ဖြတ်ကျောက်တက်သွားခြင်း
Vol. 7 Ch. 87
အခန်း (၈၇) ဖြတ်ကျောက်တက်သွားခြင်း
မြောက်ရှိုး၏ ဆုံးဖြတ်ချက်ကို ကျန်းလန် အံ့အားသင့်သွားမိသည်။
ဒီလူက သူနဲ့ စိတ်စွမ်အား ယှဉ်ပြိုင်မည်တဲ့…လား…။
မြောက်ရှိုးက စိတ်စွမ်းအားယှဉ်ပြိုင်ရန် တောင်းဆိုမည်ဟု ကျန်းလန် လုံး၀ ထင်မထားခဲ့မိပေ။ သို့သော်… တကယ်တမ်း ယှဉ်ပြိုင်မည်ဆိုလျှင်လည်း သူ့အနေဖြင့် ပြဿနာ မရှိပေ။
သူက အစစအရာရာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။
ထို့ကြောင့်… တစ်ဖက်လူက သင့်တော်သည့်နည်းလမ်းဖြင့် ယှဉ်ပြိုင်မည်ဆိုလျှင် သူက သဘောတူရန် အဆင်သင့်ပင် ဖြစ်၏။
ကျန်းလန်က…
"ဒါဖြင့် တာအိုရောင်းရင်းက ဘယ်လို ယှဉ်ပြိုင်ချင်တာလဲ…"
လူတစ်ယောက်၏ စိတ်စွမ်းအားကို ထုတ်ဖော်ပြသရန်က ခဲယဉ်းသည့် ကိစ္စတစ်ခု ဖြစ်သည်။
ထို့ကြောင့်… စိတ်စွမ်းအားယှဉ်ပြိုင်မည်ဆိုခြင်းမှာ မဖြစ်နိုင်သလောက် ခက်ခဲသည့် အလုပ်ဖြစ်သည်။
ကောင်းကင်ရိပ်ငြိမ်ရေကန်တွင် စိတ်စွမ်းအားချင်း ယှဉ်ပြိုင်နိုင်သော်လည်း အခြေအနေများက အနည်းငယ် ကွဲပြားမှု ရှိသည်။
ကျင့်ကြံခြင်းအဆင့်နှင့်လိုက်ပြီး ကောင်းကင်ရိပ်ငြိရေကန်တွင် ရင်ဆိုင်ရသည့် ဖိအားများက မတူညီကြပေ။ ထို့ကြောင့်… တစ်ယောက်နှင့်တစ်ယောက် စိတ်စွမ်းအားယှဉ်ပြိုင်ရန်မှာ ခက်ခဲလှသည်။
ထို့ပြင်… စိတ်စွမ်းအားဆိုသည်က ရုပ်ပိုင်းဆိုင်ရာ စွမ်းအား မဟုတ်သောကြောင့် တိုင်းတာမရနိုင်သည့် အရာတစ်ခု ဖြစ်သည်။
မြောက်ရှိုးက သူ၏အင်္ကျီလက်ထဲမှ ကျောက်ဖြူလှေကားလေးတစ်ခုကို ထုတ်ယူလိုက်သည်။
"ကောင်းကင်လှေကားဆိုတာကို မင်းကြားဖူးသလား…"
ပြောပြီးသည်နှင့် မြောက်ရှိုးက ကျောက်ဖြူလှေကားငယ်လေးကို လှေထဲသို့ ချလိုက်ရာ လှေကားက ချက်ချင်းပင် မြင့်မားသည့်လှေကားကြီးတစ်ခုအဖြစ် ကျယ်ပြန့်သွားလေသည်။
လှေကား၏ထိပ်ဆုံးတွင် လေထဲလွင့်မျောနေသည့် အလင်းရောင်စက်ဝန်းတစ်ခု ရှိနေ၏။
အလင်းရောင်စက်ဝန်းက ပိုမိုလင်းလက်လာပြီး ကျောက်ဖြူလှေကားထစ်များက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။
"ဒီလှေကားကို ကောင်းကင်လှေကားလို့ ခေါ်တယ်… ၊ မင်းရဲ့ စိတ်တွေ ရှုတ်ထွေးနေရင် လှေကားက ပျောက်ကွယ်သွားလိမ့်မယ် ၊ ဒါပေမဲ့ မင်းရဲ့စိတ် တည်ငြိမ်နေတယ်ဆိုရင်တော့ လှေကားက ပြန်ပေါ်လာလိမ့်မယ်… ၊ ဒီလှေကားကိုတက်မယ်ဆိုရင် လမ်းတစ်လျှောက် တိုက်ခိုက်မှုတွေ ၊ စွန့်စားမှုတွေနဲ့ စိတ်စွမ်းအား စမ်းသပ်ခံရမှုတွေ အများကြီး ကြုံတွေ့ရလိမ့်မယ်… ၊ ဒါပေမဲ့ အဲဒီအရာတွေက လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်အလိုက် ပြောင်းလဲသွားနိုင်စွမ်းရှိတယ်… ၊ ဒါကြောင့် ဒီပြိုင်ပွဲမှာ ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို လျှော့ချစရာ မလိုဘူး… ၊ ပြီးတော့ လှေကားကိုတက်နေတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အနှောက်အယှက် မပေးရဘူး…"
မြောက်ရှိုးက ကောင်းကင်လှေကားအကြောင်း ရှင်းပြလိုက်သည်။
ထို့နောက် သူက ကျန်းလန်ကို ကြည့်လိုက်ရင်း…
"ဘယ်လိုလဲ… စမ်းကြည့်မလား… မင်း ထိပ်ဆုံးအထိ ရောက်အောင် တက်နိုင်မယ်ဆိုရင် အနိုင်ရတယ်လို့ ဆုံးဖြတ်မယ်…"
မြောက်ရှိုး၏ အမေးကို ကျန်းလန် ချက်ချင်း ပြန်မဖြေပေ။
သို့သော်… သူ့စိတ်ထဲတွင် အဖြေက ရှိပြီးသား ဖြစ်၏။
ကောင်းကင်လှေကားဆိုသည်က စိတ်စွမ်းအားမည်မျှတည်ငြိမ်သည်ဆိုသည့်အချက်နှင့် ရုတ်တရက် ရင်ဆိုင်ရသည့် ပြဿနာများကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်မည်ကို စမ်းသပ်သည့် အရာတစ်ခု ဖြစ်သည်။
"ဟွန်း… သူက စိတ်စွမ်းအားယှဉ်ပြိုင်မယ်လို့ပြောတာက ငါ ကျွမ်းကျင်တဲ့အရာကို ရွေးခြယ်ယှဉ်ပြိုင်သလိုလိုနဲ့ သူတကယ်တမ်း ကျွမ်းကျင်တဲ့အရာကို ရွေးခြယ်နေတာပဲ… ၊ ဒီလှေကားက သူ့ပစ္စည်းပဲ… သူ ဘယ်လောက် ဒီလှေကားကိုအသုံးပြုပြီး လေ့ကျင့်ထားမလဲဆိုတာ ဘယ်သူသိနိုင်မလဲ…"
ကျန်းလန် တွေးလိုက်သည်။
သို့သော်… သူ့အနေဖြင့် ပြိုင်ပွဲကို ငြင်းပယ်စရာအကြောင်း မရှိပေ။
"ကောင်းပြီလေ…"
ကျန်းလန် သဘောတူလိုက်သည်။
ကျန်းလန် သဘောတူလိုက်သည်နှင့် ပြိုင်ပွဲကြည့်ရှုရန်ရောက်နေကြသည့် ပရိတ်သတ်များ စိတ်ရှုတ်ထွေးသွားကြသည်။
ဒီပြိုင်ပွဲက မည်သို့သော ပြိုင်ပွဲမျိုးလဲ…။
တိုက်ခိုက်မှုမပြုဘဲ လှေကားတက်ရမည်ဆိုသောကြောင့် အန္တရယ်တော့များဟန် မတူပေ။
ကျင်းထင် မျက်မှောင်ကြုတ်လိုက်သည်။
စိတ်စွမ်းအားချင်း ယှဉ်ပြိုင်ကြမည်ဆိုလျှင် နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေးက အနိုင်ရရန် နီးစပ်လေသည်။
သို့သော်… ကောင်းကင်လှေကားဆိုသည့်အရာက ရိုးရှင်းခြင်း သိပ်မရှိပေ။
လှေကားတက်ရုံမျှဖြင့် စိတ်စွမ်းအားယှဉ်ပြိုင်နိုင်မည်မဟုတ်ဘဲ အခြားလျှို့ဝှက်ချက်များလည်း ရှိနေသည်မှာ ထင်ရှားသည်။
ကျန်းလန်က အတွေ့အကြုံရှိသူ မဟုတ်ပေ။
ထို့ကြောင့်… ရုတ်တရက် တိုက်ခိုက်ခံရခြင်းများ ထွက်ပေါ်လာလျှင် ထိတ်လန့်တုန်လှုပ်သွားပြီး ရှုံးနိမ့်သွားနိုင်သည်။
သို့သော်… မည်သို့ဖြစ်လာမည်ကို ကျင်းထင်လည်း သေသေချာချာ သိရှိခြင်း မရှိပေ။ ပြိုင်ပွဲကို စောင့်ကြည့်ရမည်ပဲ ဖြစ်သည်။
အခြားတပည့်များကလည်း ပြိုင်ပွဲကို စောင့်ကြည့်နေကြ၏။
ဤပြိုင်ပွဲက မည်သို့သော ပြိုင်ပွဲမျိုးဖြစ်သည်ကို မသိရှိကြသော်လည်း တိုက်ခိုက်ယှဉ်ပြိုင်သည်ထက်ဆာလျှင် အနိုင်ရရန် အခွင့်အရေးများသည် မဟုတ်ပါလား။
မြောက်ရှိုးက ကျင်းထင်ကို ဦးစားပေးသည့်ဟန်ဖြင့် လက်ဟန်တစ်ချက်ပြုလိုက်ရင်း…
"ဒါဖြင့်… ကြွပါ…"
ဟု ပြောလိုက်၏။
ကျန်းလန်ကတော့ မည်သည့်အကြောင်းအရာကိုမှ ခေါင်းထဲမထားတော့ဘဲ စိတ်ကို တည်ငြိမ်အောင် ပြုလုပု်လိုက်သည်။
ထို့နောက် တစ်ချက်ပင် မတုံ့ဆိုင်းဘဲ လှေကားထက်သို့ လှမ်းတက်လိုက်၏။
ကျန်းလန် စတင်ခြေလှမ်းလိုက်သည်နှင့် သူ့ရှေ့တွင် ကျောက်ဖြူလှေကားတစ်ခု ထွက်ပေါ်လာသည်။
"ဒုတ်…"
သူ့ခြေထောက်က ပထမလှေကားထစ်ပေါ်သို့ တက်လှမ်းလိုက်သည်။
သို့သော်… လှေကားထက်သို့ ခြေချမိသည်နှင့် လှေကားထိပ်ဆုံးတွင်ရှိနေသည့် အလင်းရောင်စက်ဝန်းက ချက်ချင်းပင် တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်၏။
တိုက်ခိုက်မှုက အလွန်အမင်း လျှင်မြန်လှသည်။
"ဘုန်း…"
သို့သော်… ကျန်းလန်က နောက်ထပ်ခြေတစ်လှမ်း လှမ်းလိုက်သည့်အတွက် တိုက်ခိုက်မှုက ကျန်းလန်၏ နောက်ကျောဘက်သို့ ကျရောက်သွားသည်။
တိုက်ခိုက်မှုက ပြင်းထန်လွန်းလေရာ ချက်ချင်းပင် ရင်ပြင်ထက်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။
သို့သော်… တိုက်ခိုက်မှုက ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်ဖြစ်သည့် ရွှေပြဒါးအမြုတေအဆင့် ၊ နောက်ဆုံးအဆင့်နှင့် ညီမျှသည့် တိုက်ခိုက်မှုမျိုး ဖြစ်သည်။
ပြိုင်ပွဲကြည့်ရှုနေသူများက ကျန်းလန်၏ ဘေးတိုက်အနေအထားကို တွေ့မြင်နေရသည်။
ထို့ကြောင့်… ကျန်းလန်၏ ပါးပြင်ထက်တွင် သေးငယ်သည့် ဒဏ်ရာတစ်ခု ပေါ်လာသည်ကို အားလုံး မြင်လိုက်ကြရသည်။
ကျန်းလန်သည်လည်း မျက်နှာထက်မှ စူးရှသည့် နာကျင်မှုကို ခံစားလိုက်ရသည်။
လျှင်မြန်သည့်တိုက်ခိုက်မှုကို အပြည့်အ၀ မရှောင်တိမ်းနိုင်ခဲ့သောကြောင့် ရှပ်ထိသွားခြင်း ဖြစ်သည်။
သို့သော်… ကျန်းလန်က ဒဏ်ရာကို အရေးမစိုက်သလို မြောက်ရှိုးကိုလည်း မေးခွန်းထုတ်သည့်အနေဖြင့် လှမ်းပြီး ကြည့်ရှုခြင်း မရှိပေ။
သူက အလင်းရောင်စက်ဝန်းကို တစ်ချက်မော့ကြည့်လိုက်ပြီး ခြေလှမ်းမှန်မှန်ဖြင့် လှေကားထစ်ပေါ်သို့ ဆက်တက်နေသည်။
အလင်းရောင်စက်ဝန်းမှ ပြင်းထန်သည့်တိုက်ခိုက်မှုကြောင့် ပရိတ်သတ်များအားလုံး အံ့သြတုန်လှုပ်သွားကြသည်။
"ဒါက…"
တိုက်ခိုက်မှုက ရုတ်တရက်ဆန်လွန်းလှသည်။
ကျန်းလန်မဟုတ်ဘဲ သူတို့သာဆိုလျှင် အခြေအနေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
"ဒီတိုက်ခိုက်မှုက အတော်လေး ပြင်းထန်တာပဲ… ကြည့်ရတာ ရွှေပြဒါးအမြုတေအဆင့် တိုက်ခိုက်မှုမျိုးတောင် မဖြစ်နိုင်ဘူး… ၊ ပြီးတော့ ပထမဆုံး ခြေလှမ်းမှာတင် ရုတ်တရက်ကြီး တိုက်ခိုက်ခံရတာ… ၊ ဟိုကောင်က ဒီလိုဖြစ်မယ်ဆိုတာ ကြိုလည်းပြောပြမထားဘူး…"
"အမှန်ပဲ… ကျုပ်ဆိုရင်တော့ ဒီတိုက်ခိုက်မှုကို ရှောင်နိုင်မယ်မထင်ဘူး… ရုတ်တရက်ကြီး တိုက်ခိုက်ခံရတာလေ…"
"အရှက်လည်း မရှိဘူးဟေ့… မင်းက စည်းကမ်းတွေကို သေသေချာချာ ရှင်းမပြဘဲ ငါတို့လူကို လှေကားပေါ် အရင်တက်ခိုင်းတာ…"
အခြားသူများ ပြောမည်ဆိုလည်း ပြောစရာပင်…။
တိုက်ခိုက်မှုကြောင့် ကျင်းထင်သည်ပင် အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
သို့သော်… နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေးကတော့ တည်ငြိမ်လွန်းလှသည်။
ကျန်းလန်သာ ပါရမီရှင်တစ်ယောက်ဆိုလျှင် ယခုကဲ့သို့ စိတ်စွမ်းအားကောင်းမွန်မှုနှင့်ပေါင်းစပ်လိုက်ပါက သေချာပေါက် ကြောက်မက်ဖွယ်ရာကောင်းသူ ဖြစ်လာပေလိမ့်မည်။
တိုက်ခိုက်မှု မခံရစဉ်နှင့် တိုက်ခိုက်မှု ခံရပြီးနောက်ပိုင်း အခြေအနေများတွင် ကျန်းလန်ကတော့ မျက်နှာတစ်ချက် ပျက်ယွင်းသွားခြင်း မရှိပေ။
ကျန်းလန်က ထူးခြားသူတစ်ယောက်ဖြစ်ကြောင်း မြောက်ရှိုး သိရှိလိုက်သည်။
တိုက်ခိုက်ခံရပြီးသည့်နောက် ပြိုင်ပွဲစည်းကမ်းနှင့်ပတ်သက်ပြီး တစ်ဖက်လူက မေးခွန်းထုတ်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။
သို့သော်… ကျန်းလန်က တစ်ချက်မှ မေးခွန်းမထုတ်ဘဲ သူ့လမ်းသူ ဆက်လျှောက်နေသည်။
မြောက်ရှိုး ကျန်းလန်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
"တိုက်ခိုက်မှုတွေက အလျဉ်းသင့်သလို ရောက်လာလိမ့်မယ်…"
ထိုစကားကို ပြောလိုက်ချင်သော်လည်း ချက်ချင်းပြန်လည် မြိုသိပ်လိုက်သည်။
နဝမတောင်ထွတ်မှတပည့်ဖြစ်သူက ခေသူမဟုတ်လေရာ သူ့အနေဖြင့် အလေးအနက်ထားကာ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
သူကတော့ နောက်ဆုတ်မည် မဟုတ်ပေ။
သူ့အတွက်တော့ ကျန်းလန်ကဲ့သို့သောလူတစ်ယောက်၏ ယုံကြည်မှုကို ရိုက်ချိုးဖျက်စီးရသည်မှာ စိတ်ဝင်စားစရာကောင်းသည့် အလုပ်တစ်ခုဖြစ်သည်။
ထို့နောက်… မြောက်ရှိုး ကောင်းကင်လှေကားထက်သို့ စတင်ခြေလှမ်းလိုက်သည်။
မြောက်ရှိုးလှေကားဆီသို့ စတင်ခြေလှမ်းလိုက်သည်နှင့် အလင်းရောင်စက်ဝန်းဆီမျ တိုက်ခိုက်မှု (၅)ခုက ရုတ်တရက် ဝင်ရောက်လာသည်။
တိုက်ခိုက်မှုများက တစ်ခုပြီးတစ်ခု ဆက်တိုက် တိုက်ခိုက်လာခြင်း ဖြစ်၏။
သို့သော်… မြောက်ရှိုးက လက်တစ်ချက်ဝှေ့ရမ်းလိုက်ပြီး တိုက်ခိုက်မှုများအားလုံးကို ခုခံကာကွယ်လိုက်သည်။
ကြည့်ရသည်မှာ သူက ငယ်စဉ်ကပင် ဤလှေကားကို မကြာခဏ တက်ခဲ့ဖူးဟန် ရှိသည်။
"နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးတော့ လှည့်စားခံရပြီထင်တယ်… ၊ တစ်ဖက်လူက ဒီလှေကားကို တက်ဖူးနေကျထင်တယ်ကွ… အေးအေးဆေးဆေးပဲ တိုက်ခိုက်မှုကိုခုခံနေတာ…"
"အေးလေကွာ… အနိုင်ယူချင်တယ်ဆိုလည်း တိုက်ပွဲရင်ဆိုင်ပြီး အနိုင်ယူလို့ရတာပဲ… ဘာလို့ တစ်ဖက်သားကို ဒီလောက် ဒုက္ခပေးရတာလဲ မသိဘူး…"
"ကြည့်ရတာ… သူက လူတစ်ဖက်သား စိတ်ပင်ပန်း လူပင်ပန်းဖြစ်ပြီးမှ ရှုံးနိမ့်သွားတာကို လိုချင်တာဖြစ်နိုင်တယ်…"
"………………"
ထိုသို့ဖြင့်… မြောက်ရှိုးက လှေကားထစ် အထစ်(၂၀)ခန့် တက်ပြီးချိန်တွင် ကျန်းလန်က လှေကားထစ် (၁၀)ထစ်ခန့်သာ တက်ရသေးသည်။
စုစုပေါင်း လှေကားထစ် (၉၉)ထစ် ရှိသည်။
လှေကားထိပ်ဆုံးမှ အလင်းစက်ဝန်းထက်သို့တက်ရောက်နိုင်လျှင်တော့ လှေကားထစ်ပေါင်း (၁၀၀) ရှိသည်ဟု ဆိုနိုင်သည်။
ထိုအလင်းရောင်စက်ဝန်းထက်သို့ ပထမဆုံး ရောက်ရှိသူက ပြိုင်ပွဲတွင် အနိုင်ရသူ ဖြစ်ပေလိမ့်မည်။
မြောက်ရှိုးက သူ့ထက်ရှေ့ရောက်နေသည်ကို ကျန်းလန် အရေးမစိုက်ပေ။
ကျန်းလန် လှေကားထစ် (၁၁)ထစ်မြောက်သို့ တက်လှမ်းလိုက်သည်။
သို့သော်… (၁၁)ထစ်မြောက်လှေကားထစ်ကို တက်လှမ်းလိုက်သည်နှင့် လှေကားထစ်များ၏အနေအထား အနည်းငယ်ပြောင်းလဲသွားသည်ကို ကျန်းလန် သတိပြုလိုက်မိသည်။
တစ်စုံတစ်ခုက သူ၏ စိတ်ဆန္ဒနှင့် ခံစားချက်များ မြင့်တက်လာအောင် လှုံ့ဆော်ပေးနေသည့်အလား ခံစားလိုက်ရသည်။
မနာလိုမှု ၊ ဒေါသ ၊ မာန…
ထိုအရာများ ကျန်းလန်၏ စိတ်အာရုံထဲတွင် ထွက်ပေါ်လာသည်။
သို့သော်… လှုံ့ဆော်ပေးနေသည့်အရာက အားနည်းလွန်းသည့်အတွက် ကျန်းလန်ကို သက်ရောက်မှု သိပ်မရှိလှပေ။
အကယ်၍ လှုံ့ဆော်ပေးနေသည့်အရာက ဖိအားများလွန်းပါက တောင်ကြီးတစ်လုံး သူ့အပေါ်သို့ ဖိထားသည့် အလား ခံစားရမည်ဖြစ်သည်။
အဓိကအချက်မှာ ထိုလှုံ့ဆော်မှုက ကျန်းလန်၏ အတွေးများကို လမ်းလွဲစေပြီး အာရုံစူးစိုက်မှုပျက်ပြားကာ သမာဓိကို ယိုင်နဲ့အောင် ပြုလုပ်လိုခြင်း ဖြစ်သည်။
ထို့ကြောင့်… ကျန်းလန်သာ ခံနိုင်ရည်မရှိလျှင် ခြေလှမ်းများကို မတည်မငြိမ်ဖြစ်စေပေလိမ့်မည်။ ခြေလှမ်းတစ်ချက်ပျက်သွားသည်နှင့် သေချာပေါက် အရှုံးနှင့် ရင်ဆိုင်ရမည် ဖြစ်၏။
သို့သော်… လှုံ့ဆော်မှုဖိအားက နည်းပါးသောကြောင့်… ကျန်းလန်အပေါ် သက်ရောက်မှု မရှိခဲ့ပေ။
ကျန်းလန် ခြေလှမ်းတစ်လှမ်းချင်း ဆက်တက်လာခဲ့သည်။
သူ၏ ခြေလှမ်းများက မြန်ဆန်ခြင်းမရှိပေ။ ဖြေးဖြေးမှန်မှန်သာ တက်လာခြင်း ဖြစ်သည်။
ထိုသို့ဖြင့်… ကျန်းလန် လှေကားထစ် အထစ် (၂၀)အထိ ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင်… မြောက်ရှိုးက လှေကားထစ် အထစ် (၃၀) သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော်… သူ၏ ခြေလှမ်းများက တဖြည်းဖြည်း နှေးကွေးလာပြီ ဖြစ်သည်။
"ခုချိန်ထိ နောက်ထပ် တိုက်ခိုက်မှု ထပ်မလာသေးဘူး… ၊ ဒါပေမဲ့ ဘယ်အချိန် တိုက်ခိုက်မှုတွေ ထွက်ပေါ်လာမလဲ မသိနိုင်ဘူး… ၊ သတိရှိနေဖို့တော့လိုတယ်…"
ထို့နောက်… ကျန်းလန် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ထိုခြေလှမ်းက လှေကားထစ် (၂၁)ထစ်မြောက်သို့ တက်လှမ်းလိုက်ခြင်း ဖြစ်၏။
သူ ခြေလှမ်းလိုက်သည်နှင့် လေထဲသို့ ခြေလှမ်းမိသည့်အလား ခံစားလိုက်ရသည်။
သို့သော်… ခံစားချက်တစ်ခုမျှသာဖြစ်ပြီး တကယ်တမ်း လေထဲသို့ ခြေလှမ်းမိခြင်း မဟုတ်ပေ။ သူ့ခြေထောက်အောက်တွင် လှေကားထစ်က ရှိနေဆဲ ဖြစ်သည်။
ကျန်းလန် လှေကားထစ် (၂၁)ထစ်မြောက်ကို ဖြတ်ကျော်လိုက်သည်နှင့် မြောက်ရှိုးက ကျန်းလန်ကို မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သည်။
"လှေကားထစ် (၂၁)ထစ်မြောက်ကို ဖြတ်သန်းတာ သူက ဘာမှ မခံစားရသလိုပါပဲလား… ၊ ဟွန်း တော်တော့တော်သားပဲ… ၊ ဒါပေမဲ့ ဘယ်လောက်ထိ ဆက်တက်နိုင်မလဲ ကြည့်တာပေါ့… ၊ လှေကားထစ် (၅၀)ရောက်ရင် ဒီကောင် ဆက်တက်နိုင်မှာ မဟုတ်လောက်တော့ဘူး…"
လှေကားထစ် (၂၁) ထစ် မှ အထစ် (၅၀) အထိမှာ လူသားတစ်ယောက်၏ သဘောသဘဝကို စစ်ဆေးခြင်း ဖြစ်သည်။အနည်းငယ် ပေါ့ဆမိသည်နှင့် ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်သည်။
မြောက်ရှိုး ရှေ့ဆက်တက်လာခဲ့သည်။
သို့သော်… မကြာမီ အောက်ဖက်တွင်ကြည့်နေသည့် ပရိတ်သတ်များထံမှ အံ့သြတကြီး အော်ဟစ်သံများထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
"မြန်လိုက်တာ… နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုက အရှိန်တင်လိုက်တာလား…"
"ဟုတ်တယ် သူဘာလို့ရုတ်တရက် မြန်သွားရတာလဲ…"
"အေးလေ… စောစောကပဲ ခပ်နှေးနှေးပဲ တက်နေတာကို…"
"ဟုတ်တယ်ဟ… ဟိုနတ်လသားမျိုးနွယ်ကောင်တောင် တော်တော်နှေးသွားတာ… ၊ ဘာလို့ နဝမမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုက မြန်လာရတာလဲ… ၊ ရုတ်တရက်များ စိတ်တွေ ရှုတ်ထွေးသွားလို့လား…"
စကားသံများကြောင့် မြောက်ရှိုး ကျန်းလန်ကို လှည့်ကြည့်လိုက်သည်။
သို့သော်… သူ လှည့်ကြည့်လိုက်သည့် အချိန်ခဏမှာပင် ကျန်းလန်က ချက်ချင်း သူ့နောက်သို့ ရောက်ရှိလာပြီး သူရပ်နေသည့်လှေကားထစ်ကို ဖြတ်ကျော်ကာ သူ့ရှေ့သို့ ဖြတ်ကျော်တက်သွားလေတော့သည်။
"ဒါ… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…"