← Chapters

ရှေးဟောင်းစတေးခံယင်မြစ်မှ နေလုံးကို ထုတ်ယူခြင်း(ခ)

Vol. 62 Ch. 966

ရှေးဟောင်းစတေးခံယင်မြစ်မှ နေလုံးကို ထုတ်ယူခြင်း(ခ)

Vol. 62 Ch. 966

“ အဖေ့ကို ငါဘယ်တော့မှ ထပ်မတွေ့နိုင်တော့ဘူးလို့ ထင်ခဲ့တာ ”

ကြက်တူရွေးလေးက ၎င်း၏ အဖြစ်ဆိုးကို ရှင်းမပြနိုင်ခင် ဝူကျန်းဝူသည် ခေါင်းခါလိုက်ပြီး တိုးညင်းစွာ အော်ပြောလိုက်သည်။

“ နွယ်ကြိုးကို မင်းပါးစပ်နဲ့ကိုက်ပြီး ငါနဲ့အတူ လာကူဆွဲပါ ”

ကြက်တူရွေးလေးသည် ဆွံ့အသွားပြီး ဝမ်းနည်းခြင်းနှင့် ခံပြင်းခြင်းကို တစ်ပြိုင်နက် ခံစားမိသွားသည်။ လူသားကမ္ဘာက ၎င်းနှင့် မထိုက်တန်ဘူးဟူသော ခံစားချက်မျိုးပင် ရလာသည်။ သို့သော်လည်း သူ့အဖေက ပြောလာမှတော့ ကြက်တူရွေးလေးသည် မလိုက်နာဘဲ မနေဝံ့ပေ။ ဤအခိုက်အတန့်မှာ ၎င်းက နင်ယန်ကဲ့သို့ အားကုန်သုံး၍ နွယ်ပင်ကို ဆွဲတော့သည်။

ထိုအချင်းအရာကို မြင်သောအခါ ရွှီချင်းသည် သံသယဖြစ်လာသည်။ သို့သော်လည်း သူက ခေါင်းဆောင်၏ ဘေးသို့ လျှောက်သွားပြီး နွယ်ကြိုးကို ဆုပ်ကိုင်လိုက်ကာ အားကုန်သုံး၍ ဆွဲလိုက်သည်။

လီယိုဖေးသည်လည်း အလျှင်အမြန် လာကူသည်။ တစ်ချိန်တည်းမှာ သူက ဝူကျန်းဝူနှင့် နင်ယန်ကို ကြည့်ပြီး ပြုံးပြလိုက်သည်။ ထို့နောက် သူက ခေါင်းဆောင်ကို ကြည့်လိုက်ပြီး သူတို့သုံးယောက်ထဲတွင် မည်သူက အဆင့်အတန်းအမြင့်ဆုံးဖြစ်ကြောင်း ချက်ချင်း သုံးသပ်လိုက်သည်။

သူတို့၏ ခွန်အားထပ်ဖြည့်မှုကြောင့် ဆွဲအားသည် တိုးမြှင့်သွားသည်။ မြစ်သည် ချက်ချင်း လှုပ်ရှားထကြွလာသည်။ ဝုန်းခနဲမြည်ဟိန်းသံများကြားမှာ ဧရာမစက်ကွင်းတစ်ခုသည် အဝေးမှ မြစ်ရေမျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာသည်။

“ စီနီယာအကိုကြီး… အဲ့ဒါက ဘာလဲ ”

ရွှီချင်း၏ အကြည့်သည် အေးခဲသွားသည်။

ဤသည်ကို ခေါင်းဆောင်ကြားသောအခါ သူက မောပန်းနေသော်လည်း ဘဝင်မြင့်ခြင်းကို ခံစားမိသွားသည်။

“ ချင်းလေး… မင်းက နောက်ကျမှ ရောက်လာတယ်… ဒါပေမဲ့ ကိစ္စမရှိပါဘူး… မင်းက အချိန်ကိုက်ရောက်လာနိုင်တာပဲ ”

“ ငါတို့နောက်က တံခါးပုံသဏ္ဍာန်အရာကို မင်းမြင်တယ်မလား… အဲ့ဒါဘာလဲ မင်းခန့်မှန်းကြည့်ပါလား ”

ရွှီချင်းသည် ဇဝေဇဝါဖြစ်သော အမူအရာဖြင့် ခေါင်းခါပြလိုက်သည်။

ရွှီချင်း၏ ရှားပါးသော ထိုသို့အမူအရာကို မြင်သောအခါ ခေါင်းဆောင်က ရယ်လိုက်သည်။

“ အဲ့ဒါနေလုံးပဲ ”

“ လဝတ်ပြုဒေသကြီးမှာ လူတွေဖန်တီးခဲ့ကြတဲ့ နေလုံးကိုးခုရှိတယ်… အဲ့ဒီထဲက နေလုံးသုံးခုက ကျရှုံးသွားခဲ့ပြီဆိုတာ မင်းသိတယ်မလား… အဲ့ဒီတံခါးက ကျရှုံးသွားတဲ့ နေလုံးတွေထဲက တစ်ခုပဲ ”

“ ပြီးတော့ ငါတို့နောက်ဖမ်းမယ့်အရာက ကျရှုံးသွားတဲ့ နေလုံးသုံးခုထဲက တစ်ခုဖြစ်တယ် ”

“ အဲ့ဒါက ငါလုပ်မယ့် ကိစ္စသေးသေးလေးပါ ”

“ နွေဦးရာသီမှာ ငါက အစေ့ကြဲခဲ့တယ်… အခု ဆောင်းရာသီရောက်ပြီဆိုတော့ နေလုံးသုံးခုကို ငါရိတ်သိမ်းတော့မယ် ”

ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။ သူ၏ အရင်ဘဝတွင် ရှေးခေတ်ကာလ၌ ကျရှုံးသွားခဲ့သော နေလုံးများကို ရှာတွေ့ခဲ့ပြီး ယင်းတို့ကို ပြုပြင်ခဲ့သည်။ နောက်ပိုင်းတွင် ယင်းတို့ကို ဖွက်ထားရန် စတေးခံယင်မြစ်ထဲသို့ လွှတ်ပစ်ခဲ့သည်။

ရွှီချင်း၏ နှလုံးသည် လှုပ်ခါလာသည်။ သူက ခေါင်းလှည့်လိုက်ပြီး ဧရာမတံခါးကို ကြည့်လိုက်သည်။ ထိုပစ္စည်းက အတုယောင်နေလုံးဖြစ်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

“ အဲ့ဒါအားလုံး နင်ယန်ကို ကျေးဇူးတင်ရမှာပဲ… ငါသူ့အပေါ် အကဲဖြတ်မမှားခဲ့ဘူး… အဲ့ဒီကောင်လေးရဲ့ သွေးမျိုးစက်က တကယ်ထူးခြားတယ်… နွယ်ပင်နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ အဲ့ဒါက စတေးခံယင်မြစ်ရဲ့ တိုက်စားမှုကို ခုခံနိုင်လာတယ် ”

ခေါင်းဆောင်က စကားပြောလိုက်သည်နှင့် သူ၏ လက်ထဲမှ နွယ်ပင်ကို အလွန်သဘောကျစွာ လှုပ်ယမ်းလိုက်သည်။ အနောက်မှာရှိသော နင်ယန်က ထိုစကားကို ကြားသောအခါ သူ၏ အမူအရာတွင် ဝမ်းနည်းခြင်းနှင့် ခံပြင်းဒေါသထွက်ခြင်းဖြင့် ပြည့်နှက်သွားသည်။ သူ့ဘဝတစ်လျှောက်တွင် အကြီးမားဆုံး နောင်တသည် ဖုန်းဟိုင်ဒေသငယ်သို့ သူသွားရောက်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူသာ ဖုန်းဟိုင်ဒေသငယ်သို့ မသွားခဲ့လျှင် ချန်းအားညိုကို သိလိမ့်မည်မဟုတ်ပေ။ အကယ်၍ သူက ချန်းအားညိုကို မသိလျှင် ယခုကဲ့သို့ ဆိုးဝါးသော အခြေအနေမျိုးဖြင့် တွေ့ကြုံရလိမ့်မည် မဟုတ်ပေ။ အထူးသဖြင့် ဤအခိုက်အတန့်မှာ သူ၏ နှလုံးက အပြင်းအထန် ခုန်ပေါက်နေသည်။ ရွှီချင်းနှင့် တခြားလူများက နွယ်ပင်ကို သေချာမဆုပ်ကိုင်ထားနိုင်မည်ကို သူစိုးရိမ်သည်။ သို့မဟုတ်လျှင် သူက မြစ်ထဲသို့ ချက်ချင်း ဆွဲခေါ်ခံရလိမ့်မည်။

သို့သော်လည်း ချန်းအားညိုနောက်သို့လိုက်၍ သူနှင့် ပူးပေါင်းဆောင်ရွက်သည့်အခါ ခရီးစဉ်တစ်လျှောက်တွင် ကောင်းမွန်သော အကျိုးရလဒ်များစွာကို ခံစားခဲ့ရသည်။ သို့ဖြစ်၍ ယခု သူ၏ ကျင့်ကြံခြင်းက အဆင့်ချိုးဖြတ်သွားပြီး ဝိညာဉ်နတ်သူငယ်အဆင့်သို့ ဝင်ရောက်သွားသည်။

“ အားနည်းနည်းထပ်ထည့်ကြဦး ”

ခေါင်းဆောင်က ရွှီချင်းကို သူ၏ ကိစ္စသေးသေးလေးအကြောင်း ပြောပြီးနောက် အော်ပြောလိုက်ပြီး အားလုံးကို တစ်ချိန်တည်းမှာ အားစိုက်ထုတ်ခိုင်းသည်။

မြစ်သည် ဝုန်းခနဲ လှုပ်ခတ်လာပြီး ဧရာမပစ္စည်းတစ်ခုသည် မြစ်ရေမျက်နှာပြင်ပေါ်သို့ တဖြည်းဖြည်း ပေါ်ထွက်လာသည်။ ယင်းက မြစ်ကမ်းနံဘေးသို့ တည်ငြိမ်စွာ ချဉ်းကပ်လာနေသည်။

ထိုပစ္စည်းသည် အလွန်ကြီးမားပြီး ပေ(၃၀၀၀၀)ကျော် ရှည်လျားကာ ပြင်းထန်သော ဖိနှိပ်စွမ်းအားကို ထုတ်လွှတ်နေသည်။ ယင်းက ကမ်းစပ်နားသို့ နီးကပ်လာသည်နှင့်အမျှ ရွှီချင်းသည် ထိုပစ္စည်းကို အသေးစိတ် မြင်နိုင်လာသည်။

ယင်းက အလွန်ကြီးမားသော သတ္ထုစက်ကွင်းတစ်ခုဖြစ်ပြီး ရွှံ့နှင့် အနီရောင်မြစ်ရေဖြင့် စွန်းထင်နေသည်။ သို့သော်လည်း ဧရာမသတ္ထုစက်ကွင်း၏ မူလအရောင်သည် အဖြူရောင်ဖြစ်ကြောင်း မည်သူမဆို မြင်နိုင်ပေသည်။ အထူးခြားဆုံးအရာမှာ ဧရာမသတ္ထုစက်ကွင်းထဲတွင် လူပုံရိပ်များ တည်ရှိနေခြင်း ဖြစ်သည်။

လူပုံရိပ်အများအပြားသည် ဧရာမသတ္ထုစက်ကွင်းထဲမှာ ကျွမ်းထိုးမှောက်ခုံတည်ရှိနေကြသည်။ သူတို့၏ ခြေထောက်သည် အတွက်ဘက်စက်ကွင်းထဲမှာ ရပ်နေကြပြီး လက်နှစ်ဖက်ကို ဘေးသို့ ‘大’ပုံသဏ္ဍာန် ဆန့်တန်းထားကြသည်။ အဝေးမှကြည့်လျှင် သူတို့သည် ဧရာမသတ္ထုစက်ကွင်းထဲမှ အနုစိတ်သော ပန်းပုလက်ရာများသဖွယ် ထင်မြင်ရသည်။

သို့သော်လည်း ယင်းက မပြည့်စုံပေ။ အတွင်းဘက်စက်ကွင်းထဲတွင် လူပုံစံရုပ်တုတစ်ခု ပျောက်ဆုံးနေပြီး အဟရာတစ်ခုရှိကြောင်း ရွှီချင်း မြင်လိုက်သည်။

“ ပေါက်စီလေး… အဖေ့ကို လာပြီး ကူဆွဲပေးစမ်းပါ ”

သူအောင်မြင်တော့မည်ကို မြင်သောအခါ ခေါင်းဆောင်သည် စိတ်လှုပ်ရှားလာပြီး အထီးကျန်နေမင်းမျိုးနွယ်မှ အတုယောင်နေလုံးကို ထုတ်ယူလိုက်သည်။

နောက်ဆုံးမှာတော့ မြစ်ရေသည် တအိအိ လှုပ်ရှားထကြွလာပြီး ကမ်းစပ်ကို ရိုက်ခတ်လာသည်။ ဧရာမသတ္ထုစက်ကွင်းသည် မြစ်ရေမျက်နှာပြင်ပေါ်တွင် တဖြည်းဖြည်း ရှင်းလင်းလာသည်။ တစ်နာရီကြာပြီးနောက်တော့ ယင်းကို မြစ်ရေမျက်နှာပြင်ပေါ်သို့ လုံးလုံး ဆွဲထုတ်နိုင်သွားသည်။

ကျယ်လောင်သော ဝုန်းခနဲ မြည်သံနှင့်အတူ ဧရာမသတ္ထုစက်ကွင်းက ကမ်းစပ်ပေါ်သို့ ရောက်ရှိလာသောအခါ နင်ယန်နှင့် ဝူကျန်းဝူသည် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ သူတို့သည် အားအင်ကုန်ခမ်းသွားကြပြီ ဖြစ်သည်။ ခေါင်းဆောင်တစ်ယောက်တည်းသာ မောပန်းနေသော်လည်း အမြန်ပြေးသွားသည်။ သူက စိတ်အားထက်သန်သော အမူအရာဖြင့် ဧရာမသတ္ထုစက်ကွင်းကို စစ်ဆေးကြည့်လိုက်သည်။ သူက သတ္ထုစက်ကွင်း၏ မတူညီသော ထောင့်များကို ကိုင်တွယ်စမ်းသပ်လိုက်သည်။

“ ချင်းလေး… မင်းသိလား… ဒီဟာကို ပေါက်စီကြီးလို့ ခေါ်တယ် ”

ရွှီချင်းသည် ခေါင်းဆောင်ဆီသို့ လျှောက်သွားသည်။ သူက ခေါင်းမော့လိုက်ပြီး ဧရာမသတ္ထုစက်ကွင်းကို ကြည့်လိုက်လေရာ ဤပစ္စည်းကို ဖန်တီးခဲ့သော မျိုးနွယ်စုအပေါ် မလေးစားမိဘဲ မနေနိုင်ပေ။

“ လာပြီး ငါ့ကို ကူညီပေးပါ… ဒါကို လေးထောင့်ကြီးဆီရောက်အောင် တွန်းရအောင် ”

ခေါင်းဆောင်သည် စွမ်းအင်ပြည့်ဝနေပြီး အားပြင်းပြင်းဖြင့် တွန်းလိုက်သည်။ ရွှီချင်း၏ အကူအညီဖြင့် သူတို့က ဧရာမသတ္ထုစက်ကွင်းကို တံခါးပုံသဏ္ဍာန်နေလုံးနားသို့ရောက်အောင် တွန်းနိုင်သွားသည်။ ထို့နောက် သူတို့သည် မြေပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး အမောတကော အသက်ရှူလိုက်ကြသည်။

“ စီနီယာအကိုကြီး… ဒီတစ်ကြိမ် မင်းလုပ်တဲ့ကိစ္စက သေးသေးလေးဆိုတာ သေချာလို့လား ”

ရွှီချင်းသည် သူ့အနောက်မှ ဧရာမနေလုံးနှစ်ခုကို ကြည့်လိုက်ပြီး ပြောသည်။

ခေါင်းဆောင်သည် ရယ်မောလိုက်ပြီး ရွှီချင်း၏ ပခုံးပေါ် လက်တင်လိုက်သည်။

“ ဒါပေါ့ဟ… ဒါက ကိစ္စသေးသေးလေးပါ… ဒီကိစ္စပြီးသွားရင် ငါတို့တွေ ဘဝကံကြမ္မာဆိုးတောင်တန်းဆီ အတူတူ သွားကြမယ်… အဲ့ဒီမှာ ကိစ္စကြီးတစ်ခုလုပ်ဖို့ ရှိတယ် ”

“ ဒါနဲ့ ချင်းလေး… ဘဝကံကြမ္မာဆိုးတောင်တန်းမှာ မင်းရဲ့အခြေအနေက ဘယ်လိုရှိလဲ ”

“ မဆိုးပါဘူး… အခု ငါ ဆေးဆိုင်တစ်ဆိုင်ဖွင့်ထားတယ် ”

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။

“ ဆေးဆိုင်လား… မဆိုးဘူး… မင်းဆိုင်မှာ သူဌေးလိုလား ”

ခေါင်းဆောင်သည် မျက်လုံးဝင်းလက်သွားသည်။

ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ လင်းအာသည် တွားသွားထွက်လာပြီး အမြန်ပြောသည်။

“ မလိုဘူး ”

ခေါင်းဆောင်သည် တဟားဟား အော်ရယ်လိုက်ပြီး လင်းအာကို သဘောပေါက်သော အမူအရာဖြင့် မကြည့်မီ ရွှီချင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ချောင်းဟန့်လိုက်သည်။

All Chapters