← Chapters

မင်း ကြုံရာကျပန်းဆေးကို သောက်လို့မဖြစ်ဘူး(က)

Vol. 62 Ch. 972

မင်း ကြုံရာကျပန်းဆေးကို သောက်လို့မဖြစ်ဘူး(က)

Vol. 62 Ch. 972

ခေါင်းဆောင်၏ အသံသည် ရွှီချင်း၏ နားထဲသို့ ဝင်ရောက်သွားသည်။ သို့သော်လည်း သူက မည်သည့်စကားမှ ပြန်မပြောပေ။ ထိုပုံပြင်က သူနှင့်ရင်းနှီးကျွမ်းဝင်သည်ဟု ခံစားမိသည်။

အတိတ်တွင် လပုန်ကန်ခန်းမထဲသို့ ပထမဆုံး သူဝင်ရောက်ခဲ့စဉ်က အဆိပ်တစ်ရာပြီးခန္ဓာကိုယ်ကို ကျင့်ကြံချင်သည်ဟု ပြောကြားခဲ့သော ပညာရှင်ကျင့်ကြံသူတစ်ဦးဖြင့် သူတွေ့ဆုံခဲ့သည်။ ထိုအချိန်တုန်းက အရောင်းအဝယ်ပြီးမြောက်ပြီးနောက် တစ်ဖက်လူကို အဆိပ်ဆေးလုံးအား တိုက်ရိုက် မသုံးစွဲရန် အထပ်ထပ်အခါခါ သူသတိပေးခဲ့သည်။

ထို့နောက် တစ်ဖက်လူကို နောက်တစ်ခါ သူမမြင်တွေ့တော့ပေ။ သူသည်လည်း လီယိုဖေး၏ ခန္ဓာကိုယ်ဖြင့် ဆေးလုံးသန့်စင်နေရင်း အလုပ်များနေသဖြင့် ထိုကိစ္စကို အာရုံမစိုက်ခဲ့ပေ။

‘ အဲ့ဒါတစ်ယောက်တည်းလား ’

ရွှီချင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။

“ အဲ့ဒီလူက အရမ်းအလျင်လိုနေတာဖြစ်ရမယ်… ဒါကြောင့် ဆုလာဘ်က အရမ်းများတယ် ”

ခေါင်းဆောင်သည် မက်မွန်သီးတစ်လုံးကို ထုတ်လိုက်ပြီး ဆက်မပြောခင် တစ်ကိုက် ကိုက်စားလိုက်သည်။

“ ငါ့အထင်တော့ စီနီယာက အနားမှာရှိနေမယ်ဆိုရင် တစ်ကယ်လို့ တစ်ဖက်လူက ငါးစာချထားတာဆိုရင်တောင် ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး… တကယ်လို့ သူက တကယ်ပဲ အကူအညီလိုနေတာဆိုရင် ချင်းလေး… မင်းရဲ့ အဆိပ်တာအိုက ဒီပြဿနာကို အေးဆေးဖြေရှင်းနိုင်လောက်ပါတယ် ”

“ ငါတို့အတွက်တော့ ဒီတာဝန်က အလကား ငွေရသလိုပါပဲ ”

ခေါင်းဆောင်သည် ပန်းသီးတစ်လုံးကို ထုတ်လိုက်ပြီး ရွှီချင်းကို ပေးလိုက်သည်။

“ ဘယ်လိုလဲ ချင်းလေး… မင်းလုပ်မှာလား မလုပ်ဘူးလား… မင်းက လပုန်ကန်ခန်းမကို မဝင်နိုင်ဘူးဆိုပေမယ့် အဲ့ဒါက ကိစ္စမရှိပါဘူး… ငါရှိနေတာပဲ ”

ရွှီချင်းသည် ပန်းသီးကို ကိုက်စားလိုက်သည်။ တစ်ခဏ တွေးတောပြီးနောက် သူက သဘောတူလိုက်သည်။

ထိုလူက သူနှင့်အလဲအလှယ်လုပ်ခဲ့သော လူနှင့် တစ်ယောက်တည်းဖြစ်သလား သူသိချင်သည်။ အကယ်၍ အတူတူဆိုလျှင် ထိုအဆိပ်ကို အလွယ်တကူ သူဖြေပေးနိုင်သည်။ မည်သို့ဖြစ်ပါစေ သူ့အား တစ်ဖက်လူထောက်ပံ့ပေးခဲ့သော ကျိန်စာအချက်အလက်များသည် အစစ်အမှန် ဖြစ်သည်။ တစ်ဖက်လူသည် သူ၏ အဆိပ်ဆေးလုံးကြောင့် အဆိပ်မိသွားခြင်းဖြစ်လျှင် သူက သေချာပေါက် ကူညီပေးသင့်သည်။

ရွှီချင်းက သဘောတူသည်ကို မြင်သောအခါ ခေါင်းဆောင်သည် စိတ်ထဲမှာ ဝမ်းသာပျော်ရွှင်သွားသည်။ သူက အဝေးမှာ တရားထိုင်နေသော အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။

‘ ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်ရဲ့ တည်ရှိမှုကို အသုံးမချရင် အလဟဿဖြစ်သွားမှာပေါ့ ’

အမှန်မှာတော့ ဤကိစ္စနှင့်ပတ်သက်ပြီး သူ့မှာ တခြားရည်ရွယ်ချက် ရှိသေးသည်။ သူက လပုန်ကန်ခန်းမထဲမှာ သူ့ကိုယ်ပိုင်နာမည်ကို ဖန်တီးချင်သည်။

လပုန်ကန်ခန်းမထဲသို့ ဝင်ရောက်ပြီးနောက် ခေါင်းဆောင်သည် ထိုနေရာမှ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ကုန်သွယ်မှုပုံစံကို နားလည်ခဲ့သည်။ ထိုနေရာတွင် ဂုဏ်သတင်းကျော်ကြားမှုသည် အလွန်အရေးကြီးသည်။ သို့သော်လည်း ခေါင်းဆောင်သည် သူ့ကိုယ်ပိုင်ပစ္စည်းများကို မရောင်းချချင်ပေ။ သို့ဖြစ်၍ သူက တခြားလူများကို လိုက်လံကူညီပေးပြီး သူ့ကိုယ်ပိုင်ဂုဏ်သတင်းကို ဖန်တီးမည်ဟု စီစဉ်ထားသည်။

‘ ပြီးတော့ အမှတ်ကိုးဆေးလုံးဆရာသခင်လည်း ရှိသေးတယ်… နေ့တိုင်း လူတွေအများကြီးက သူ့ရဲ့ ဘုရားကျောင်းရှေ့မှာ စောင့်ဆိုင်းနေကြတယ်… ငါ အထဲကို မဝင်နိုင်ဘူး… နည်းလမ်းတစ်ခု ငါစဉ်းစားရမယ် ’

ခေါင်းဆောင်သည် မြန်ဆန်စွာ တွေးတောလိုက်သည်။ သူက ရွှီချင်းကို ကြည့်လိုက်ပြီး ရုတ်တရက် ပြောသည်။

“ ချင်းလေး… ကျိန်စာကို မင်းလေ့လာတာ အခြေအနေဘယ်လိုရှိလဲ ”

“ ငါ့မှာ အတွေးတချို့ရှိတယ် ”

ရွှီချင်းသည် စကားပြောပြီးနောက် ခေါင်းဆောင်ကို ကြည့်လိုက်သည်။ လပုန်ကန်ခန်းမသို့ ဝင်ရောက်နိုင်မှုကြောင့် ခေါင်းဆောင်၏ အစောနက ဂုဏ်ယူဝင့်ကြွားပုံနှင့် စိတ်လှုပ်ရှားပုံကို တွေးမိသွားသောအခါ ရွှီချင်းသည် သူ၏ အောင်မြင်မှုကို ထုတ်ပြောရန် ဝန်လေးသွားသည်။ ယင်းက ခေါင်းဆောင်၏ ပျော်ရွှင်မှုအား ဖျက်ဆီးလိုက်မည်ကို သူစိုးရိမ်သည်။

“ ကိစ္စမရှိပါဘူးကွာ… ကျိန်စာကို ဖယ်ရှားတာက ဘယ်လိုလုပ် လွယ်ကူမှာလဲ… ဒါပေမဲ့ မင်းမှာ အချိန်ရရင် ကျိန်စာလျှော့ပေါ့ဆေးလုံးကို လေ့လာကြည့်ပါ ”

ခေါင်းဆောင်သည် စကားပြောပြီးနောက် သူ၏ မျက်လုံးထဲမှာ လေးစားအားကျသော အကြည့် ထွက်ပေါ်လာသည်။

“ ချင်းလေး… မင်းတော့ မသိလောက်ဘူး… ဒါပေမဲ့ ကျိန်စာလျှော့ပေါ့ဆေးလုံးက လပုန်ကန်ခန်းမထဲက လူတွေအတွက် အရမ်းအရေးကြီးတယ် ”

“ လက်တလော လပုန်ကန်ခန်းမထဲမှာ ကိစ္စကြီးတစ်ခုဖြစ်ပျက်ခဲ့ပြီး ဆရာသခင်တစ်ပါး ထွက်ပေါ်လာတယ်လို့ မင်းကို ငါပြောခဲ့တယ်မလား… အဲ့ဒါ ငါ့မိတ်ဆွေကောင်းလေ ”

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။

“ အဲ့ဒီလူက မရိုးရှင်းဘူး… သူက ဆေးပညာမှာ ဆရာတစ်ဆူပဲ… သူက ကျိန်စာလျှော့ပေါ့ဆေးလုံးအများကြီးကို သန့်စင်နိုင်တယ်… ငါကတော့ ကံကောင်းလို့ သူနဲ့သိကျွမ်းပြီး အချိန်အတော်ကြာ စကားလက်ဆုံပြောခွင့်ရခဲ့တယ်… ငါက သူ့ရဲ့ ဆေးပညာကို လေးစားပြီး သူကတော့ ငါ့ရဲ့ ဉာဏ်ပညာကို လေးစားတယ်… အဲ့လိုနဲ့ ငါတို့နှစ်ယောက်က မိတ်ဆွေကောင်းတွေ ဖြစ်လာကြတယ် ”

“ စကားလက်ဆုံပြောရင်းနဲ့ အဲ့ဆရာသခင်ရဲ့ အရည်အချင်းကို ပိုပြီးတော့ နက်နက်နဲနဲ ငါနားလည်လာတယ် ”

ခေါင်းဆောင်၏ မျက်လုံးထဲမှာ ရိုသေလေးစားသော အကြည့် ထွက်ပေါ်လာသည်။ ထို့နောက် သူက စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။

ရွှီချင်းသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သို့သော်လည်း သူက မည်သည့်စကားမှ မပြောပေ။

“ ချင်းလေး… မင်းဘာမှ စိတ်အားမငယ်နဲ့… အဆင်ပြေပါတယ်… ဆရာသခင်ကို ငါစကားကောင်းပြောပေးပြီး မင်းအတွက် ကျိန်စာလျှော့ပေါ့ဆေးလုံးတစ်လုံး တောင်းပေးမယ်… အဲ့ဒီအချိန်ကျရင် မင်းက ကျိန်စာလျှော့ပေါ့ဆေးလုံးကို လေ့လာကြည့်ပြီး ဆေးလုံးတချို့ ဖန်တီးနိုင်အောင် ကြိုးစားကြည့်ပါ ”

ခေါင်းဆောင်၏ စကားသည် နင်ယန်နှင့် ဝူကျန်းဝူ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ လီယိုဖေးသည်လည်း စူးစမ်းလိုစွာ ကြည့်လိုက်သည်။ သူတို့က လပုန်ကန်ခန်းမထဲသို့ မဝင်ရောက်နိုင်သောကြောင့် အထဲမှာ ဖြစ်ပျက်နေသော ကိစ္စများကို မသိကြပေ။

သို့သော်လည်း ‘ ဆရာသခင် ’ဟူသော စကားနှင့် ကျိန်စာလျှော့ပေါ့ဆေးလုံးအများအပြားကို သန့်စင်နိုင်သည်ဟူသော စကားကို သူကြားလိုက်သောအခါ လီယိုဖေးသည် ရွှီချင်းကို အလိုအလျောက် ကြည့်လိုက်မိသည်။

နင်ယန်သည် မမေးဘဲ မနေနိုင်ပေ။

“ စီနီယာအကိုအားညို… လပုန်ကန်ခန်းမရဲ့ ဆရာသခင်က အဲ့လောက်တောင် အံ့ဩစရာကောင်းတာလား… သူက ကျိန်စာလျှော့ပေါ့ဆေးလုံးအများကြီးကို သန့်စင်နိုင်တယ် ”

လဝတ်ပြုဒေသကြီးသို့ ရောက်ရှိလာပြီးနောက် ဝူကျန်းဝူနှင့် နင်ယန်သည် ယင်ယန်ပန်းပွင့်ဂိုဏ်း၏ အလိုရှိဖမ်းဝရမ်းစာမှတဆင့် ကျိန်စာလျှော့ပေါ့ဆေးလုံး၏ တန်ဖိုးကို အကြမ်းဖျဉ်းအားဖြင့် နားလည်ခဲ့ကြသည်။ သို့ဖြစ်၍ ခေါင်းဆောင်၏ စကားကို ကြားသောအခါ သူတို့သည် အလွန်အံ့ဩသွားကြသည်။

ခေါင်းဆောင်သည် မေးစေ့ကို မြှောက်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။

“ အဲ့လောက်လေးနဲ့ ဘယ်အံ့ဩစရာကောင်းမလဲ ”

“ အမှတ်ကိုးဆေးလုံးဆရာသခင် ရောက်လာတဲ့အခါမှာ သူ့ရဲ့ဘုရားကျောင်းက နှစ်လကြာအောင် တုန်ခါနေခဲ့ပြီး အထွတ်အမြတ် တာအိုအသံက ပျံ့လွင့်သွားခဲ့တယ်… သူ့ရဲ့ အိမ်နီးနားချင်းတွေကတော့ အတော်လေး ကံကောင်းခဲ့ကြတယ်… သူတို့က တာအိုအသံကို ကြားလိုက်ရတဲ့အခါမှာ သူတို့ရဲ့ ကျိန်စာတွေက ဖိနှိပ်ခံလိုက်ရတယ် ”

“ အဲ့ဒါကြောင့် လပုန်ကန်ခန်းမက အဲ့ဒီဆရာသခင်ကို အရင်ဦးဆုံး ဖိတ်ကြားခဲ့တာလို့ လူတချို့ကတောင် ပြောနေကြတယ် ”

သူက ထိုသို့ပြောလိုက်သည့်အခါ နင်ယန်သည် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဝူကျန်းဝူ၏ မျက်လုံးသည် ပြူးကျယ်လာပြီး လီယိုဖေး၏ အမူအရာသည် ပြောင်းလဲသွားသည်။

လူတိုင်း၏ အမူအရာကို မြင်သောအခါ ခေါင်းဆောင်သည် ပိုပြီးစိတ်လှုပ်ရှားလာသည်။

“ အံ့ဩစရာအကောင်းဆုံးကတော့ သူ့ရဲ့ ကျိန်စာလျှော့ပေါ့ဆေးလုံးက ဈေးကွက်တန်ဖိုးရဲ့ (၁၀)ရာခိုင်နှုန်းလောက်ပဲ ပေးရတယ်… ပြီးတော့ ဆေးအာနိသင်က အရမ်းအံ့ဩစရာကောင်းတယ်… လာဝယ်တဲ့လူတိုင်းက ထိတ်လန့်သွားကြတယ် ”

“ မင်းတို့ကောင်တွေက လပုန်ကန်ခန်းမထဲ မဝင်ရောက်နိုင်ကြဘူး… ဒီတော့ ဆရာသခင်ရဲ့ ဘုရားကျောင်းရှေ့မှာ နေ့တိုင်းလိုလို လူရာနဲ့ချီ စောင့်ဆိုင်းနေကြတာကို ဘယ်မြင်နိုင်တော့မလဲ ”

“ ဆရာသခင်က ဆေးလုံးတစ်လုံးကို ထုတ်လွှတ်လိုက်တာနဲ့ ကျင့်ကြံသူအမြောက်အများက အဲ့ဒါကို ရဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြလိမ့်မယ် ”

“ အဲ့ဒီမြင်ကွင်းက အရမ်းထူးခြားတယ် ”

ခေါင်းဆောင်သည် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။ ဝူကျန်းဝူနှင့် နင်ယန်၏ အသိစိတ်သည် လှုပ်ခါသွားသည်။ လီယိုဖေး၏ နှလုံးသည်တော့ အဆက်မပြတ် ခုန်ပေါက်နေသည်။ သူက ပိုပြီးနားထောင်မိလေ ထိုဆရာသခင်က ရွှီချင်းဖြစ်နိုင်သည်ဟု ပိုပြီးခံစားမိလာလေ ဖြစ်သည်။

ရွှီချင်းသည် ထိုအရာကို တွေးမိသည်။ သူ၏ မျက်နှာပေါ်မှာ မယုံကြည်နိုင်သော အမူအရာ ထွက်ပေါ်လာသည်။

“ ဒါပေမဲ့ လူတစ်ယောက်က နာမည်ကျော်ကြားလာပြီဆိုရင် ဒုက္ခတွေက သူ့အလိုလို ရောက်လာတတ်တယ်… အခု ငါ့မိတ်ဆွေက အရမ်းဒုက္ခရောက်နေပြီ ”

ခေါင်းဆောင်သည် ချောင်းဟန့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“ သူ့ကျိန်စာလျှော့ပေါ့ဆေးလုံးရဲ့ တန်ဖိုးက အရမ်းနိမ့်တာကြောင့် အဲ့ဒါက တခြားလူတွေရဲ့ စီးပွားရေးကို ထိခိုက်စေခဲ့တယ်… အရင်ကတော့ သူက လပုန်ကန်ခန်းမမှာ အရမ်းဂုဏ်သတင်းကျော်ဇောတာကြောင့် အဲ့ဒီလူတွေက မပျော်ရွှင်ကြပေမယ့် ဘာမှမပြောနိုင်ကြဘူး ”

All Chapters