← Chapters

သားရဲများ စုဝေးကြခြင်း

Vol. 55 Ch. 823

သားရဲများ စုဝေးကြခြင်း

Vol. 55 Ch. 823

ဤနေ့တွင် လရောင်ငိုကြွေးတောင်၏ ကောင်းကင်ထက်၌ တိမ်ညိုတိမ်မည်းများက ပြည့်နှက်နေပြီး လေပြင်းများက ဒေါသတကြီး အော်မြည်တိုက်ခတ်နေ၏။ မုန်တိုင်းတစ်ခုက ချဉ်းကပ်လာလေပြီ။

မဟူရာဝံပုလွေနှင့် ချန်ရူယီသည် သူတို့၏လိုဏ်ဂူခန်းဝါထဲကနေ လျှောက်လှမ်းထွက်လာကြ၏။ သူတို့သည် ခေါင်းမော့၍ကြည့်လိုက်ပြီး သုန်မှုန်နေသော အမူအရာများဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြ၏။

တိမ်ညိုတိမ်မည်းများက ကောင်းကင်တစ်ခွင် ပြည့်နှက်နေလေသည်။

မင်ကဲ့သို့ နက်မှောင်၍ တအုန်းအုန်း လှုပ်ရှားနေသော တိမ်ညိုတိမ်မည်းများအတွင်းတွင် သတ်ဖြတ်လိုစိတ်များကို သူတို့နှစ်ယောက်စလုံးက ခံစားမိကြ၏။

သူတို့၏ ကျင့်ကြံမှုအဆင့်အရောက်တွင် အန္တရာယ်အပေါ် သူတို့၏ အာရုံခံစားမှုက ထက်ရှလာ၏။ အဲဒါက ဗီဇဓာတ်အရ အလိုလိုတုံ့ပြန်လာခြင်း ဖြစ်လေသည်။

“အဲဒါက နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့”

ချန်ရူယီက တိတ်တဆိတ် ရေရွတ်လိုက်၏။

မဟူရာဝံပုလွေက လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

“စစ်ပွဲအတွက် ပြင်ဆင်ဖို့အမိန့်ကို အဆင့်ဆင့် ဖြန့်ဝေလိုက်ကြ”

“နားလည်ပါပြီ”

ကြွက်သည် လက်နှစ်ဖက်ဆုပ်၍ နောက်ဆုတ်လိုက်ပြီး မကြာမီ ပျောက်ကွယ်သွားခဲ့၏။

ထိုစဉ်မှာပင်.. မျောက်၊ စိတ်ဝိညာဉ်ကျား၊ ချင်ချင်နှင့် မြေခွေးလေးတို့သည် သူတို့၏အခန်းထဲကနေ ထွက်လာကြပြီး ဤနေရာသို့ ရောက်ရှိလာကြ၏။

မဟူရာဝံပုလွေက သူတို့လေးယောက်ကို ဝေ့ကြည့်လိုက်၏။ သူသည် သူတွေ့မြင်လိုသောလူကို မမြင်ရသောအခါ သူက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မနေနိုင်ဘဲ ထုတ်မေးလိုက်၏။

“မုန်တိုင်းကတော့ ချဉ်းကပ်လာနေပြီ.. ပိုင်နက်အရှင်မိုက ထွက်မလာသေးဘူးလား”

“သူက တံခါးပိတ်ကျင့်ကြံနေတယ်.. သူ့ကို သွားပြီးတော့ နှောင့်ယှက်စရာ မလိုသေးဘူး”

မျောက်က လက်ကာပြလိုက်၏။

“တကယ်လို့ သန်မာအားကောင်းတဲ့ ရန်သူက ရောက်ရှိလာတယ်ဆိုရင်.. သူက သေချာပေါက် ထွက်လာလိမ့်မယ်”

ထိုသို့ သူပြောလိုက်သည့်ခဏမှာပင် ခပ်လှမ်းလှမ်းမှ တရှဲရှဲအသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ကြရ၏။ မရေမတွက်နိုင်သော ပုရွက်ဆိတ်များက မြေပြင်ပေါ်မှာ တွားသွားလာကြသည့်အလား အသံက ပို၍ပို၍ ရှင်းလင်းလာ၏။

ရှေးဟောင်းသစ်ပင်များသည် ယိမ်းထိုးသွားပြီး တစ်ပင်ပြီးတစ်ပင် ကျိုးပျက်ကျကုန်၏။

အစကတော့.. ထိုနေရာဝန်းကျင်တွင် စိမ်းစိုလန်းဆန်းသော သစ်ပင်၊ ဝါးပင်များဖြင့် ပြည့်နှက်နေခဲ့၏။

သို့သော်လည်း.. တရှဲရှဲအသံများ ချဉ်းကပ်လာသည်နှင့်အမျှ လမ်းတစ်လျှောက်တွင် စိမ်းစိုလန်းဆန်းမှုများက ညိုးခြောက်သွားခဲ့၏။

တစ်ခဏအတွင်း.. သစ်ပင်၊မြက်ပင်များ ညိုးခြောက်သွားခြင်းနှင့်အတူ အသက်ဓာတ်အားလုံးက ဖြတ်တောက်ခြင်းခံလိုက်ရ၏။

“ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ အဆိပ်လဲ”

ချင်ချင်က နှာခေါင်းတစ်ချက်ရှုံ့ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

ချန်ရူယီက ပြောလိုက်လေသည်။

“မဟူရာသဲတောင်ရိုးကတော့ ရောက်လာပြီထင်တယ်”

ထိုစဉ်မှာပင်.. လရောင်ငိုကြွေးတောင်၏ သားရဲစစ်တပ်က စုစည်းလာခဲ့လေပြီ။

အဲဒီမှာ.. ရွှေအမြုတေအဆင့် စိတ်ဝိညာဉ်သားရဲ တစ်သောင်းကျော်ရှိပြီး အဆင့်နိမ့်မိစ္ဆာသားရဲက ငါးဆယ်ကျော်ရှိလေသည်။ မဟူရာဝံပုလွေနှင့် ချန်ရူယီတို့ကသာလျှင် အလယ်အလတ်အဆင့် မိစ္ဆာသားရဲများဖြစ်ပြီး သူတို့အားလုံးက ဤနေရာမှာ စုဝေးလာကြ၏။

သိပ်မကြာမီ အကွာအဝေးတစ်ခုမှာ ညိုးခြောက်လာသော မြက်ပင်များသည် တဖြည်းဖြည်းနှင့် သူတို့ဆီသို့ ယိမ်းညွတ်လာသည်ကို တွေ့လိုက်ရ၏။

သားရဲများ အားလုံးက လှည့်ကြည့်လိုက်ကြ၏။

ကင်းမြီးကောက်တပ်ဖွဲ့တစ်ဖွဲ့သည် သိပ်သည်းများပြားစွာဖြင့် ချီတက်လာကြပြီး.. သူတို့လာရာ လမ်းတလျှောက်တွင် အသက်ဓာတ်အားလုံးက ဖြတ်တောက်ခြင်းခံလိုက်ရပြီး.. ထိုနေရာတွင် တိတ်ဆိတ်ခြောက်ကပ်သော ကုန်းမြေပြင်သာလျှင် ကျန်ရစ်ခဲ့၏။

ရှေ့ဆုံးတွင် လူသားသွင်ပြင်ယူထားသော အဆင့်နိမ့်မိစ္ဆာသားရဲ တစ်ရာကျော်ရှိပြီး သူတို့က မဟူရာကင်းမြီးကောက်များပေါ်တွင် မတ်တပ်ရပ်နေကြ၏။

သူတို့၏ခေါင်းဆောင်က သုန်မှုန်နေသော အမူအရာဖြင့် အနက်ရောင်ဝတ်လူတစ်ယောက် ဖြစ်လေသည်။ သူ့ထံမှ ညှီစို့စို့အနံ့တစ်ခုက လှိုင်ထွက်နေပြီး သူကတော့ မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်ပင်ဖြစ်လေသည်။

သူ့နောက်တွင် စွမ်းအားကြီးသော အော်ရာများဖြင့် အလယ်အလတ်အဆင့်မိစ္ဆာသားရဲ ငါးယောက်ရှိနေ၏။

လရောင်ငိုကြွေးတောင်ရှိ သားရဲများ၏အမူအရာက ပြောင်းလဲသွားကြ၏။

မဟူရာသဲတောင်ရိုး၏ခွန်အားသည် လရောင်ငိုကြွေးတောင်ထက် သာလွန်နေသည်မှာ သိသာလေသည်။

မဟူရာဝံပုလွေက လက်သီးနှစ်ဖက်ကိုဆုပ်ပြီး သုန်မှုန်စွာဖြင့် မေးလိုက်၏။

“ကင်းမြီးကောက်.. ခင်ဗျားက နောက်ဆုံးတော့ မချုပ်တည်းနိုင်တော့ဘူးပေါ့လေ”

“ငါက ဒီနေရာကို လရောင်ငိုကြွေးတောင်အတွက် ရောက်လာတာ မဟုတ်ဘူး”

မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်က မဟူရာဝံပုလွေနှင့်ချန်ရူယီကို အေးစက်စွာ ဖြတ်ကြည့်လိုက်၏။ သူက မျောက်နှင့်အခြားသုံးယောက်ကို တည့်တည့်စိုက်ကြည့်လိုက်ပြီးနောက် ရေခဲတမျှ အေးစက်သောအသံဖြင့် မေးလိုက်လေသည်။

“ပြီးခဲ့တဲ့ နှစ်ဝက်က မင်းတို့တွေက မဟူရာသဲတောင်ရိုးမှာ တစ်ယောက်ယောက်ကို သတ်ဖြတ်ခဲ့သေးလား”

“ငါတို့ သတ်ခဲ့တယ်.. အဲ့တော့ ဘာဖြစ်လဲ”

မျောက်က ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် သူ၏ခေါင်းကိုမော့ပြီး လှောင်ရယ်မောကာ ပြန်မေးလိုက်၏။

“ဟုတ်ပြီလေ”

မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်က ခေါင်းညိတ်လိုက်၏။

“မင်းက အဲဒါကို ဝန်ခံလိုက်ပြီဆိုမှတော့ ငါက သိပ်ပြီး အပင်ပန်းခံစရာ မလိုတော့ဘူးပေါ့.. ဒီနေ့မှာတော့ မင်းတို့တွေကို ငါ့သားနဲ့အတူ မြုပ်နှံပေးမယ်”

“ဟိုကင်းမြီးကောက်ကို ပြောတာလား”

စိတ်ဝိညာဉ်ကျားက မျက်မှောင်ကြုတ်လိုက်၏။

“သူ ထွက်ပြေးသွားတာကို ငါမြင်လိုက်ပါတယ်”

“ဒါပေမဲ့ နောက်ပိုင်းမှာ သူက ပူးကပ်သိမ်းပိုက်ခြင်းဖြစ်စဉ်မှာ ကျရှုံးသွားပြီးတော့.. အခုဆို သူက သေသွားပြီ”

မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်က ကြောက်မက်ဖွယ်ရာလေသံနှင့်အတူ တစ်လုံးချင်း ဟိန်းဟောက်ပြောဆိုလိုက်၏။

ကျားက ဟားတိုက်ရယ်မောလိုက်ပြီး မျက်လုံးစွေကြည့်လိုက်၏။

“အဲဒါက ငါတို့ရဲ့အမှားမှ မဟုတ်တာ.. သူက ဉာဏ်ထိုင်းလွန်းတဲ့အတွက် သူ့ကိုယ်သူပဲ အပြစ်တင်ရလိမ့်မယ်”

“မင်းကတော့ သေချင်နေပြီပဲ”

မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်သည် အံကိုကြိတ်ပြီး မဟူရာဝံပုလွေကို လှည့်ကြည့်ကာ အေးစက်စွာဖြင့် မေးမြန်းလိုက်၏။

“မဟူရာဝံပုလွေ.. မင်းက အဲဒီလေးယောက်ကို ငါ့ဆီလက်လွှဲပေးမယ်ဆိုရင် ငါက မင်းအသက်ကို ချမ်းသာပေးဖို့ စဉ်းစားပေးမယ်”

မဟူရာဝံပုလွေက ပြုံးစစနှင့် ခေါင်းကိုသာ ခါယမ်းပြီး ဘာမှမပြောပေ။

သူနှင့် လရောင်ငိုကြွေးတောင်အတွက် ထွက်လမ်းက မရှိတော့ပေ။

“လရောင်ငိုကြွေးတောင်မှာ ပိုင်နက်အရှင်အသစ်တွေ ပေါ်လာတယ်လို့ စောစောက ငါကြားခဲ့ရသေးတယ်.. သူတို့က အဆင့်နိမ့်မိစ္ဆာသားရဲတစ်အုပ်စုလို့ ပြောတယ်.. ဟီးဟီး.. အစကတော့ ငါက အဲဒါကို မယုံချင်ဘူး.. ဒါပေမဲ့လို့ ကောလဟာလတွေက အမှန်တကယ်ဖြစ်ပုံရတယ်”

နောက်ထပ် အေးစက်စက် အသံတစ်သံက လေထဲကနေ ထွက်ပေါ်လာ၏။

ထို့နောက် ချက်ချင်းဆိုသလိုပင်.. မည်းမှောင်နေသော တိမ်စိုင်များက လှုပ်ခတ်သွားပြီး ပုံရိပ်များက အနီးနားဝန်းကျင်တွင် တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကြ၏။ အဲဒီမှာ သူတို့က အနည်းဆုံး အယောက်တစ်သောင်းရှိပြီး တောင်တန်းများနှင့် တောအုပ်များပေါ်မှာ ဖြန့်ကျက်နေရာယူလိုက်ကြ၏။

သူတို့၏ခေါင်းဆောင်က ပိန်ပိန်ပါးပါးမျက်နှာနှင့် အမျိုးသားတစ်ယောက် ဖြစ်လေသည်။ သူက ထက်ရှသော သွားများနှင့်အတူ လှောင်ရယ်လိုက်ပြီး မကောင်းဆိုးရွားဆန်သော အော်ရာတစ်ခုက ဖြာထွက်လာ၏။ သူကတော့ ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်ပင်ဖြစ်လေသည်။

ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်နောက်တွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများကို ပိုင်ဆိုင်ထားသည့် အလယ်အလတ်အဆင့်မိစ္ဆာသားရဲ ခုနှစ်ယောက်ရှိနေ၏။

ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်သည် သူ၏သားရဲများကို မည်းမှောင်နေသော တိမ်စိုင်များကြားမှာ ဝှက်ထားပြီး သူတို့၏တည်ရှိမှုကို ဖုံးကွယ်ကာ လေနှင့်အတူ ရောက်ရှိလာ၏။ သူတို့၏ လရောင်ငိုကြွေးတောင်အပေါ် ရုတ်တရက် ဆင်းသက်လာမှုက တုန်လှုပ်ချောက်ချားစရာကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်လေသည်။

မဟူရာဝံပုလွေနှင့် ချန်ရူယီသည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့နှစ်ယောက်သည် တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် တုန်လှုပ်မှုကို မြင်လိုက်ကြရ၏။

တခြားအရာများကို အသာထား၊ စိတ်ဝိညာဉ်သားရဲများနှင့် အလယ်အလတ်အဆင့်မိစ္ဆာသားရဲ အရေအတွက်မှာ မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူက အပြတ်အသတ် သာလွန်နေလေသည်။

ထိုနှစ်မြေနှစ်ခုသည် ပကတိသာလွန်သော အလယ်အလတ်အဆင့်မိစ္ဆာသားရဲများ၏ အရေအတွက်ကိုလည်း ပိုင်ဆိုင်ထား၏။

မဟူရာသဲတောင်ရိုးတွင် ပိုင်နက်အရှင်အပါအဝင် အဲဒီမှာ အလယ်အလတ်အဆင့်မိစ္ဆာသားရဲ ခြောက်ယောက်ရှိနေ၏။

ဆိုင်ကလုန်းလိုဏ်ဂူတွင် ပိုင်နက်အရှင်အပါအဝင် အဲဒီမှာ အလယ်အလတ်အဆင့်မိစ္ဆာသားရဲ ရှစ်ယောက်ရှိနေ၏။

မဟူရာဝံပုလွေနှင့်ချန်ရူယီသည် ပိုင်နက်အရှင်နှစ်ပါးကို တိုက်ခိုက်ရမည်ဆိုလျှင်တောင် သူတို့က အနိုင်ရရှိဖို့ မသေချာပေ။ ယခုလို အလယ်အလတ်အဆင့်မိစ္ဆာသားရဲ ဆယ့်နှစ်ယောက်ရှိနေသည့် အခြေအနေမှာဆိုလျှင်တော့…။

သူတို့၏ပိုင်နက်အရှင်အသစ် မိုသည် အနီးကပ်တိုက်ခိုက်ရေးမှာ သန်မာသော်လည်း.. သူက မကြာသေးခင်ကမှ နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းလာခဲ့ခြင်းဖြစ်ပြီး အဲဒါကို အားလုံးက သိထားကြလေသည်။ သူက အလယ်အလတ်အဆင့်မိစ္ဆာသားရဲ ဆယ့်နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ဘယ်လိုရင်ဆိုင်နိုင်မှာလဲ။

မဟူရာဝံပုလွေက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ပြောလိုက်၏။

“တကယ်တော့ လရောင်ငိုကြွေးတောင်ရဲ့ ပိုင်နက်အရှင်က ပြောင်းလဲသွားပြီ… အဲဒါက ကျုပ်ဘေးက သူတို့တွေပဲ”

“ဟားဟားဟားဟား”

ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်က အရယ်ရဆုံးဟာသကို ကြားလိုက်ရသည့်အလား ခေါင်းမော့၍ ရယ်မောလိုက်၏။

“မင်းက အဆင့်နိမ့်မိစ္ဆာသားရဲအချို့ကိုတောင် မင်းရဲ့ထိုင်ခုံကို လွှဲပေးလိုက်ရတယ်ဆိုတော့.. တကယ့် ကြောင်တိကြောင်တောင်ဟာသပဲ.. မဟူရာဝံပုလွေ.. မင်းက မင်းရဲ့မျိုးနွယ်စုတစ်ခုလုံးကို အရှက်ရစေတာပဲ”

လရောင်ငိုကြွေးတောင်၏သားရဲများသည် မကျေမချမ်း ရှက်ရွံ့သော အမူအရာများဖြင့် ခေါင်းငုံ့လိုက်ကြ၏။

အပြင်လူများကို အသာထား.. လရောင်ငိုကြွေးတောင်၏ သားရဲတောကောင်များပင်လျှင် ဖြစ်ပျက်ခဲ့သည့်အရာများကို နားမလည်နိုင်ကြပေ။

မဟူရာဝံပုလွေ၏မျက်နှာကလည်း ဖြူဖတ်ဖြူရော်ဖြစ်သွား၏။

တကယ်တော့.. ကိစ္စများက ကျိုးကြောင်းဆီလျော်မှု မရှိပေ။

သူက အဲဒါကို ရှင်းပြစရာ အကြောင်းမရှိပေ။

သူက အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ထံမှာ ရှုံးနိမ့်ခဲ့ရသည်ဆိုတာကို လူတိုင်းရဲ့ရှေ့မှာ ဝန်ခံရမည်လား။

ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်က ဆက်ပြောလိုက်၏။

“မဟူရာဝံပုလွေ.. ချန်ရူယီ.. မင်းတို့က အခုချိန်မှာ ပိုင်နက်အရှင်တွေ မဟုတ်ကြတော့ဘူးဆိုရင်တောင် တစ်ယောက်မှ အသက်ရှင်ရလိမ့်မယ် မထင်နဲ့.. ပြီးခဲ့တဲ့နှစ်ဝက်က မင်းတို့နှစ်ယောက်က ငါ့လက်အောက်က မိစ္ဆာသားရဲနှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်.. ဒီနေ့မှာ ငါက အဲဒီသွေးကြွေးကို ပြန်တောင်းရလိမ့်မယ်”

ထိုသို့ပြောလိုက်သည့်ခဏမှာပင်.. လရောင်ငိုကြွေးတောင်၏ ဘေးပတ်လည်ရှိလေထုက အလွန်တရာ တင်းကျပ်လာခဲ့၏။

အဖွဲ့အစည်းသုံးခုကြားတွင် တိုက်ပွဲတစ်ခုက အချိန်မရွေး ထွက်ပေါ်လာတော့မည့်အလားပင်။

ဝေါ..

ထိုစဉ်မှာပင်.. မိုးများက ရွာချလာ၏။

မိုးများက သည်းထန်လွန်းသော်လည်း အဲဒါက သားရဲများ၏ဘေးပတ်လည်ရှိ သတ်ဖြတ်လိုသော အော်ရာများကို ဆေးကြောမပေးနိုင်ပေ။

သတ်ဖြတ်လိုသော စိတ်ဆန္ဒများသည် တောအုပ်တစ်ခုလုံးကို ဖြန့်ကျက်သွားပြီး သွေးရနံ့က ဖြာထွက်လာ၏။

သားရဲများပေါ်ရှိ အဝတ်အစားများသည် မိုးရေများဖြင့် စိုရွှဲနေခဲ့ပြီဖြစ်၏။ ပုတီးစေ့အရွယ် မိုးပေါက်များက သူတို့မျက်နှာပေါ်ကနေ လျှောဆင်းလာသော်လည်း မည်သူကမှ လှုပ်ရှားခြင်း မရှိကြပေ။

ယခုအချိန်တွင်.. ရုတ်တရက် လှုပ်ရှားမှုတစ်ခုက ကြီးမားသည့်တိုက်ပွဲကို ဦးတည်သွားစေနိုင်၏။

“စိတ်ဝင်စားစရာပဲ”

လှောင်ပြောင်သရော်လိုသော လေသံနှင့်အတူ မိုးရေများထဲမှ နောက်ထပ်အသံတစ်သံက ထွက်ပေါ်လာ၏။

“အဲဒါက သူပဲ”

မဟူရာသဲတောင်ရိုးနှင့်‌ ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်များအပြင် အလယ်အလတ်အဆင့်မိစ္ဆာသားရဲများ အားလုံးသည် ရင်တစ်ချက်ထိတ်သွားပြီး အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြ၏။

ဘန်း.. ဘုန်း.. ဘုန်း..

မလှမ်းမကမ်းရှိ တောင်ကြားတစ်ခုမှာ ကျယ်လောင်သော ရေသံများက ထွက်ပေါ်လာပြီး ပြင်းထန်အားကောင်းသည့် ရေလှိုင်းများက တိုးဝင်လာသည့်အလားပင်။

ပြင်းထန်အားကောင်းသည့် ရေစီးကြောင်းများသည် နေရာတစ်ခွင် လွှမ်းခြုံသွားပြီး တဝုန်းဝုန်းအော်မြည်၍ ရှေ့သို့ထိုးတက်လာ၏။ ကြီးမားသည့် ရေလှိုင်းလုံးကြီးများသည် လရောင်ငိုကြွေးတောင်တစ်ခုလုံးကို ဆွဲယူနှစ်မြုပ်တော့မည့်အလားပင်။

သားရဲများက တုန်လှုပ်သွားကြ၏။

ဆိုင်ကလုန်းလိုဏ်ဂူနှင့် မဟူရာသဲတောင်ရိုး၏ သားရဲတောကောင်များသည် ထိုရေလှိုင်းလုံးများအောက်တွင် နှစ်မြုပ်ခံရမည်ကို စိုးရိမ်ပြီး အလိုလိုနောက်ဆုတ်လိုက်ကြ၏။

သို့သော်လည်း.. လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတချို့က ပြန်လည်ထိန်းချုပ်လိုက်သည့်အလား.. လရောင်ငိုကြွေးတောင်ပေါ်သို့ ရောက်ရှိလာတော့မည့် ရေလှိုင်းလုံးကြီးများသည် ရုတ်တရက် ရပ်တန့်သွားခဲ့၏။

ပြင်းထန်အားကောင်းသော ကမ္ဘာဖျက်ရေလှိုင်းလုံးများကို တားဆီးနိုင်သော စွမ်းပကားက များစွာပို၍ပင် ကြောက်စရာကောင်းနေ၏။

သားရဲများ၏ရှေ့တွင် ပြင်းထန်အားကောင်းသည့် ရေစီးကြောင်းများက တဝေါဝေါစီးဆင်းနေပြီး လှိုင်းလုံးများက ရိုက်ခတ်နေ၏။

အကြီးမားဆုံး ရေလှိုင်းလုံးတစ်ခု၏အထက်တွင် လက်နှစ်ဖက်နောက်ပစ်ထားသော လူတစ်ယောက်ရှိနေ၏။ သူက အလွန်တရာ ဖိနှိမ်နိုင်သော အော်ရာတစ်ခုနှင့်အတူ ဝင့်ကြွားစွာဖြင့် မတ်တ်ရပ်နေ၏။

သူ့နောက်ဘက်ရှိ ရေစီးကြောင်းများထဲတွင် မြစ်သားရဲများ၏ပုံရိပ်ကို ခပ်ရေးရေး မြင်နေရလေသည်။

All Chapters