မင်း ကြုံရာကျပန်းဆေးကို သောက်လို့မဖြစ်ဘူး(ဃ)
Vol. 62 Ch. 975
သို့သော်လည်း ယင်းက မဖြစ်နိုင်ဘူးဟု ခေါင်းဆောင်တွေးမိသည်။ ချင်းလေးသည် လပုန်ကန်ခန်းမထဲသို့ မဝင်နိုင်ပေ။ သူတို့နှစ်ယောက်သည် ယခင်က တစ်ယောက်နှင့်တစ်ယောက် မသိထားကြပေ။ ရွှီချင်းက အဖိုးအိုကို လက်တွေ့ဘဝတွင် အဆိပ်ခတ်ခြင်းသည် လုံးဝမဖြစ်နိုင်သောအရာ ဖြစ်သည်။
ယင်းက ခေါင်းဆောင်ကို ဇဝေဇဝါဖြစ်စေသည်။ ထိုအခိုက်အတန့်မှာ အဖိုးအိုသည် ဖြည်းဖြည်းချင်း နိုးလာသည်။ သူက ဘေးပတ်ဝန်းကျင်ကို မိန်းမောတွေဝေစွာ ကြည့်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ မျက်လုံးသည် စူးရှလာပြီး ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အဆိပ်အများစုက လွင့်ပြယ်သွားကြောင်း အာရုံခံမိသွားသောအခါ သူ၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူက ခေါင်းဆောင်နှင့် ရွှီချင်းကို ကြည့်လိုက်သည်။
“ မင်းငါ့ကို ဘယ်လိုအဆိပ်ဖြေလိုက်တာလဲ ”
ရွှီချင်းသည် မည်သည့်စကားမှ ပြန်မပြောပေ။ သူက အမူအရာကင်းမဲ့စွာဖြင့် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။
ခေါင်းဆောင်သည် တဟားဟား အော်ရယ်လိုက်ပြီး အဖိုးအိုကို စုန်ချည်ဆန်ချည် ကြည့်လိုက်သည်။
“ (၃၇၉၅၁) မင်း ဘယ်လိုလုပ် ဒီလိုအခြေအနေဖြစ်သွားတာလဲဆိုတာ ငါ့ကို အရင်ပြောပြပါ ”
အဖိုးအိုသည် နှုတ်ဆိတ်သွားသည်။ မြင့်မားသော ရာထူးကို အချိန်အတော်ကြာ ပိုင်ဆိုင်ထားခဲ့ဖူးသည့် သူ့ကို ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူတစ်ယောက်က ထိုသို့လေသံမျိုးဖြင့် ပြောလာခြင်းကို ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်း ဖြစ်သည်။
တစ်ဖက်လူက သူ၏ အသက်ကို ကယ်တင်ပေးခဲ့ပြီး အဆိပ်ကို ကုသပေးခဲ့ကြောင်းနှင့် အနီရောင်လဗိမာန်၏ ဝိုင်းရံထားမှုကို စဉ်းစားမိသွားသောအခါ အတွေးများစွာနှင့် သံသယများသည် သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ အထူးသဖြင့် အပြင်လောကတွင် မည်သို့ဖြစ်ပျက်နေကြောင်း သူမသိသေးပေ။
ထိုအချက်ကိုတွေးမိသောအခါ အဖိုးအိုသည် သူ၏ နှလုံးသားထဲမှ အတွေးများကို ဖိနှိပ်လိုက်သည်။ သူက ဤနေရာမှ မြန်နိုင်သမျှမြန်မြန် ထွက်သွားချင်သည်။ သူက မတ်တတ်ရပ်လိုက်ပြီး အင်္ကျီကို သပ်သပ်ရပ်ရပ် ပြင်ဝတ်လိုက်သည်။ သူက ဂုဏ်သိက္ခာကြီးမားသော အသွင်ပုံစံကို ပြန်ရရှိသွားသောအခါ တိုးညင်းစွာ ပြောသည်။
“ ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး… ဒါပေမဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မပြောကြရအောင်… ဒါက ငါ့ရဲ့ကံကြမ္မာဆိုးပါ… တခြားလူတွေကို ငါမပြောပြချင်ဘူး ”
သူက စကားဆုံးသည်နှင့် သိုလှောင်အိတ်တစ်လုံးကို ထုတ်လိုက်ပြီး ခေါင်းဆောင်ဆီသို့ ပစ်ပေးလိုက်သည်။
“ ဒါက အရင်က ငါကတိပေးထားတဲ့ ဆုလာဘ်ပါ… ဒီမှာ ငါကြာကြာနေလို့ မဖြစ်ဘူး… တကယ်လို့ အနာဂတ်မှာ ငါတို့ပြန်ဆုံဖြစ်ရင် ဒီအဖိုးအိုက မင်းတို့ကို တခြားနည်းလမ်းနဲ့ ကျေးဇူးပြန်ဆပ်ပါ့မယ် ”
ထို့သို့ပြောပြီးနောက် အဖိုးအိုသည် သူ၏ ခန္ဓာကိုယ်ကို တစ်ချက်ရွေ့လျားလိုက်ပြီး လေထဲသို့ မြှောက်တတ်သွားသည်။ သူက ရွှီချင်းနှင့် ခေါင်းဆောင်ကို ဆက်လက် အလေးမထားတော့ပေ။ သူက ကျင့်ကြံခြင်းအခြေခံကို အမြန်လှည့်ပတ်လိုက်ပြီး အပြင်ဘက်သို့ ဦးတည်သွားသည်။ သူက အသက်နှင့်ရင်း၍ တိုက်ခိုက်ရန် ပြင်ဆင်ထားသည်။
သို့သော်လည်း သူက ဂူအပြင်သို့ ရောက်ရှိသွားပြီး အပြင်ဘက်မှ အခြေအနေကို မြင်လိုက်ရသောအခါ သူ၏ ခြေလှမ်းသည် မရပ်တန့်သွားဘဲ မနေပေ။ သူ့အရှေ့မှ မြင်ကွင်းသည် သူ၏ နှလုံးသားထဲ၌ ကြီးမားသော လှိုင်းတံပိုးကို ဖြစ်ပေါ်သွားစေသည်။ သူ၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်သွားသည်။
သူ၏ မြင်ကွင်းထဲတွင် အနီရောင်လဗိမာန်မှ ကျင့်ကြံသူများသည် နေရာအနှံ့မှာ လဲလျောင်းနေကြသည်။ သူတို့အားလုံးသည် မည်သည့်ဒဏ်ရာမှ မရရှိထားကြသော်လည်း သတိမေ့နေကြသည်။ သူ့ကို အထိတ်လန့်စေဆုံးအရာမှာ အနီရောင်လဗိမာန်မှ နတ်တမန်တော်က လေထဲမှာ မတ်တတ်ရပ်နေခြင်း ဖြစ်သည်။
“ ဘာဖြစ်သွားတာလဲ ”
ထိုမြင်ကွင်းသည် အဖိုးအို၏ နှလုံးကို လှိုင်းတံပိုးထသွားစေသည်။ လေထဲမှ နတ်တမန်တော်သည် ထိုနေရာမှာ ရပ်တန့်နေသည့်အလား မလှုပ်မရှားဘဲရှိနေသည်ကို သူသတိပြုမိသွားသည်။
အဖိုးအိုသည် ထိတ်လန့်သွားရုံသာမက သူ့အနောက်မှ ဂူဆီသို့ ပြန်မလှည့်ကြည့်ဘဲ မနေနိုင်ပေ။ လွန်ခဲ့သော နှစ်လအတောအတွင်းမှာ သူက အသက်နှင့်ရင်း၍ အဆိပ်ကို တိုက်ထုတ်နေစဉ် အပြင်လောကမှာ မည်သို့ဖြစ်ပျက်သွားခဲ့ကြောင်း မစဉ်းစားနိုင်တော့ပေ။
ထို့ပြင် ဂူထဲမှ လူနှစ်ယောက်က…
အဖိုးအိုသည် အနည်းငယ် တုံ့ဆိုင်းသွားသည်။ အစောနက သူ၏ သဘောထားကို ပြန်စဉ်းစားမိသွားသောအခါ သူက အနောက်လှည့်လိုက်ပြီး ဂူထဲသို့ ပြန်ဝင်သွားသည်။ သူ၏ ဂုဏ်သိက္ခာကြီးမားသော အသွင်ပုံစံကို ဘေးဖယ်ထားလိုက်ပြီး အလွန်အမင်း ရိုသေလေးစားလာသည်။
“ စောစောက ငါ အစိုးရိမ်လွန်သွားတာကြောင့် ငါ့စကားတွေက နည်းနည်း မောက်မာသွားသလို ဖြစ်သွားတယ်… ငါ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ဒီကတာအိုရောင်းရင်းတို့ကို ကျေးဇူးတင်ပါတယ်… အပြင်ဘက်က… ”
အဖိုးအိုသည် ရွှီချင်းနှင့် ခေါင်းဆောင်ကို ကြည့်လိုက်ပြီး စူးစမ်းလိုစွာ မေးသည်။
အပြင်ဘက်ရှိ ဘုရားကျောင်းမှ ကျင့်ကြံသူများ၏ ထူးခြားသော အခြေအနေကို သူအာရုံခံမိသည်။ မည်သို့သော နောက်ခံနှင့် စွမ်းရည်က အနီရောင်လဗိမာန်မှ ကျင့်ကြံသူများကို သတိမေ့စေနိုင်ကြောင်း သူမတွေးနိုင်ပေ။ ထိုထဲမှာ နတ်တမန်တော်ပင် ပါရှိသည်။
ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သို့သော် ခေါင်းဆောင်သည် ပြုံးလိုက်ပြီး ပြောသည်။
“ အပြင်ဘက်က အခြေအနေကို စိုးရိမ်ဖို့ မလိုပါဘူး… (၃၇၉၅၁) မင်းက ဘယ်လိုလုပ် အဆိပ်မိသွားတာလဲ… မင်းရန်သူရဲ့ လက်ချက်လား ”
အဖိုးအို၏ အဆိပ်မိပုံနှင့်ပတ်သက်ပြီး ခေါင်းဆောင်သည် အတော်လေး စူးစမ်းသိချင်သည်။
အဖိုးအိုသည် သူ့အရှေ့မှ လူငယ်နှစ်ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် သူက အပြင်ဘက်မှ ထိတ်လန့်စရာကောင်းသော မြင်ကွင်းကို ကြည့်လိုက်သည်။ သူက တစ်ခဏတွေးပြီးနောက် စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး သူတို့ကို ဖွင့်ပြောပြရန် ရွေးချယ်လိုက်သည်။
“ ကိစ္စက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး ”
“ ဘယ်လိုဖြစ်တာလဲ ”
ခေါင်းဆောင်သည် စူးစမ်းချင်လာသည်။
“ ဒီအဖိုးအိုက လွန်ခဲ့တဲ့နှစ်လတုန်းက လပုန်ကန်ခန်းမထဲက လူတစ်ယောက်ဆီမှာ အဆိပ်ဆေးလုံးတစ်လုံး ဝယ်ခဲ့တယ် ”
အဖိုးအိုသည် ဖြည်းညင်းစွာ ပြောသည်။
“ ပြီးတော့ရော ”
ခေါင်းဆောင်က ပြောသည်။
“ ဆေးလုံးက အရမ်းဈေးပေါတာကြောင့် ငါက အဲ့ဒါကို အများကြီး ဂရုစိုက်မနေခဲ့ဘူး ”
အဖိုးအိုသည် ခေါင်းခါလိုက်သည်။
“ ဆေးလုံးမှာ ပြဿနာရှိနေတာလား ”
ခေါင်းဆောင်က အမြန်မေးသည်။
အဖိုးအိုသည် ဆက်မပြောခင် နှုတ်ဆိတ်သွားသည်။ အစက သူသည် စကားအနည်းငယ်သာ ပြောရန် ရည်ရွယ်ထားခဲ့သည်။ သို့သော်လည်း စကားသုံးလေးခွန်းပြောပြီးနောက် ခေါင်းဆောင်၏ စကားထောက်ပေးမှုကြောင့် ဤအတောအတွင်း သူ၏ နှလုံးသားထဲမှာ ဖိနှိပ်ထားခဲ့သော မကျေနပ်ချက်များက ပေါက်ကွဲထွက်လာတော့သည်။
“ အစကတော့ အဲ့ဒါက သာမန်အဆိပ်ဆေးလုံးပဲဖြစ်မယ်လို့ ငါက ထင်တာပေါ့… ဒါပေမဲ့ အဲ့ကောင်စုတ်လေးက ငါ့ကို လှည့်စားသွားမယ်လို့ ဘယ်သူက တွေးမိမှာလဲ ”
“ ဆေးလုံးကို ငါမျိုချလိုက်တော့ အားလုံးက ပုံမှန်ပါပဲ… ဒါပေမဲ့ နောက်ပိုင်းမှာ အဆိပ်အာနိသင်က တဖြည်းဖြည်း ပိုပိုအားကောင်းလာလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ… နောက်ဆုံးမှာတော့ အဆိပ်က တိုက်ရိုက် ပေါက်ကွဲသွားခဲ့တယ်… ငါဘာမှမပြင်ဆင်နိုင်ခင်မှာ အဆိပ်မိသွားခဲ့တယ် ”
“ ဒါအရမ်းလွန်တာပေါ့ ”
ခေါင်းဆောင်သည် အံ့အားသင့်စွာ ပြောပြီးနောက် ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းက အမူအရာကင်းမဲ့စွာ ရှိနေစဉ် အဖိုးအို၏ မျက်နှာပေါ်မှာ ဒေါသဖြင့် ပြည့်နှက်နေသည်။
“ မင်းပြောတာမှန်တယ်… ဒါအရမ်းလွန်တယ်… ငါ့မှာ အဆိပ်မိနေတဲ့ တစ်ချိန်လုံး မလှုပ်ရှားနိုင်ဘူး… အဆိပ်ကို ခုခံတားဆီးဖို့ အစွမ်းကုန် ငါကြိုးစားခဲ့ရတယ်… ဒါတောင် အဆိပ်ကို မရပ်တန့်နိုင်ဘူး… ကံကောင်းလို့ပေါ့ မင်းတို့တွေ အချိန်မီရောက်လာလို့သာပေါ့… မဟုတ်ရင် ငါ့ဘဝတော့ သွားပြီ ”
“ အဲ့ကောင်စုတ်လေးကို ငါ့ရန်သူတစ်ယောက်ယောက်က ပို့လိုက်တာဖြစ်မယ်လို့ ငါသံသယရှိတယ်… ငါကိုယ်တိုင်ကလည်း အရမ်းသတိပေါ့ဆသလို အဲ့ကောင်စုတ်လေးကလည်း အရမ်းရက်စက်လွန်းတယ် ”
“ မင်းစဉ်းစားကြည့်စမ်းပါ… သူပေးတဲ့အဆိပ်က ဒြပ်ပေါင်းအဆိပ်ချည်း… ဒြပ်ပေါင်းအဆိပ်ဆိုတာ အရမ်းဈေးကြီးတဲ့ဟာ… ဒါပေမဲ့ သူကတော့ ငါ့ကို သတင်းအချက်အလက်နည်းနည်းလေးနဲ့ လဲလှယ်သွားခဲ့တယ်… ဒီကောင်စုတ်လေးက အရမ်းယုတ်မာလွန်းတယ် ”
ခေါင်းဆောင်သည် အဖိုးအို၏ စကားကို ထောက်ခံပြောသည်။ ရလဒ်အနေဖြင့် အဖိုးအို၏ မကျေနပ်ချက်သည် ပိုပြီးကြီးထွားလာသည်။ သို့သော်လည်း တစ်ဖက်လူက ကောင်စုတ်လေး ကောင်းစုတ်လေးဟု ထပ်ခါတလဲလဲ ပြောသည့်အခါတိုင်း ရွှီချင်းက မျက်မှောင်ကြုတ်သွားသည်။
“ ဒါတင်ဘယ်ကမလဲ အဲ့ကောင်စုတ်လေးက မထွက်သွားခင်မှာတောင် ငါ့စိတ်ကို လှည့်စားဖို့အတွက် ဆေးလုံးကို တစ်ခါတည်းမသောက်ပါနဲ့… နည်းနည်းချင်းစီ အပေါ်ယံလွှာပြီး သုံးပါလို့ ပြောသွားသေးတယ်… အခု ငါစဉ်းစားကြည့်တော့ ဒါ ငါ့ကို သက်သက် စော်ကားသွားတာပဲ ”
အဖိုးအိုသည် စကားပိုပြောလေ ပိုပြီးဒေါသထွက်လာလေ ဖြစ်သည်။ အဆုံးမှာတော့ သူက သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
“ ငါ့အမှားလည်း ပါပါတယ်လေ… ငါကိုယ်တိုင်က သူ့စကားကို မယုံဘဲ တိုက်ရိုက် သောက်သုံးလိုက်တာကို… ”
“ မင်းဘယ်လို တွေးမိလဲ… တကယ်လို့ သူသာ ငါ့ရန်သူမဟုတ်ရင် ငါ့အကြောင်းနဲ့ အကျင့်စရိုက်ကို ဘယ်လိုလုပ် ကောင်းကောင်း သိထားမှာလဲ… ဒီရန်သူကို မတွေ့တွေ့အောင် ငါရှာရမယ် ”