မင်းဘာကို ဆွဲတင်လိုက်တာလဲ
Vol. 62 Ch. 968
ရွှီချင်းနှင့် ခေါင်းဆောင်သည် သတ္ထုစက်လုံးထဲမှာ တစ်စုံတစ်ယောက်ရှိနေကြောင်း သတိမထားမိကြပေ။
ဤအခိုက်အတန့်မှာ ရွှီချင်း၏ သတိထားမှုအောက်မှာ ခေါင်းဆောင်သည် နင်ယန်၏ နွယ်ပင်ကို ကိုင်ထားလျက် သတ္ထုစက်လုံးနားဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။
ထိုပစ္စည်းသည် ဇကာပေါက်သဖွယ် အပေါက်များဖြင့် ပြည့်နှက်နေသော်လည်း အတွင်းဘက်ထဲမှာ သီးခြားကမ္ဘာငယ်တစ်ခု ရှိသည်။ ခေါင်းဆောင်သည် အချိန်အတော်ကြာ ရှာဖွေပြီးနောက် ခိုင်ခံ့သော အပေါက်တစ်ခုကို ရှာတွေ့သွားသည်။
ထိုနေရာမှာ သူက နွယ်ပင်ဖြင့် ချည်နှောင်လိုက်သည်။ သူက ယင်း၏ ခိုင်ခံ့မှုကို အနည်းငယ် စိုးရိမ်သောကြောင့် နွယ်ပင်ဖြင့် ထပ်ခါထပ်ခါ ချည်နှောင်လိုက်လေရာ နွယ်ပင်အထုံးများ ဖြစ်ပေါ်လာသည်။ ထို့နောက် သူက လက်ညှိုးကို ကိုက်လိုက်ပြီး သူ၏ သွေးဖြင့် မှော်သင်္ကေတတချို့ကို ရေးဆွဲလိုက်ကာ ယင်းတို့ကို နွယ်ပင်အထုံးများဖြင့် ပေါင်းစပ်သွားစေသည်။
ထိုသို့လုပ်ဆောင်ပြီးနောက် ခေါင်းဆောင်သည် သတ္ထုစက်လုံးကို ဂုဏ်ယူဝင့်ကြွားစွာ ပုတ်လိုက်သည်။ ထို့နောက် သူက ရွှီချင်းကို လက်ဟန်ခြေဟန် ပြလိုက်သည်။
အပြင်လူများသည် ခေါင်းဆောင်၏ ဆိုလိုရင်းကို နားမလည်နိုင်ပေ။ သို့သော်လည်း ရွှီချင်းက ကောင်းမွန်စွာ နားလည်သည်။ သူက အနည်းငယ် ဆွံ့အသွားသည်။ သို့တိုင် သူက မှတ်တမ်းတင်ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ဆဲပင်။ သူ၏ ခရမ်းလစွမ်းအားကို ကျောက်စိမ်းပြားပေါ် ဖုံးအုပ်လိုက်ပြီး မြစ်ရေ၏ တိုက်စားခြင်းမခံရအောင် ကာကွယ်ပေးလိုက်သည်။ ထို့နောက် သူက မြင်ကွင်းကို စတင်မှတ်တမ်းတင်တော့သည်။
သူက ထိုမြင်ကွင်းကို ကျောက်စိမ်းပြားထဲသို့ ထည့်သွင်းလိုက်သည်။
ထို့သို့လုပ်ဆောင်ပြီးနောက် ခေါင်းဆောင်သည် အမြန်ပြန်ရောက်လာပြီး ကျောက်စိမ်းပြားကို စစ်ဆေးကြည့်သည်။ အထဲမှ သူ၏ အသွင်ပုံစံကို အတော်လေး စိတ်ကျေနပ်သွားသည်။ ထို့နောက် သူက ရွှီချင်းကို မျက်စပစ်ပြလိုက်ပြီး ခြေဟန်လက်ဟန်ဖြင့် ဆက်ပြောသည်။
ရွှီချင်းသည် ခေါင်းခါလိုက်ပြီး ခေါင်းဆောင်၏ ဖိတ်ကြားချက်ကို ငြင်းပယ်လိုက်သည်။
သူတို့နှစ်ယောက်သည် အနောက်လှည့်လိုက်ပြီး နွယ်ပင်၏ ဦးတည်ရာဆီသို့ အမြန်ပြန်ဆုတ်သွားကြသည်။
ဤခရီးသည် အတော်လေး ချောမွေ့သည်။ နာရီအနည်းငယ်ကြာပြီးနောက် သူတို့က ကမ်းစပ်ဆီသို့ ပြန်ရောက်သွားကြသည်။ သူတို့က မြစ်ထဲမှ ပြန်ထွက်လာသည်နှင့်ချက်ချင်း ခေါင်းဆောင်သည် နွယ်ပင်ကို ဆုပ်ကိုင်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောသည်။
“ အလုပ်စကြမယ်… အလုပ်စကြမယ် ”
“ ကျန်းကျန်းကြီး… စောစောက အဲ့ဒါကို ငါမြင်ခဲ့တယ်… မြစ်ပြင်အောက်က သတ္ထုစက်လုံးထဲမှာ ရှေးဘုရင်ရွှမ်ယုံရဲ့ မှတ်တမ်းတွေ ရှိတယ်… ကံမကောင်းစွာပဲ မြစ်ထဲမှာ အလင်းရောင်မရှိတော့ အဲ့ဒါကို ငါသေသေချာချာ မမြင်ခဲ့ရဘူး… ”
မြေပြင်ပေါ်မှာ လဲလျောင်းနေသော ဝူကျန်းဝူသည် ဤသည်ကိုကြားသောအခါ ချက်ချင်း ထခုန်လိုက်သည်။ သူ၏ မျက်လုံးက ပြူးကျယ်သွားသည်နှင့် နင်ယန်၏ နွယ်ပင်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူက ကျယ်လောင်စွာ အော်လိုက်သည်နှင့် သူ၏ သားငယ်လေးများသည်လည်း ထွက်ပေါ်လာကြပြီး သူနှင့်အတူ နွယ်ပင်ကို ဆုပ်ကိုင်လိုက်ကြသည်။
ကြက်တူရွေးလေးသည်လည်း ချွင်းချက်မဟုတ်ပေ။
နင်ယန်သည် ထပ်မံ စိုးရိမ်လာသည်။ သူက အမြန်မတ်တတ်ရပ်လိုက်ပြီး ယခင်ပုံစံအတိုင်း သူ၏ ခြေထောက်ကို သဲထဲသို့ ထိုးစိုက်ထားလိုက်သည်။
ဘေးမှာရှိနေသော လီယိုဖေးသည် အခြေအနေကို ကောင်းမွန်စွာ နားလည်သည်။ သူက နွယ်ပင်ကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်ဓာတ်ပြတ်သားသော အမူအရာ ဖြစ်ပေါ်လာသည်။ သူက နွယ်ပင်ကို အားကြိုးမာန်တတ် ဆွဲလိုက်သည့်အခါ သူ၏ မျက်နှာသည် နီရဲလာသည်။
လူတိုင်း၏ ပူးပေါင်းဆောင်ရွက်မှုအောက်မှာ မြစ်သည် ချက်ချင်း လှုပ်ရှားလာပြီး ဝုန်းခနဲ ထကြွလာသည်။
သူတို့၏ အားသွန်ခွန်စိုက် ဆွဲမှုကြောင့် မြစ်ပြင်အောက်ရှိ နွယ်ပင်နှင့် ဆက်သွယ်ထားသော သတ္ထုစက်လုံးသည် အနည်းငယ် လှုပ်ရှားလာပြီး အပေါ်သို့ ဖြည်းဖြည်းချင်း ဆွဲတင်ခံလာရသည်။
သတ္ထုစက်လုံးထဲမှာ တင်ပျဉ်ခွေလျက် ထိုင်နေသော အိမ်ရှေ့စံမင်းသားသည် သတ္ထုစက်လုံး၏ တုန်လှုပ်မှုနှင့် ရွေ့လျားမှုကို ခံစားမိလာသည်။ သူက ခေါင်းမော့လိုက်သည့်အခါ သူ၏ မျက်နှာပေါ်မှ ထူးခြားသော အမူအရာသည် ပိုပြီးသိသာလာသည်။ သူက တစ်စုံတစ်ခု ပြောချင်နေသော်လည်း တုံ့ဆိုင်းနေသည်။
ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး သတ္ထုစက်လုံးကို နောက်ဆုံးမှာတော့ ရွှံ့မြေထဲမှ လုံးလုံး ဆွဲထုတ်နိုင်သွားသည်။ ယင်းက မြစ်ရေမျက်နှာပြင်ထက်သို့ ဖြည်းဖြည်းချင်း ဆွဲတင်ခံနေရသည်။ သတ္ထုစက်လုံး၏ အလေးချိန်ကြောင့် ရွေ့လျားနေသော အမြန်နှုန်းသည် နှေးကွေးသည်။
သို့သော်လည်း ယင်းက ရွေ့လျားသွားသည့်အခါတိုင်း ပမာဏများပြားသော ရွှံ့မြေသည် လှုပ်ရှားထကြွလာလိမ့်မည်။ ယင်းက မြစ်ကို ပိုပြီးလှုပ်ခါသွားစေပြီး ကြီးမားသော လှိုင်းလုံးများကို အစဉ်မပြတ် ထွက်ပေါ်လာစေသည်။
ဤနေရာမှ ဆူညံမှုသည် မသိသာခြင်းမဟုတ်ပေ။ ယင်းအစား ခေါင်းဆောင်က ထိုအချင်းအရာကို ကြိုမြင်သောကြောင့် အကန့်အသတ်စည်းများကို ကမ်းစပ်ပေါ်မှာ ခင်းကျင်းထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အချိန်အတော်ကြာ ထိုသို့ဆက်ဖြစ်နေမည်ဆိုလျှင် ယင်းက ရှာတွေ့ခံရနိုင်ပေသည်။ သို့မဟုတ်ဘဲ အချိန်တိုအတွင်း ပြီးဆုံးသွားမည်ဆိုလျှင် မည်သည့်ပြဿနာမှ မရှိနိုင်ပေ။
ထို့ကြောင့် ခေါင်းဆောင်က အလျင်စလို ဆောင်ရွက်နေရခြင်း ဖြစ်သည်။
မြစ်ကြမ်းပြင်ပေါ်မှ ရွှံ့မြေပေါ်တွင် ကျောက်တုံးများစွာ ရှိသည်။ ဧရာမသတ္ထုစက်လုံးသည် ကျောက်တုံးအများစုကို တတ်ကြိတ်သွားနိုင်သော်လည်း မရှောင်လွှဲနိုင်သည့် ကျောက်ဆောင်တချို့ ရှိနေပေသည်။ ကျောက်ဆောင်များနှင့် တိုက်မိသွားသည့်အခါတိုင်း အထဲမှ ပုံရိပ်သည် သိသာစွာ လှုပ်ယမ်းလာသည်။
သို့သော်လည်း အိမ်ရှေ့စံမင်းသား၏ အမူအရာသည် ထူးခြားခြင်းမရှိတော့ပေ။ ယင်းအစား တည်ငြိမ်မှုသို့ ပြောင်းလဲသွားသည်။ သူက ထိုနေရာမှာ ထိုင်နေလျက် ရွှီချင်း၊ ခေါင်းဆောင်နှင့် တခြားလူများကို သူပုန်းအောင်းနေသော သတ္ထုစက်လုံးအား ဖြည်းဖြည်းချင်း ဆွဲတင်ရန် ခွင့်ပြုထားသည်။
မျက်စိတစ်မှိတ်အတွင်း သုံးရက်ကုန်လွန်သွားသည်။
ခေါင်းဆောင်နှင့် တခြားလူများ၏ ကြိုးစားအားထုတ်မှုအောက်မှာ ထိုဧရာမသတ္ထုစက်လုံး၏ အစွန်းသည် နောက်ဆုံးမှာတော့ သူတို့၏ မြင်ကွင်းထဲမှာ ထွက်ပေါ်လာသည်။ ယင်းက နှစ်ပေါင်းများစွာကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အပြင်လောကမှာ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဧရာမသတ္ထုစက်လုံးသည် သံချေးဖြင့် ဖုံးလွှမ်းနေပြီး ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဤအခိုက်အတန့်မှာ ကောင်းကင်သည်ပင် တအိအိလှုပ်ခါသွားသည်။
“ အဲ့ဒါအပြင်ထွက်လာတော့မယ်… အားလုံး ပိုပြီးအားစိုက်ထုတ်ကြပါ ”
ခေါင်းဆောင်သည် ပြောမပြနိုင်အောင် စိတ်လှုပ်ရှားလာသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံသည် လုံးဝပေါ်လျှိုးလာသည်။ သူက ခွန်အားအကုန် အသုံးပြုနေခြင်း ဖြစ်သည်။
ဤဧရာမသတ္ထုစက်လုံး၏ အရွယ်အစားသည် ပေတစ်သိန်းရှိပြီး အလေးချိန်သည် တံခါးပုံသဏ္ဍာန်နေလုံးနှင့် သတ္ထုစက်ကွင်းထက် အများကြီး ပိုကျော်လွန်သည်။ သို့ဖြစ်၍ ဧရာမသတ္ထုစက်လုံး၏ ရွေ့လျားမှုသည် အလွန်နှေးကွေးသည်။ ယင်းကို အပေါ်သို့ ဆွဲတင်နိုင်ရန် ကြီးမားသော ခွန်အားကို လိုအပ်သည်။
ထိုသို့ဆွဲတင်နေစဉ် နွယ်ကြိုးက ပြတ်သွားတော့မည့် အခြေအနေမျိုး နှစ်ခါဖြစ်ပေါ်ခဲ့သည်။
ကံကောင်းစွာဖြင့် ခေါင်းဆောင်၏ စွမ်းအားနှင့် ရွှီချင်း၏ ခရမ်းလစွမ်းအားသည် နွယ်ကြိုးကို မြဲမြံစွာ ထိန်းသိမ်းနိုင်စေခဲ့သည်။
ဤအခိုက်အတန့်မှာ သူတို့က အောင်မြင်ခါနီးပြီကို မြင်လိုက်ရသောအခါ လူတိုင်းသည် အားကုန်ထုတ်သုံးလာကြသည်။ ရွှီချင်း၏ ခန္ဓာကိုယ်သည် ပေငါးဆယ်အထိ ကြီးထွားလာပြီး လူ့ဘီလူးငယ်တစ်ကောင်သဖွယ် ဖြစ်လာသည်။
အချိန်အတော်ကြာ အားစိုက်ထုတ်ပြီးနောက် ဧရာမသတ္ထုစက်လုံးသည် မြစ်ရေမျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာသည်။ သတ္ထုစက်လုံး၏ အံ့ဖွယ်ကောင်းသော အရွယ်အစားသည်လည်း ပိုပြီးထင်သာလာသည်။ နာရီပေါင်းများစွာကြာပြီးနောက် ဧရာမကျောက်တုံးကြီးသဖွယ် ပေပေါင်းတစ်သိန်းအရွယ်အစားရှိသော သတ္ထုစက်လုံးသည် သူတို့၏ အရှေ့မှာ အပြည့်အဝ ထွက်ပေါ်လာသည်။
နောက်ဆုံးမှာတော့ သူတို့က သတ္ထုစက်လုံးကို စတေးခံယင်မြစ်ထဲမှ ဆွဲထုတ်နိုင်သွားသည်။
ယင်းက ကမ်းစပ်ဆီသို့ ရောက်ရှိသွားသည့်အခါ အနီရောင်မြစ်ရေသည် ရေတံခွန်သဖွယ် သတ္ထုစက်လုံး၏ အပေါက်များထဲမှ စီးကျလာသည်။
ရှေးဟောင်းအရှိန်အဝါသည်လည်း ဤအခိုက်အတန့်မှာ ပိုပြီးပြင်းထန်လာသည်။ ယင်းက အချိန်ကို သက်ရောက်မှုရှိသည့်အလား ဘေးပတ်ဝန်းကျင်ကို ဝေဝါးလာစေပြီး ဖရိုဖရဲဖြစ်လာစေသည်။
ထိုမြင်ကွင်းသည် လီယိုဖေး၏ စိတ်ခံစားချက်များကို အပြင်းအထန် လှိုင်းထသွားစေသည်။ ထိုစဉ် နင်ယန်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ဝူကျန်းဝူသည်သာ စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးဝင်းလက်လာသည်။ သူက ခေါင်းဆောင်ပြောသော ရှေးဘုရင်ရွှမ်ယုံ၏ မှတ်တမ်းများကို ရှာဖွေရန် သတ္ထုစက်လုံးဆီသို့ မြန်ဆန်စွာ ချဉ်းကပ်သွားသည်။
ခေါင်းဆောင်သည်တော့ မြေပြင်ပေါ်မှာ ခြေကားရား လက်ကားရား လဲလျောင်းနေသည်။ သူ့မှာ ခွန်အားတစ်စက်မှ မရှိတော့ပေ။ သို့သော်လည်း ဧရာမသတ္ထုစက်လုံးကို ကြည့်လိုက်သည့်အခါ သူ၏ နှုတ်ခမ်းထောင့်သည် အပေါ်သို့ ပင့်တတ်သွားသည်။ သူက ဂုဏ်ယူဝင့်ကြွားစွာ ရယ်လိုက်သည်။
“ ဂျူနီယာညီလေး… ဘယ်လိုလဲ… မင်းရဲ့ စီနီယာအကိုကြီးက အံ့ဩစရာမကောင်းဘူးလား ”
“ ဟား ဟား… ဒီနေလုံးသုံးလုံးက ငါ့ဟာတွေပဲ ”
“ ပေါက်စီလေးကိုပါ ထပ်ပေါင်းလိုက်ရင် ငါ့လက်ထဲမှာ နေလုံးလေးလုံးရှိသွားပြီ… ငါမင်းကို ပြောပြမယ် ချင်းလေး… ကျန်တဲ့နေလုံးငါးလုံးက တခြားမျိုးနွယ်စုတွေမှာဆိုပေမယ့် အတိတ်တုန်းက ငါက နေလုံးတစ်လုံးစီမှာ အရံအစီအစဉ် ထားရစ်ခဲ့တယ် ”
“ အချိန်ကျလာတဲ့အခါ နေလုံးကိုးလုံးက ငါ့အတွေးတစ်ချက်နဲ့ ဆင်းသက်လာလိမ့်မယ်… ဒါပေမဲ့ ဒီနေလုံးသုံးလုံးအတွက်တော့ မင်းအကူအညီကို ငါလိုတယ် ”
“ ဂျူနီယာညီလေး… ငါတို့ခရီးစဉ်ရဲ့ နောက်ဆုံးကိစ္စကြီးကို လုပ်ဆောင်နိုင်တော့မယ့်ရက်က သိပ်မဝေးတော့ပါဘူး ”
ဤသည်ကို ရွှီချင်းကြားသောအခါ ဧရာမသတ္ထုပစ္စည်းသုံးခုကို လှမ်းကြည့်လိုက်သည်။ သူ၏ နှလုံးခုန်သံသည် မြန်ဆန်လာသည်။ အတိတ်တွင် ကြက်တူရွေးလေးပြောခဲ့သော စကားကို ပြန်အမှတ်ရသွားသောအခါ သူက မေးသည်။
“ စီနီယာအကိုကြီး… မင်းငါ့ကို မီးထွန်းခိုင်းဖို့ ဒီကိုခေါ်တယ်… မင်းပြောချင်တာက ဒီနေလုံးသုံးလုံးကို မီးထွန်းခိုင်းတာလား ”
ခေါင်းဆောင်သည် ဝမ်းသာပျော်ရွှင်စွာ ထရပ်လိုက်သည်။
“ ဟုတ်တယ်… သွားကြစို့… ဒီဧရာမသတ္ထုစက်လုံးကတော့ အထဲက ရေအားလုံး သွန်ထုတ်ဖို့ဆိုရင် အချိန်အနည်းငယ် ကြာလိမ့်မယ်… ငါတို့ တခြားနေလုံးနှစ်လုံးကနေ စတင်သင့်တယ် ”
ခေါင်းဆောင်သည် ထိုသို့ပြောပြီးနောက် ရွှီချင်းကို သူနှင့်အတူ ဆွဲခေါ်သွားသည်။ သူတို့က ကြေးနီရောင်တံခါးဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။ သူက ထိုနေရာမှာ မတ်တတ်ရပ်နေပြီး ဧရာမတံခါးကို မျှော်လင့်သော အမူအရာဖြင့် ထိတွေ့လိုက်သည်။
ရွှီချင်းသည် အဝေးသို့ လှမ်းကြည့်လိုက်သည်။ ဤကဲ့သို့ သတ္ထုပစ္စည်းက မည်သို့ကြောင့် နေလုံးဖြစ်လာကြောင်း ယခုထိ သူနားမလည်သေးပေ။
“ ဂျူနီယာညီလေး… မင်း ထာဝရစွမ်းအားကို ကြားဖူးလား ”
ခေါင်းဆောင်သည် ရွှီချင်းကို ကြည့်လိုက်ပြီး တံခါးကို လက်ညှိုးညွှန်ပြလိုက်သည်။
“ အဲ့ဒါက ထာဝရစွမ်းအားပဲ… ပြီးတော့ အဲ့ဒါကြောင့်ပဲ ဒီဟာက အတုယောင်နေလုံးဖြစ်လာနိုင်တာ ”
ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ပေါက်စီလေးသည် ပျံသန်းထွက်လာသည်။ ၎င်း၏ အလင်းရောင်က ကျုံ့သွားပြီး ဧရာမတံခါးကို အရောင်အဝါ ထွန်းလင်းပေးလိုက်သည်။ နောက်အခိုက်အတန့်မှာ ကြေးနီရောင် ဧရာမကျောက်တုံးများပေါ်မှ မှော်သင်္ကေတများသည် စတင်အရောင်တောက်ပလာကြသည်။
၎င်းက စွမ်းအားကို စတင်တည်ဆောက်နေဟန် ရသည်။ ပေါက်စီလေး၏ အစဉ်မပြတ် အလင်းရောင် ထွန်းလင်းပေးမှုအောက်မှာ မှော်သင်္ကေတအားလုံးသည် တလက်လက် တောက်ပလာကြပြီး ဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ဧရာမတံခါးက တောက်ပသော အလင်းတန်းကို ထုတ်လွှတ်လိုက်လေရာ ဝူကျန်းဝူနှင့် တခြားလူများ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။
နောက်ဆုံးမှာတော့ ကြေးနီရောင်တံခါးပေါ်မှ မှော်သင်္ကေတများ၏ အလင်းရောင်က စူးရှတောက်ပလာသောအခါ ခေါင်းဆောင်သည် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ဂျူနီယာညီလေး… မင်းရဲ့ ရွှေကျီးကန်းက ထူးခြားတယ်… အဲ့ဒါက ရှေးဦးမီးတောက်တွေထဲမှာ အားအကောင်းဆုံးပဲ… မင်းရဲ့ ရွှေကျီးကန်းစွမ်းအားနဲ့ မီးတောက်တွေကို ထုတ်လွှတ်လိုက်ပြီး ဒီနေလုံးကို မီးထွန်းပေးပါ ”
ခေါင်းဆောင်၏ စကားဆုံးသည်နှင့် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ရွှေကျီးကန်းသည် ချက်ချင်း ပေါ်လျှိုးလာသည်။ ၎င်းက မြင့်မြတ်ထည်ဝါသော ခန္ဓာကိုယ်အသွင်သို့ ပြောင်းလဲလိုက်ပြီး လေထဲမှာ ကူးခတ်ပျံသန်းလိုက်သည်။ လီယိုဖေး၏ ချောက်ချားသော အကြည့်အောက်မှာ ဧရာမရွှေကျီးကန်းသည် ကောင်းကင်ဘုံမီးတောက်ကို ဧရာမတံခါးဆီသို့ မှုတ်ထုတ်လိုက်သည်။
အဆုံးမဲ့သော မီးတောက်ပင်လယ်သည် ဧရာမတံခါးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ နောက်အခိုက်အတန့်မှာ မှော်သင်္ကေတများသည် မီးတောက်များကို စုပ်ယူလိုက်သည်။ ထိုအခါ ဧရာမတံခါးသည် ပိုပြီးလင်းထိန်လာပြီး လှိုင်းဂယက်များကို ထုတ်လွှတ်လိုက်သည်။ ထိုလှိုင်းဂယက်များသည် ဧရာမတံခါး၏ အလယ်ဗဟိုမှ ကတော့ချွန်စပရင်ပေါ်မှာ စုဝေးသွားသည်။
စပရင်သည် စတင်လှုပ်ခါလာသည်။
“ လာစမ်း ”
ခေါင်းဆောင်သည် ပါးစပ်အပြည့် သွေးတစ်လုပ်ကို အန်ထုတ်လိုက်သည်။ သူ့သွေး၏ အကူအညီဖြင့် ရွှီချင်း၏ ရွှေကျီးကန်းစွမ်းအားသည် ပြောင်းလဲသွားသည်။ မီးတောက်သည်လည်း ချက်ချင်း အသွင်ပြောင်းလဲသွားသည်။ ယင်းက ဧရာမတံခါးကို ကျယ်လောင်သော ဝုန်းခနဲမြည်သံ ထွက်ပေါ်လာစေသည်။
တံခါးပေါ်မှ အလင်းရောင်သည် အဆုံးမဲ့စွာ ထွန်းလင်းတောက်ပနေပြီး စပရင်ထဲမှာ ပိုမိုများပြားသော စွမ်းအားများ စုဝေးလာသည်။ မကြာမီ စပရင်၏ တုန်ခါမှုသည် ပိုပြီးပြင်းထန်လာသည်။ နောက်ဆုံးမှာတော့ စပရင်သည် ကြီးမားသော အင်အားဖြင့် အောက်သို့ နစ်မြုပ်သွားသည်။
ကတော့ချွန်စပရင်၏ အကြီးမားဆုံး သတ္ထုကွင်းသည် ကြီးမားသော အင်အားဖြင့် အောက်သို့ ပြုတ်ကျသွားလေရာ ကမ္ဘာမြေကို လှုပ်ခတ်သွားစေမည့် ကျယ်လောင်သော ဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော ကျောက်တုံးကြီးများသည် အက်ကွဲသွားကြသည်။ ဘေးပတ်ဝန်းကျင်မှ လူများ၏ ခန္ဓာကိုယ်သည် ဒယိမ်းဒယိုင်ဖြစ်သွားကြသည်။ အောက်သို့ ပြုတ်ကျသွားသော စပရင်သည် မြေပြင်မှ တွန်းကန်အားကို အသုံးပြု၍ အပေါ်သို့ ပြန်ခုန်တတ်သွားပြီး တံခါး၏ ထိပ်ဖျားနှင့် ဆောင့်မိသွားသည်။
နောက်အခိုက်အတန့်မှာ ၎င်းက ဆောင့်မိသွားသော အရှိန်အဟုန်ကို ငှားယူ၍ အောက်သို့ တဖန်နစ်မြုပ်သွားပြန်သည်။
ထိုသံသရာစက်ဝန်းသည် အဆုံးမဲ့စွာ ထပ်ခါတလဲလဲ ဖြစ်ပျက်နေပြီး မိုးခြိမ်းသံသဖွယ် ဟိန်းသံများကို ဆက်လက် ပဲ့တင်ထပ်သွားစေသည်။ ဤသည်မှာ ၎င်းကို ထာဝရစွမ်းအားက ထောက်ပံ့ပေးနေသည့်အလားပင်။ ယင်းက မရပ်မဆဲ ဖြစ်ပျက်နေလေရာ တံခါးတစ်ခုလုံးကို ဝါးမျိုနေသော ဧရာမမီးတောက်နံရံတစ်ခုကို ဖြစ်ပေါ်လာစေပြီး အထဲမှာ မီးတောက်ဘောလုံးတစ်လုံးကို ဖန်တီးနေသည်။
ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး မြေပြင်သည် လှုပ်ခါလာသည်။
ထိုမြင်ကွင်းသည် တခြားလူများကိုမဆိုထားနှင့် ရွှီချင်း၏ နှလုံးကိုပင် လှုပ်ခါသွားစေသည်။ နင်ယန်သော်လည်းကောင်း ဝူကျန်းဝူသော်လည်းကောင်း ဆွံ့အသွားကြသည်။ လီယိုဖေးသည်တော့ လုံးဝမိန်းမောနေပြီး အလန့်တကြား အော်လိုက်သည်။
ခေါင်းဆောင်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ ဧရာမမီးလျှံတံခါးဖြင့် နေလုံးသည် တဖြည်းဖြည်း ကျုံ့သွားပြီး ရောင်ခြည်တန်းတစ်ခုသို့ ပြောင်းလဲသွားကာ သူ၏ လက်နှင့် ပေါင်းစပ်သွားသည်။
နေလုံးကို သိမ်းဆည်းပြီးနောက် ခေါင်းဆောင်သည် အဝေးမှ သတ္ထုစက်ကွင်းကို လက်ညှိုးညွှန်လိုက်သည်။
“ ချင်းလေး… ဒုတိယနေလုံးကို မီးထွန်းပေးပါ ”
ထို့နောက် ခေါင်းဆောင်သည် သူ၏ သိုလှောင်အိတ်ထဲမှ ဦးခေါင်းမဲ့ အရိုးစုကို ထုတ်လိုက်သည်။
အရိုးစု၏ ပုံပန်းသဏ္ဍာန်ကို ကြည့်မည်ဆိုလျှင် ယင်းက ဤဘဝမှ ခေါင်းဆောင်၏ ခန္ဓာကိုယ်ဖြစ်သည်။ သူက ယင်းကို မကြာသေးခင်ကမှ ခုတ်ဖြတ်ထားခြင်း ဖြစ်ရမည်။
ယင်းကို ထုတ်ယူပြီးနောက် သူက အလောင်းကို သတ္ထုစက်ကွင်းထဲသို့ ပစ်လွှတ်လိုက်သည်။ ချက်ချင်းဆိုသလို သူ၏ အလောင်းက တဖြည်းဖြည်း ကြီးထွားလာပြီး နောက်ဆုံးမှာတော့ လူပုံသဏ္ဍာန်ရုပ်တုများ၏ အရွယ်အစားသို့ ရောက်ရှိသွားသည်။ ၎င်းက အဟရာပေါ်တွင် တိုက်ရိုက် မတ်တတ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ကာ ဘယ်ဘက်နှင့် ညာဘက်မှ ရုပ်တုများ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
ထို့နောက် သတ္ထုစက်ကွင်းက ပြီးပြည့်စုံသွားသည်။
“ ချင်းလေး… မီးထွန်းလိုက်တော့ ”
ခေါင်းဆောင်သည် မြေပြင်ပေါ်မှ အော်ပြောလိုက်သည်။
ရွှီချင်းသည် တုံ့ဆိုင်းမနေပေ။ ရွှေကျီးကန်းသည် ခန္ဓာကိုယ်လှုပ်ယမ်းလိုက်ပြီး သတ္ထုစက်ကွင်းဆီသို့ ကောင်းကင်ဘုံမီးတောက်ကို မှုတ်ထုတ်လိုက်သည်။ မီးတောက်သည် သတ္ထုစက်ကွင်းကို ချက်ချင်း လွှမ်းခြုံသွားပြီး ခေါင်းဆောင်၏ အလောင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ခေါင်းဆောင်၏ အလောင်းသည် လောင်ကျွမ်းလာပြီး မီးတောက်သည် ဘယ်ဘက်နှင့် ညာဘက်မှ ရုပ်တုများဆီသို့ အလျှင်အမြန် ကူးစပ်သွားသည်။
ထိုလူသားသဏ္ဍာန်ရုပ်တုများသည် တစ်ခုပြီးတစ်ခု လောင်ကျွမ်းသွားကြသည်။ သူတို့အားလုံး၏ မျက်လုံးက ရုတ်တရက် ပွင့်လာသောအခါ မန္တန်ရွတ်ဆိုသော အသံက ပဲ့တင်ထပ်သွားသည်။ သူတို့သည် ဂီယာများသဖွယ် ရွေ့လျားသွားကြသည်။
ဝုန်းခနဲမြည်ဟိန်းသံက ပဲ့တင်ထပ်သွားသောအခါ မီးတောက်များသည် တဖြည်းဖြည်း များပြားလာသည်။ တစ်ခဏကြာပြီးနောက် ယင်းက မြန်ဆန်စွာ လှည့်ပတ်လာသည့်အခါ သတ္ထုစက်ကွင်းထဲမှ မီးတောက်များသည် တစ်ဟုန်ထိုး တောက်လောင်လာကြပြီး နေလုံးအသွင်သို့ ပြောင်းလဲသွားသည်။
ခေါင်းဆောင်သည် အပေါ်သို့ ခုန်လိုက်ပြီး လေကို ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို လှည့်ပတ်နေသော သတ္ထုစက်ကွင်းသည် ကြေးနီရောင်တံခါးကဲ့သို့ ကျုံ့သွားပြီး ခေါင်းဆောင်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ သူက ယင်းကို သိမ်းဆည်းလိုက်သည်။
“ ဟား ဟား… အားလုံးက အဆင်ပြေချောမွေ့နေပါလား… အခုလို အဆင်ပြေချောမွေ့နေတော့လည်း ငါသိပ်နေသားမကျဘူးဟ ”
ခေါင်းဆောင်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရွှီချင်းသည် ချက်ချင်း သတိထားလာသည်။ သူ၏ မှတ်ဉာဏ်များထဲတွင် ခေါင်းဆောင်က ကိစ္စကြီးတစ်ခုကို လုပ်ဆောင်သည့်အခါတိုင်း အမြဲတမ်း မတော်တဆမှုတချို့ ဖြစ်ပေါ်လာတတ်သည်။ တစ်ဖက်လူက ထိုအကြောင်းကို မပြောခဲ့လျှင် အဆင်ပြေသည်။ သို့သော်လည်း ယခု သူက ထုတ်ပြောလာသဖြင့် ရွှီချင်းသည် စိတ်မသက်မသာ ခံစားမိသွားသည်။
ရွှီချင်း၏ မျက်နှာကို သတိထားမိသွားသောအခါ ခေါင်းဆောင်သည် မကျေမနပ်ဖြစ်သွားသည်။
“ ချင်းလေး… မင်းက ငါ့ကို မယုံကြည်ဘူးလား… ငါမင်းကို ပြောပြီးသားပဲ… ဒါက ကိစ္စသေးသေးလေးပါဆို… ဒီအတွက် အချိန်အကြာကြီး ငါကြိုတင်ပြင်ဆင်ထားခဲ့တာ… ဘာမတော်တဆမှုမှ မရှိနိုင်ပါဘူး ”
“ အခုပဲကြည့်လေ… အားလုံးက အဆင်ပြေချောမွေ့တယ်မဟုတ်ဘူးလား… လာ လာ လာ… ဒီနောက်ဆုံးနေလုံးကို မီးထွန်းပြီးသွားရင် ငါတို့တွေ ဘဝကံကြမ္မာဆိုးတောင်တန်းဆီ ခရီးဆက်ကြမယ် ”
ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်ပြီး နောက်ဆုံးကျန်ရှိသော သတ္ထုစက်လုံးကို ကြည့်လိုက်သည်။ အထဲမှာ ရေအများကြီး ကျန်မနေတော့ကြောင်း သူမြင်သွားသည်။ ရေကုန်သွားသောအခါ သတ္ထုစက်လုံးထဲမှာ ရုန်းကန်နေကြသော မကောင်းဆိုးဝါးဝိညာဉ်တချို့ ကျန်ရှိနေဟန် ရသည်။ မကောင်းဆိုးဝါးစိတ်ဆန္ဒသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားနေသည်။
“ ငါတို့ အဲ့ဒါကို အခု မီးထွန်းနိုင်ပြီ… သတ္ထုစက်လုံးကို မီးဟုန်းဟုန်းတောက်စေပြီး အထဲက မကောင်းဆိုးဝါးဝိညာဉ်အားလုံးကို လောင်ကျွမ်းပစ်ရအောင်… အဲ့ဒါကို မြင့်တတ်လာတော့မယ့် နေလုံးအတွက် ယဇ်ပူဇော်တာလို့ သတ်မှတ်မယ် ”
ရွှီချင်းသည် တုံ့ဆိုင်းသွားသည်။ သူက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်လေရာ မည်သည့်အမှားအယွင်းမှ ရှိမနေကြောင်း ရှာတွေ့သွားသည်။ ထို့ကြောင့် သူက ခေါင်းဆောင်ကို ယုံကြည်ရန် ရွေးချယ်လိုက်ပြီး လက်ကို မြှောက်တင်လိုက်သည်။ ရွှေကျီးကန်းသည် ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး မီးတောက်များကို ဧရာမသတ္ထုစက်လုံးဆီသို့ မှုတ်ထုတ်လိုက်သည်။
ချက်ချင်းဆိုသလို အဆုံးမဲ့သော မီးတောက်ပင်လယ်သည် ဧရာမသတ္ထုစက်လုံးကို လွှမ်းခြုံသွားသည်။
သူက မီးထွန်းလိုက်ပြီ ဖြစ်သည်။
ခေါင်းဆောင်သည် သူကြိုပြင်ဆင်ထားသော ပစ္စည်းကို ထုတ်ယူရန် ပြင်လိုက်သည်။ သို့သော်လည်း သူက ထိုပစ္စည်းကို မထုတ်နိုင်ခင် ဧရာမသတ္ထုစက်လုံးသည် ရုတ်တရက် တုန်ခါလာပြီး လေထဲသို့ သူ့ဘာသာ မြှောက်တတ်သွားသည်။
မီးတောက်မီးလျှံများသည် သတ္ထုစက်လုံးပေါ်မှာ ချက်ချင်း ပေါ်လျှိုးလာသည်။ အပူချိန်သည် တစ်ဟုန်ထိုး မြင့်တတ်သွားပြီး ထိန်းချုပ်နိုင်စွမ်းမှ ကင်းလွတ်သွားသည်။ သတ္ထုစက်လုံးသည် မီးရဲရဲဖုတ်ထားသော သံလုံးကဲ့သို့ နီရဲလာသည်။ အတွင်းဘက်ထဲမှာလည်း မီးတောက်မီးလျှံများဖြင့် ပြည့်နှက်နေသည်။
ထိုမျှအထိ အဆင်ပြေသေးသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သတ္ထုစက်လုံးသည် ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများကို ထုတ်လွှတ်လာသည်။ ဤသည်မှာ ယင်းက ပေါက်ကွဲသွားတော့မည့်အလားပင်။