လပုန်ကန်ခန်းမအတွင်း နာမည်ကျော်ခြင်း(ခ)
Vol. 62 Ch. 964
“ နတ်အစေခံရဲ့ သွေးစက်(၁၀၀)ပဲလား ”
“ မဖြစ်နိုင်တာ… ဒီကောင်က တကယ်ငတုံးလား… ”
“ အဲ့လိုမဖြစ်နိုင်ဘူး… ဆေးလုံးမှာ ပြဿနာတစ်ခုခုရှိနေတာ ဖြစ်ရမယ် ”
လူထွားကြီး၏ အမူအရာသည် ချက်ချင်း မည်းမှောင်သွားသည်။ သူက အနောက်လှည့်လိုက်ပြီး ထွက်ခွာသွားကာ သူ့ကိုယ်ပိုင် ဘုရားကျောင်းဆီသို့ အမြန်ပြန်သွားသည်။ သူဝယ်ယူခဲ့သော ဆေးလုံးက တကယ်အာနိသခင်ရှိမရှိ အတည်ပြုချင်သည်။
“ တကယ်လို့ အဲ့ဒါက အတုဆိုရင် အဲ့ကောင်ကို ငါပညာပေးပစ်မယ် ”
သူက အံတင်းတင်းကြိတ်လိုက်ပြီး အမြန်ထွက်ခွာသွားသည်။
တစ်ရက်ကြာပြီးနောက် သူက နောက်တစ်ကြိမ် ပြန်ရောက်လာပြန်သည်။ သူ၏ မျက်နှာပေါ်တွင် အံ့ဩထိတ်လန့်မှုဖြင့် ပြည့်နှက်နေပြီး ရွှီချင်း၏ ဘုရားကျောင်းဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားသည်။
“ တကယ့်အစစ်… ဆေးလုံးက တကယ့်အစစ်ပဲ ”
သို့သော်လည်း ရွှီချင်း၏ ဘုရားကျောင်းဆီသို့ သူရောက်ရှိသွားသည့်အခါ အလင်းဘောလုံးထဲမှ ဆေးလုံးသည် လဲလှယ်ခံထားရပြီးပြီ ဖြစ်သည်။ သူ၏ စိတ်လှုပ်ရှားမှုသည် အဆုံးမဲ့သော နောင်တအဖြစ် ပြောင်းလဲသွားသည်။
“ ချီးပဲ… ဘာလို့ အဲ့ဒါကို အရင်ဆုံး ငါမလဲလှယ်ခဲ့တာလဲ ”
လူထွားကြီးသည် သူ၏ ရင်ဘက်ကို ထုရိုက်လိုက်သည်။ အဆုံးမဲ့သော နာကျင်မှုသည် သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ အခွင့်အရေးကို လက်လွှတ်လိုက်ရသော ခံစားမှုသည် သူ့ကို အတော်လေး နောင်တရစေသည်။ သူက ရက်အတော်ကြာ စောင့်ဆိုင်းသည်။ သို့သော်လည်း ရွှီချင်းသည် နောက်ထပ်ဆေးလုံးကို မရောင်းချခဲ့ပေ။ ယင်းက သူ၏ နှလုံးသားထဲမှ ခါးသီးမှုနှင့် နောင်တရမှုကို ပိုပြီး ကြီးမားလာစေသည်။
ရွှီချင်းသည် ထိုရက်များတွင် ဆေးလုံးကို ဆက်လက် မရောင်းချခဲ့ပေ။
နတ်အစေခံ၏ သွေးစက်(၂၀၀)သည် သူ့ကို နမူနာစမ်းသပ်မှုများစွာ ထောက်ပံ့ပေးနိုင်သည်။ သူ၏ ဆေးလုံးသန့်စင်ခြင်းသည်လည်း အနည်းငယ် တိုးတတ်လာသည်။
ယခု သူက အနောက်ပိုင်းဒေသ၏ လွင်ပြင်တစ်ခုပေါ်မှာ ရှိနေခြင်းဖြစ်ပြီး စတေးခံယင်မြစ်ဆီသို့ရောက်ရန် လဝက်ကြာ ခရီးဆက်ရဦးပေမည်။ ရွှီချင်းသည် လီယိုဖေး၏ ခန္ဓာကိုယ်မှ နောက်ထပ်ဆေးလုံးကို သန့်စင်ပြီးနောက် တားမြစ်ဇုန်ထဲမှ သူလိုအပ်သော ဆေးပင်များကို ထပ်မံတွေးတောမိသွားသည်။
“ ငါ့မှာမရှိတာက တခြားလူတွေဆီမှာ မရှိဘူးလို့ မဆိုလိုဘူး… ”
တစ်ခဏ တွေးတောပြီးနောက် ရွှီချင်းသည် လပုန်ကန်ခန်းမထဲသို့ ဝင်ရောက်ရန် ရွေးချယ်လိုက်သည်။ သူက ကျိန်စာလျှော့ပေါ့ဆေးလုံးတစ်လုံးကို အလင်းဘောလုံးထဲသို့ ထည့်သွင်းလိုက်သည်။ ဤတစ်ကြိမ်တွင် သူက နတ်အစေခံ၏ သွေးစက်များကို မလိုချင်ပေ။ ယင်းအစား ဆေးပင်များကို တောင်းဆိုသည်။
ထိုသို့လုပ်ပြီးနောက် ရွှီချင်းက ပြန်ထွက်သွားသည်။
တစ်နာရီမပြည့်ခင်မှာ ရွှီချင်း၏ ဘုရားကျောင်းကို အမြဲအာရုံစိုက်နေသော လူထွားကြီးသည် သူ့ကိုယ်ပိုင် ဘုရားကျောင်းထဲမှ ထွက်လျှောက်လာသည်။ သူက နောင်တရသော အမူအရာဖြင့် ရွှီချင်း၏ ဘုရားကျောင်းဆီသို့ လှည့်ကြည့်လိုက်သည်။
အလင်းဘောလုံးတစ်လုံးက ဘုရားကျောင်းအရှေ့မှာ လွင့်မျောနေသည်ကို မြင်လိုက်သောအခါ လူထွားကြီး၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ သူက ဘုရားကျောင်းဆီသို့ အမြန်ပြေးသွားသည်။
သူက နတ်အစေခံ၏ သွေးစက်အများအပြားကို ကြိုလဲလှယ်ထားပြီးသား ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူက အလင်းဘောလုံးကို စိတ်လှုပ်ရှားစွာ ဖမ်းဆုပ်လိုက်သည်။
“ အဲ့ဒါက ဒီမှာ တကယ်ရှိနေတာပဲ ”
“ ဒီဘုရားကျောင်းရဲ့ ပိုင်ရှင်က တစ်ခုခုတော့ တစ်ခုခုပဲ ”
လူထွားကြီး၏ နှလုံးသည် အေးခဲသွားသည်။ ဤတစ်ကြိမ် အလင်းဘောလုံး၏ လိုအပ်ချက်က ပြောင်းလဲသွားပြီး သူ့အား ချက်ချင်း မလဲလှယ်နိုင်စေသော်လည်း တစ်ဖက်လူလိုချင်သော ဆေးပင်များကို တခြားဘုရားကျောင်းများမှာ ရောင်းချဖူးသည်ကို သူမှတ်မိသည်။ ဆေးပင်၏ ဈေးနှုန်းသည် မြင့်မားသော်လည်း ယင်းက ကျိန်စာလျှော့ပေါ့ဆေးလုံးကို မနှိုင်းယှဉ်နိုင်ပေ။
“ ဒီလူက သေချာပေါက် ဆရာသခင်ဖြစ်ရမယ် ”
“ သူက ကျိန်စာလျှော့ပေါ့ဆေးလုံးကို ကိုယ့်ဘာသာ သန့်စင်နိုင်တဲ့လူ ဖြစ်ရမယ်… ဒီဆေးလုံးက သူ့အတွက် တန်ဖိုးမရှိတာဖြစ်နိုင်တယ်… ဒါမှမဟုတ် သူ့ရဲ့နောက်ခံက အရမ်းတောင့်တင်းလို့များလား… ဒါကြောင့် သူက အရမ်းရက်ရောတာဖြစ်ရမယ် ”
“ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီလူက တကယ့်ဆရာသခင်ပဲ ”
လူထွားကြီးသည် သူ့ဘဝတစ်လျှောက်တွင် စောင့်မျှော်နေသည့် မဟာအခွင့်အရေးကြီးက ဤနေရာမှာ ထွက်ပေါ်လာပြီဟု ခံစားမိသွားသည်။ သူက ဆရာသခင်လိုအပ်သော ဆေးပင်များကို စုဆောင်းရန် ချက်ချင်း လှည့်ထွက်သွားသည်။ တစ်စုံတစ်ယောက်က သူ့ထက်အရင် လက်ဦးသွားမည်ကို စိုးရိမ်သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် သူစိုးရိမ်သောအရာက ဖြစ်ပေါ်လာဆဲပင်။
သူက ဘုရားကျောင်းအပြင်သို့ ထွက်သွားတော့မည့်အချိန် ရုပ်တုတစ်ခုသည် အပြင်ဘက်မှ တစ်ဟုန်ထိုး ပြေးဝင်လာသည်။ ၎င်းက လေပွေကဲ့သို့ အလျင်ဖြင့် သူ့အား ဖြတ်ကျော်သွားပြီး အလင်းဘောလုံးဆီသို့ တန်းမတ်စွာ ရောက်ရှိသွားသည်။
လူထွားကြီး၏ နှလုံးခုန်သံသည် မြန်ဆန်လာသည်။ သူက ဆတ်ခနဲ ခေါင်းလှည့်လိုက်လေရာ ရုပ်တုက အလင်းဘောလုံးကို ထိတွေ့လိုက်ပြီး အံ့အားသင့်သွားသည်ကို မြင်လိုက်ရလေသည်။
ချက်ချင်းပင် ရုပ်တုသည် လူထွားကြီး၏ အကြည့်ကို အာရုံခံမိသွားပြီး ပြန်စိုက်ကြည့်လိုက်သည်။
သူတို့နှစ်ယောက်သည် အချင်းချင်း ရန်ဆောင်နေကြပြီး ယှဉ်ပြိုင်လိုသော အကြည့်ဖြင့် ကြည့်နေကြသည်။
“ မင်းကို (၉၉၇၁၅) ”
လူထွားကြီးသည် လက်သီးဆုပ်လိုက်သည်။ ဤနေရာမှ လူများသည် နာမည်ကို အသုံးမပြုကြပေ။ သူတို့က တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းလာကြသည့်အခါ ဂဏန်းများဖြင့် ခေါ်ဝေါ်ကြသည်။ သူ့အရှေ့မှ ရုပ်တုသည် ဤအနီးနားမှ ဘုရားကျောင်းတစ်ခု၏ ရုပ်တုဖြစ်ကြောင်း မှတ်မိသွားသည်။
“ ဆရာသခင်ရဲ့ ဆေးလုံးကို ကံစပ်တဲ့လူပဲ ရနိုင်တယ် ”
ရုပ်တုသည် နှာခေါင်းရှုံ့လိုက်ပြီး လူထွားကြီးကို ဆက်လက် အရေးမထားတော့ပေ။ သူက မြန်မြန်သွက်သွက် ထွက်ခွာသွားသည်။
လူထွားကြီးသည်လည်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အရှိန်မြှင့်တင်လိုက်သည်။ သူက ဆေးပင်စုဆောင်းရန် အကောင်းဆုံး ကြိုးစားသည်။ ဆယ်နာရီကြာပြီးနောက် ရွှီချင်းလိုချင်သော ဆေးပင်ကို နောက်ဆုံးမှာတော့ သူရှာတွေ့သွားသည်။ သို့သော်လည်း သူပြန်ရောက်လာသည့်အခါ အိမ်နီးချင်းရုပ်တုက ရွှီချင်း၏ ဘုရားကျောင်းထဲမှ ထွက်လျှောက်လာသည်ကို မြင်လိုက်ရသည်။
“ မင်း ခြေတစ်လှမ်းနောက်ကျသွားပြီ ”
(၉၉၇၁၅)က တည်ငြိမ်စွာ ပြောပြီး ဘုရားကျောင်း၏ အပြင်ဘက်မှာ တင်ပျဉ်ခွေလျက် ထိုင်လိုက်သည်။
လူထွားကြီးသည် လက်မခံချင်ပေ။ သူက ရွှီချင်း၏ ဘုရားကျောင်းထဲသို့ အမြန်ဝင်ရောက်သွားသည်။ အလင်းဘောလုံးထဲမှာ ကျိန်စာလျှော့ပေါ့ဆေးလုံးက မရှိတော့ကြောင်း သူမြင်လိုက်ရသည့်အခါ စိတ်ဓာတ်ကျသွားသည်။ သူက ဘုရားကျောင်းထဲမှ ထွက်ခွာသွားပြီး ဘုရားကျောင်း၏ အပြင်ဘက်မှာ စောင့်ဆိုင်းသည်။
ထိုနည်းလမ်းသည် ထိရောက်မှုရှိသည်။ အဘယ့်ကြောင့်ဆိုသော် ထိုရက်များတွင် ရွှီချင်းက ကျိန်စာလျှော့ပေါ့ဆေးလုံးများကို တစ်လုံးပြီးတစ်လုံး ရောင်းချခဲ့သောကြောင့် ဖြစ်သည်။
ရွှီချင်းအတွက် ယင်းက အလွန်အဆင်ပြေသည်။ လပုန်ကန်ခန်းမထဲမှာ အရောင်းအဝယ်လုပ်ခြင်းသည် ကျိန်စာလျှော့ပေါ့ဆေးလုံးကို သန့်စင်ရာတွင် သူတွေ့ကြုံရသည့် အခက်အခဲအားလုံးနီးပါးကို ဖြေရှင်းပေးခဲ့သည်။
သူက တစ်စုံတစ်ခုကို လိုအပ်လာလျှင် ဆေးလုံးဖြင့် လဲလှယ်လိုက်ရုံသာ လိုအပ်သည်။ အနှေးဆုံးဆိုလျှင် တစ်ရက်ကြာပြီး အမြန်ဆုံးဆိုလျှင် နှစ်နာရီမှ လေးနာရီမျှသာ ကြာမြင့်သည်။ တစ်စုံတစ်ယောက်သည် သူလိုအပ်သမျှကို ထောက်ပံ့ပေးလိမ့်မည်။
ကျိန်စာလျှော့ပေါ့ဆေးလုံးအပေါ် ရွှီချင်း၏ နားလည်သဘောပေါက်မှုက တိုးမြှင့်လာသည်နှင့်အမျှ သူ၏ ဆေးလုံးသန့်စင်နိုင်သော အမြန်နှုန်းသည်လည်း တိုးမြှင့်လာသည်။
ရောင်းချရန် ကျိန်စာလျှော့ပေါ့ဆေးလုံးများကိုတော့ ရွှီချင်းသည် လီယိုဖေးထံမှ မကြာခဏ သန့်စင်လေ့ရှိသည်။
လီယိုဖေးသည်တော့ ဤရက်များတွင် သူ၏ နှလုံးသားထဲမှ အံ့ဩထိတ်လန့်မှုသည် တဖြည်းဖြည်း ပိုပြီးကြီးထွားလာသည်။ နေ့တိုင်း ရွှီချင်းက သူ၏ ခန္ဓာကိုယ်ဖြင့် ဆေးလုံးသန့်စင်နေသည်ကို မြင်တွေ့ခဲ့သည်။ ယင်းက သူ၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေကြောင်း ခံစားမိသည်။ ရံဖန်ရံခါ သူက ကလေးဆန်သော အတွေးများကိုပင် တွေးမိလေ့ရှိသည်။ ဥပမာ သူက လဝတ်ပြုဒေသကြီးကို ကယ်တင်မည့် သူရဲကောင်းဖြစ်သည်ဟူသော အတွေးပင် ဖြစ်သည်။
သို့သော်လည်း ရွှီချင်းကို မြင်ပြီးနောက် သူက ထိုအတွေးကို ဖယ်ရှားပစ်လိုက်သည်။ သူက ယခင်ကထက် ပိုပြီးရိုကျိုးလာသည်။
တစ်ချိန်တည်းမှာ လပုန်ကန်ခန်းမသည်လည်း ဤအတောအတွင်း ရွှီချင်း၏ လုပ်ရပ်ကြောင့် အတော်လေး ဆူပူအုံကြွလာသည်။
ပထမတော့ ရွှီချင်း၏ ဘုရားကျောင်းအပြင်ဘက်တွင် ရုပ်တုနှစ်ရုပ်သာ ရှိသည်။ ထို့နောက် သုံးရုပ်၊ လေးရုပ်၊ ငါးရုပ် အစရှိသဖြင့် များပြားလာသည်။ တဖြည်းဖြည်း တစ်ဆင့်စကား တစ်ဆင့်ကြား၍ ဘုရားကျောင်း၏ အပြင်ဘက်တွင် ထိုင်စောင့်နေကြသော ရုပ်တုများသည် ဒါဇင်ခန့်အထိ များပြားလာသည်။
ထိုရုပ်တုအားလုံးသည် တစ်ယောက်ကိုတစ်ယောက် သတိဝီရိယထား၍ စောင့်ကြည့်နေကြသည်။ ရွှီချင်း၏ ဘုရားကျောင်းထဲမှာ အလင်းဘောလုံး ထွက်ပေါ်လာသည့်အခါတိုင်း သူတို့က အထဲသို့ သူ့ထက်ငါအရင် ပြေးဝင်သွားကြပြီး စစ်ဆေးကြည့်ကြသည်။ ထို့နောက် သူတို့က အရပ်မျက်နှာအသီးသီးသို့ ပြန့်ကျဲထွက်သွားကြပြီး လိုအပ်ချက်ကို အရင်ဦးစွာ ပြီးမြောက်ရန် ယှဉ်ပြိုင်ကြလိမ့်မည်။ ထိုယှဉ်ပြိုင်မှုသည် အလွန်အမင်း ပြင်းထန်သည်။
ရုပ်တုအများအပြားက အပြင်ဘက်မှာ စောင့်ဆိုင်းနေကြလေရာ ယင်းက ဖြတ်သန်းသွားလာသူများ၏ စိတ်ဝင်စားမှုကို ထုံးစံအားဖြင့် မြင့်တတ်သွားစေသည်။ ရုပ်တုတစ်ရုပ်က ဤနေရာမှ ဖြတ်သန်းသွားသည့်အခါတိုင်း ဘုရားကျောင်းရှေ့မှ လူစုလူဝေးကို မြင်သည့်အခါ အံ့ဩသွားသည်။ ထို့နောက် သူတို့က အကြောင်းအရင်းကို စူးစမ်းလေ့လာသည့်အခါ ထိတ်လန့်သွားကြပြီး သတင်းက ပိုမိုပျံ့နှံ့သွားသည်။
သို့ဖြစ်၍ ရုပ်တုအများအပြားသည် ရွှီချင်း၏ ဘုရားကျောင်းအပြင်ဘက်မှာ ရံဖန်ရံခါ ထွက်ပေါ်လာကြသည်။ ရုပ်တုအရေအတွက်သည် ဒါဇင်ကျော်မှ ရာဂဏန်းအထိ တိုးမြှင့်သွားသည်။ လူအုပ်ကြီး၏ အကျိုးသက်ရောက်မှုသည်လည်း ပိုပြီးတိုးပွားလာသည်။
အထူးသဖြင့် ရွှီချင်း၏ ဘုရားကျောင်းရှေ့မှ ကြေးနီဆေးမီးဖိုဖြစ်သည်။ ယခု ဆေးမီးဖိုထဲမှာ အမွှေးတိုင်သုံးဆယ်ကျော် လောင်ကျွမ်းနေကြသည်။ ယင်းက ကြီးမားသော ကောင်းချီးမင်္ဂလာမြင်ကွင်းကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့်ပင် ရွှီချင်း၏ ဘုရားကျောင်းက ပိုပြီးစိတ်ဝင်စားခြင်းခံလာရသည်။
ဘုရားကျောင်းအပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော လူများက ရာဂဏန်းအထိ တိုးမြှင့်သွားသည့်အခါ ဆရာသခင်နှင့်ပတ်သက်သော ကောလဟာလများက လပုန်ကန်ခန်းမထဲမှာ ပျံ့နှံ့သွားကြသည်။
“ အကြင်နာတရားနဲ့ ပြီးပြည့်စုံတဲ့ ဆရာသခင်ဆိုတာ ဒါမျိုးကိုပြောတာ ”
“ ဘုရားကျောင်းနံပါတ်က (၉၉၇၁၉)ဆိုမှတော့ သူ့ကို အမှတ်ကိုးဆေးလုံးဆရာသခင်လို့ ငါခေါ်မယ် ”
“ အမှတ်ကိုးဆေးလုံးဆရာသခင်ရဲ့ ကျိန်စာလျှော့ပေါ့ဆေးလုံးက တခြားလူတွေထက် (၁၀)ရာခိုင်နှုန်း ပိုဈေးချိုပြီး အာနိသင်က ပိုကောင်းမွန်တယ်… ဆရာသခင်က သက်ရှိအားလုံးအပေါ် ဂရုဏာထားပြီး လူတိုင်းကို ကယ်တင်ပေးနေတာပဲ ”
“ ဟုတ်တယ်… အဲ့ဒါကြောင့် အမှတ်ကိုးဆေးလုံးဆရာသခင်က ဆေးပင်တွေနဲ့ နတ်အစေခံတွေရဲ့ သွေးစက်တွေကိုပဲ တောင်းဆိုတာပေါ့ ”
ကောလဟာလများစွာထဲတွင် ရွှီချင်း၏ အိမ်နီးနားချင်းဖြစ်သော လူထွားကြီးသည် တခြားလူများ၏ အရှေ့တွင် ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
“ တကယ်တော့ အမှတ်ကိုးဆေးလုံးဆရာသခင်က လပုန်ကန်ခန်းမကို ဝင်ရောက်လာကတည်းက သူ့ရဲ့ အံ့ဖွယ်စွမ်းအားကို ထုတ်ဖော်ပြခဲ့တာ… ဆရာသခင်က ဘယ်လောက်ထူးခြားလဲဆိုတာ မင်းတို့အပြင်လူတွေ ဘယ်သိမလဲ… အဲ့ဒီအချိန်တုန်းကဆို ဆရာသခင်ရဲ့ အထွတ်အမြတ် တာအိုအသံက နှစ်လကြာအောင် လူတွေရဲ့ နှလုံးသားနဲ့ စိတ်ကို လွှမ်းမိုးထားခဲ့တယ် ”
“ ငါက အရမ်းကံကောင်းလို့ ဆရာသခင်ရဲ့ တာအိုအသံကို အစကနေ နားထောင်ခွင့်ရခဲ့တယ်… အဲ့ဒီအချိန်မှာ ငါ့ရဲ့ စိတ်က အရမ်းမြောက်ကြွသွားပြီး အတွေးတွေက ရှင်းလင်းလာတယ်… ငါ့ခန္ဓာကိုယ်ထဲက ကျိန်စာတောင် ပြိုင်ဘက်ကင်းစွမ်းအင်တစ်မျိုးရဲ့ ဖိနှိပ်ခံလိုက်ရတယ်… ဒါကြောင့် ဆရာသခင်က အရမ်းအံ့ဖွယ်ကောင်းတဲ့လူဖြစ်မယ်လို့ အဲ့ဒီကတည်းက ငါခံစားမိခဲ့တယ် ”
“ ကံမကောင်းစွာပဲ တာအိုအသံက နှစ်လပဲ ကြာမြင့်ခဲ့တယ်… အဲ့ဒါက ငါ့ဘဝမှာ အကြီးမားဆုံး နောင်တပဲ ”
“ အခု ငါပြန်စဉ်းစားလိုက်တော့ အဲ့ဒီနှစ်လက အရမ်းလှပတာပဲ… ”
ထိုအကြောင်းကို ပြောပြသည့်အခါတိုင်း လူထွားကြီး၏ မျက်နှာပေါ်မှာ နောင်တဖြင့် ပြည့်နှက်နေသည်။
ထိုသို့ဖြင့် အမှတ်ကိုးဆေးလုံးဆရာသခင်၏ ကောလဟာလများသည် လပုန်ကန်ခန်းမထဲမှာ ဆက်လက်ပျံ့နှံ့သွားသည်။ သို့သော်လည်း ရွှီချင်းက ဆေးလုံးမရောင်းချတော့သည့်မှာ အချိန်အနည်းငယ် ကြာမြင့်သွားပြီ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူက စတေးခံယင်မြစ်၏ ကမ်းစပ်နားဆီသို့ နီးကပ်လာနေပြီဖြစ်သောကြောင့် ဖြစ်သည်။
ကမ်းစပ်နားတွင် မတ်တတ်ရပ်နေသော ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ သွေးရောင်စွန်းထင်နေသော မြစ်ရေသည် တအိအိလှိုင်းထနေသည်။ မရေမတွက်နိုင်သော အရိုးများသည် မြစ်ရေပေါ်မှာ ပေါလောပေါ်နေကြပြီး နတ်ဆိုးအရှိန်အဝါကို ထုတ်လွှတ်နေကြသည်။
ကမ်းစပ်ပေါ်မှ သဲသည်လည်း အနီရောင်ဖြစ်သည်။ ဤနေရာတွင် အနီရောင်လကျိန်စာ၏ အရှိန်အဝါသည် ပိုပြီးထင်ရှားသည်။
ဤနေရာသည် ခေါင်းဆောင်နှင့်တွေ့ဆုံရန် ကြက်တူရွေးလေးက သူ့အား လမ်းညွှန်ပေးခဲ့သောနေရာ ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် စတေးခံယင်မြစ်မှ အကြည့်ပြန်ရုပ်လိုက်ပြီး အရှေ့သို့ လျှောက်သွားသည်။
အချုပ်အနှောင်စည်းများဖြင့် လွှမ်းခြုံခံထားရသော ဧရိယာကို ဖြတ်ကျော်သွားပြီးနောက် သူ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ အဝေးမှ တိုက်ခတ်နေသော လေထဲမှာ ခေါင်းဆောင်၊ နင်ယန်နှင့် ဝူကျန်းဝူတို့၏ အမောတကော အသက်ရှူသံများကို သူကြားနေရသည်။
သူတို့၏ မသဲမကွဲအသံများသည် လေတိုးသံနှင့်အတူ ရောထွေးနေသည်။
“ ငါ့မှာ ခွန်အားအများကြီး မကျန်တော့ဘူး… အဲ့ဒါက အထဲမှာ စိုက်နေတယ်… အပြင်ကို ငါမဆွဲထုတ်နိုင်ဘူး ”
“ အဆင်ပြေပါတယ် ကျန်းကျန်းကြီး… ဘာမှမကြောက်နဲ့… တင်းတင်းကိုင်ထားပြီး သေချာဆွဲပါ… အဲ့ဒါက မကြာခင် ထွက်လာလိမ့်မယ် ”
“ ကျန်းကျန်းကြီး… မင်းရဲ့ ခါးက ဆိုးလှချည်လား… ဘာလို့ မင်းရဲ့ ခြေထောက်က အရမ်းအားနည်းနေတာလဲ ”
ရွှီချင်း၏ အမူအရာသည် ထူးဆန်းလာသည်။ ထို့နောက် သူက နင်ယန်၏ အော်သံကို ကြားလိုက်ရသည်။
“ ငါဆက်ပြီး မတောင့်ခံနိုင်တော့ဘူး… အဲ့ဒါက ကျိုးတော့မယ်… ကျေးဇူးပြုပြီး ငါ့ကို ကယ်ကြပါ… ”