တိုက်ပွဲစတင်ခြင်း
Vol. 55 Ch. 824
အဲဒါက တစ္ဆေမြစ်၏ပိုင်နက်အရှင် တစ်ကိုယ်တော်တိမ်စိုင် ဖြစ်လေသည်။
အဲဒါက သူ့ကိုယ်သူပေးထားသော နာမည်တစ်ခုဖြစ်လေသည်။
အချိန်အများစုမှာ သူက တစ်ယောက်တည်း နေထိုင်၏။ တစ်ချိန်တည်းမှာပင် သူသည် တစ္ဆေမြစ်၏ တစ်ဦးတည်းသော အလယ်အလတ်အဆင့်မိစ္ဆာသားရဲတစ်ယောက်ဖြစ်ပြီး အဲဒီမှာ မည်သည့်လက်ထောက်ပိုင်နက်အရှင်မှ ရှိမနေပေ။ အဲဒါကြောင့် တစ်ကိုယ်တော်ဆိုသော စကားလုံးက သူနှင့်ကိုက်ညီလေသည်။
တိမ်စိုင်များသည် နဂါးများ၏အမိန့်ကို နာခံရလေသည်။ ထို့ကြောင့် တိမ်စိုင်ဆိုသော စကားလုံးက သူ့ရည်မှန်းချက်ကို ကိုယ်စားပြုလေသည်။
တစ်နေ့မှာ သူသည် အစစ်အမှန်နဂါးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလဲနိုင်ရပေမည်။ အဲဒီအခါ.. သူက နဂါးမျိုးနွယ်၏ ကျင်လည်ကျက်စားရာနေရာသို့ ထွက်ခွာပြီး သူတို့၏ အစစ်အမှန်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။
တစ်ကိုယ်တော်တိမ်စိုင်၏ ပေါ်ထွက်လာမှုသည် နယ်မြေသုံးခုက ရောက်ရှိလာပြီဟု ဆိုလိုလေသည်။ မဟူရာသဲတောင်ရိုး၊ ဆိုင်ကလုန်းလိုဏ်ဂူနှင့် တစ္ဆေမြစ်တို့က ဤနေရာမှာ စုဝေးလာကြလေပြီ။
ပိုင်နက်အရှင်သုံးယောက်သည် မတူညီသော အရပ်မျက်နှာများမှာ မတ်တပ်ရပ်နေကြပြီး စွမ်းအားကြီးသော အော်ရာများကို ထုတ်ပေးနေကြ၏။ သူတို့၏ဖိအားက မွန်းကျပ်ဖွယ်ရာကောင်းပြီး သူတို့၏တည်ရှိမှုသည် နေရာတစ်ခုလုံးကို လွှမ်းခြုံထား၏။
မဟူရာဝံပုလွေနှင့် ချန်ရူယီက ရင်ထဲမှာ ပိုမို၍ ထိတ်လန့်လာကြ၏။
တစ်ကိုယ်တော်တိမ်စိုင်သည် ကြီးမားသည့် လှိုင်းခုံးတစ်ခုပေါ်မှာ လက်နှစ်ဖက်နောက်ပစ်ပြီး မတ်တပ်ရပ်နေ၏။ သူက လရောင်ငိုကြွေးတောင်၏ သားရဲတောကောင်များကို ခံစားချက်ကင်းမဲ့စွာ ငုံ့ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“မဟူရာသဲတောင်ရိုးက မင်းတို့ရဲ့သခင်လေးအတွက် ဒီနေရာကို လက်စားချေဖို့ ရောက်လာတာဆိုတော့ မင်းတို့လိုချင်တာက အဲဒီအဆင့်နိမ့်မိစ္ဆာသားရဲ လေးယောက်ပဲ.. ဆိုင်ကလုန်းလိုဏ်ဂူက မင်းတို့ရဲ့မိစ္ဆာသားရဲအတွက် လက်စားချေဖို့ လာတာဆိုတော့ မင်းတို့လိုချင်တာက မဟူရာဝံပုလွေနဲ့ ချန်ရူယီပဲ.. ကိစ္စက အဲ့လိုဆိုမှတော့ လရောင်ငိုကြွေးတောင်ရဲ့ ပိုင်နက်နယ်မြေကတော့ တစ္ဆေမြစ်ရဲ့အပိုင်ပဲ”
“ဟမ့်”
မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်က အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။
“တစ်ကိုယ်တော်တိမ်စိုင်.. လရောင်ငိုကြွေးတောင်က ကျယ်ပြောတဲ့ နယ်မြေတစ်ခုပဲ.. ခင်ဗျားက အဲဒါကို ခင်ဗျားတစ်ယောက်တည်း အပိုင်စီးမယ်လို့ တွေးထားတာလား”
“တစ်ကိုယ်တော်တိမ်စိုင်.. ခင်ဗျားက သိပ်ပြီးတော့ လောဘကြီးလွန်းနေတယ် မဟုတ်ဘူးလား”
ဆိုင်ကလုန်းလိုဏ်ဂူ ပိုင်နက်အရှင်၏ အမူအရာကလည်း သုန်မှုန်သွားပြီး မျက်မှောင်ကြုတ်လိုက်၏။
ပိုင်နက်အရှင်နှစ်ယောက်သည် စိတ်ထဲမှာ မကျေမနပ်ဖြစ်သွားကြသော်လည်း သူတို့က သူတို့၏စကားကို လက်လွတ်စပယ် ပြောဆိုရဲခြင်း မရှိပေ။
တစ္ဆေမြစ်တွင် အလယ်အလတ်အဆင့်မိစ္ဆာသားရဲ တစ်ယောက်သာရှိသော်လည်း သူ၏အစစ်အမှန်ပုံစံက မြွေနဂါးတစ်ကောင်ဖြစ်၏။ အဲဒါက ကြောက်စရာကောင်းသော မျိုးဆက်သွေးတစ်ခုနှင့်အတူ မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်များအကြားမှာ ထိပ်တန်းအဆင့် တည်ရှိမှုတစ်ခု ဖြစ်လေသည်။
သူတို့က ပူးပေါင်းတိုက်ခိုက်ကြလျှင်တောင်.. တစ်ကိုယ်တော်တိမ်စိုင်၏ပြိုင်ဘက် ဖြစ်နိုင်ချင်မှ ဖြစ်ပေလိမ့်မည်။
“ဘာလဲ.. မင်းတို့နှစ်ယောက်က ငါ့ကို ကန့်ကွက်ချင်တာလား”
တစ်ကိုယ်တော်တိမ်စိုင်၏အကြည့်သည် မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်များထံသို့ တဖြည်းဖြည်းချင်း ရွေ့လျားသွား၏။ သူ၏လေသံတွင် ချောက်ချားဖွယ်ရာ သတ်ဖြတ်လိုစိတ်တစ်ခုက ပါဝင်နေ၏။
မဟူရာဝံပုလွေနှင့် ချန်ရူယီသည် ထိုသည်ကိုကြည့်ပြီး အမူအရာကင်းမဲ့နေကြသော်လည်း သူတို့က တိတ်တဆိတ် ကျေနပ်နှစ်ခြိုက်သွား၏။
မဟူရာသဲတောင်ရိုး၊ ဆိုင်ကလုန်းလိုဏ်ဂူနှင့် တစ္ဆေမြစ်တို့က အချင်းချင်းတိုက်ခိုက်ကြမည်ဆိုလျှင် အဲဒါက အကောင်းဆုံးရလဒ် ဖြစ်လေသည်။ ထိုသို့ဖြင့် လရောင်ငိုကြွေးတောင်က အသက်ရှင်နိုင်ဖို့အတွက် အခွင့်အရေးတစ်ခုကို ရလာနိုင်ကောင်းလေသည်။
မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်နှစ်ယောက်သည် တစ်ကိုယ်တော်တိမ်စိုင်၏ ခြိမ်းခြောက်မှု၌ သုန်မှုန်ခက်ထန်သွားကြ၏။
ဘာပဲပြောပြော သူတို့သည် ပိုင်နက်အရှင်များဖြစ်ကြပြီး အများ၏ရှေ့မှောက်တွင် ဤကဲ့သို့ ခြိမ်းခြောက်ခံရခြင်းက သူတို့အပေါ် မလေးမစား ဆက်ဆံရာကျလေသည်။ သို့သော်လည်း.. သူတို့နှစ်ယောက်စလုံးသည် အကြည့်ချင်းဖလှယ်ပြီးနောက် အလိုလိုနားလည်မှုတစ်ခု ရယူလိုက်၏။ လက်ရှိအခြေအနေအရ မည်သူကမှ တစ်ကိုယ်တော်တိမ်စိုင်နှင့် ခိုက်ရန်မဖြစ်ပွားလိုကြပေ။
မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်သည် အံကိုကြိတ်ပြီး သူ၏မာန်မာနကို ပြန်မျိုချကာ ကြေညာလိုက်၏။
“တစ်ကိုယ်တော်တိမ်စိုင်.. ဒီနယ်မြေကို ဘယ်လိုခွဲဝေကြမလဲဆိုတာ နောက်ကျမှ ဆွေးနွေးကြတာပေါ့.. အခုအချိန်မှာ အရေးတကြီးလုပ်ဖို့လိုတာက လရောင်ငိုကြွေးတောင်ကို အမြန်ဆုံး ဖျက်စီးဖို့ပဲ”
“အမှန်ပဲ.. ကျုပ်တို့က အချင်းချင်းတိုက်ခိုက်နေလို့ မဖြစ်ဘူး.. မဟုတ်ရင် လရောင်ငိုကြွေးတောင်က အမြတ်ထုတ်သွားလိမ့်မယ်”
ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်ကလည်း ခေါင်းညိတ်လိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ အဆင်ပြေတယ်”
တစ်ကိုယ်တော်တိမ်စိုင်က ဂရုမထားဟန်ဖြင့် ပြန်ပြောလိုက်၏။
သူတို့အားလုံးသည် ပိုင်နက်အရှင်များဖြစ်ကြပြီး နှစ်ပေါင်းထောင်ချီ၍ ကျင့်ကြံလာခဲ့ကြ၏။ သူတို့အားလုံးသည် အမြင်အာရုံထက်ရှကြပြီး လရောင်ငိုကြွေးတောင်ကို အသာစီးရယူခွင့် ပေးလိမ့်မည် မဟုတ်ပေ။
“ဟီးဟီးဟီးဟီး”
ရုတ်တရက်.. တောင်ထိပ်ဆီမှ ခြောက်ကပ်ကပ် ရယ်သံတစ်သံက ထွက်ပေါ်လာ၏။ အဲဒါက အလွန်တရာ နားကြားပြင်းကတ်စရာ ကောင်းနေလေသည်။
သားရဲများအားလုံးသည် လှည့်ကြည့်လိုက်ကြပြီး ကျောထက်တွင် ရွှေရောင်တောက်တောက် တောင်ဝှေးတစ်ချောင်းကို လွယ်ထားသော မျောက်တစ်ကောင်ကို မြင်လိုက်ကြရ၏။ သူက လက်တစ်ဖက် ခါးထောက်ထားပြီး ပိုင်နက်အရှင်သုံးယောက်ဘက်သို့ လှည့်ကာ အေးစက်စွာဖြင့် လှောင်ပြောင်ရယ်မောနေ၏။
“ဒါက လရောင်ငိုကြွေးတောင်.. လခွမ်းပဲ.. ဒါက ငါ့နယ်မြေကွ”
မျောက်က နှုတ်ခမ်းစူလိုက်ပြီး အကျော်ဇေယျတောင်ဝှေးကိုပုတ်ကာ ပျင်းရိလေးတွဲ့စွာဖြင့် ပြောလိုက်၏။
“မင်းတို့က လရောင်ငိုကြွေးတောင်ကို ခွဲဝေယူချင်တယ်ဆိုလည်း မင်းတို့က သူ့ကို အရင်မေးရမှာပေါ့”
လရောင်ငိုကြွေးတောင်၏သားရဲများက အံ့အားသင့် မှင်တက်သွားကြ၏။
“ဟမ့်”
ပိုင်နက်အရှင်သုံးယောက်သည် တချိန်တည်းမှာ မျက်မှောင်ကြုတ်လိုက်ကြ၏။
လက်ရှိအခြေအနေအရ.. လရောင်ငိုကြွေးတောင်သည် အချိန်မရွေး ပြိုလဲပျက်စီးသွားနိုင်၏။ မည်သည့်သားရဲကမှ သူတို့ အသက်ရှင်နိုင့်ပါ့မလားဆိုတာ အာမမခံနိုင်ကြပေ။
ပိုင်နက်အရှင်သုံးယောက်က လွှမ်းမိုးခြယ်လှယ်နိုင်သော တည်ရှိမှုများဖြစ်ကြ၏။
အဆင့်နိမ့်မိစ္ဆာသားရဲများကို မပြောနှင့်၊ မဟူရာဝံပုလွေနှင့် ချန်ရူယီကဲ့သို့သော အလယ်အလတ်အဆင့်မိစ္ဆာသားရဲများပင်လျှင် သူတို့၏အပြောအဆိုနှင့် အပြုအမူများကို စိုးရိမ်ပူပန်စွာဖြင့် ချုပ်တည်းထားရ၏။
အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်က ရှေ့သို့ထွက်လာပြီး ပိုင်နက်အရှင်သုံးယောက်ကို လှောင်ပြောင်ရန်စရဲလိမ့်မည်ဟု မည်သူက တွေးထင်ထားပါမည်နည်း။
မဟူရာသဲတောင်ရိုး၏ အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်သည် သည်းမခံနိုင်တော့ဘဲ ရှေ့သို့ခုန်တက်ကာ မျောက်ကို လက်ညိုးထိုးပြီး အော်လိုက်၏။
“အရိုင်းအစိုင်းမျောက်.. ဒါက မင်းစကားပြောရမယ့်နေရာ မဟုတ်ဘူး”
မျောက်က ထိုသားရဲကို တစ်ချက်ကြည့်ပြီးနောက် လှောင်ရယ်လိုက်၏။
“ဒီက မင်းပါပါးက လရောင်ငိုကြွေးတောင်ရဲ့ ပိုင်နက်အရှင်ကွ.. မင်းက မင်းကိုယ်မင်း ဘာကောင်ထင်လို့ ငါ့ကို အဲ့လိုပုံစံနဲ့ လာပြောရဲတာလဲ”
ထိုမိစ္ဆာသားရဲသည် ဒေါသူပုန်ထသွားပြီး လေထဲသို့ခုန်တက်ကာ အော်ပြောလိုက်၏။
“အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်က သူ့ကိုယ်သူ ပိုင်နက်အရှင်တစ်ပါးလို့ ဘယ်လိုတောင် ပြောရဲတာလဲ.. တကယ့်ဟာသပဲ.. မင်းမှာ ဘာရှိလဲ ကြည့်ရအောင်.. အရိုင်းအစိုင်းမျောက်.. သေဖို့သာ ပြင်ထားပေတော့”
မျောက်သည် သွားဖြီး၍ မြေပြင်ပေါ်မှာ ခိုင်မာစွာ မတ်တပ်ရပ်နေ၏။ ဘုန်းခနဲ မြည်သံနှင့်အတူ သူက လေထဲသို့ခုန်တက်သွားပြီး ထိုမိစ္ဆာသားရဲ၏ရှေ့သို့ ချက်ချင်းရောက်ရှိသွား၏။
“မင်းပါပါးရဲ့ တောင်ဝှေးကိုလည်း မြည်းကြည့်လိုက်ဦး”
မျောက်က အော်ဟစ်လိုက်ပြီး အကျော်ဇေယျကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လွှဲယမ်းကာ လေထဲတွင် လှပသော စက်ဝန်းတစ်ခုကို ဖြစ်ပေါ်လာစေပြီး ထိုမိစ္ဆာသားရဲ၏ဦးခေါင်းဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။
သူ့တိုက်ခိုက်မှု၏အားမာန်က အရမ်းကို ကြမ်းကြုတ်ပြင်းထန်လေသည်။
ထိုမိစ္ဆာသားရဲသည် အစက ကြီးမားသည့်လှံတစ်လက်ကို ဆုပ်ကိုင်ထားပြီး အပေါ်သို့ ပင့်မြှောက်ကာ မျောက်၏ရင်အုပ်ကို ချိန်ရွယ်ထား၏။
သို့သော်လည်း.. မျောက်၏ တိုက်ခိုက်မှုအားမာန်အဟုန်တွင် သူက တုန်လှုပ်သွားရ၏။ ကြောက်လန့်တကြားနှင့် သူက သူ၏လှံတံကို ရှေ့သို့ပစ်မထိုးရဲတော့ဘဲ ကပျာကယာ ပြန်ရုတ်လိုက်၏။
ထိုသားရဲက သူ၏လှံကို သူ၏ဦးခေါင်းထက်သို့ ပင့်မြှောက်လိုက်သည့်အချိန်မှာပင် သူ၏လှံဆီမှ သိပ်သည်းပြင်းထန်သည့် တုန်ခါလှိုင်းတစ်ခုကို ခံစားလိုက်ရ၏။
သူ၏လက်ဖဝါးက ချက်ချင်းကွဲထွက်သွားပြီး သွေးများက ပန်းထွက်လာ၏။
ထို့နောက် ချက်ချင်းပင် သူ၏နားထဲသို့ အလွန်ကျယ်လောင်သော မြည်ဟည်းသံတစ်ခုက ဝင်ရောက်လာ၏။
ထိုသားရဲ၏ပါးစပ်က အဟောင်းသားဖြစ်သွားပြီး သူ၏မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြည့်နှက်လာ၏။
ခွမ်း..
သူ၏ဓမ္မလက်နက်က တောင်ဝှေးရိုက်ချက်ဖြင့် ကျိုးပဲ့ထွက်သွားလေပြီ။
နောက်ခဏ၌.. ရွှေရောင်အလင်းများက ဖြာထွက်သွားပြီး သူ၏ဦးခေါင်းထံမှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားရကာ သူ၏အသိစိတ်ကို ဆုံးရှုံးလိုက်ရလေသည်။
အားလုံး၏ရှေ့မှောက်မှာပင် မဟူရာသဲတောင်ရိုး၏ အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်သည် မျောက်၏တိုက်ခိုက်မှုတွင် သူ၏လက်နက်က ကျိုးပဲ့ထွက်သွားသည့်အပြင် သူ၏ဦးခေါင်းကပါ ရိုက်ခွဲခံလိုက်ရ၏။
ဦးနှောက်ရည်များက အဘက်ဘက်သို့ ပြန့်ကျဲထွက်သွားပြီး သူ၏အမြုတေစိတ်ဝိညာဉ်ကပါ နေရာမှာတင် ဖျက်စီးခံလိုက်ရ၏။
သူက ရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရလေသည်။
လရောင်ငိုကြွေးတောင်၏နေရာတိုင်းမှာ ရုတ်ရုတ်သဲသဲ အသံများက ထွက်ပေါ်လာ၏။
လရောင်ငိုကြွေးတောင်တွင် ပိုင်နက်အရှင် အပြောင်းအလဲက ဖြစ်ပေါ်လာခဲ့သော်လည်း မည်သူကမှ မျောက်နှင့်အခြားသူများ၏ လှုပ်ရှားမှုကို မတွေ့မြင်ရသည့်အတွက် အကြောင်းရင်းကို နားမလည်နိုင်ခဲ့ကြပေ။
ဤနေ့က ပထမဆုံးအကြိမ် ဖြစ်လေသည်။
အဲဒါက အားပါပြင်းထန်၏။
အဲဒါက လွှမ်းမိုးခြယ်လှယ်နိုင်၏။
အဲဒါက တုန်လှုပ်ချောက်ချားစရာ ကောင်းလေသည်။
မျောက်၏ကျင့်ကြံမှုအဆင့်က နိမ့်ကျသေးသော်လည်း ထိုတိုက်ခိုက်မှုနှင့်အတူ သူက လရောင်ငိုကြွေးတောင်၏သားရဲများအတွက် ဂုဏ်ယူဝင့်ကြွားမှုတစ်ခုကို ယူဆောင်ပေးနိုင်ခဲ့လေသည်။ သူတို့အားလုံးသည် အားမာန်များ တက်ကြွလာသည်ဟု ခံစားရပြီး ရှင်းမပြတတ်သော ပျော်ရွှင်မှုက သူတို့ကြားမှာ လှိုက်တက်လာ၏။
“ဟားဟားဟားဟား”
မျောက်က မဟူရာသဲတောင်ရိုး၏သားရဲတစ်ကောင်ကို သတ်ဖြတ်ပြီးနောက် ခေါင်းမော့၍ ရယ်မောလိုက်၏။ ရူးသွပ်သွားသည့် အမူအရာဖြင့် သူက နယ်မြေသုံးခုမှ သားရဲတောကောင်များကို ငုံ့ကြည့်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။
“မင်းတို့အားလုံးက ဘာကောင်တွေမှ မဟုတ်ဘူး.. မင်းတို့က ရှေ့ကိုထွက်လာပြီး အသေမခံချင်နဲ့.. မင်းတို့ကောင်တွေအစား ငါတောင်ရှက်ရွံ့မိတယ်”
မဟူရာသဲတောင်ရိုး၏ပိုင်နက်အရှင်က အေးစက်စက်အမူအရာရှိနေပြီး သူ၏သွားများကို ပြင်းထန်စွာ ကြိတ်ချေလိုက်သည့်အတွက် တကျွိကျွိအသံများက ထွက်ပေါ်လာလေသည်။
“အရိုင်းအစိုင်းမျောက်.. သိပ်ပြီးတော့ ကြွစောင်းကြွစောင်း လုပ်မနေနဲ့”
မဟူရာသဲတောင်ရိုး၏ပိုင်နက်အရှင်နောက်မှာ ဗလတောင့်တောင့်လူတစ်ယောက်က ရှေ့သို့ ဖျတ်ခနဲထွက်လာပြီး သူ၏လက်ထဲတွင် ကြီးမားသည့်တူတစ်လက်ကို ကိုင်စွဲထား၏။ သူက ခြေလှမ်းကျဲများဖြင့် မျောက်ဆီသို့ ပြေးဝင်သွားလေသည်။
အဲဒါက အလယ်အလတ်အဆင့်မိစ္ဆာသားရဲတစ်ယောက် ဖြစ်လေသည်။
ဤဗလတောင့်တောင့်လူသည် မဟူရာသဲတောင်ရိုး၏ လက်ထောက်ပိုင်နက်အရှင်များထဲမှ တစ်ယောက်ဖြစ်သော အလယ်အလတ်အဆင့်မိစ္ဆာသားရဲ သွမ့်ယုံဖြစ်ကြောင်းကို မဟူရာဝံပုလွေက မှတ်မိလိုက်၏။
“အဲဒီမှာ ငေးငိုင်မနေနဲ့.. သူ့ကို ကယ်ဖို့လုပ်”
မဟူရာဝံပုလွေက အော်ဟစ်လိုက်၏။
သူက မျောက်၏တိုက်ခိုက်မှုကို အရင်က တွေ့မြင်ထားဖူး၏။
သူ၏အမြင်အရ မျောက်သည် အနီးကပ်တိုက်ခိုက်ရေးမှာ သန်မာသော်လည်း သူက အလယ်အလတ်အဆင့်မိစ္ဆာသားရဲများကို ထိပ်တိုက်ရင်ဆိုင်နိုင်သော အဆင့်မှာ ရှိမနေသေးပေ။
ယခုအချိန်တွင်.. ပိုင်နက်အရှင်မိုက ကျင့်ကြံနေရာကနေ ထွက်မလာသေးပေ။ လက်ထောက်ပိုင်နက်အရှင်များအနေဖြင့် မျောက်နှင့်အခြားသူများက အန္တရာယ်ကျရောက်နေသည်ကို သူတို့က ဘေးကနေ ထိုင်ကြည့်နေနိုင်လိမ့်မည် မဟုတ်ပေ။
မဟူရာဝံပုလွေနှင့် ချန်ရူယီက လှုပ်ရှားမှုပြုလိုက်စဉ်မှာပင် မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူမှ ပိုင်နက်အရှင်များကလည်း လှုပ်ရှားလိုက်ကြ၏။ သူတို့က ချက်ချင်းတိုက်ခိုက်လိုက်ပြီး မဟူရာဝံပုလွေနှင့် ချန်ရူယီကို တားဆီးထားလိုက်၏။
မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်က မကောင်းဆိုးရွားဆန်ဆန် ရယ်မောလိုက်လေသည်။
“ဟီးဟီး.. မဟူရာဝံပုလွေ.. မင်းရဲ့ပြိုင်ဘက်က ဒီမှာလေ”
“အလှလေးချန်.. မင်းရဲ့သွေးရနံ့ကတောင် ချိုမြနေသလိုပဲ”
ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး တွေဝေယစ်မူးသော အမူအရာတစ်ခုကို ထုတ်ပြလိုက်၏။ သူက ပေါ့ပါးဖျတ်လတ်၍ တုန်လှုပ်စရာကောင်းသော အမြန်နှုန်းကို ပိုင်ဆိုင်ထားလေသည်။ သူက ချန်ရူယီကို အဆက်မပြတ်လှည့်ပတ်နေပြီး နောက်ချန်ပုံရိပ်များကိုသာ မြင်ရလေတော့သည်။
“သတ်”
အလယ်အလတ်အဆင့်မိစ္ဆာသားရဲတစ်ယောက်၏ တိုက်ခိုက်မှုသည် နောက်ဆက်တွဲ တုံ့ပြန်မှုများကို ဆက်တိုက်ဖြစ်ပေါ်လာစေခဲ့၏။ ပိုင်နက်အရှင်များက လှုပ်ရှားမှု ပြုလုပ်လာသောအခါ.. အောက်ဘက်ရှိ သားရဲများကလည်း တချိန်တည်းမှာ စုစည်း၍ အသင့်ပြင်ထားလိုက်ကြ၏။
သားရဲများအကြား တိုက်ပွဲက ထွက်ပေါ်လာခဲ့လေပြီ..။