ရှေးဟောင်းစတေးခံယင်မြစ်မှ နေလုံးကို ထုတ်ယူခြင်း(ဂ)
Vol. 62 Ch. 967
“ အဲ့ဒီအကြောင်းကို အခုမပြောတာ ကောင်းမယ်… မြစ်ပြင်အောက်မှာ အကောင်ကြီးကြီးတစ်ကောင် ကျန်နေသေးတယ်… ငါတို့ခဏအနားယူပြီးရင် အဲ့ကောင်ကို အားအပြည့်နဲ့ ဆွဲထုတ်ကြရအောင် ”
“ ငါမင်းကို ပြောပြမယ် ချင်းလေး… နောက်ဆုံးတစ်ခုက မရိုးရှင်းဘူး ”
“ အဲ့ဒါက လဝတ်ပြုဒေသကြီးထဲမှာ ပထမဆုံး အတုယောင်နေလုံးပဲ… အဲ့ဒါက ရှေးဟောင်းအုပ်ချုပ်သူခေတ်က ရှေးဟောင်းရတနာဖြစ်တယ်လို့ ကောလဟာလတွေတောင် ရှိတယ် ”
ခေါင်းဆောင်က အသံတိုးတိုးဖြင့် ပြောသည်။ ထိုအကြောင်းကို ဝူကျန်းဝူ၏ ဘေးမှာ ထိုင်နေသော လီယိုဖေးက ကြားသွားသည့်အခါ ပြောမပြနိုင်အောင် ထိတ်လန့်သွားသည်။
သူသည် လဝတ်ပြုဒေသကြီးမှ ဒေသခံလူဖြစ်သဖြင့် အတုယောင်နေလုံးများအကြောင်းကို တခြားလူများထက် ပိုပြီးရှင်းလင်းစွာ နားလည်ထားသည်။ ဤအခိုက်အတန့်မှာ နေလုံးများကို မြစ်ထဲမှ ကမ်းစပ်ပေါ်သို့ ဆွဲတင်နေသည်ကို သူ့ကိုယ်ပိုင်မျက်စိဖြင့် မြင်တွေ့လိုက်ရသည့်အခါ ဆွံ့အသွားသည်။
“ ဆရာသခင်ရဲ့ မိတ်ဆွေက အဲ့လောက်တောင် ကြောက်စရာကောင်းတာလား ”
လီယိုဖေးက သူ၏ နှလုံးသားထဲမှ ထိတ်လန့်မှုကို မချေဖျက်နိုင်သေးခင် ခေါင်းဆောင်သည် မတ်တတ်ရပ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောသည်။
“ အလုပ်လုပ်ကြစို့… အလုပ်လုပ်ကြစို့ ”
“ နောက်ဆုံးနေလုံးကို ထုတ်ယူပြီးတာနဲ့ ငါတို့အလုပ်ပြီးပြီ ”
သူက စကားပြောပြီးသည်နှင့်ချက်ချင်း ခေါင်းဆောင်သည် နင်ယန်၏ ဘေးသို့ လျှောက်သွားသည်။
နင်ယန်သည် ခေါင်းဆောင်ကို အသနားခံစွာ ကြည့်လိုက်သည်။ ခေါင်းဆောင်သည် နင်ယန်၏ ပခုံးကို ပုတ်လိုက်သည်။
“ နင်နင်လေး… ဒါက နောက်ဆုံးအကြိမ်ပါ… ပြီးသွားရင် ငါမင်းကို ကတိပေးထားတဲ့ ပစ္စည်းတွေကို သေချာပေါက် မင်းရစေရမယ်… မင်းရဲ့ သွေးမျိုးစက်စွမ်းအားက မင်းရဲ့အဖေထက် သာလွန်သွားအောင် ငါလုပ်ပေးမယ် ”
နင်ယန်သည် အံ့ဩသွားသည်။
ခေါင်းဆောင်သည် ပြုံးရုံသာပြုံးလိုက်ပြီး ဆက်မပြောတော့ပေ။ သူက နင်ယန်၏ နွယ်ပင်ကို ဆွဲယူလိုက်ပြီး မြစ်ဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။
ဤသည်ကို ရွှီချင်းမြင်သောအခါ အနည်းငယ် စိုးရိမ်လာသည်။ သူက အရှေ့သို့ လျှောက်သွားပြီး ခေါင်းဆောင်၏ ဘေးသို့ ရောက်သွားသည်။
ရွှီချင်းရောက်ရှိလာသည်ကို သတိထားမိသွားသောအခါ ခေါင်းဆောင်သည် ရယ်လိုက်သည်။ နွေးထွေးမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
“ ဂျူနီယာညီလေး… မင်းက စီနီယာအကိုကြီးအပေါ် အနားလည်ဆုံးလူပါပဲ… အရင်တုန်းက မြစ်ထဲ ငါဆင်းသွားတော့ နင်နင်လေးနဲ့ ကျန်းကျန်းကြီးက ဒီအတိုင်းပဲ ရပ်ကြည့်နေကြတယ်… ဘယ်သူမှ ငါ့နောက်ကို မလိုက်ခဲ့ကြဘူး.. ကောင်းပြီ… ငါတို့ညီအကိုတွေ အတူတူ လုပ်ကြတာပေါ့ ”
ခေါင်းဆောင်သည် စကားပြောပြီးနောက် အရှေ့သို့ ပြေးထွက်သွားပြီး မြစ်ထဲသို့ ခုန်ဆင်းသွားသည်။ ရွှီချင်းသည်လည်း ခေါင်းဆောင်နောက်သို့ လိုက်သွားသည်။ သူတို့နှစ်ယောက်က မြစ်ထဲသို့ ခုန်ဆင်းသွားသည်နှင့်ချက်ချင်း ကျင့်ကြံခြင်းအခြေခံကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့က မြစ်ထဲမှ စွမ်းအားကို တောင့်ခံနေရင်း မြစ်၏ အောက်ခြေသို့ ထိုးဆင်းသွားကြသည်။
ခေါင်းဆောင်သည် အပြာရောင်အလင်းကို သူ့တစ်ကိုယ်လုံးအား လွှမ်းခြုံသွားစေပြီး မြစ်၏ စွမ်းအားကို တောင့်ခံသည်။ ရွှီချင်း၏ နည်းလမ်းသည် ပိုပြီးရိုးရှင်းသည်။ သူက ခရမ်းလစွမ်းအားကို ထုတ်လွှတ်လိုက်ပြီး အရာအားလုံးကို ဖယ်ရှားပစ်လိုက်သည်။ ထို့သို့ဖြင့် သူတို့နှစ်ယောက်သည် မြစ်၏ အောက်ခြေသို့ အရှိန်အဟုန်အပြည့်ဖြင့် ရွေ့လျားသွားနေကြသည်။
မြစ်၏ အောက်ခြေတွင် မှောင်မည်းနေပြီး သွေးနီရောင်မြစ်ရေသည် ထိုနေရာတွင် အလွန်အမင်း သိပ်သည်းသည်။ မရေမတွက်နိုင်သော အရိုးစုများသည်လည်း မြစ်ရေထဲမှာ ပေါလောပေါ်နေကြသည်။
ပုပ်သိုးနေသော အမျိုးသမီးတစ်ယောက်၏ အရိုးစုက သူ့အား ဖြတ်ကျော်သွားသည်ကို ရွှီချင်း မြင်လိုက်သည်။ ထိုအခိုက်အတန့်မှာ အရိုးစု၏ မျက်လုံးက ပွင့်သွားတော့မည့်ဟန် ရသည်။
ရွှီချင်းသည် ထိုကိစ္စကို အရေးမထားနေပေ။ သူက အရှေ့သို့ ဆက်လက် ကူးခတ်သွားသည်။
မကြာမီ မြစ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတချို့က သူတို့၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာကြဟန် ရသည်။ သို့သော်လည်း ခေါင်းဆောင်၏ ခန္ဓာကိုယ်ပေါ်မှ အပြာရောင်အလင်းဖြစ်စေ ရွှီချင်း၏ ခရမ်းလအခွင့်အာဏာဖြစ်စေ ယင်းတို့က အဟန့်အတားတစ်ခုကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများသည် သူတို့ကို မတိုက်ခိုက်ဝံ့ကြပေ။
ထိုသို့ဖြင့် အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။ ခေါင်းဆောင်၏ စွမ်းရည်ကြောင့် နင်ယန်၏ နွယ်ပင်သည် အဆုံးမဲ့စွာ ရှည်ထွက်လာသည်။ သူတို့က နွယ်ပင်ကို ဆွဲထားလျက် မြစ်၏ ကြမ်းပြင်နှင့် တဖြည်းဖြည်း နီးသထက် နီးကပ်လာသည်။
အချိန်ကာလတစ်ခုကြာမြင့်ပြီးသောအခါ ရွှံ့မြေထဲမှာ တစ်ပိုင်းတစ်စ ထွက်ပေါ်နေသော ဧရာမသတ္ထုစက်လုံးကို သူတို့မြင်တွေ့သွားသည်။ ယင်းက ပေပေါင်းတစ်သောင်း အရွယ်အစားရှိပြီး ခေါင်းဆောင်နှင့် ရွှီချင်း၏ မျက်စိရှေ့မှာ ထင်ထင်ရှားရှား ထွက်ပေါ်လာသည်။
ထိုဧရာမစက်လုံးသည် ပျက်စီးနေပြီး ဇကာပေါက်သဖွယ် မရေမတွက်နိုင်သော အပေါက်များဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ ယင်းက ပြင်းထန်သော တိုက်ပွဲတစ်ခုဖြင့် တွေ့ကြုံခဲ့သည့်အလားပင်။
ရှည်လျားသော အချိန်ကာလ၏ အငွေ့အသက်နှင့် ရှေးဟောင်းအရှိန်အဝါသည် ထိုသတ္ထုစက်လုံးထဲမှ ပျံ့လွင့်လာနေသည်။ သံချေးများသည် သတ္ထုစက်လုံးပေါ်မှာ ပြောက်ကျားပြောက်ကျား စွန်းထင်နေသည်။
သတ္ထုစက်လုံး၏ ကိုယ်ထည်မှ ထုတ်လွှတ်နေသော အချိန်ကာလအငွေ့အသက်သည် မြင်ရသူတိုင်းကို ယိုယွင်းပျက်စီးခြင်း အရှိန်အဝါအား ခံစားမိစေသည်။
ဤသည်မှာ လဝတ်ပြုဒေသကြီး၏ ရှေးဟောင်းအုပ်ချုပ်သူခေတ်မှ ပထမဆုံး အတုယောင်နေလုံး ဖြစ်သည်။
“ ငါတို့ရောက်ပြီ ”
ခေါင်းဆောင်၏ မျက်လုံးထဲမှာ ထူးခြားသော အလင်းရောင် ထွက်ပေါ်လာသည်။ သူက ရွှီချင်းကို လက်ဟန်ခြေဟန်ဖြင့် ဘေးပတ်ဝန်းကျင်ကို သတိထားရန် အချက်ပေးလိုက်သည်။ ထို့နောက် သူက နွယ်ပင်ကို ဖမ်းဆုပ်လိုက်ပြီး သတ္ထုစက်လုံးဆီသို့ ရွေ့လျားသွားသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး ဘေးမှ သတိထားစောင့်ကြည့်နေသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သံချေးတတ်နေပြီး ပျက်စီးနေသော သတ္ထုစက်လုံး၏ အတွင်းဘက်ထဲမှာ ပုံရိပ်တစ်ခုက တင်ပျဉ်ခွေလျက် ထိုင်နေကြောင်း သူတို့နှစ်ယောက်စလုံး သတိမပြုမိခဲ့ကြပေ။
ထိုသူသည် ခန္ဓာကိုယ်ပိန်ချုံးပြီး ခြောက်သွေ့နေသော မျက်နှာရှိသည်။ သူက စုတ်ပြဲနေသော အညိုရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေရာ အရေပြားသည် သူ၏ ဝတ်ရုံအောက်တွင် အထင်အရှား ထွက်ပေါ်နေပြီး မရီဒျန်များသည် တောင်တန်းများသဖွယ် နိမ့်ချည်မြင့်ချည် တည်ရှိနေကြသည်။
သူ့မှာ ရှည်လျားသော မီးခိုရောင်ဆံပင်ရှိပြီး ယင်းတို့က လေလွင့်တစ္ဆေများသဖွယ် သတ္ထုစက်လုံးအတွင်းမှာ ပြန့်ကျဲနေကြသည်။
ခေါင်းဆောင်နှင့် ရွှီချင်းက သတ္ထုစက်လုံးနားသို့ ချဉ်းကပ်လာသည့်အခါ ထိုပုဂ္ဂိုလ်၏ မှိတ်ထားသော မျက်လုံးသည် ဖြည်းညင်းစွာ ပွင့်သွားသည်။ သူ၏ မျက်လုံးထဲမှ အပြာရောင်အလင်းသည် ဝိညာဉ်လှုပ်ခတ်စေနိုင်သော စွမ်းအင်ရှိသည်။
ထိုပုဂ္ဂိုလ်သည် အိမ်ရှေ့စံမင်းသား ဖြစ်သည်။
သူ၏ အကြည့်က အဝေးသို့ ရောက်ရှိသွားသောအခါ သူ၏ အမူအရာသည် အနည်းငယ် ထူးခြားလာသည်။