← Chapters

မင်း ကြုံရာကျပန်းဆေးကို သောက်လို့မဖြစ်ဘူး(ခ)

Vol. 62 Ch. 973

မင်း ကြုံရာကျပန်းဆေးကို သောက်လို့မဖြစ်ဘူး(ခ)

Vol. 62 Ch. 973

“ ဒါပေမဲ့ ဆရာသခင်က လက်တလော ဘာဆေးလုံးမှ မထုတ်လွှတ်ခဲ့ဘူး… ဒါကြောင့် စီးပွားရေး ထိခိုက်သွားကြတဲ့လူတွေက ဒီဟာကို အခွင့်ကောင်းယူပြီး ဆရာသခင်နဲ့ပတ်သက်တဲ့ မကောင်းသတင်းတွေကို ဖြန့်ခဲ့ကြတယ် ”

“ ဒါ့အပြင် အရင်က ဆေးဆရာသခင်တချို့ကလည်း ထောက်ခံကြတယ်… တချို့က ဆေးလုံးကို ချီးမွမ်းကြပြီး တချို့က ဝေဖန်ကြတယ်… အဲ့ဒီဆေးလုံးတွေက အစစ်အမှန် ကျိန်စာလျှော့ပေါ့ဆေးလုံးနဲ့ နှိုင်းယှဉ်ရင် အန္တရာယ်ရှိတယ်လို့ ဆိုကြတယ် ”

“ တချို့ကလည်း ဆရာသခင်က ဆေးလုံးတွေကို ထပ်မထုတ်နိုင်တော့တာ အဲ့ဆေးလုံးတွေကို သူကိုယ်တိုင်သန့်စင်ခဲ့တာ မဟုတ်တာကြောင့်လို့ ပြောကြတယ်… ဆေးလုံးတွေရဲ့ ဇစ်မြစ်က ကုန်ခမ်းသွားတာလို့ ပြောကြတယ် ”

“ ဆရာသခင်က အနီရောင်လဗိမာန်ကဆိုတဲ့ ကောလဟာလတွေတောင် ရှိတယ်… အဲ့ဒါက အနီရောင်လဗိမာန်က သန့်စင်ထားတဲ့ ကဒ်ဘေးဆေးလုံးဖြစ်နိုင်တယ်လို့ တချို့က ပြောကြတယ် ”

“ ကောလဟာလတွေကတော့ အမျိုးမျိုးပါပဲ ”

ခေါင်းဆောင်သည် သက်ပြင်းချလိုက်သည်။ ဝူကျန်းဝူနှင့် နင်ယန်၏ နှလုံးသားထဲမှာ လှိုင်းထသွားသည်။ လီယိုဖေးသည်တော့ နှုတ်ဆိတ်သွားသည်။

ရွှီချင်းသည် နူးညံ့စွာ သက်ပြင်းချလိုက်သည်။ လပုန်ကန်ခန်းမဆီသို့ သူမဝင်ရောက်ခဲ့သည်မှာ အတော်ကြာသွားခဲ့ပြီ ဖြစ်သည်။ ခေါင်းဆောင်ပြောခဲ့သော ကိစ္စအတော်များများကို သူမသိပေ။ အထူးသဖြင့် မကောင်းသတင်းများ ဖြစ်သည်။

“ အခြေအနေကို သူ့ဘာသာ ပြီးဆုံးသွားပါစေ… အပြင်လူတွေ ဘာပဲပြောပြော ဂရုစိုက်နေဖို့ မလိုဘူး ”

ရွှီချင်းက နူးညံ့စွာ ပြောသည်။

“ မင်းပြောတာ မှန်တယ်… ငါ့မိတ်ဆွေကိုလည်း အဲ့လိုပဲ ငါပြောခဲ့တယ်… ငါ့တိုက်တွန်းမှုကြောင့် အခုဆိုရင် သူရဲ့ စိတ်အခြေအနေက ပိုပြီး ကောင်းမွန်လာပြီး မကောင်းသတင်းတွေကို ဂရုမစိုက်တော့ဘူး ”

ခေါင်းဆောင်သည် ခေါင်းမော့လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်ခံစားချက်ဖြင့် ပြည့်နှက်နေသည်။

ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်ပြီး ထပ်မံခေါင်းညိတ်လိုက်သည်။

ခေါင်းဆောင်သည် ဘဝင်မြင့်သွားပြီး ဆက်ပြောရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ အိမ်ရှေ့စံမင်းသား၏ ဒူးပေါ်မှ ကြက်တူရွေးလေးသည် မျက်လုံးဖွင့်လိုက်ပြီး ရွှီချင်းနှင့် တခြားလူများကို မောက်မာထောင်လွှားစွာ ကြည့်လိုက်သည်။ ၎င်းက စူးရှသော အသံဖြင့် ပြောသည်။

“ မင်းတို့တွေ ဟိုနားမှာ ဘာတွေဆွေးနွေးနေတာလဲ… အလုပ်မလုပ်ကြဘူးလား… ချန်းအားညို… ရာသီဥတုက အရမ်းပူတယ်… ဒီကို အမြန်လာပြီး ငါ့အဖိုးကို ယပ်ခတ်ပေးစမ်း ”

ခေါင်းဆောင်သည် စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ အိမ်ရှေ့စံမင်းသားက ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်ကြောင်း သူသတိထားမိသွားသည်။ ထို့ကြောင့် သူက စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကာ ယပ်ခတ်ပေးရန် အမြန်ပြေးသွားသည်။

ကြက်တူရွေးလေးသည် တခြားလူများကို အထင်သေးရှုံ့ချစွာ ပြစ်တင်ကြိမ်းမောင်းသည်။ ၎င်း၏ အဖေသည်ပင် ချွင်းချက်မဟုတ်ပေ။

နင်ယန်၊ ဝူကျန်းဝူနှင့် လီယိုဖေးသည် မြန်ဆန်စွာ လှုပ်ရှားလိုက်ကြသည်။

ဤသည်မှာ နေလုံးထဲ၌ သူတို့၏ တစ်နေ့တာဘဝ ဖြစ်သည်။

ရွှီချင်းသည် ထိုအဖြစ်အပျက်ကို ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။ ကြက်တူရွေးလေးသည် အနာဂတ်၌ အခြေအနေမကောင်းနိုင်ဘူးဟု သူခံစားမိသည်။

သူ၏ ခံစားချက်အတိုင်း အမှန်တကယ် ဖြစ်လာသည်။ ရက်အနည်းငယ်ကြာပြီးနောက် အိမ်ရှေ့စံမင်းသားက အနားယူနေစဉ် ခေါင်းဆောင်သည် နင်ယန်နှင့် ဝူကျန်းဝူကို ရွှီချင်းဆီသို့ ခေါ်ဆောင်လာသည်။

ခေါင်းဆောင်သည် အံတင်းတင်းကြိတ်လိုက်ပြီး ပြောသည်။

“ ကျန်းကျန်းကြီး… မင်းရဲ့ ကြက်တူရွေးလေးကို သင်ခန်းစာပေးသင့်တယ်လို့ ငါထင်တယ်… ဒီကောင်က အတော်အာရုံနောက်ဖို့ကောင်းတယ် ”

ဤသည်ကို နင်ယန်ကြားသောအခါ သူက အမြန်ခေါင်းညိတ်လိုက်သည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ဤရက်များတွင် ထိုကြက်တူရွေးစုတ်အပေါ် သူ၏ မကျေနပ်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

လီယိုဖေးသည် ခေါင်းငုံ့လိုက်ပြီး မည်သည့်စကားမှ မပြောပေ။ ဤနေရာမှာ သူက စကားဝင်ပြောရန် မသင့်တော်ကြောင်း သိသည်။ သို့သော်လည်း သူ၏ စိတ်ထဲမှာ ခေါင်းဆောင်၏ အကြံကို သဘောတူသည်။

ဤသည်ကိုမြင်သောအခါ ဝူကျန်းဝူသည် တစ်ခဏကြာ တိတ်ဆိတ်သွားသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်လေရာ နောင်တရသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက လေသံတိုးတိုးဖြင့် ကဗျာစပ်လိုက်သည်။

“ သားမိုက်ကြောင့် ကောင်းကင်က စက်ဆုပ်ရွံရှာဖွယ်ကောင်းတယ်… ဖခင်တစ်ယောက်ရဲ့ နှလုံးသားထဲမှာ ဝမ်းနည်းမှုနဲ့ ပြည့်နှက်နေတယ်… အလေးမထားတဲ့လူတွေက အဲ့ဒါကို ဘယ်မြင်နိုင်ပါ့မလဲ ”

ထိုသားမိုက်ကြောင့် သူသည်လည်း အတော်လေး စိတ်အနှောင့်အယှက်ဖြစ်ရသည်။

ဤကာလအတောအတွင်းမှာ ကြက်တူရွေးလေးသည် အလွန်မာနထောင်လွှားသည်။ ၎င်းက ဆရာကြီးပုံစံဖြင့် သူ့ကိုပင် အလုပ်စေခိုင်းပြီး သားသမီးတစ်ယောက်၏ ဝတ္တရားကို မသိတော့ပေ။ အကယ်၍ ထိုအတိုင်း ဆက်သွားမည်ဆိုလျှင် ထိုသားမိုက်က တစ်နေ့မှာ သူ့ကို အဖေပြန်ခေါ်ခိုင်းနိုင်လောက်သည်။

ထို့ကြောင့် သူတို့အုပ်စုသည် ကြက်တူရွေးလေးကို သင်ခန်းစာပေးရန် စတင်ဆွေးနွေးကြသည်။ သို့သော်လည်း မည်သို့ဖြစ်ပါစေ ကြက်တူရွေးလေးသည် အိမ်ရှေ့စံမင်းသား၏ ဘေးမှ တစ်ဖဝါးမှ မခွာပေ။ ထို့ကြောင့် သူတို့သည် ကြက်တူရွေးလေးကို ပညာမပေးနိုင်သေးပေ။ သို့သော်လည်း ခေါင်းဆောင်၏ အစီအစဉ်အရ သူတို့၏ လှုပ်ရှားမှုများကို ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ မရောက်ခင် ခဏရွှေ့ဆိုင်းထားရန် ဆုံးဖြတ်လိုက်ကြသည်။

ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ရောက်ရန် လဝက်အလိုတွင် ခေါင်းဆောင်၏ သွေးဆောင်မှုနှင့် တောင်းဆိုမှုအောက်မှာ အိမ်ရှေ့စံမင်းသားသည် လမ်းကြောင်းပြောင်းရန် သဘောတူလိုက်သည်။

သို့ဖြစ်၍ အတုယောင်နေလုံးသည် အနည်းငယ် လမ်းကြောင်းပြောင်းသွားပြီး တိမ်ဖြူတောင်တန်းဒေသဆီသို့ ရောက်ရှိလာသည်။

ထိုနေရာသည် အဆိပ်တစ်ရာပြီးခန္ဓာကိုယ်ကို ကျင့်ကြံနေသော လပုန်ကန်ခန်းမမှ ကျင့်ကြံသူ ပုန်းအောင်းနေသောနေရာ ဖြစ်သည်။

တိမ်ဖြူတောင်တန်းဒေသသည် ထျန်းရွှေဒေသငယ်နှင့် ချင်းရှဒေသငယ်ကြားတွင် တည်ရှိသည်။ ထိုနေရာသည် စိမ်းလန်းစိုပြည်ပြီး သစ်ပင်ပန်းပင်များ ပေါကြွယ်ဝသောကြောင့် နာမည်ကျော်ကြားသည်။ ကောင်းကင်ယံမှ ကြည့်လျှင် အသက်ဓာတ်က ထိုနယ်နိမိတ်တစ်ခုလုံးကို လွှမ်းခြုံထားဟန် ရသည်။

ဤဒေသ၏ စိမ်းလန်းစိုပြည်သော သဘာဝပတ်ဝန်းကျင်ကြောင့် ဂိုဏ်းအများအပြားနှင့် မျိုးနွယ်စုအမြောက်အများသည် တိမ်ဖြူတောင်တန်းဒေသထဲမှာ တည်ရှိကြသည်။ ထို့ပြင် အနီရောင်လဗိမာန်၏ နတ်ဘုရားသားတော်က ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး နေရာအနှံ့မှာ တိုက်ပွဲများဖြစ်ပွားနေသောကြောင့် တိမ်ဖြူတောင်တန်းဒေသထဲမှ အင်အားစုများကြားထဲတွင် အပြောင်းအလဲတချို့ စတင်ဖြစ်ပေါ်နေပြီ ဖြစ်သည်။

ထို့ကြောင့်ပင် တိမ်ဖြူတောင်တန်းဒေသက အနီရောင်လဗိမာန် ဖိနှိပ်ချင်သော ဒေသများထဲမှာ တစ်ခုပါဝင်နေခြင်း ဖြစ်သည်။ ရွှီချင်းနှင့် တခြားလူများက တိမ်ဖြူတောင်တန်းဒေသသို့ ရောက်ရှိသွားသောအခါ ရွှီချင်းသည် အဝေးမှ အနီရောင်လဗိမာန်၏ အရှိန်အဝါကို အာရုံခံမိသွားသည်။

ခေါင်းဆောင်သည်လည်း ယင်းကို အာရုံခံမိသည်။

သူတို့က ဖုံးကွယ်ထားသော နေလုံးဖြင့် ရွေ့လျားနေကြစဉ် အလွန်ကြီးမားသော အနီရောင်လဗိမာန်သည် အဝေးမှ မိုးကုပ်စက်ဝိုင်းထဲမှာ ထွက်ပေါ်လာသည်။

ယခင်က ရွှီချင်းမြင်ဖူးသော ဧရာမနှလုံးမဟုတ်ဘဲ ဤတစ်ကြိမ်တွင် အနီရောင်လဗိမာန်ကို ဧရာမမျက်လုံးပေါ်မှာ တည်ဆောက်ထားသည်။ မျက်လုံး၏ အနီရောင်သွေးကြောများသည် မကောင်းဆိုးဝါးနွယ်ပင်များအလား လူးလွန့်လှုပ်ရှားနေကြသည်။ ဧရာမမျက်လုံးက ဖြတ်သန်းသွားနေစဉ် စွမ်းအင်တစ်မျိုးသည် ထိုသွေးကြောများထံမှ မြေပြင်ပေါ်သို့ ပျံ့လွင့်သွားနေပြီး တစ်စုံတစ်ခုကို စူးစမ်းရှာဖွေနေသည်။

အရေအတွက်များပြားသော ဥက္ကာပျံများသည် ဧရာမမျက်လုံး၏ ဘေးပတ်ဝန်းကျင်တွင် လွင့်မျောနေကြသည်။ ကျင့်ကြံသူအများအပြားသည် ထိုဥက္ကာပျံများပေါ်မှာ တည်ရှိနေကြပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်နေကြသည်။

ဧရာမမျက်လုံးက ဖြတ်သန်းသွားသည့်နေရာတိုင်း ဘေးပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားသည်။

ဤသည်ကို သတိထားမိသွားသောအခါ ဟင်းလင်းပြင်ထဲမှာ ပုန်းအောင်းနေသော နေလုံး၏ အရှိန်သည် နှေးကွေးသွားသည်။ ခေါင်းဆောင်သည် အနည်းငယ် စိုးရိမ်လာသည်။

“ ဘုရားကျောင်းကလည်း ဒီရောက်လာတာလား… ဟိုကံမကောင်းတဲ့ ကျင့်ကြံသူက သဲလွန်စတွေ ပေါ်ကုန်တာလား ”

ထိုသို့ပြောပြီးနောက် သူက ကြေးမုံတစ်ချပ်ကို အမြန်ထုတ်လိုက်ပြီး လပုန်ကန်ခန်းမထဲသို့ ဝင်ရောက်သွားသည်။ မကြာမီ သူက ပြန်ရောက်လာပြီး ရွှီချင်းကို အမြန်ပြောသည်။

“ လပုန်ကန်ခန်းမက ကံမကောင်းတဲ့ ကျင့်ကြံသူကို ငါဆက်သွယ်ပြီးပြီ… အဲ့ဒီကျင့်ကြံသူက ရွေးချယ်စရာမရှိတော့တဲ့အဆုံး လပုန်ကန်ခန်းမထဲမှာ ကယ်ဆယ်ရေးတာဝန်ကို ဖြန့်လိုက်တယ်… ပြီးတော့ သူလျှိုတစ်ယောက်ယောက်က အဲ့ဒီကိစ္စကို အနီရောင်လဗိမာန်ဆီ တိတ်တဆိတ် အကြောင်းကြားလိုက်တယ် ”

“ ဒါကြောင့် အခု သူက နေရာအတိအကျကို ငါတို့ကို မပြောရဲတော့ဘူး ”

ခေါင်းဆောင်၏ စကားဆုံးသွားသည်နှင့် ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အဝေးမှ အနီရောင်လဗိမာန်ကို အာရုံစိုက်လိုက်သည်။ ဘုရားကျောင်းသည် ရုတ်တရက် လမ်းကြောင်းပြောင်းလဲသွားပြီး သေချာသော ဦးတည်ရာတစ်ခုဆီသို့ အရှိန်တင်လိုက်ကြောင်း သူသတိထားမိသွားသည်။

“ အနီရောင်လဗိမာန်က သူ့ကို ရှာတွေ့သွားပြီထင်တယ် ”

ရွှီချင်း၏ အကြည့်သည် အေးခဲသွားပြီး လေးနက်သော အသံဖြင့် ပြောသည်။

ဤသည်ကို ခေါင်းဆောင်ကြားသောအခါ သူက နေလုံးကို ချက်ချင်း ထိန်းချုပ်လိုက်ပြီး အရှိန်မြှင့်တင်လိုက်ကာ အနီရောင်လဗိမာန်နောက်သို့ လိုက်သွားသည်။ မကြာမီ သူတို့က ချိုင့်ဝှမ်းတစ်ခု၏ အပေါ်မှာ အနီရောင်လဗိမာန်ကို မြင်သွားသည်။

ဧရာမသွေးနီမျက်လုံးသည် မိစ္ဆာအလင်းတန်းကို ထုတ်လွှတ်လျက် ချိုင့်ဝှမ်းတစ်ခုလုံးကို ပိတ်လှောင်လိုက်သည်။ ထို့နောက် အနီရောင်အလင်းတန်းသည် ဧရာမမျက်လုံးထဲမှ ပေါ်လျှိုးလာသည်။

All Chapters