များပြားလှသော ဧည့်သည်များ
Vol. 41 Ch. 611
သန့်စင်ခြင်း စွမ်းရည်၏ အသုံးဝင်မှုမှာ အလွန် မြင့်မားပြီး သူ၏ ဖန်တီးမှုများက အံ့ဩစရာကောင်းသော အသုံးဝင်မှုများနှင့်အတူ နာမည်ကြီးလာမည်မှာ အသေအချာပင်။
လူတိုင်းသည် ဖက်ရှင်နှင့် စတိုင်အတွက် အဝတ်အစားများ ဝတ်ဆင်ကြသော်လည်း ရဲ့လင်းချန်၏ အဝတ်အစား များမှာမူ ကြည့်ကောင်းရုံသာမက အခြားသော စွမ်းရည်များပါ ရှိလာမည်ဖြစ်၍ စိတ်ဝင်စရာ ကောင်းလာ ပေတော့မည်။
သို့သော် သူသည် အခြေခံအဆင့်သာ ရသေးသဖြင့် အကျိုးသက်ရောက်မှုက အကန့်အသတ်နှင့် ဖြစ်သည်။ အလွန်ဆုံး သူသည် အဆောင်အဖြစ်သာ အသုံးပြုနိုင်လောက်သော်လည်း ယင်းကိုပင် တန်ဖိုးဖြတ်မရသော ရတနာတစ်ခုဟု သတ်မှတ်ရပေမည်။ ၎င်းကို ဝတ်ဆင်ထားချိန်၌ လူတစ်ယောက်၏ အသက်ကို ရှည်စေနိုင်ပေမည်။
*ငါ့ကံက ကောင်းနေတဲ့ပုံပဲ၊ ဒီလိုဆိုတော့လဲ ဆက်လုပ်ရတာပေါ့*
သူသည် ရေပန်းစားမှုအမှတ် တစ်သိန်းကို သုံးစွဲလိုက်ပြီးနောက် ရွှေရောင် အလင်းတန်းက အသက်ဝင်လာ၏။
ရဲ့လင်းချန် ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။
“ဒင်”
ညင်သာသော အသံနှင့်အတူ အလင်းတန်းက ရုရှားဘာသာစကား၌ ရပ်တန့်သွားသည်။
*ဘာသာစကားလား … ကျစ် …*
*ဒါက မဆန်းပါဘူး၊ သာမန်ဆန်လွန်းတဲ့ စွမ်းရည်ပဲ*
သို့သော်ငြားလည်း အဘယ်သို့သော စွမ်းရည်အဖြစ်သို့ အဆင့်တက်သွားမလဲ သူ သိချင်မိသည်။
တစ်ခဏကြာသော် အလင်းတန်းက စူးလက်သွားပြီး ဘာသာစကားအသစ် တစ်ခု ပေါ်လာ၏။ ယင်းကား ကြောင်ဘာသာစကားပင်။
[ကြောင်ဘာသာစကား (အခြေခံအဆင့်): ကြောင်တို့၏ စကားကို နားလည်နိုင်သော စွမ်းရည်]
ရဲ့လင်းချန် ပထမဆုံး တွေးမိသည့်အရာမှာ ရှောင်ဟူပင်။ လက်တွေ့ကျကျ ပြောရမည်ဆိုလျင် ကျားများ သည်လည်း ကြောင်မိသားစုဝင်တစ်မျိုး ဖြစ်သည်။
ရဲ့လင်းချန်သည် မိမိကံကို စမ်းသပ်ပြီးနောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားလေသည်။
နောက်တစ်နေ့၌ သူသည် အားအင်အပြည့်ဖြင့် မနက် ငါးနာရီတွင် နိုးလာသည်။
သူ၏ လက်ရှိ ကြံ့ခိုင်မှုနှင့်ဆိုလျင် သုံး၊လေး ငါးနာရီ အိပ်ရုံနှင့် သူ အပြည့်အဝ လန်းဆန်းနေပြီ ဖြစ်သည်။
ကျင့်ကြံခြင်းကို သူ အောင်မြင်စွာ လေ့ကျင့်ပြီးသည်နှင့် မသေမျိုးအဖြစ် ပြောင်းလဲသွားပြီး အိပ်စက်စရာပင် မလိုလောက်ဟု သူ သုံးသပ်မိသည်။
ရဲ့လင်းချန်သည် မည်သူ့ကိုမှ အနှောင့်အယှက် မပေးဘဲ အိမ်မှ ထွက်လာလိုက်သည်။ ကျေးလက်မှ လေကို အပြည့် ရှူသွင်းလိုက်ပြီးနောက် သူသည် ရွာလမ်းအတိုင်း မနက်ခင်း လေ့ကျင့်ခန်းကို စတင်လိုက်လေသည်။
ကျေးလက်သည် မနက်အစောပိုင်း၌ အလွန် တိတ်ဆိတ်ပေသည်။ အိမ်တိုင်းအိမ်တိုင်းသည် နှစ်ထပ် သို့မဟုတ် သုံးထပ်အိမ်များ ဖြစ်သည်။ အထပ်မြင့် အဆောက်အဦးများ မရှိသလို အရပ်မျက်နှာအနှံ့ ဖောက်လုပ်ထားသော လမ်းမကြီးများ မရှိချေ။ စိမ်းစိုနေသော သစ်ပင်များ၊ မြက်ပင်များနှင့် မြစ်ငယ်များက စူးရှလင်းလက်သော မြို့ပြနှင့် ခြားနားသော အလှတစ်ခုအား ဖန်တီးနေသည်။
“ရှောင်ရဲ့ စောစောနိုးနေတာပဲ”
“အန်တီလီလဲ စောစော နိုးနေတာပါပဲ”
“မင်းလို မနက်စောစော နိုးတဲ့ လူငယ်တွေက အများကြီး မရှိဘူး”
“အန်တီက ပိုပြီးတော့တောင် စောနိုးနေပါသေးတယ်၊ မဟုတ်ဘူးလား အန်တီလီ၊ နှစ်သစ်ရဲ့ အစလေးပဲ ရှိသေးတာတောင် အန်တီက အလုပ်တွေ များနေပြီ”
“ဟားဟားဟား၊ ငါ့မှာ အခြား ဘာလုပ်စရာ ရှိလို့လဲ၊ ငါက ဒီနေ့အတွက် အားလုံး အသင့်ဖြစ်နေအောင် မြန်မြန်လုပ်နေတာပါ၊ မာကျောက် ကစားဖို့ ဘေးအိမ်က ဦးလေးကျိုးအိမ်ကို သွားနေရုံလေးပါ”
ကျေးလက်၌ နေသူများသည် မနက် စောစော အိပ်ယာထတတ်ကြသဖြင့် လမ်းတစ်လျှောက်၌ သူတို့အားလုံးက ရဲ့လင်းချန်ကို တက်ကြွစွာ နှုတ်ဆက်ကြလေသည်။
ရဲ့လင်းချန်သည် ရွာလမ်းတစ်လျှောက် လမ်းလျှောက်နေပြီးနောက် လူသူကင်းမဲ့သော မြစ်တစ်စင်းနားသို့ ရောက်လာသည်။
သူသည် ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်းမှ သိုင်းကွက်များအား စတင် လေ့ကျင့်တော့သည်။
“ရှူထုတ်မယ်…”
“ရှူသွင်းမယ်…”
ရဲ့လင်းချန်သည် အသက်ရှူခြင်းကို ထိန်းချုပ်ပြီးနောက် လေ့ကျင့်ရန် တစ်ဝက်မျှသာ အားစိုက်လိုက်ရကြောင်း သိလိုက်ရသည်။ ယင်းက သူ၏ ကျင့်ကြံခြင်းစွမ်းရည်၏ ရလဒ် ဟုတ်၊မဟုတ်ကိုတော့ သူ သေချာ မသိပေ။ သူ၏ ခန္ဓာကိုယ်ကို လေ့ကျင့်ရန် ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူရန် သူ့အတွက် လွယ်ကူနေသည်။
သူ၏ ဦးနှောက်ထဲမှ ဗဟုသုတအရဆိုလျင် ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်း (အဆင့်မြင့်အဆင့်) သည် လူတစ်ယောက်၏ ခန္ဓာကိုယ်တွင်သာ မမူတည်တော့ချေ။ ၎င်းသည် ကောင်းကင်နှင့် မြေကြီးမှ ထောက်ပံ့မှုကို ရယူ၍ ပေါင်းစပ်ခြင်း၌ ပို၍ အားသာလာသည်။ တရားဓမ္မကို ပို၍ လိုက်နာလာစေနိုင်သည်။ တရားဓမ္မအား ကျင့်ကြံ လိုက်နာခြင်း မရှိပါက တစ်သက်လုံး ကျင့်ကြံလာသော်လည်း သံသရာ၌ လည်နေဦးမည် ဖြစ်သည်။
ဗဟုသုတများက တစ်ခုနှင့်တစ်ခု စပ်ဆက်နေပုံရသည်။ ကျင့်ကြံခြင်း မရှိပါက ပထမဆုံးအကြိမ် ကြိုးစားရုံနှင့် ကောင်းကင်နှင့် မြေကြီးနှင့် ပေါင်းစပ်နိုင်မည် မဟုတ်ပါ။
သန့်စင်ခြင်းနှင့် အစီအရင်အတွက်လည်း ထို့နည်းတူပင်။ ထိုစွမ်းရည် နှစ်ခုထဲမှ တစ်ခုကို သိရုံနှင့်တင် အံ့ဩစရာ ကောင်းနေပြီ ဖြစ်သော်လည်း ၎င်းတို့ နှစ်ခုအား ပေါင်းစပ်လိုက်သောအခါ ပို၍ အားကောင်းလာလေသည်။
နာရီဝက်ကြာသော် ရဲ့လင်းချန်၏ မျက်နှာက နီရဲနေပြီး သူ၏ တစ်ကိုယ်လုံးမှ ကြွက်သားများက ဖုထစ်လာသည်။ သူ၏ ခန္ဓာကိုယ်က ယခင်ထက် နှစ်ဆ ပိုကျစ်လျစ်လာပြီး လေအပြည့် ထိုးထားသည့် ပူဖောင်းသဖွယ် ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်က သံမဏိအလား မာကျောနေသည်ကို ထိမိသည့်သူတိုင်း သတိပြုမိမည် ဖြစ်သည်။ သူ့အပေါ် ဖိအားပေးနိုင်ရန် မဖြစ်နိုင်ပေ။
တစ်ခဏအကြာ၌ ရဲ့လင်းချန်က သက်ပြင်းရှည်ကို ချလိုက်သည်။ သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ကျုံ့လာပြီး မူလပုံစံသို့ ပြန်ပြောင်းသွားကာ သူ၏ လေ့ကျင့်ခြင်းလည်း ပြီးဆုံးသွားလေသည်။
သူ၏ မျက်လုံးတွင်း၌ အံ့ဩသော အရိပ်အယောင်များ ပေါ်နေသည်။
သူ၏ လက်ရှိ ခန္ဓာကိုယ် ကြံ့ခိုင်မှုက နာရီဝက်မျှ ကျင့်ကြံရုံနှင့် အကန့်အသတ်သို့ ရောက်သွားသဖြင့် အံ့ဩသွားရသည်။ သူ၏ ခန္ဓကိုယ်တွင်းမှ ကြွက်သားများက စူထွက်လာပြီး ဆက်၍ ကျင့်ကြံရန် မဖြစ်နိုင်တော့ချေ။
အရာရာကို သင့်တင့်ရုံ လုပ်ခြင်းက ကောင်းမွန်ပေသည်။ အလွန်အကျွံ လုပ်ခြင်းက ကောင်းကောင်း မလုပ်သလောက် ဆိုးရွားပေသည်။ အောင်မြင်မှုရအောင် လောဘ မကြီးသင့်ပေ။
ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်၍ ဝင်လေထွက်လေမှတ်ကာ ကျင့်ကြံလေသည်။
မနက် ခုနစ်နာရီခွဲမှ သူ အိမ်ပြန်သွားသည်။ ထိုအချိန်၌ သူ့မိဘများလည်း နိုးနေလေပြီ။
“သား၊ မြန်မြန် လက်ဆေးတော့၊ မနက်စာ စားချိန် ရောက်ပြီ”
ရှုကျန်းက မနက်စာ ပြင်ဆင်ရင်း အလုပ်များနေလျက်မှ ပြုံး၍ ပြောလာသည်။
“ဟုတ်တယ်၊ အိမ်နီးချင်းတွေနဲ့ အမျိုးတွေအားလုံးလဲ အလည်လာကြမှာ၊ အဲ့တော့ မြန်မြန်လုပ်ပြီး ကိုယ့်ဘာသာ အသင့် လုပ်ထား”
ရဲ့ကျင်းက ဘေးမှနေ၍ ဝင်ပြောလာသည်။
“ဒီနေ့ ကျွန်တော်တို့ အမျိုးတွေဆီ သွားလည်မှာ မဟုတ်ဘူးလား၊ ဘာလို့ သူတို့က ကျွန်တော်တို့အိမ်ကို လာမှာလဲ”
ရဲ့လင်းချန် သိချင်မိသွားသည်။
ရှုကျန်း၏ မျက်လုံးများက ဂုဏ်ယူစိတ်ကြောင့် တောက်ပလာသည်။
“သူတို့က ဘာလို့ ဒီကို လာတာ ဖြစ်မလဲ၊ မင်းကို တွေ့ဖို့ပဲပေါ့၊ မင်းက အခု အမေတို့ရွာရဲ့ နာမည်ကြီး ဖြစ်နေပြီ၊ လူတိုင်းက မင်းကို တွေ့ချင်နေကြတာ၊ ကလေးတွေက မင်း ပြန်လာတာကို ကြားတော့ သိပ်စိတ်လှုပ်ရှားနေတာ၊ အားလုံးက မင်းနဲ့ ဓာတ်ပုံ ရိုက်ချင်နေတာ”
“နည်းနည်းတော့ ဒုက္ခများမှာပဲ …”
ရဲ့လင်းချန် အောင့်သက်သက် ပြုံး၍ ခေါင်းခါနေမိသည်။ သူ့ကိုယ်သူ လူတိုင်း အဝေးမှ လာကြည့်ချင်သော ရှားပါး သတ္တဝါတစ်ကောင်ဟု သူ ဘာကြောင့် ခံစားမိနေရတာပါလိမ့်။
သို့သော် သူ့မိဘများ ပျော်နေပါက သူတို့၏ ဆန္ဒအတိုင်း သူ လိုက်လုပ်ပေးမည် ဖြစ်သည်။
“အဖေတို့မြို့ရဲ့ အရာရှိတွေလဲ လာမယ်လို့ ကြားတယ်၊ မြန်မြန် ပြင်ထားတော့”
ရဲ့ကျင်း၏ မျက်နှာကလည်း နီရဲနေ၏။
ရဲ့လင်းချန် စိတ်ပျက်လက်ပျက်နှင့် အကြည့်လွှဲမိသည်။ သူ၏ဖခင်သည် အမြဲ တည်ငြိမ်ခဲ့ပြီး သီးသန့်နေတတ်သူ ဖြစ်သည်။ သူ၏ဖခင်တွင်လည်း ကြွားဝါချင်စိတ် ရှိလိမ့်မည်ဟု ထင်မထားမိချေ။
မနက်စာ စားပြီးနောက် လူများ ရောက်လာကြလေသည်။ ထိုသူများမှာ ရဲ့လင်းချန်၏ အဘိုးအဘွားများ ဖြစ်သည်။
အဘိုးအဘွား စုံတွဲသည် ပြုံးနေပြီး မျက်နှာတွင် တူညီသော ဂုဏ်ယူဟန်များ ရှိနေ၏။ သူတို့သည် ရဲ့လင်းချန်က သူတို့မြေးဖြစ်ပြီး Gala နွေဦးပွဲတော်ကို တက်ခဲ့ကြောင်း လူတိုင်းကို ကြွားဝါခဲ့သည်။ ထိုအချက်တစ်ခုတည်းကတင် လူအများစုကို အံ့ဩအောင် လုပ်နိုင်ပြီ ဖြစ်သည်။
သူတို့ အိမ်သို့လာသည့် လမ်းတစ်လျှောက်၌ တစ်ရွာလုံးက သူတို့အပေါ် ယဉ်ကျေးပျူငှာနေခဲ့သည်။ လူတိုင်း၏ မျက်နှာတွင် အားကျစိတ်များ ပြည့်နေပြီး ရဲ့လင်းချန်အား ချီးကျူးကြသည်။
ယင်းက အဘိုးအဘွားတို့အား အလွန်အမင်း ကျေနပ်သွားစေခဲ့သည်။ သူတို့အရွယ်၌ အခြားအရာအားလုံးက အရေး မကြီးတော့ချေ။ သူတို့ ပြောချင်သည့် တစ်ခုတည်းသော အရာမှာ သူတို့၏ ကလေးများနှင့် မြေးများ၏ အောင်မြင်မှုများ ဖြစ်ပြီး သူတို့၏ သားသမီးမြေးမြစ်များက သူတို့၏ မာန်မာန အရင်းအမြစ်ပင်တည်း။
မနက် ကိုးနာရီ၌ ရွာသားများက တစ်ယောက်ပြီးတစ်ယောက် လာလည်ကြသည်။
“ရှောင်ရီ၊ ဒါ မင်းရဲ့ အစ်ကိုကြီးလင်းချန်လေ၊ မင်း သူ့အကြောင်း အမြဲ ပြောနေတာမလား၊ မင်း သူ့ကို နမူနာယူရမယ်နော်၊ နားလည်လား”
“ဟူကျီ၊ မင်းက အထက်တန်းတုန်းက လင်းချန်နဲ့ အတန်းဖော်လေ၊ သွားနှုတ်ဆက်လိုက်ဦး၊ မင်း သူ့ဆီကနေ သင်ယူသင့်တယ်”
“ရှောင်ရဲ့၊ ငါတို့မြေးမလေးက မင်းကို သဘောကျနေတာ၊ ပြီးတော့ သူက မင်းရဲ့ ပို့စကတ်တွေ အများကြီး စုထားတာ၊ သူက မင်းဆီက လက်မှတ် တောင်းလို့ရအောင် ငါ့ကို ခေါ်သွားပေးဖို့ တောင်းဆိုနေခဲ့တာ”
“အစ်ကိုလင်းချန်၊ ကျွန်တော့်အတန်းဖော်တွေကို အစ်ကိုနဲ့ ကျွန်တော်က အိမ်နီးချင်းတွေလို့ ပြောတာကို တစ်ယောက်မှ မယုံကြဘူး၊ ကျွန်တော့်ကို အစ်ကိုနဲ့ ဓာတ်ပုံ တွဲရိုက်ခွင့် ပေးပါလား”
ယနေ့သည် ရဲ့မိသား၏ အလုပ်အများဆုံး နေ့ဖြစ်သည်။ အိမ်နီးချင်းများအပြင် ရဲ့လင်းချန်ကို သီးသန့် လာတွေ့သည့် လူများလည်း ရှိပေသည်။ ရဲ့လင်းချန်၏ အထက်တန်းကျောင်းဟောင်းမှ ကျောင်းအုပ်နှင့် ပညာရေးဌာနမှ အရာရှိများ အပါအဝင် မြို့၏ အရေးပါသော ပုဂ္ဂိုလ်များပင် လာရောက်ကြလေသည်။
သူတို့သည် မြို့မှ မီဒီယာများကိုပင် ခေါ်လာကြပြီး ရဲ့လင်းချန်နှင့် လက်ဆွဲနှုတ်ဆက်သည့် ဓာတ်ပုံများ ရိုက်သွားကြသည်။ သူတို့သည် ကြော်ငြာအစီအစဉ်များ ပြုလုပ်ရန် ခပ်ကြီးကြီး ပိုစတာများ ထုတ်ရန် စီစဉ်ထားပြီးသား ဖြစ်သည်။
ရူကောင်းမြို့အတွက် အနုပညာရှင်တစ်ဦး မွေးထုတ်ပေးနိုင်ရန် မလွယ်ကူချေ။ အထူးသဖြင့် ရဲ့လင်းချန်သည် Gala နွေဦးပွဲတော်ကို တက်နိုင်သည့် မြို့မှ ပထမဆုံးလူ ဖြစ်သဖြင့် ရူကောင်းမြို့အား အနီးအနားမှ မြို့နယ်များနှင့် မြို့များထက် ဂုဏ်ယူစရာဖြစ်ကာ မျက်နှာပွင့်လာစေသည်။