မင်း ကြုံရာကျပန်းဆေးကို သောက်လို့မဖြစ်ဘူး(ဂ)
Vol. 62 Ch. 974
မရေမတွက်နိုင်သော သွေးကြောများသည် အနီရောင်တောက်ပနေကြသည်။ ယင်းတို့က ထူးဆန်းသော မှော်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်ပြီး ချိုင့်ဝှမ်းပေါ်သို့ ထုတ်လွှတ်လိုက်သည်။
ကမ္ဘာမြေသည် ပြင်းထန်စွာ တုန်ယင်လာပြီး ကျောက်တုံးများသည် အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားကြသည်။ စက္ကန့်ပိုင်းအတွင်းမှာ ချိုင့်ဝှမ်းသည် ပြိုကျပျက်စီးသွားသည်။ မီးခိုးငွေ့နှင့် ဖုန်မှုန့်သည် ကောင်းကင်ပေါ်သို့ တလိပ်လိပ် မြှောက်တတ်သွားကြသည်။ နောက်ပိုင်းတွင် ချိုင့်ဝှမ်းမြေပြင်သည် အတွင်းဘက်ထဲသို့ ချိုင့်ဝင်သွားပြီး အလွန်ကြီးမားသော အပေါက်တစ်ပေါက် ထွက်ပေါ်လာသည်။
ထိုတွင်းပေါက်ထဲတွင် ဂူတစ်ဂူရှိသည်။
ကျောက်တုံးများနှင့် မြေကြီးက ပြိုကျပျက်စီးနေစဉ် ဂူထဲရှိ ယဇ်ပလ္လင်ပေါ်မှာ တစ်စုံတစ်ယောက်က လဲလျောင်းနေကြောင်း မသဲမကွဲ မြင်နိုင်လိမ့်မည်။ ထိုသူက ရုန်းကန်နေဟန်ရသော်လည်း အလွန်အားနည်းနေသဖြင့် မလှုပ်ရှားနိုင်ပေ။ အဆိပ်မြူခိုးတိမ်တိုက်များသည် သူ့ကို လွှမ်းခြုံထားသည်။
ယဇ်ပလ္လင်၏ ဘေးပတ်ပတ်လည်တွင် အနက်ရောင်သွေးကွက်များ ရှိသည်။ တချို့သည် ခြောက်သွေ့နေပြီး တချို့သည် လောလောလတ်လတ်မှ အန်ထားခြင်း ဖြစ်သည်။ ထိုသူသည် ဤနေရာမှာ အချိန်အတော်ကြာ နေထိုင်ခဲ့ကြောင်း ရှင်းလင်းသည်။ သူက အကြိမ်ရေမည်မျှထိ သွေးအန်ခဲ့ကြောင်းသာ မရှင်းလင်းပေ။
ဤသည်ကို ရွှီချင်းမြင်သောအခါ သူ၏ စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။
ထိုအဆိပ်ကို သူမှတ်မိသည်။
ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ထိုအဆိပ်က သူနှင့် အနည်းငယ် ရင်းနှီးကျွမ်းဝင်သည်ဟု ခံစားမိသည်။ ထို့ကြောင့် သူက ရွှီချင်းကို သံသယဖြစ်စွာ ကြည့်လိုက်သည်။ သို့သော်လည်း ယခုအချိန်သည် မေးမြန်းရမည့်အချိန် မဟုတ်ပေ။ သူက အိမ်ရှေ့စံမင်းသားကို အမြန်လှည့်ကြည့်လိုက်ပြီး ဖော်လံဖားသော အမူအရာဖြင့် ပြောသည်။
“ စီနီယာ… ”
အိမ်ရှေ့စံမင်းသားသည် ကြက်တူရွေးလေးကို စနောက်နေပြီး မကြားချင်ဟန် ဆောင်လိုက်သည်။
ခေါင်းဆောင်သည် အကူအညီမဲ့သွားပြီး ရွှီချင်းကို တစ်ချက်ကြည့်လိုက်သည်။
ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး အိမ်ရှေ့စံမင်းသားကို အရိုအသေပေးလိုက်သည်။ သူက နူးညံ့စွာ ပြောသည်။
“ စီနီယာ… ”
ဤသည်ကို အိမ်ရှေ့စံမင်းသားကြားသောအခါ သူက မျက်ခွံကို အပေါ်တင်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ မင်းငါ့ကို ဘယ်လိုခေါ်သင့်လဲ ”
ရွှီချင်းသည် မျက်တောင်ခတ်လိုက်ပြီး ချက်ချင်း ပြန်ပြောသည်။
“ အဖိုး ”
အိမ်ရှေစံမင်းသားသည် ပြုံးလိုက်သည်။ သူက အပြင်လောကကို တစ်ချက်ကြည့်လိုက်သည်။ နောက်အခိုက်အတန့်မှာ ချိုင့်ဝှမ်းအပေါ်၌ မျောလွင့်နေသော အနီရောင်လဗိမာန်သည် ရုတ်တရက် တုန်ခါလာသည်။
ဘေးပတ်ပတ်လည်ရှိ အရေအတွက်များပြားသော ဥက္ကာပျံများသည် အလိုအလျောက် သူ့ဘာသာ ပေါက်ကွဲသွားကြသည်။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံသည် အရပ်မျက်နှာအသီးသီးသို့ ပဲ့တင်ထပ်သွားသည်။ ဥက္ကာပျံများပေါ်မှ ကျင့်ကြံသူများသည် သတိလစ်သွားကြပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။
ချက်ချင်းဆိုသလို အနီရောင်သွေးမျက်လုံးပေါ်မှ ဘုရားကျောင်းသည် ရုန်းကန်ချင်လာသည်။ သို့သော်လည်း ယင်းသည် သွေးမျက်လုံးက အရောင်မှေးမှိန်မသွားခင် စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့သည်။
ထို့နောက် ဘုရားကျောင်းတံခါးသည် ပွင့်သွားပြီး ရွှေရောင်အစင်းပါသော အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦး ထွက်လျှောက်လာသည်။ ထိုသူသည် နတ်တမန်တော် ဖြစ်သည်။
နတ်တမန်တော်သည် တင်းမာသော မျက်နှာထားရှိပြီး ဩဇာကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူသည် အဆင့်အတန်း မြင့်မားဟန်ရသည်။ သို့သော်လည်း ဤအခိုက်အတန်မှာ သူ၏ မျက်လုံးသည် မည်းမှောင်နေပြီး သူ၏ မျက်နှာသည် အမူအရာကင်းမဲ့နေသည်။ သူက ရုပ်သေးရုပ်အလား အရှေ့သို့ တစ်လှမ်းချင်း လျှောက်လာနေသည်။
သူ၏ အနောက်တွင် အနီရောင်နတ်ဝတ်ရုံကို ဝတ်ဆင်ထားသော နတ်အစေခံသုံးယောက် ရှိသည်။ နှစ်ယောက်သည် အမျိုးသားဖြစ်ပြီး တစ်ယောက်သည် အမျိုးသမီး ဖြစ်သည်။ သူတို့သုံးယောက်သည် နတ်တမန်တော်ကဲ့သို့ အမူအရာကင်းမဲ့စွာ ရှိနေကြသည်။ သူတို့အားလုံးသည် အရှေ့သို့ အစီအစဉ်တကျ လျှောက်နေကြသည်။
သူတို့သုံးယောက်၏ အနောက်တွင် နတ်ကျေးကျွန်ဒါဇင်ခန့် ရှိသည်။ သူတို့သည်လည်း တူညီသော ခြေလှမ်းဖြင့် လျှောက်နေကြသည်။ ဤသည်မှာ မမြင်နိုင်သော ကြိုးမျှင်များက သူတို့၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နေသည့်အလားပင်။
ယင်းက ယဇ်ပူဇော်အကနှင့်ဆင်တူသော ခံစားချက်မျိုး ပေးစွမ်းသည်။
ထိုအုပ်စုသည် လေထဲသို့ လျှောက်သွားကြပြီးနောက် နေရာမှာ အမူအရာကင်းမဲ့စွာ ရပ်လိုက်ကြသည်။
ထူးဆန်းသော ထိုမြင်ကွင်းသည် ဝူကျန်းဝူနှင့် လီယိုဖေး၏ နှလုံးကို အပြင်းအထန် တုန်လှုပ်သွားစေသည်။ ဝိညာဉ်စုစည်းခြင်းအဆင့်က မည်မျှကြောက်စရာကောင်းကြောင်း သူတို့သိထားကြသော်လည်း မည်မျှအတိုင်းအတာအထိ အစွမ်းထက်ကြောင်းကိုတော့ မသိကြပေ။
ယခု သူတို့၏ မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့လိုက်ရသောအခါ တစ်စုံတစ်ခုကို နားလည်သွားကြသည်။
“ နတ်ဘုရားလိုပဲ… ”
သူတို့နှစ်ယောက်က တုန်ယင်နေကြစဉ် နင်ယန်သည် သက်ပြင်းချလိုက်ပြီး အကောင်းဆုံး ကြိုးစား၍ ကြမ်းတိုက်လိုက်သည်။
ခေါင်းဆောင်သည် ပျော်ရွှင်သွားသည်။ သူက ရွှီချင်းကို ချီးကျူးသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ချိုင့်ဝှမ်းထဲရှိ ဂူထဲသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ ထို့နောက် သူက အော်ပြောလိုက်သည်။
“ (၃၇၉၅၁)က မင်းမလား ”
ခေါင်းဆောင်၏ အသံသည် ပဲ့တင်ထပ်သွားသည်။ ယဇ်ပလ္လင်ပေါ်ရှိ အဆိပ်မြူခိုးထဲမှ ပုံရိပ်သည် ခေါင်းဆောင်၏ အသံကို ကြားသွားဟန် ရသည်။ သူ၏ မျက်ခွံသည် ဖြည်းညင်းစွာ ပွင့်သွားပြီး လက်ချောင်းသည် မသိမသာ လှုပ်ရှားသွားသည်။ သူက လှုပ်ရှားချင်သော်လည်း မလှုပ်ရှားနိုင်ပေ။ သူ၏ ပါးစပ်သည်သာ ဖြည်းဖြည်းချင်း ပွင့်ဟသွားပြီး တိုးညင်းသော အသံက ထွက်ပေါ်လာသည်။
“ အနီရောင်လက ပြိုင်ဘက်ကင်းတည်ရှိမှု မဟုတ်ဘူး… ”
“ မင်းက ဒီအခြေအနေထိတောင် ရောက်နေပြီ… စကားဝှက်ကို ပြောချင်နေတုန်းလား… မင်းက (၃၇၉၅၁)ဟုတ်လား မဟုတ်ဘူးလားပဲ ငါ့ကိုပြော ”
ခေါင်းဆောင်သည် ယဇ်ပလ္လင်နားသို့ ချဉ်းကပ်သွားပြီး အဆိပ်မြူခိုးထဲမှ ပုံရိပ်ကို ကြည့်လိုက်သည်။
“ ငါဟုတ်ပါတယ် ”
မြူခိုးထဲမှ ပုံရိပ်သည် အားအင်ချည့်နဲ့စွာ ပြန်ပြောသည်။
သူတို့က စကားပြောနေကြစဉ် ရွှီချင်းသည်လည်း နေလုံးထဲမှ ထွက်လျှောက်လာသည်။ သူက မြေပြင်ပေါ်မှ အပျက်အစီးပုံကို ကြည့်ပြီးနောက် ဂူထဲသို့ လှမ်းကြည့်လိုက်သည်။ သူက ဂူထဲသို့ လျှောက်သွားပြီးသောအခါ ဘေးပတ်ဝန်းကျင်မှ အနက်ရောင်သွေးကွက်များနှင့် မြူခိုးထဲမှ ပုံရိပ်ကို မြင်သွားသည်။
“ ဆေးလုံးကို တိုက်ရိုက် မသောက်သုံးဖို့ အကြိမ်ကြိမ် ငါသတိပေးခဲ့သားပဲ… ”
ရွှီချင်းသည် စိတ်ထဲမှာ တွေးတောလိုက်သည်။
တစ်ဖက်လူ၏ နံပါတ်ကို အတည်ပြုပြီးနောက် ခေါင်းဆောင်သည် မြူခိုးထဲမှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး စူးစမ်းလိုစွာ မေးသည်။
“ မင်းက ဘယ်လိုလုပ် ဒီလိုအခြေအနေဖြစ်သွားတာလဲ… မင်းက အဆိပ်တစ်ရာပြီးခန္ဓာကိုယ်ကို ကျင့်ကြံနေတာ မဟုတ်ဘူးလား… မင်းက အရမ်းအားနည်းတာပဲ ”
မြူခိုးထဲမှ ပုံရိပ်သည် ထိုစကားကိုကြားသောအခါ ဝမ်းနည်းခြင်းနှင့် ခံပြင်းခြင်းကို ခံစားမိသွားသည်။ သူက စကားပြန်ပြောချင်သော်လည်း သူ၏ ဒဏ်ရာများက အလွန်ပြင်းထန်သဖြင့် အနက်ရောင်သွေးကို အန်လိုက်ရသည်။ ထို့နောက် သူက သတိလစ်သွားသည်။
“ သူသေသွားတာလား… သူမသေသေးဘူးမဟုတ်လား ”
ခေါင်းဆောင်သည် ထိတ်လန့်သွားသည်။ ရွှီချင်းသည် အမြန်ရောက်လာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ဤနေရာမှ အဆိပ်မြူခိုးသည် လွင့်ပြယ်သွားပြီး အထဲမှ ကံမကောင်းသော ကျင့်ကြံသူ၏ အစစ်အမှန် အသွင်အပြင်က ထွက်ပေါ်လာသည်။
ထိုသူသည် အကြီးအကဲတစ်ယောက်ဖြစ်သည်။ သူက အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ ဆံပင်သည် အဖြူနှင့် မီးခိုးရောင် ရောထွေးနေသည်။ သူ၏ ပါးရိုးသည် ထူထဲပြီး ကြီးမားသောကြောင့် ဂုဏ်သိက္ခာမြင့်မားပြီး စိတ်ဓာတ်ပြတ်သားသော ခံစားမှုကို ပေးစွမ်းသည်။ ပုံမှန်အခြေအနေမှာဆိုလျှင် သူက တိကျပြတ်သားပြီး စိတ်ဓာတ်ခိုင်မာသောလူ သေချာပေါက်ဖြစ်ရမည်။
ထို့ပြင် မျက်နှာပေါ်မှ အရေးအကြောင်းများသည် သူ၏ အသက်အရွယ်ကိုသာမက မည်မျှဂုဏ်သိက္ခာကြီးမားကြောင်းကိုလည်း ဖော်ပြနေသည်။ သူက အရေးပါထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ ဝမ်းနည်းဖွယ်ကောင်းသော အငွေ့အသက်က သူ့အား လွှမ်းခြုံထားသည်။ သူ၏ မျက်ခုံးသည် အကူအညီမဲ့သော သူ့ဘဝကို ဖော်ပြနေပြီး လောကကြီးက သူ့အတွက် မထိုက်တန်ဘူးဟူသော ခံစားမှုကို ပေးနေသည်။
အထူးသဖြင့် သူ၏ ပါးစပ်ထောင့်မှာ စီးကျနေသော အနက်ရောင်သွေး ဖြစ်သည်။ ယင်းက ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။
သူက လက်သီးကို တင်းကျပ်စွာ ဆုပ်ထားလေရာ သူ့ရင်ဘက်ထဲမှ မကျေနပ်မှုအားလုံးကို ဖောက်ခွဲပစ်ချင်နေဟန် ရသည်။ သို့သော်လည်း သူက ထိုသို့မလုပ်ဆောင်နိုင်သည်မှာ ရှင်းလင်းသည်။
ရွှီချင်းသည် ထိုအရာအားလုံးကို မြင်သွားသောအခါ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်လေရာ ဆေးလုံးတစ်လုံး ပျံသန်းထွက်လာသည်။ ယင်းက အဖိုးအို၏ အရှေ့သို့ ကျရောက်သွားသောအခါ ဆေးလုံးသည် ရုတ်တရက် ပေါက်ကွဲသွားပြီး အဖြူရောင်အမျှင်တန်းများသို့ ပြောင်းလဲသွားသည်။ ထိုအဖြူရောင်အမျှင်တန်းများသည် အဖိုးအို၏ ဒွာရခုနစ်ပေါက်ထဲသို့ ဝင်ရောက်သွားပြီး စတင်အဆိပ်ဖြေတော့သည်။
မကြာမီ အဖိုးအို၏ ခန္ဓာကိုယ်ထဲမှ အဆိပ်အများစုသည် ရွှီချင်းကြောင့် ဓာတ်ပြယ်သွားသည်။ ဤသည်ကို ခေါင်းဆောင်မြင်သောအခါ သူ၏ မျက်နှာပေါ်မှ သံသယသည် ပိုပြီးကြီးမားလာသည်။ သူက အဖိုးအိုကိုတစ်လှည့် ရွှီချင်းကိုတစ်လှည့် ကြည့်လိုက်သည်။
ထိုအဆိပ်သည် အဆိပ်ဖြေရလွယ်ကူသည်ဟု သူခံစားမိသည်။ ဤသည်မှာ ရွှီချင်းက အဖိုးအိုကို အဆိပ်ခတ်ခဲ့သူ ဖြစ်နေသည့်အလားပင်။