နေလုံးထဲမှ အဖိုးအို(ခ)
Vol. 62 Ch. 970
အဆုံးမှာတော့ လူတိုင်း ထိတ်လန့်သွားကြစဉ် ထိုဧရာမနေလုံးသည် လက်သီးဆုပ်အရွယ် မီးဘောလုံးအဖြစ်သို့ တဖြည်းဖြည်း ကျုံ့သွားသည်။ ထို့နောက် ပုံရိပ်တစ်ခုသည် ဟင်းလင်းပြင်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာပြီး မီးဘောလုံးကို ဖမ်းဆုပ်လိုက်သည်။
ထိုပုဂ္ဂိုလ်သည် စုတ်ပြဲနေသော အညိုရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အတော်လေး ချောမောခန့်ညားသည်။ ရှည်လျားသော ဆံပင်သည် လေလွင့်တစ္ဆေများ၏ မီးခိုးအမျှင်တန်းများသဖွယ် သူ၏ အနောက်တွင် ပြန့်ကျဲနေသည်။ သူ၏ အပြာရောင်မျက်လုံးသည် တန်ဖိုးကြီးမားသော ကျောက်စိမ်းတုံးပမာ ကြည်လင်တောက်ပပြီး မြင့်မြတ်သော တော်ဝင်အရှိန်အဝါကို ထုတ်လွှတ်နေသည်။
သူ၏ ထွက်ပေါ်လာမှုသည် ကောင်းကင်ကို အေးခဲသွားစေပြီး မြေပြင်ကို ငြိမ်သက်သွားစေသည်။ လေတိုက်ခတ်မှုသည် ရပ်စဲသွားပြီး မီးတောက်များသည် နေရာအနှံ့သို့ ပြန့်ကျဲသွားကြသည်။
စတေးခံယင်မြစ်မှ မြစ်ရေသည်ပင် ပန်းချီကားသဖွယ်ဖြစ်လာပြီး လှုပ်ရှားမှုရပ်တန့်သွားသည်။
ဤလောကထဲမှ အရာအားလုံးသည် ထိုပုဂ္ဂိုလ်ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရပ်တန့်သွားသည်။
သူတို့၏ အသိစိတ်ထဲမှ အတွေးများသည်သာ ဆက်လက် အလုပ်လုပ်နိုင်ကြသည်။ သို့ဖြစ်၍ အဆုံးမဲ့သော အကြောက်တရားသည် လူတိုင်း၏ အသိစိတ်ထဲမှာ ပေါ်လျှိုးလာကြသည်။
နင်ယန်နှင့် ဝူကျန်းဝူသည် နှလုံးတုန်လာကြသည်။ ထိုပုဂ္ဂိုလ်၏ သရုပ်ကို သူတို့မှတ်မိကြသည်။
လီယိုဖေးသည်တော့ အကြောက်လွန်၍ မသေဆုံးသွားရုံတမယ်သာ ဖြစ်၏။ ရွှီချင်းနောက်သို့ လိုက်လာခဲ့သည့်အချိန်မှစ၍ သူတွေ့ကြုံခဲ့ရသမျှ အရာအားလုံးသည် သူ၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသည်။ ဤလအနည်းငယ်အတွင်းမှာ သူတွေ့ကြုံခဲ့ရသော အခက်အခဲများသည် သူ့တစ်ဘဝလုံးစာ၏ ထက်ဝက်ထက်ပင် ကျော်လွန်နေသည်။
ထိုလူက မည်သူဖြစ်ကြောင်း သူမသိသော်လည်း အလွန်ကြောက်စရာကောင်းသော နေလုံးကို ကလေးကစားစရာသဖွယ် လက်ထဲမှာ ဆုပ်ကိုင်ထားနိုင်လေရာ မည်မျှအစွမ်းထက်ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
ခေါင်းဆောင်၏ သူငယ်အိမ်သည် ကျုံ့သွားသည်။ ကြီးမားသော ဆူနာမီလှိုင်းလုံးသည် သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ သူက ဆုံးရှုံးမှုကို ခံစားမိသွားသည်။
“ ဘာလို့ ငါ့နေလုံးထဲမှာ လူတစ်ယောက် ရှိနေတာလဲ… ငါဘာကို ဆွဲထုတ်လိုက်တာလဲ… ပြီးတော့ ဒီလူက… နည်းနည်းရင်းနှီးနေသလိုပဲ ”
ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။
ထို့အတူ ရွှီချင်း၏ ခန္ဓာကိုယ်သည်လည်း တုန်ယင်လာသည်။
ရွှီချင်းသည် နေလုံးကို လက်ထဲမှာ ကိုင်ထားလျက် လမ်းလျှောက်လာနေသော ပုံရိပ်ကို ကြည့်လိုက်သည်။ သူသည်လည်း ဆွံ့အသွားသည်။ ခေါင်းဆောင်က အိမ်ရှေ့စံမင်းသားအား မြစ်ထဲမှ ဆွဲထုတ်လိုက်သည့်ကိစ္စကို ကိစ္စသေးသေးလေးအဖြစ် သတ်မှတ်လိမ့်မည်ဟု လုံးဝ သူမျှော်လင့်မထားပေ။
ရွှီချင်းသည် တစ်ဖက်လူကို ကြည့်နေရင်း မြစ်ပြင်အောက်မှာ သူတို့နှစ်ယောက်က သတ္ထုစက်လုံးကို လိုက်လံရှာဖွေနေခဲ့သော မြင်ကွင်းကို ပြန်တွေးမိသွားသည်။
ထိုအချိန်တုန်းက အိမ်ရှေ့စံမင်းသားသည် သတ္ထုစက်လုံးထဲမှာ ရှိနေခြင်း ဖြစ်ရမည်။
ရွှီချင်းသည် ကောလဟာလသတင်းများကို ပြန်တွေးမိသွားသောအခါ အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်သည် အနီရောင်လဗိမာန်မှ နတ်ဘုရားသားတော်နှင့် တိုက်ခိုက်ပြီးနောက် အိမ်ရှေ့စံမင်းသားသည် ပြန်လည်အားဖြည့်ရန် ဤရှေးဟောင်းနေလုံးထဲမှာ လာရောက်ပုန်းအောင်းနေခြင်းဖြစ်ရမည်ဟု သူခန့်မှန်းမိသည်။
ဤနေရာသည် ပုန်းအောင်းရန် အမှန်တကယ် သင့်တော်သည်။
ရှေးဟောင်းနေလုံးသည် ရှေးဟောင်းအုပ်ချုပ်သူခေတ်မှ ရတနာဖြစ်သည်။ သို့ဖြစ်၍ အိမ်ရှေ့စံမင်းသားသည် နေလုံးအကြောင်းကို ကောင်းမွန်စွာ နားလည်ထားပေသည်။ စတေးခံယင်မြစ်သည်တော့ အန္တရာယ်များသော်လည်း နီလာနတ်သမီးက နှစ်ချိုက်စွာ အိမ်မောကျနေသဖြင့် ဤနေရာသည် ပုန်းအောင်းရန် အလုံခြုံဆုံးသောနေရာ ဖြစ်သည်။
ယေဘုယျအားဖြင့်ဆိုရလျှင် လူအနည်းစုသာလျှင် ယင်းကို ရှာတွေ့နိုင်ပေသည်။ ထို့ပြင် ခေါင်းဆောင်ကဲ့သို့ နေလုံးကို ဆွဲတင်ရန် ရောက်လာသူများသည်သာ ဤနေရာသို့ ရောက်လာကြလိမ့်မည်။
“ မင်းတို့ကောင်တွေ ငါ့ကို ဘယ်လိုရှာတွေ့သွားတာလဲ… ပြီးတော့ ငါရှိနေတဲ့နေရာကို ဘာလို့ မီးရှို့ပစ်တာလဲ ”
အိမ်ရှေ့စံမင်းသား၏ အမူအရာသည် အေးဆေးတည်ငြိမ်သည်။ သူက ရွှီချင်းနှင့် ခေါင်းဆောင်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူက ခေါင်းငုံ့လိုက်ပြီး အောက်သို့ ကြည့်လိုက်သည်။ ထို့နောက် လူတိုင်းပေါ်မှ အချုပ်အနှောင်များကို ပြန်ဖြေလျှော့ပေးလိုက်သည်။
နင်ယန်နှင့် ဝူကျန်းဝူသည် ချက်ချင်း ဒူးထောက်လိုက်ကြသည်။ လီယိုဖေးသည်လည်း အတူတူပင်။ သူတို့သုံးယောက်သည် အပြင်းအထန် တုန်ယင်လာကြသည်။
ကြက်တူရွေးလေးလည်း ရှိသေးသည်။ ၎င်း၏ မျက်နှာပေါ်မှာ အကြောက်တရားဖြင့် ပြည့်နှက်နေပြီး ဝူကျန်းဝူ၏ အင်္ကျီလက်ထဲမှာ အမြန်ဝင်ပုန်းလိုက်သည်။
အိမ်ရှေ့စံမင်းသား၏ အကြည့်နှင့် အရှိန်အဝါသည် တောင်ကြီးတစ်တောင်နှယ် လေးလံပြီး ဤဧရိယာတစ်ဝိုက်ကို လွှမ်းခြုံထားသည်။
ခေါင်းဆောင်သည် ခန္ဓာကိုယ်တုန်ယင်နေလျက် ကိုးရိုးကားရား ပြုံးလိုက်သည်။ သူ၏ အမူအရာသည် ပိုပြီးမည်းမှောင်လာသည်။
“ စီနီယာ… ဒါက နားလည်မှုလွဲသွားတာပါ… နားလည်မှုလွဲသွားတာပါ… ငါတို့မှားသွားပါတယ်… ငါတို့ အခု ထွက်သွားပါတော့မယ်… ငါတို့ မင်းကို ဘာမှအနှောင့်အယှက်မပေးချင်ပါဘူး… ဘာလို့ မင်းပြန်သွားပြီး ဆက်အနားမယူတာလဲ ”
ခေါင်းဆောင်သည် စကားပြောနေရင်း အနောက်ဆုတ်သွားသည်။
အိမ်ရှေ့စံမင်းသားသည် ခေါင်းဆောင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
ခေါင်းဆောင်သည် မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားပြီး ပါးစပ်မှ သွေးတစ်ပွက် အန်လိုက်ရသည်။ သွေးသည် ရေတံခွန်အလား သူ၏ ခန္ဓာကိုယ်ထဲမှ စီးကျလာသည်။
အိမ်ရှေ့စံမင်းသားသည် အကြည့်ပြန်ရုပ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည် သွေးအန်နေသော ခေါင်းဆောင်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ အမူအရာသည် ပိုပြီးရိုသေလေးစားလာသည်။ သူက လက်သီးဆုပ်လိုက်ပြီး သူ့အရှေ့မှ အိမ်ရှေ့စံမင်းသားကို ဦးညွတ်လိုက်သည်။ သူက အတိတ်တွင် အသုံးပြုခဲ့သော လောကဝတ်အတိုင်း ပြုမူဆောင်ရွက်လိုက်ပြီး လေးစားစွာ ပြောသည်။
“ စီနီယာက နေလုံးထဲမှာ အနားယူနေတာကို ကျွန်တော်တို့ လုံးဝမသိပါဘူး… ကျွန်တော်တို့က ဆရာရဲ့ အစီအစဉ်အတိုင်း နေလုံးသုံးလုံးကို လာရောက်တူးဖော်တာပါ ”
ဤသည်ကို အိမ်ရှေ့စံမင်းသားကြားသောအခါ ပြုံးလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ သူက ဆက်မမေးတော့ပေ။ ယင်းအစား သူက အဝေးမှ မိုးကုပ်စက်ဝိုင်းကို လှမ်းကြည့်လိုက်သည်။
“ တစ်ယောက်ယောက် လာနေပြီ… ငါတို့ထွက်သွားဖို့ လိုတယ် ”
“ မိတ်ဆွေလေး… နေလုံးကို ထုတ်ယူပြီးရင် မင်းတို့ဘယ်သွားဖို့ စီစဉ်ထားလဲ ”
ရွှီချင်းသည် တုံ့ဆိုင်းသွားသည်။ သို့သော်လည်း သူက ဖုံးကွယ်မထားရဲပေ။ သို့ဖြစ်၍ သူက အမှန်တိုင်း ဖွင့်ပြောလိုက်သည်။
“ ဘဝကံကြမ္မာဆိုးတောင်တန်းလား ”
အိမ်ရှေ့စံမင်းသားသည် အတွေးနက်သွားပြီး ပြုံးလိုက်သည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ယမ်းလိုက်လေရာ သူ၏ အသွင်အပြင်သည် ပြောင်းလဲသွားသည်။ သူက သနားကြင်နာသော အဖိုးအိုပုံစံသို့ တိုက်ရိုက် ပြောင်းလဲသွားသည်။
သူက ဖိအားကို ပြန်ရုပ်သိမ်းလိုက်လေရာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်စွမ်းအင်လှိုင်းအတတ်အကျမှ မရှိတော့ပေ။ သူက သာမန်အဖိုးအိုတစ်ယောက်နှင့် ပိုပြီးဆင်တူသွားသည်။ ဤအခိုက်အတန့်မှာ သူက လက်နှစ်ဖက်ကို အနောက်သို့ ပို့လိုက်ပြီး အရှေ့သို့ လျှောက်သွားသည်။
“ ငါလည်းပဲ ဒီမှာ ကြာကြာနေဖို့ အစီအစဉ်မရှိဘူး… သွားကြစို့… လမ်းမှာ အနီရောင်လဗိမာန်ရဲ့ အခြေခံအုတ်မြစ်အကြောင်း ငါပြောပြမယ်… ငါ့မှာ မင်းနဲ့ဆောင်ရွက်ရမယ့် ကိစ္စတစ်ခုရှိတယ် ”
သူ၏ စကားဆုံးသည်နှင့် နင်ယန်နှင့် တခြားနှစ်ယောက်၏ ခန္ဓာကိုယ်ပေါ်မှ အချုပ်အနှောင်များသည် လွင့်ပြယ်သွားသည်။ သူတို့သည် ထိတ်လန့်သွားကြပြီး မည်သို့ဆက်လုပ်သင့်ကြောင်း မသိကြတော့ပေ။ သူတို့အားလုံးသည် ရွှီချင်းကို ကြည့်လိုက်ကြသည်။
ခေါင်းဆောင်သည် သွေးအန်ပြီးနောက် မတ်တတ်ပြန်ရပ်လိုက်သည်။ သူသည်လည်း တုန်တုန်ယင်ယင်ဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။
သူတို့၏ အမြင်မှာ ရွှီချင်းသည် အိမ်ရှေ့စံမင်းသားနှင့် အရင်းနှီးဆုံးလူ ဖြစ်သည်။
ရွှီချင်း၏ နှလုံးသည် ပရမ်းပတာဖြစ်လာသည်။ သူက အဖိုးအိုအသွင် ပြောင်းလဲထားသော အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။ ထို့နောက် သူက အံတင်းတင်းကြိတ်လိုက်ပြီး အိမ်ရှေ့စံမင်းသားနောက်သို့ လိုက်သွားသည်။
သူတို့အုပ်စုသည် အနောက်မှ မြန်ဆန်စွာ လိုက်သွားကြသည်။ နင်ယန်နှင့် ဝူကျန်းဝူသည် အားအင်မရှိသည့်အလား ယိုင်တိယိုင်တိုင် လမ်းလျှောက်နေကြသည်။ သူတို့သည် ရံဖန်ရံခါ အကြည့်ချင်း ဖလှယ်လိုက်ကြလေရာ တစ်ဖက်လူ၏ မျက်လုံးထဲမှ မယုံကြည်နိုင်မှုကို မြင်တွေ့သွားကြသည်။
“ ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်… ”
ခေါင်းဆောင်သည် သူ၏ သဘောထားကို မြန်ဆန်စွာ ပြောင်းလဲလိုက်သည်။ သူက အမြန်လျှောက်သွားပြီး ယပ်တောင်တစ်ချောင်းကို ထုတ်လိုက်သည်။ သူက အိမ်ရှေ့စံမင်းသားကို ယပ်ခတ်ပေးလိုက်ပြီး အရိုအသေပေးလိုက်ကာ မျက်နှာချိုသွေးရန် ကြိုးစားသည်။
“ စီနီယာ… မင်းမပူဘူးလား… ငါယပ်ခတ်ပေးပါမယ် ”
“ စီနီယာ မင်းမမောဘူးလား… ကျန်းကျန်းကြီး… စီနီယာ စီးလို့ရအောင် ဝက်ဝံတစ်ကောင်ကို အမြန်ထုတ်လိုက်စမ်း ”
အားလုံးသည် တုန်တုန်ယင်ယင်ဖြင့် လျှောက်နေကြသည်။ ရွှီချင်းသည်သာ ပုံမှန်အတိုင်း ဆက်ရှိနေသည်။ သို့သော်လည်း သူ၏ နှလုံးသားထဲမှာ စိတ်ဓာတ်ကျနေသည်။
‘ သူက ဆေးဆိုင်ကို ငါနဲ့အတူ လိုက်မလို့လား ’
အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။ နှစ်နာရီကြာပြီးနောက် အားလုံးထွက်ခွာသွားကြသောအခါ စောစောက သူတို့ရှိနေသော နေရာသည် ရုတ်တရက် ပုံပျက်တွန့်လိမ်လာသည်။ ဟင်းလင်းပြင်သည် ပရမ်းပတာဖြစ်သွားပြီး ဧရာမပုံရိပ်တစ်ခုက ရုတ်တရက် ဆင်းသက်လာသည်။
ထိုပုံရိပ်သည် ဝေဝါးနေပြီး သူ၏ မျက်နှာကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ အထင်အရှား မြင်နိုင်သည့်အရာမှာ သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှ အလွန်ကြီးမားသော အနီရောင်ဝတ်ရုံ ဖြစ်သည်။ ယင်းက ကောင်းကင်နှင့်မြေပြင်ကို ဖုံးလွှမ်းထားသည်။
အရာအားလုံးသည် ဤအခိုက်အတန့်မှာ အနီရောင်သို့ ပြောင်းလဲသွားသည်။
ထို့ပြင် သူ၏ နတ်အရှိန်အဝါသည် ဗလာနတ္ထိအဆင့်ထက် ကျော်လွန်နေသည်။ သူ၏ ဘေးနားတစ်ဝိုက်တွင် မရေမတွက်နိုင်သော နိယာမများနှင့် ဥပဒေသများက ဒြပ်ထည်ဖြစ်တည်နေဟန် ရသည်။ ထို့ပြင် နေ၊ လနှင့် ကြယ်များသည် သူ၏ တည်ရှိမှုကို စက်ဝိုင်းသဖွယ် လှည့်ပတ်နေကြဟန် ရသည်။
ထိုပုဂ္ဂိုလ်ထွက်ပေါ်လာသည့်အခိုက် ဘေးပတ်ဝန်းကျင်သည် ဝေဝါးလာပြီး အနီရောင်လ၏ နတ်ဘုရားအခွင့်အာဏာသည် တစ်ဟုန်ထိုး ပေါ်လျှိုးလာသည်။ သူက လက်ဝှေ့ယမ်းလိုက်လေရာ ဤနေရာမှ အချိန်ကာလသည် နောက်ပြန်ဆုတ်သွားသည်။ သူက စောစောတုန်းက ဤနေရာမှ အဖြစ်အပျက်ကို ပြန်မြင်နိုင်အောင် ကြိုးစားနေခြင်း ဖြစ်သည်။
မရေမတွက်နိုင်သော ပုံရိပ်အပိုင်းအစများသည် ဗလာလေဟာနယ်ထဲမှာ ပေါ်လျှိုးထွက်လာကြသည်။ ယင်းတို့က အတူတကွ ပေါင်းစပ်သွားကြပြီး ဤနေရာမှ အဖြစ်အပျက်ကို ပြန်ဖော်ထုတ်နေသည်။ သို့သော်လည်း ပုံရိပ်အပိုင်းအစများက ပေါင်းစပ်သွားကြပြီး မြင်ကွင်းကို ဖော်ထုတ်ပြတော့မည့်အချိန် ပုံရိပ်အပိုင်းအစများသည် အပြင်းအထန် တုန်ယင်လာကြသည်။
နောက်အခိုက်အတန့်မှာ ပုံရိပ်အပိုင်းအစအားလုံးသည် ပြိုကွဲသွားကြပြီး လွင့်ပြယ်သွားကြသည်။
ထိုပုဂ္ဂိုလ်သည် နှုတ်ဆိတ်သွားသည်။ ထို့နောက် သူက စတေးခံယင်မြစ်ဆီသို့ ကြည့်လိုက်သည်။ သူ၏ အကြည့်တစ်ချက်ဖြင့် မြစ်သည် စတင်လှုပ်ခါလာသည်။
“ မြစ်စောင့်ဝိညာဉ်တွေ ငါ့ရှေ့မှာ ကိုယ်ထင်ပြကြစမ်း ”
လေးနက်သော အသံသည် သူ၏ ပါးစပ်ထဲမှ ပဲ့တင်ထပ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာ မြစ်စောင့်ဝိညာဉ်အများအပြားသည် မြစ်ရေမျက်နှာပြင်ထက်မှာ ထွက်ပေါ်လာကြသည်။ ၎င်းတို့အားလုံးက လေထဲမှ ပုဂ္ဂိုလ်ကို ကြောက်ရွံ့ရိုသေစွာ အရိုအသေပေးလိုက်ကြသည်။
“ တော်ဝင်ဘုန်းတော်ကြီးကို အရိုအသေပေးပါတယ် ”
“ စောစောက ဒီမှာ ဘာဖြစ်သွားတာလဲ ”
ဧရာမပုံရိပ်သည် တည်ငြိမ်စွာ မေးသည်။ သူ၏ အသံသည် မိုးခြိမ်းသံသဖွယ် ဘေးပတ်ဝန်းကျင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
မြစ်စောင့်ဝိညာဉ်အားလုံးသည် မိန်းမောသွားကြပြီး ခေါင်းခါလိုက်ကြသည်။ သူတို့သည် တကယ် ဘာမှမသိကြပေ။
“ အသိအမြင်က ပြောင်းလဲခံထားရတယ်… ”
ဧရာမပုံရိပ်၏ အကြည့်က အဝေးရှိ မိုးကုပ်စက်ဝိုင်းဆီသို့ ကျရောက်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူ၏ ဝေဝါးသော ပုံရိပ်သည် နေရာမှ ပျောက်ကွယ်သွားသည်။
သူ၏ အသံသည်သာ ဤနေရာမှာ အချိန်အတော်ကြာ ရစ်ဝဲနေလေသည်။
“ အိမ်ရှေ့စံမင်းသား… မင်းက တကယ်ကြီး ဒီနေရာမှာ ပုန်းနေခဲ့တာပဲ… ဒါဆို ဘာလို့ အခုမှ မင်းက အပြင်ထွက်ဖို့ ရွေးချယ်ခဲ့တာလဲ ”