လပုန်ကန်ခန်းမအတွင်း နာမည်ကျော်ခြင်း(က)
Vol. 62 Ch. 963
“ ကျိန်စာလျှော့ပေါ့ဆေးလုံးလား… ကျိန်စာလျှော့ပေါ့ဆေးလုံးကို ပထမဆုံးပစ္စည်းအဖြစ် ရောင်းတာလား… ပြီးတော့ ဈေးက… ”
လူထွားကြီး၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ ဤသည်မှာ သူက မယုံကြည်နိုင်စရာကောင်းသော အရာကို မြင်တွေ့လိုက်သည့်အလားပင်။ သို့ဖြစ်၍ သူက စိတ်အာရုံကို အသုံးပြုပြီး ထပ်မံ စစ်ဆေးကြည့်လိုက်သည်။ သူက အမြင်မှားခြင်းမဟုတ်ကြောင်း အတည်ပြုပြီးနောက် သူ၏ အမူအရာသည် မြန်ဆန်စွာ ပြောင်းလဲသွားသည်။
“ ဈေးက နတ်အစေခံတစ်ယောက်ရဲ့ သွေးစက်(၁၀၀)လား ”
လူထွားကြီးသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ ကျိန်စာလျှော့ပေါ့ဆေးလုံးသည် ရှားပါးသော်လည်း လပုန်ကန်ခန်းမထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် သူက ဆေးလုံးရောင်းချခြင်းကို ကြိမ်ဖန်များစွာ မြင်တွေ့ဖူးသည်။ ထုံးစံအားဖြင့် ဆေးလုံး၏ တန်ဖိုးက မည်မျှမြင့်မားကြောင်း သူသိသည်။
သို့သော်လည်း သူ၏ မှတ်ဉာဏ်ထဲမှာ ကျိန်စာလျှော့ပေါ့ဆေးလုံးကို ထိုမျှနိမ့်သော ဈေးဖြင့် ရောင်းချခြင်းကိုတော့ တစ်ခါမှ မမြင်ခဲ့ဖူးပေ။
ထို့ကြောင့် သူက လူလိမ်တစ်ယောက်နှင့် တွေ့ဆုံနေခြင်းဖြစ်မည်ဟု သံသယဝင်မိသည်။
သို့သော်လည်း ပစ္စည်းကို ကြိုတင်သိမ်းဆည်းထားသဖြင့် အရောင်းအဝယ်ပြုလုပ်ချင်သူသည် ယင်းကို အာရုံခံနိုင်သည်။ သို့ဖြစ်၍ အခြေခံအားဖြင့် အမှားအယွင်းဖြစ်နိုင်သည့် အကြိမ်အရေအတွက်သည် မများပြားပေ။ ထို့ပြင် အကယ်၍ တစ်စုံတစ်ယောက်က ဤနေရာမှာ လိမ်လည်နေကြောင်း လူမိသွားလျှင် နောက်ဆက်တွဲအကျိုးဆက်သည် အလွန်ပြင်းထန်လိမ့်မည်။
ပေါ့ပါးသော အပြစ်ဒဏ်အနေဖြင့် သူတို့၏ ဘုရားကျောင်းသည် ကုန်သွယ်ခွင့်အပိတ်ခံရလိမ့်မည်။ ကြီးလေးသော အပြစ်ဒဏ်ဆိုလျှင် လပုန်ကန်ခန်းမ၏ အဖွဲ့ဝင်ဟူသော သူတို့၏ သရုပ်က ထာဝရ ဖယ်ရှားခံရလိမ့်မည်။
ထို့ကြောင့် ယေဘုယျအားဖြင့် လူအနည်းစုသာလျှင် ဤနေရာမှာ လိမ်လည်ကြလိမ့်မည်။ ယင်းက စွန့်စားရန် မထိုက်တန်ပေ။
သို့ဖြစ်၍ လူထွားကြီးသည် အလျှင်အမြန် ချဉ်းကပ်လိုက်သည်။ ယင်းကို သေချာအတည်ပြုပြီးနောက် သူ၏ အသက်ရှူသံသည် ထပ်မံမြန်ဆန်လာသည်။ သူ၏ နှလုံးသည်လည်း တစ်ခါမှမဖြစ်စဖူး အပြင်းအထန် ခုန်ပေါက်လာသည်။ သူက ရုတ်တရက် အနောက်သို့ လှည့်လိုက်ပြီး အမြန်ပြေးထွက်သွားသည်။
“ ဒါက မဟာအခွင့်အရေးပဲ ”
“ ဒါက တစ်သက်မှာတစ်ခါပဲရနိုင်တဲ့ အခွင့်အရေးပဲ ”
“ မဖြစ်ဘူး… အဲ့ဒါကို မြန်နိုင်သမျှမြန်မြန် ငါဝယ်ရမယ်… ဒီအခွင့်အရေးကို ငါလွဲချော်သွားရင် ငါ့တစ်ဘဝလုံး နောင်တရနေလိမ့်မယ် ”
“ အဲ့ဒီယုန်လေးက ဈေးနှုန်းကို မသိတာမဖြစ်နိုင်ဘူး… ဒါပေမဲ့ သူက ဘာဖြစ်လို့ ဒီဈေးနှုန်းနဲ့ ရောင်းရတာလဲ… မဟုတ်မှ သူက နတ်အစေခံရဲ့ သွေးစက်(၁၀၀၀)လို့ရေးချင်တာကို (၁၀၀)လို့ မှားရေးမိသွားတာများလား ”
ရွှီချင်း၏ ဘုရားကျောင်းထဲမှ ထွက်ခွာလာပြီးသောအခါ လူထွားကြီး၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုသည် ဖော်မပြနိုင်အောင် တိုးပွားလာသည်။ ထိုငတုံးကောင် သတိမထားမိခင် ကျိန်စာလျှော့ပေါ့ဆေးလုံးကို မြန်နိုင်သမျှမြန်မြန် သူဝယ်ယူရမည်ဟု ခံစားမိသည်။
“ ငါက တခြားလူတွေထက် လက်ဦးမှုအရင်ယူရမယ်… ကံကောင်းစွာပဲ ဒီနေရာက ချောင်ကျတော့ အခုချိန်မှာ ဘယ်သူမှ ဒီဘုရားကျောင်းကို သတိထားမိကြဦးမှာ မဟုတ်ဘူး ”
“ ဒီနေရာကို တခြားလူတွေ ရှာတွေ့သွားလို့ မဖြစ်ဘူး ”
ထိုသို့တွေးမိသောအခါ လူထွားကြီးသည် သူ၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး တည်ငြိမ်ချင်ယောင် ဆောင်လိုက်သည်။ အမှန်မှာတော့ သူက အပြင်ဘက်တွင် တစ်စုံတစ်ယောက် ဖြတ်လျှောက်သွားသည်ကို မြင်လိုက်သည့်အခါ အထင်သေးရှုံ့ချသော အမူအရာကို ထုတ်ဖော်လိုက်သည်။ ဤသည်မှာ သူက အမှိုက်ကို တွေ့လိုက်ရသည့်အလားပင်။
သူက မည်သူမှမရှိသော နေရာသို့ ရောက်ရှိသွားသည့်အခါ သူ၏ စိတ်လှုပ်ရှားမှုကို ဆက်လက် မဖိနှိပ်နိုင်တော့ပေ။ သူက နတ်အစေခံ၏ သွေးစက်များကို စုဆောင်းရန် လပုန်ကန်ခန်းမထဲမှ သူ၏ မိတ်ဆွေကောင်းများကို အမြန်ဆက်သွယ်လိုက်ပြီး သူ့မှာရှိသော အဆက်အသွယ်အားလုံးကို အသုံးပြုလိုက်သည်။
“ အဲ့ဒီယုန်လေးက လူတစ်ယောက်တည်းရဲ့ သွေးစက်ဖြစ်ရမယ်လို့ မပြောထားဘူး… အဲ့ဒီတော့ လုပ်ရတာ ပိုလွယ်သွားတယ်… ဒီနှစ်တွေမှာ နတ်အစေခံတွေနဲ့ တိုက်ခိုက်ခဲ့ကြတဲ့လူတွေက အများကြီးပဲ… သူတို့ထဲက တချို့က နတ်အစေခံတွေရဲ့ သွေးတွေကို သိမ်းဆည်းခဲ့ကြတယ် ”
လူထွားကြီးသည် စိတ်အားထက်သန်လာပြီး သူ့မှာရှိသော အဆက်အသွယ်အားလုံးကို အသုံးပြုခဲ့သည်။ နောက်ဆုံးမှာတော့ တစ်ရက်ကြာပြီးသောအခါ သူက အမျိုးမျိုးသော နေရာများထံမှ နတ်အစေခံ၏ သွေးစက်များကို အလုံအလောက် စုဆောင်းနိုင်သွားသည်။
တစ်စုံတစ်ယောက်က ဆေးလုံးကို သူ့ထက်အရင် ဝယ်ယူသွားမည်ကို စိုးရိမ်သည်။ ထို့ကြောင့် သူက ဘုရားကျောင်း၏ အပြင်ဘက်မှာ ရပ်နေပြီး လမ်းလျှောက်နေသည့်ပုံစံ ဟန်ဆောင်ခဲ့သည်။ သို့သော်လည်း အမှန်မှာ သူက ဤနေရာတစ်ဝိုက်မှာ ရွေ့လျားနေကြသော ရုပ်တုအားလုံးကို သတိထားစောင့်ကြည့်နေခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က ရွှီချင်း၏ ဘုရားကျောင်းထဲသို့ ဝင်ရောက်သွားမည်ကို သူစိုးရိမ်သည်။
ဤအခိုက်အတန့်မှာ နတ်အစေခံ၏ သွေးစက်များကို အလုံအလောက်ရရှိသွားသောအခါ လူထွားကြီးသည် ရွှီချင်း၏ ဘုရားကျောင်းထဲသို့ လေပွေကဲ့သို့ အလျင်ဖြင့် ပြေးသွားသည်။ သူက အလင်းဘောလုံးဆီသို့ မြန်ဆန်စွာ ပြေးသွားပြီး အထဲမှ ဆေးလုံးနှင့် မြန်နိုင်သမျှမြန်မြန် အလဲအလှယ်လုပ်ချင်သည်။
နောက်အခိုက်အတန့်မှာ ကျိန်စာလျှော့ပေါ့ဆေးလုံးက သူ၏ လက်ထဲမှာ ပေါ်လာသောအခါ လူထွားကြီးသည် အမြန်အနံ့ခံလိုက်သည်။ သူက အလွန်အမင်း စိတ်လှုပ်ရှားလာသည်။
“ အရောင်ရော အနံ့ရောက တခြားလူတွေရောင်းတာနဲ့ အတူတူပဲ… ဆေးလုံးက အစစ်ဖြစ်ဖို့ ရာခိုင်နှုန်းများတယ် ”
“ ဟား ဟား… ငါတော့ တကယ့်ပွပေါက်နဲ့တိုးတာပဲ ”
သူက စိတ်လှုပ်ရှားနေစဉ် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိသွားသည်။ ဘုရားကျောင်း၏ ယဇ်ပလ္လင်ပေါ်မှ ရုပ်တုက လှုပ်လာနေကြောင်း သတိပြုမိသွားသောအခါ သူက ချက်ချင်း ထိတ်လန့်သွားသည်။
“ ယုန်ပေါက်လေး ပြန်လာတာဖြစ်မယ်… မကြာခင် သူအမှားလုပ်ခဲ့ပြီဆိုတာ သတိပြုမိသွားလိမ့်မယ်… ငါ ဒီမှာ ဆက်နေလို့မဖြစ်ဘူး ”
လူထွားကြီးသည် အနောက်လှည့်လိုက်ပြီး အရှိန်ကုန်တင်၍ ပြေးသွားသည်။ သူက အမြန်ပြေးနေစဉ် သူ၏ မျက်နှာပေါ်မှာ စိတ်မသန့်သော အမူအရာ ဖြစ်ပေါ်လာသည်။
လူထွားကြီး၏ ပုံရိပ်က ပျောက်ကွယ်သွားသည့်အခိုက် ယဇ်ပလ္လင်ပေါ်မှ ရုပ်တုသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
ရွှီချင်းက ပြန်ရောက်လာခြင်းဖြစ်သည်။
“ လပုန်ကန်ခန်းမမှာ ပစ္စည်းရောင်းချခံရရင် အပြင်လောကကနေ အဲ့ဒါကို အာရုံခံနိုင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး ”
ရွှီချင်းသည် အနည်းငယ် အံ့ဩသွားသည်။ သူက ခေါင်းမော့လိုက်ပြီး ဘုရားကျောင်း၏ အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
ထိုစဉ် ပုံရိပ်တစ်ခုက သူ၏ ဘုရားကျောင်းထဲမှ မြန်ဆန်စွာ ထွက်သွားနေကြောင်း သူမြင်လိုက်သည်။ ရုပ်တု၏ ဘေးပတ်ပတ်လည်မှ ကျောက်တုံးဖဲကြိုးများကြောင့် ထိုရုပ်တုက သူ့အား အမြဲတမ်း မကျေနပ်စွာ စူးစိုက်ကြည့်လေ့ရှိသည့် ဘေးချင်းကပ်ဘုရားကျောင်းမှ ဖြစ်ဟန်တူသည်။
ရွှီချင်းသည် သတိကြီးစွာထားလိုက်သည်။ သူက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီး မည်သည့်အမှားအယွင်းမှမရှိကြောင်း အတည်ပြုရန် အာရုံခံလိုက်သည်။ အမြန်ထွက်ခွာသွားသော တစ်ဖက်လူ၏ နောက်ကျောကို ပြန်အမှတ်ရသွားသောအခါ သူက အဖြေကို အနည်းနှင့်အများ မှန်းဆနိုင်သွားသည်။
“ ငါက အမှားလုပ်တာလို့ သူက ထင်သွားပြီး ပွပေါက်နဲ့တိုးသွားတယ်လို့ ထင်သွားပုံပဲ… ဒါကြောင့် သူက အမြန်ထွက်ပြေးသွားတာဖြစ်မယ် ”
ရွှီချင်းသည် ဂရုမစိုက်ပေ။ သူက ယဇ်ပလ္လင်ပေါ်မှာ မတ်တတ်ရပ်နေပြီး သူ့အရှေ့မှာ မျောလွင့်နေသည့် အလင်းဘောလုံးကို ဖမ်းဆုပ်လိုက်သည်။
ချက်ချင်းပင် အလင်းဘောလုံးသည် တဖျပ်ဖျပ်လင်းလက်သွားသည်။ ပုလင်းတစ်လုံးသည် အလင်းဘောလုံးထဲမှ ပျံသန်းထွက်လာပြီး သူ၏ လက်ပေါ်သို့ ကျရောက်လာသည်။
ပုလင်းကို စစ်ဆေးကြည့်ပြီးနောက် ရွှီချင်းသည် ဝမ်းသာပျော်ရွှင်သွားသည်။
“ သွေးစက်တွေက နတ်အစေခံဒါဇင်ခန့်ဆီကပဲ… မဆိုးဘူး မဆိုးဘူး ”
ရွှီချင်းသည် အလွန်စိတ်ကျေနပ်သွားသည်။ ယင်းက သူ့အား နမူနာများစွာကို သုတေသနပြုလုပ်နိုင်ရန် အထောက်အကူပြုပေးလိမ့်မည်။ သို့ဖြစ်၍ သူက နောက်ထပ် ကျိန်စာလျှော့ပေါ့ဆေးလုံးကို ထုတ်လိုက်ပြီး အလင်းဘောလုံးထဲသို့ ထည့်သွင်းလိုက်သည်။
ဈေးနှုန်းသည် နတ်အစေခံ၏ သွေးစက်(၁၀၀)ဖြစ်နေတုန်းပင်။
ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းသည် ပြန်လည်ထွက်ခွာသွားသည်။ ယဇ်ပလ္လင်ပေါ်မှ ရုပ်တုသည် တဖန်ပြန်လည် တိတ်ဆိတ်သွားသည်။
တစ်ခဏကြာပြီးနောက် လူထွားကြီးသည် ဘုရားကျောင်းနားသို့ ဂရုတစိုက် ချဉ်းကပ်လာသည်။ ရွှီချင်းထွက်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။
“ ဟား ဟား… ဒီအရူးကောင် စောစောတုန်းက အရမ်းဒေါသထွက်သွားမှာ သေချာတယ် ”
လွန်ခဲ့သောလတုန်းက တစ်ဖက်လူ၏ တဒုန်းဒုန်းဆူညံမှုကို ပြန်တွေးမိသွားသောအခါ လူထွားကြီးသည် စိတ်သက်တောင့်သက်သာ ခံစားမိသွားသည်။
ထို့နောက် သူက ဘုရားကျောင်းထဲမှ အလင်းဘောလုံးထဲတွင် ပစ္စည်းအသစ်တစ်ခုရောက်နေကြောင်း သတိထားမိသွားပြီး အလင်းဘောလုံးဆီသို့ မောက်မာထောင်လွှားစွာ လျှောက်သွားသည်။
“ ဒီယုန်လေးက နောက်ထပ် ဘာပစ္စည်းရောင်းဦးမလဲ ကြည့်ကြည့်တာပေါ့ ”
လူထွားကြီးသည် ယခု စိတ်ကောင်းဝင်နေသည်။ သူက လက်ကို မြှောက်လိုက်ပြီး အလင်းဘောလုံးကို ထိလိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ မျက်လုံးသည် ထပ်မံပြူးကျယ်လာသည်။ ဤသည်မှာ ကောင်းကင်ဘုံမိုးကြိုးသွားက သူ၏ စိတ်ထဲမှာ ဝုန်းခနဲ ပဲ့တင်ထပ်သွားသည့်အလားပင်။ သူ၏ အသိစိတ်က လှုပ်ခါနေစဉ် သူက စိတ်ချောက်ချားနေသည်ဟု ခံစားမိသွားသည်။ သို့ဖြစ်၍ သူက ချက်ချင်း အတည်ပြုလိုက်သည်။
တစ်ခဏကြာပြီးနောက် သူ၏ မျက်နှာပေါ်မှ စိတ်ရှုပ်ထွေးမှုက အံ့ဩထိတ်လန့်မှုသို့ ပြောင်းလဲသွားသည်။
“ ဘာလို့… ဘာလို့ထပ်ရှိနေတာလဲ ”