖြစ်လိမ့်မယ်”

“ပိုင်နက်အရှင်ခေါင်းဆောင်ကို မင်းမြင်ဖူးလား... သူ့ရဲ့ အစစ် အမှန်ပုံစံကဘာလဲ”

“ဟင့်အင်း... ငါမမြင်ဖူးဘူး ၊ ပိုင်နက်အရှင်ခေါင်းဆောင်က တစ်ခါမှ သူ့ကိုယ်သူ ရုပ်လုံးထွက်မပြခဲ့ဖူးဘူး... သူက အရမ်းကို လျှို့ဝှက်ဆန်းကြယ်တယ် ၊ သူ့ကို မိုလို့ခေါ်တာလို့ဘဲ ငါက ကြားရတယ်”

ဤအချိန်အတော်အတွင်း သားရဲများသည် စုဖွဲ့၍ ဤထိုကိစ္စကို စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေခဲ့ကြ၏။

သုံးရက်အတွင်းမှာပင် ဤသတင်းသည် မဟူရာသဲတောင်ရိုး ၊ ဆိုင်ကလုန်းလိုဏ်ဂူ နှင့် တစ္ဆေမြစ်တို့ထံ ပျံ့နှံ့သွားပြီး အတော်လေး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေ၏။

မကောင်းဆိုးဝါးအော်ရာတစ်ခုနှင့်အတူ သွေးသံရဲရဲ လိုဏ်ဂူတစ်ခု၏ အနက်ပိုင်းအတွင်းတွင် အလွန်တရာကျယ်ဝန်းသော ခန်းမတစ်ခုရှိနေ၏။

ခန်းမအတွင်းတွင် နံရံ၏ဘေးနှစ်ဖက်ကို ဖောက်၍ သွယ်တန်းထားသော သွေးကြောများနှင့်ဆင်တူသည့် ပါးလွှာသည့် သွေးချီမျှင်များစွာ ရှိနေ၏။

လူတစ်ယောက်သည် ထိုသွေးချီမျှင်များအပေါ်တွင် ဟန်ချက်ညီစွာ ထိုင်နေပြီး သူ၏ ဘယ်ဘက်လက်ထဲတွင် ကျောက်စိမ်းခွက်တစ်ခုကို ကိုင်ထား၏။ ထိုခွက်ထဲတွင် ပူပူနွေးနွေးနှင့် မသတီစရာအနီရောင်အရည်များက ပြည့်နေ၏။

ထိုလူက ခွက်ကို သူ့နှာခေါင်းဝမှတေ့ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။ သူက ယစ်မူးသွားသော အမူအရာဖြင့် သူ့မျက်လုံးကို မှေးလိုက်လေသည်။

“လရောင်ငိုကြွေးတောင်ရဲ့ ပိုင်နက်အရှင်က ပြောင်းလဲသွားပြီဆိုတော့ အဲ့ဒါက မဟူရာသဲတောင်ရိုး ဒါမှမဟုတ် တစ္ဆေမြစ်တို့က ငါတို့အရင် လက်ဦးသွားတာများလား”

ထိုလူက သူ့ဘာသာသူ ရေရွတ်လိုက်၏။

“အဲ့ဒါလည်းမဟုတ်လောက်ဘူး... အဲ့ဒီနယ်မြေနှစ်ခုစလုံးက တစ်ယောက်မှမဟုတ်လောက်ဘူး”

ခဏနေပြီးနောက် သွေးရောင်အလင်းနှင့်အတူ သူ့မျက်လုံးက ပြူးကျယ်သွားပြီး လေးနက်စွာဖြင့်ပြောလိုက်၏။

“သွားပြီးတော့ နောက်ထပ်စုံစမ်းလာခဲ့....”

“နားလည်ပါပြီ”

ခန်းမထဲမှ အသံတစ်သံက ထွက်ပေါ်လာ၏။

ထို့နောက် ချက်ချင်းဆိုသလိုပင် တောင်ပံခတ်သံများက ပဲ့တင်ထပ်ထွက်ပေါ်လာပြီး သွေးရောင်အလင်းတစ်ခုသည် ခန်းမ၏ အပေါ်ကနေဖြတ်၍ အမှောင်ထုထဲသို့ ပျံသန်းသွား၏။ အဲ့ဒါက သိပ်မကြာမီ ပျောက်ကွယ်သွားခဲ့လေသည်။

ထိုလူက အလောတကြီးမရှိဘဲ ခွက်ထဲရှိ အနီရောင်အရည်များကို တစ်ကျိုက်တည်း မော့သောက်ပြီး သူ၏နှုတ်ခမ်းများကို ရွံစရာကောင်းသည့် လျှာနီနီဖြင့် သပ်လိုက်၏။

“ဟင်း..... အရမ်းကိုလတ်ဆတ်တယ်”

မဟူရာသဲတောင်ရိုး...

ဤအချိန်အတောအတွင်း မဟူရာသဲတောင်ရိုးတွင်ရှိသော သားရဲများသည် စိုးရိမ်ထိတ်လန့်စွာနှင့် နေနေကြရ၏။

မဟူရာသဲတောင်ရိုး၏ သခင်လေးသည် သူ၏ ခန္ဓာကိုယ်ကို ဆုံးရှုံး၍ ဒဏ်ရာအပြင်းအထန်ဖြင့် ပြန်လည်ရောက်ရှိလာ၏။ သို့သော်လည်း ကျူးလွန်သူတရားခံကို မဖမ်းမိနိုင်ခဲ့ကြပေ။

မကြာမီ မဟူရာသဲတောင်ရိုး၏ သခင်လေးသည် သူ၏ ပူးကပ်သိမ်းပိုက်ခြင်းဖြစ်စဥ်တွင် ကျရှုံးပြီး အပြီးတိုင် ပျောက်ကွယ်သွားခဲ့ရလေသည်။

အမြုတေစိတ်ဝိညာဥ်တစ်ခု၏ ပူးကပ်သိမ်းပိုက်ခြင်းတွင် ကန့်သတ်ချုပ်နှောင်မှုများစွာရှိလေသည်။ အဲ့ဒါက အရမ်းကို အန္တရာယ်များလွန်းလေသည်။

ပူးကပ်သိမ်းပိုက်ခြင်းတစ်ခုကို ပြုလုပ်ဖို့အတွက် ပူးကပ်သိမ်းပိုက်ခြင်းကို ခံယူမည့်သူ၏ ကျင့်ကြံဆင့်က သိပ်ပြီး နိမ့်ကျလို့မရပေ။ သူက အနည်းဆုံး စိတ်ဝိညာဥ်စံအိမ်ကို ဖွင့်လှစ်ထားသော နိုးထဝိညာဥ်အဆင့်မှာ ရှိရပေမည်။

ပူးကပ်သိမ်းပိုက်ခြင်းနှင့် အဲ့ဒါကို ခံယူမည့်သူအကြား ကျင့်ကြံမှုအဆင့်ကွာဟချက်ကလည်း သိပ်ပြီးကြီးမားလို့မရချေ။

မဟုတ်ပါက အမြုတေစိတ်ဝိညာဥ်သည် လွန်ကဲစွာ စွမ်းအားကြီးနေလျှင် ပူးကပ်သိမ်းပိုက်ခြင်းကို ပြုလုပ်ပြီးသည်နှင့် ထိုသူ၏ ခန္ဓာကိုယ်က အဲ့ဒါကို ခံနိုင်ရည်မရှိဘဲ ချက်ချင်းပေါက်ကွဲထွက်သွားပေလိမ့်မည်။

တစ်နည်းအားဖြင့်ပြောရမည်ဆိုလျှင် သူတို့နှစ်ယောက်၏ ကျင့်ကြံမှုအဆင့်များက မတိမ်းမယိမ်းရှိနေမှသာလျှင် အဲ့ဒါက အောင်မြင်နိုင်ချေရှိလေသည်။

တစ်ကယ်တော့ ပူးကပ်သိမ်းပိုက်ခြင်း ဖြစ်စဥ်သည် အမြုတေစိတ်ဝိညာဥ်များအကြား တိုက်ပွဲတစ်ခုဖြစ်လေသည်။

သူတို့၏ ကျင့်ကြံမှုအဆင့်များက မတိမ်းမယိမ်း ဖြစ်နေရမည်ဖြစ်သောကြောင့် ထိုအမြုစိတ်ဝိညာဥ်နှစ်ခုကြား တိုက်ပွဲတွင် အနိုင်ရလဒ်ကို ကြိုတင်ခန့်မှန်းဖို့ကလည်း ခက်ခဲသွားပေသည်။

အမြုတေစိတ်ဝိညာဥ်တစ်ခုသည် ပူးကပ်သိမ်းပိုင်ခြင်းဖြစ်စဥ်တွင် ကျရှုံးသွားပြီး ပြန်လည်ဝါးမြိုခံရသည့် ဥပမာများစွာလည်း ရှိလေသည်။

မဟူရာသဲတောင်ရိုး၏ သခင်လေးသည် ထိုဥပမာများထဲမှ တစ်ခုဖြစ်လေသည်။

ဤနေ့ဤချိန်ထိတော့ ပူးကပ်သိမ်းပိုက်ခြင်းသည် ဆိုးယုတ်သော နည်းလမ်းတစ်ခုဖြစ်လေသည်။

အဘယ့်ကြောင့်ဆိုသော် ပူးကပ်သိမ်းပိုက်ခြင်းသည် တစ်စုံတစ်ယောက်က ဆက်လက်ကျင့်ကြံနိုင်ဖို့အတွက် အခြားသူ၏ ဘဝကို ခိုးယူခြင်းဖြစ်သောကြောင့်ပင်။

အဲ့ဒါက အောက်လမ်းပညာရပ်တစ်ခုဟု ပြောမည်ဆိုလျှင် လွန်ရာမကျပေ။

သို့သော် ပူးကပ်သိမ်းပိုက်ခြင်းဖြစ်စဥ်က ဆိုးယုတ်သည်က်ို သိထားသော်လည်း များစွာသောလူများက သူတို့အသက်ဆက်လက်ရှင်သန်နိုင်ဖို့အတွက် ဘာမဆိုကြိုးစားနေကြဦးမည်သာ ဖြစ်လေသည်။

မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်သည် သူ့သား​လေး၏ ကျရှုံးသွားမှုတွင် ဒေါသူပုန်ထသွားပြီး များစွာသော သားရဲတောကောင်များကို သတ်ဖြတ်ခဲ့၏။ တစ်ကယ်ဆို ထိုဖြစ်ရပ်နှင့်ပက်သက်၍ စကားပြောမှားသွားခဲ့သော ကာကွယ်သူနှစ်ယောက်ကိုပင် ကိုယ်တိုင်သတ်ဖြတ်ပစ်ခဲ့လေသည်။

တရားခံလက်သည်ကို မဖမ်းဆီးနိုင်သေးသရွေ့ အခြားသော သားရဲများစွာက အသက်ခံနေရဦးမည်ဖြစ်ကြောင်း သားရဲများအားလုံးက သိထားကြလေသည်။

ဤနေ့တွင် မဟူရာသဲတောင်ရိုး၏ တင်းကျပ်မှုကို ​ဖြေလျော့ဖ်ို့အတွက် သတင်းတစ်ခုက ရောက်ရှိလာ၏။

“လူငါးယောက်... မျောက်တစ်ကောင် ၊ စိတ်ဝိညာဥ်ကျားတစ်ကောင် ၊ ကြိုးကြာတစ်ကောင် ၊ မြေခွေးတစ်ကောင်.. သူတို့အားလုံးက အဆင့်နိမ့်မိစ္ဆာသားရဲတွေကြည့်ဘဲ”

မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်သည် အေးစက်စက် သတ်ဖြတ်လိုစိတ်တစ်ခုနှင့်အတူ သူ့မျက်လုံးများကို မှေးကျဥ်းလိုက်၏။

သူထင်တာမမှားဘူးဆိုလျှင် ထိုသူငါးယောက်က သူ၏သားကို သတ်ဖြတ်ပစ်ခဲ့သော တရားခံများဖြစ်ဖို့ များလေသည်။

“သူတို့က လရောင်ငိုကြွေးတောင်ထဲကို ပြေးဝင်သွားကြတာဆိုတော့ ဟီးဟီး...”

မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်က ကြောက်မက်ဖွယ်ရာ အမူအရာရှိနေပြီး သူက မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်၏။

“ငါက လရောင်ငိုကြွေးတောင်ကို ဖျက်ဆီးပြီးရင် မင်းတို့က ဘယ်ကိုဆက်ပြီး ပြေးနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”

တစ္ဆေမြစ်...

အပြာရောင်ဖျော့​ဖျော့ တန်ဖိုးကြီး ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် အရောင်အသွေးစုံလင်သော သန္တာကျောက်ကုတင်တစ်လုံးပေါ်တွင် လှဲလျောင်းနေ၏။ သူက စိတ်အေးသက်သာသော အမူအရာရှိနေပြီး ဝိုင်ကိုမျှင်းသောက်ရင်း သူ့လက်အောက် မြစ်သားရဲထံမှ သတင်းကို နားထောင်နေ၏။

“အို...”

တန်ဖိုးကြီးဝတ်ရုံနှင့် လူငယ်သည် အလွန်တရာတည်ငြိမ်နေပြီး ကြားရသော သတင်းစကားအပေါ်တွင် အသံတစ်ချက်သာ တုန့်ပြန်လိုက်လေသည်။

“ပိုင်နက်အရှင်... ကျုပ်ကြားတာတော့ ဆိုင်ကလုန်းလိုဏ်ဂူနဲ့ မဟူရာသဲတောင်ရိုးက မကြာသေးခင်က လှုပ်ရှားမှုတွေ ပြုလုပ်လာကြတယ် ၊ အဲ့ဒီနယ်မြေနှစ်ခုက လရောင်ငိုကြွေးတောင်ကို တိုက်ခိုက်​တော့မှာထင်တယ်”

သန္တာကျောက်ကုတင်ဘေးရှိ မြစ်သားရဲသည် လေးနက်သောအသံဖြင့် ပြောလိုက်၏။

တန်ဖိုးကြီးဝတ်ရုံနှင့် လူငယ်က လက်ကာပြလိုက်၏။

“မဟူရာရောင်ကင်းမြီးကောက်တစ်ကောင်နဲ့ ရုပ်ဆိုးဆိုး လင်းနို့တစ်ကောင်က ငါ့ကို ဘယ်လိုမှ မခြိမ်းခြောက်နိုင်ဘူး”

မြစ်သားရဲက ထပ်ပြောလိုက်၏။

“ကျုပ်ကြားတာတော့ လရောင်ငိုကြွေးတောင်ရဲ့ ပိုင်နက်အရှင်အသစ်မိုက အရမ်းကို လျှို့ဝှက်ဆန်းကြယ်ပြီးတော့ တစ်ချိန်လုံး သူ့ကိုယ်သူ ရုပ်လုံးထွက်မပြခဲ့ဘူးတဲ့ ၊ သူက မဟူရာဝံပုလွေကို ဖြုတ်ချခဲ့တာဆိုတော့ အတော်လေးတော့ အစွမ်းအစရှိပုံဘဲ”

“သူက အဆင့်နိမ့်မိစ္ဆာသားရဲလေးယောက်နဲ့ သွေးသောက်ညီကို ဖွဲ့ထားတာဆိုတော့ သူက ဘယ်လောက်ထိ သန်မာနိုင်မှာမို့လဲ...”

တန်ဖိုးကြီးဝတ်ရုံနှင့်လူက မသိမသာပြုံး၍ ဝင့်ကြွားစွာဖြင့် ကြေညာလိုက်၏။

“သူကသာ အစွမ်းအစရှိမယ်ဆို ငါက သူ့ရဲ့အရည်အချင်းကို အသိအမှတ်ပြုပြီးတော့ ငါ့လက်အောက်မှာ ခစားစေမယ် ၊ သူက သာမန်ဘဲဆိုရင်တော့ ငါက သူ့ကို သတ်လိုက်ရုံပေါ့”

“ပိုင်နင်အရှင်က ဘယ်အချိန်မှာ တိုက်ခိုက်ဖို့ပြင်ဆင်ထားပါသလဲ”

“နောက်ထက်ရက်နည်းနည်းကြာရင်ပေါ့...”

တန်ဖိုးကြီးဝတ်ရုံနှင့်လူက တွေးတွေးဆဆဖြင့်ပြောလိုက်၏။

“အင်း... လရောင်ငိုကြွေးတောင်ဘက်မှာ ပြီးခဲ့တဲ့ နှစ်လလောက်က ရတနာတစ်မျိုးမျိုးက ပေါ်ထွက်ခဲ့ပုံဘဲ ၊ ငါတို့က အဲ့ဒီရတနာကိုတော့ တခြားသူတွေကို ရယူခွင့်မပေးနိုင်ဘူး”

သူ၏အစစ်အမှန်ပုံစံက မြွေနဂါးတစ်ကောင်ဖြစ်လေသည်။

သူ၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော သွေးသည် နဂါးမျိုးနွယ်မှ မျိုးဆက်သွေးနှင့် ခပ်ပါးပါးဆက်သွယ်ချက်တစ်ခုရှိနေ၏။

သို့သော်လည်း နဂါးမျိုးနွယ်၏ မျိုးဆက်သွေးနှင့် ခပ်ပါးပါး ထိုဆက်သွယ်ချက်ကပင် ကြမ်းကြုတ်တောကောင်များအကြားမှာ သူ့ကိုထိပ်တန်းအဆင့် တည်ရှိမှုတစ်ခုဖြစ်လာစေဖို့ လုံလောက်စေခဲ့လေသည်။

လရောင်ငိုကြွေးတောင်ဘက်မှ ဖြာထွက်လာခဲ့သော နဂါးမျိုးနွယ်၏ အော်ရာသည် သိပ်ပြီး သိသာထင်ရှားခြင်းမရှိပေ။ အခြားသောသားရဲတောကောင်များသည် အဲ့ဒါကို အာရုံခံမိချင်မှ အာရုံခံမိမည်ဖြစ်သော်လည်း မြွေနဂါးတစ်ကောင်အနေဖြင့် သူကတော့ အဲ့ဒါကို အာရုံခံမိနိုင်ခဲ့လေသည်။

အနည်းဆုံးတော့ ထိုအော်ရာမှာ သူက တုန်လှုပ်ချောက်ချားမှုကို ခံစားခဲ့ရ၏။

အဲ့ဒါသည် သူ၏မျိုးဆက်သွေးအနက်ပိုင်းထဲမှာ အမြစ်တွယ်လာခဲ့သော ခြိမ်းခြောက်မှုတစ်ခုဖြစ်လေသည်။

ထိုအော်ရာသည် ထွက်ပေါ်လာခဲ့သော ရတနာတစ်ခုထံမှ ဖြစ်ရမည်ဖြစ်ပြီး အဲ့ဒါက နဂါးမျိုးနွယ်နှင့် ပက်သက်ဆက်နွယ်မှု သေချာပေါက်ရှိရပေမည်။

“ငါကသာ အဲ့ဒီရတနာကို ရယူနိုင်မယ်ဆိုရင် ငါ့ရဲ့ခွန်အားက တစ်ဟုန်ထိုးမြင့်မားလာလိမ့်မယ် ၊ ပြောရမယ်ဆို ငါ့ရဲ့ဘဝမှာ အစစ်အမှန်နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲဖို့ အခွင့်အရေးတစ်ခုကိုတောင် ရလာနိုင်တယ်”

မြစ်သားရဲက တူန်လှုပ်သွားပြီး မြေပြင်ပေါ်မှာ ကပျာကယာ ဒူးထောက်ချကာ ကျယ်လောင်စွာဖြင့် ပြောလိုက်၏။

“ဂုဏ်ယူပါတယ် ပိုင်နက်အရှင်”

တန်ဖိုးကြီးဝတ်ရုံနှင့်လူက ခပ်လှမ်းလှမ်းသို့ ငေးမျှော်ကြည့်ပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်၏။

“အဲ့ဒီနေ့ကို ရောက်လာမယ်ဆိုရင် ဒီဘာမဟုတ်တဲ့ တစ္ဆေမြစ်က်ို မပြောနဲ့ သားရဲတစ်ထောင် တောင်ကြားတစ်ခုလုံးကတောင် ငါ့ကို ထိန်းထားနိုင်မှာမဟုတ်တော့ဘူး”

All Chapters