← Chapters

သတ်ဖြတ်ခြင်းများ

Vol. 56 Ch. 827

သတ်ဖြတ်ခြင်းများ

Vol. 56 Ch. 827

တစ်ကိုယ်တော်တိမ်စိုင်သည် ဆူဇီမိုကို လက်ညိုးထိုးပြီး မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူမှ လူတိုင်းကို လှမ်းကြည့်ကာ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မင်းတို့တွေ လုပ်စရာရှိတာ ဆက်လုပ်ကြ.. ဒီလူကို ငါ့အတွက်ထားလိုက်”

သူ၏ရည်ရွယ်ချက်က ရိုးရှင်းလေသည်။

နဂါးမျိုးနွယ်၏ရတနာက ထွက်ပေါ်လာမည်ဆိုလျှင်တောင် သူက ဤလူကို ကိုယ်တိုင်သတ်ဖြတ်မည်ဖြစ်သည့်အတွက် ဤလူပိုင်ဆိုင်သည့်အရာကို သူက သေချာပေါက် ရရှိပေလိမ့်မည်။

မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်များသည် အကြည့်ချင်းဖလှယ်ပြီး ခေါင်းညိတ်လိုက်ကြ၏။

အစကတော့.. ဝင်ရောက်လာသူသည် အထင်ကြီးစရာကောင်းသည့် ပညာရှင်တစ်ယောက်ဖြစ်မည်ဟု သူတို့နှစ်ယောက်က တွေးထင်ခဲ့ကြ၏။ ယခု ကြည့်ရသလောက်တော့.. သူက အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ထက် ပိုမနေပေ။

သူက အတော်အတန် အစွမ်းအစရှိပုံရသော်လည်း.. အဲဒါက သူသည် နောက်ဆုံးတိုက်ပွဲ၏ရလဒ်ကို ပြောင်းလဲပေးနိုင်လိမ့်မည်ဟု မဆိုလိုပေ။

ဒါ့အပြင်.. တစ်ကိုယ်တော်တိမ်စိုင်က ကိုယ်တိုင်ဝင်ရောက်၍ တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် ဤလူ၏သေဆုံးမှုက သေချာသွားလေပြီ။

“သတ်”

ပိုင်နက်အရှင်နှစ်ယောက်သည် သူတို့၏လက်များကို မြှောက်ပြီး ကျန်ရှိနေသော အလယ်အလတ်အဆင့်မိစ္ဆာသားရဲ ၁၀ယောက်ကို ဦးဆောင်ကာ မဟူရာဝံပုလွေနှင့် ချန်ရူယီဆီသို့ တရစပ် တိုက်ခိုက်လိုက်ကြ၏။

ချက်ချင်းပင် ဓမ္မစွမ်းအားများက နေရာတိုင်းမှာ ရုန်းကြွလာ၏။

မဟူရာဝံပုလွေနှင့် ချန်ရူယီသည် အခုမှ အသက်ရှူနိုင်ရုံသာ ရှိသေး၏။ တစ်ခဏအတွင်း အန္တရာယ်များက ပြန်လည်၍ စုပြုံကျရောက်လာပြီဆိုတော့…။

ဆူဇီမို၏အကြည့်က အေးစက်သွားလေသည်။ သူက ဆိုင်ကလုန်းလိုဏ်ဂူနှင့် မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်များ ရှိရာဘက်သို့ လျင်မြန်စွာ ပြေးဝင်လိုက်၏။

“ဟဲဟဲ.. မင်းရဲ့ပြိုင်ဘက်က ငါလေ”

တစ်ကိုယ်တော်တိမ်စိုင်သည် သူ၏အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုခြင်း မရှိပေ။ သူက ရေလှိုင်းခုံးတစ်ခုပေါ်မှာ ရပ်ရင်း ရှေ့သို့တက်ကာ ဆူဇီမို၏လမ်းကြောင်းကို ပိတ်ဆို့၍ ပြုံးလိုက်လေသည်။

“မင်းက ငါ့လက်ချက်နဲ့ သေရမှာဆိုတော့ ဂုဏ်ယူစရာပဲ”

“ထွက်သွားစမ်း”

ဆူဇီမို၏မျက်လုံးက ဝင်းလက်သွားပြီး သူ၏ဒူးနှစ်ဖက်ကို ရှေ့သို့ပစ်သွင်းကာ တစ်ချိန်တည်းမှာပင် လက်နှစ်ဖက်ကို ဆန့်တန်း၍ တစ်ကိုယ်တော်တိမ်စိုင်၏ ပခုံးနှစ်ဖက်ကို ဖမ်းဆွဲလိုက်၏။

အဲဒါက အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ သတ်ဖြတ်ကွက်တစ်ကွက် ဖြစ်လေသည်။

ဆူဇီမိုသည် ဤနည်းစနစ်များကို အတိတ်ကာလတုန်းက အသုံးပြုခဲ့ဖူး၏။ သူတို့က သန်မာသော်လည်း အဲဒါက ပုံသဏ္ဍာန်အဆင့်မှာသာ ရှိခဲ့၏။

သူက မိစ္ဆာသားရဲတစ်ယောက် ဖြစ်လာပြီးနောက် သူ၏နည်းစနစ်က ပုံသဏ္ဍာန်အဆင့်မှာသာလျှင် မဟုတ်တော့ပေ။ အဲဒီမှာ နတ်ဘုရားစွမ်းအားတစ်ခုကပါ ပါဝင်လာခဲ့လေပြီ။

အဲဒါက စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် တစ်သားတည်းကျခြင်း၏ အစစ်အမှန်အဓိပ္ပာယ်ဖြစ်လေသည်။

အဲဒါသည် အမြုတေစိတ်ဝိညာဉ်တစ်ခုကို ဖွဲ့တည်ပြီးမှသာလျှင် ရရှိနိုင်သော အဆင့်ဖြစ်လေသည်။

တစ်ကိုယ်တော်တိမ်စိုင်၏ အမူအရာက ပြောင်းလဲသွားခဲ့၏။

သူ၏မျက်လုံးထဲတွင် ဆူဇီမို၏ပုံရိပ်က ပျောက်ကွယ်သွားသည့်အလား ထင်ရ၏။ ထိုအစား အဲဒီမှာ ပြင်းထန်အားကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ နတ်မြင်းတစ်ကောင်က ရှေ့သို့ပြေးဝင်လာ၏။

ကြောက်စရာကောင်းသည့်အော်ရာတစ်ခုက သူ့ထံသို့ တလိမ့်လိမ့် တိုးဝင်လာ​ပြီး သူ၏စိတ်ကို လှုပ်ခတ်သွားစေလေသည်။

“အား.. သူက မြင်းသားရဲတစ်ကောင်ပဲ”

တစ်ကိုယ်တော်တိမ်စိုင်၏စိတ်ထဲတွင် အတွေးတစ်ခုက ဝင်ရောက်လာ၏။

ချက်ချင်းပင် သူက ဂုဏ်ယူဝင့်ကြွားမှုကို ခံစားလိုက်ရ၏။

သူ၏အစစ်အမှန်ပုံစံက မြွေနဂါး၊ မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင် ဖြစ်လေသည်။ မျိုးဆက်သွေးအရာမှာဆိုလျှင် သူက နဂါးမျိုးနွယ်နှင့် အတော်လေးနီးစပ်မှုရှိသည်ဟု သတ်မှတ်၍ ရလေသည်။ သူက မြင်းသားရဲတစ်ကောင်ကို ဘာကြောင့်ကြောက်နေရမှာလဲ။

“ငရဲကိုသာ ပြန်သွားလိုက်တော့”

တစ်ကိုယ်တော်တိမ်စိုင်သည် ဟိန်းဟောက်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ဆူဇီမိုကို လက်များဖြင့် ထွေးယှက်လိုက်၏။ သူက ခြေတစ်ဖက်ကို မြှောက်ပြီး ဆူဇီမို၏ဒူးကို ပြင်းထန်စွာ ပေါက်ချလိုက်၏။

ဘန်း

တစ်ကိုယ်တော်တိမ်စိုင်၏ခြေထောက်သည် ဆူဇီမို၏ဒူးနှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွား၏။

တစ်ကိုယ်တော်တိမ်စိုင်သည် တသိမ့်သိမ့် တုန်ယင်သွားလေသည်။

“ဟမ့်”

ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုသည် သူ၏ခြေထောက်မှတဆင့် ရပ်တန့်၍ မရလုနီးပါးပုံစံဖြင့် သူ့ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ် တိုးဝင်လာလေသည်။

ထိုထိပ်တိုက်ရိုက်ခတ်မှုတစ်ခုမှာပင် သူ၏ခြေတစ်ဖက်က ထုံကျင်သွား၏။

ဗြီး..

ထိုစဉ်မှာပင်.. တစ်ကိုယ်တော်တိမ်စိုင်သည် သူ၏လက်နှစ်ဖက်က အေးစက်သွားသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။

ထို့နောက် ချက်ချင်းပင် အဲဒါက စူးရှရှ နာကျင်မှုတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

သူက ခေါင်းငုံ့ကြည့်လိုက်၏။

ဆူဇီမို၏လက်ချောင်းများထံမှ ဓားမြှောင်များကဲ့သို့ ထက်ရှသော လက်သည်းများက ပြူထွက်လာ၏။ သူတို့က သူ၏အသားထဲသို့ ထိုးဖောက်မသွားသော်လည်း အဲဒါက သူ၏အဝတ်အစားကို စုတ်ပြဲသွားစေပြီး သူ၏လက်နှစ်ဖက်ပေါ်တွင် သွေးသံရဲရဲ ဒဏ်ရာများကို ဖြစ်ပေါ်လာစေ၏။

“အား”

တစ်ကိုယ်တော်တိမ်စိုင်သည် ဒေါသူပုန်ထသွားပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။

မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်တစ်ကောင်အနေနှင့် သူ၏ခန္ဓာကိုယ်က အလွန်တရာ မာကြောပြီး သာမန်ပကတိအရှင် ဓမ္မလက်နက်များက သူ့ကို ထိခိုက်နိုင်လိမ့်မည် မဟုတ်ပေ။

ယခု သူ့ရှေ့မှ အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်၏ လက်သည်းချက်ဖြင့် သူ၏ခန္ဓာကိုယ်က ဒဏ်ရာရရှိသွားခဲ့သည်ဆိုတော့.. ။

“မင်းက ငါ့ကို..”

တစ်ကိုယ်တော်တိမ်စိုင်၏မျက်လုံးများက ပြူးကျယ်သွား၏။ သူက စကားကိုဆုံးအောင် မပြောနိုင်ခင်မှာပင် သူ၏အမြင်အာရုံက ဝေဝါးသွားပြီး ဆူဇီမိုက နောက်တစ်ဖန် ခုန်ဝင်လာခဲ့လေပြီ။

ဘုန်း

ဆူဇီမို၏လက်သီးသည် ဧရာမချိတ်စည်းတစ်ခုကဲ့သို့ လေထဲကနေ ဝိုက်ဆင်းလာပြီး ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုနှင့်အတူ သူ၏မျက်နှာပေါ်သို့ ကျဆင်းလာ၏။

“ဒါက..”

တစ်ကိုယ်တော်တိမ်စိုင်၏မျက်လုံးသည် ဒေါသများ၊ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေ၏။

ထိုအခိုက်အတန့်၌ ဆူဇီမိုသည် ဒေါသူပုန်ထနေသော မျောက်ဝံတစ်ကောင်နှင့် တူလာ၏။ သူက တုန်လှုပ်ချောက်ချားစရာ အမျက်ဒေါသဖြင့် သူ၏ရင်ဘတ်ကို တဖုန်းဖုန်း ထုရိုက်နေ၏။

“ဒီလူရဲ့ အစစ်အမှန်ပုံစံက မျောက်ဝံတစ်ကောင်များလား.. အဲဒါဆိုရင် စောစောက နတ်မြင်းကရော ဘာလို့ပေါ်လာတာလဲ”

တစ်ကိုယ်တော်တိမ်စိုင်သည် အလေးအနက် စဉ်းစားတွေးတောနေဖို့ အချိန်မရဘဲ ရှေ့သို့ သူ၏လက်နှစ်ဖက်ကို ကြက်ခြေခတ်၍ ကပျာကယာ မြှောက်တင်လိုက်ရ၏။

ဘန်း…

အဲဒီမှာ အရိုးနှင့်အသားများက ရိုက်ခတ်မိသွားပြီး ခပ်ထိုင်းထိုင်းအသံတစ်သံက ထွက်ပေါ်လာလေသည်။

တစ်ကိုယ်တော်တိမ်စိုင်၏ခန္ဓာကိုယ်သည် ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏ဟန်ချက်ကို ဆုံးရှုံးကာ နောက်သို့ လွင့်စင်ထွက်သွားလေသည်။

သူက ထိပ်တိုက်ရိုက်ခတ်မှုမှာ နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့ရလေသည်။

ဒါ့အပြင် ထိုနှစ်ချီပြီးနောက် တစ်ကိုယ်တော်တိမ်စိုင်သည် ပို၍ပင် တွေဝေရှုပ်ထွေး၍ အံ့အားသင့်မှုကို ခံစားလိုက်ရ၏။

သူသည် ဆူဇီမို၏ အစစ်အမှန်ပုံစံကို ဆက်လက်၍ ဖော်ထုတ်နိုင်ခြင်း မရှိတော့ပေ။

အသက်သုံးရှိုက်စာအတွင်းမှာပင် ဆူဇီမိုက တစ်ကိုယ်တော်တိမ်စိုင်ကို လွင့်စင်ထွက်သွားစေ၏။

“ဟားဟားဟဟား..”

ဆူဇီမိုက ဟားတိုက်ရယ်မောလိုက်ပြီး မလှမ်းမကမ်းရှိ တစ်ကိုယ်တော်တိမ်စိုင်ကို မျက်စိစွေကြည့်ကာ ကျယ်လောင်စွာဖြင့် အော်ပြောလိုက်၏။

“ငါ့ဆီက တိုက်ခိုက်မှုနှစ်ခုကို ခံယူပြီးတာတောင် မင်းက အသက်ရှင်နိုင်နေသေးတယ်ဆိုတော့.. အတော်အတန်တော့ အစွမ်းအစရှိပါပေတယ်”

သူ၏စကားသည် စောစောက တစ်ကိုယ်တော်တိမ်စိုင်၏ လှောင်ပြောင်သရော်မှုကို ပြန်လည်ချေပလိုက်ခြင်း ဖြစ်လေသည်။

သို့သော်လည်း.. သူပြောလိုက်သည့်ပုံစံက ပို၍ပင် မောက်မာ၍ မျက်နှာပြောင်တိုက်ရာကျလွန်းနေ၏။

တစ်ကိုယ်တော်တိမ်စိုင်သည် ဒေါသထွက်လွန်း၍ သူ၏အဆုတ်က ပေါက်ကွဲလုနီးပါးဖြစ်သွားရ၏။

မြွေနဂါးတစ်ကောင်အနေဖြင့် သူသည် သူ့ကျင့်ကြံမှု၏ ဤအဆင့်အရောက်၌ မရေမတွက်နိုင်သော တိုက်ပွဲများကို ဆင်နွှဲခဲ့ပြီးဖြစ်၏။ သူသည် သေဘေးနှင့်ကပ်သီသော အခြေအနေများကို ကြိမ်ဖန်များစွာ တွေ့ကြုံဖူးသော်လည်း ဤကဲ့သို့ အရှက်တကွဲဖြစ်ရခြင်းကို မခံစားခဲ့ရဖူးပေ။

သူ၏ခန္ဓာကိုယ်သည် ဒေါသဖြင့် တဆတ်ဆတ် တုန်ယင်လာပြီး သူ၏သွေးချီများက တဝုန်းဝုန်းထကာ သူ၏အရိုးများက စတင်၍ အသွင်ပြောင်းလဲလာခဲ့၏။

သူက သူ၏အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီး ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် ပြင်ဆင်လိုက်လေသည်။

“မင်းဟာမင်း မြင်းသားရဲပဲဖြစ်ဖြစ်.. မျောက်ဝံသားရဲပဲဖြစ်ဖြစ်.. ငါ ဂရုမစိုက်တော့ဘူး.. မင်းက ငါ့ကို အရှက်ခွဲတဲ့အတွက် ငါ့ရဲ့အမျက်ဒေါသကို ရင်ဆိုင်ရတော့မယ်”

“ငါက ဆုံးဖြတ်လိုက်ပြီ.. မင်းကို ဒီနေ့ မသတ်သေးဘူး.. အဲဒီအစား ငါက မင်းကို နှိမ်နင်းပြီးတော့ ငါ့ရဲ့ အစီးအနင်းတောကောင်အဖြစ် ပြောင်းလဲပစ်မယ်”

တစ်ကိုယ်တော်တိမ်စိုင်က ဟောင်ဖွာဟောင်ဖွာ ပြောဆိုရင်း အသွင်ပြောင်းလဲလိုက်လေသည်။

အဲဒီနောက်.. နောက်ထပ်မြင်ကွင်းတစ်ခုကို သူက မြင်တွေ့လိုက်ရပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်ရ၏။ သူက တုန်လှုပ်လွန်း၍ သူ၏မျက်လုံးများက ကျွတ်ထွက်လုနီးပါး ဖြစ်သွားရ၏။

“သောက်ခွေးပဲ.. အဲဒါက ဘာကြီးလဲ”

ဆူဇီမိုက သူ့ကို နောက်လန်ကျသွားစေပြီးနောက် ဆက်လက်၍ သူ့ကို အရေးမလုပ်တော့ဘဲ ထိုအစား မဟူရာဝံပုလွေနှင့် ချန်ရူယီကို ကယ်တင်ဖို့အတွက် တိုက်ပွဲမြေထဲသို့ ပြေးဝင်သွားလေသည်။

ဆူဇီမို၏ပုံရိပ်သည် အနာကွန်ဒါတစ်ကောင်ကဲ့သို့ လေထဲမှာ လျှောထိုးသွားပြီး ဆိုင်ကလုန်းလိုဏ်ဂူ၏ အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်နောက်သို့ ချက်ချင်းဆိုသလို ရောက်ရှိသွားလေသည်။

တစ်ကိုယ်တော်တိမ်စိုင်က ဆိုးဆိုးရွားရွား ရှုပ်ထွေးနောက်ကျိသွား၏။

အစကတော့.. ဆူဇီမိုသည် မြင်းသားရဲ သို့မဟုတ် မျောက်ဝံသားရဲတစ်ကောင် ဖြစ်ရမည်ဟု သူက တွေးထင်ထား၏။

သို့သော်လည်း.. ဤလူက ယခု သူ့ရှေ့မှောက်မှာပင် အနာကွန်ဒါတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

သူ၏ခန္ဓာကိုယ်က လူသားပုံစံမှာပင် ရှိသော်လည်း သူ၏လှုပ်ရှားမှုနှင့် ပြုမူဟန်များသည် အနာကွန်ဒါမျိုးနွယ်နှင့် လုံးဝဆင်တူနေလေသည်။

အစက.. တစ်ကိုယ်တော်တိမ်စိုင်နှင့် တိုက်ခိုက်နေသော ဆူဇီမိုသည် အဲဒီကနေ ရုန်းထွက်ပြီး သူ့နောက်သို့ ရောက်ရှိလာလိမ့်မည်ဟု ဆိုင်ကလုန်းလိုဏ်ဂူ၏ အလယ်အလတ်အဆင့် မိစ္ဆာသားရဲက လုံးဝတွေးထင်မထားခဲ့ပေ။

သူက မတုံ့ပြန်နိုင်ခင်မှာပင် ဆူဇီမိုက သူ့နောက်သို့ ရောက်ရှိနေပြီဖြစ်၏။

ရွှီး..

သူသည် ထူးဆန်းသော အသံတစ်သံကို ကြားလိုက်ရ၏။

သူက လှည့်ကြည့်ခြင်း မရှိဘဲနှင့်တောင် လျှာကိုထုတ်၍ တွန်မြည်နေသော အန်နာကွန်ဒါ၏ပုံရိပ်က သူ့စိတ်ထဲမှာ ပေါ်လာခဲ့ပြီဖြစ်၏။

သူသည် ကျောရိုးတလျှောက် ချမ်းစိမ့်သွားပြီး ခေါင်းနားပန်းကြီးသွား၏။

သူက မတုံ့ပြန်နိုင်ခင်မှာပင်.. သူ၏ခြေ၊လက်များက တင်းကျပ်စွာ တုပ်နှောင်ခံလိုက်ရသည်ဟု ခံစားရပြီး လွတ်မြောက်အောင် ထွက်ပြေးနိုင်ခြင်း မရှိတော့ပေ။

မွန်းကျပ်ပိတ်လှောင်ဖွယ်ရာကောင်းသည့် ခံစားချက်သည် သူ၏စိတ်အာရုံထဲသို့ တိုးဝင်လာပြီး သူက မည်သည့်ဓမ္မစွမ်းအား သို့မဟုတ် လက်နက်ကိုမှ ထုတ်သုံးနိုင်ခြင်း မရှိတော့ပေ။

နောက်ခဏ၌.. ဆူဇီမိုသည် သူ၏ခေါင်းကို မော့ပြီး နေနှင့်လကို ဝါးမျိုကာ ဧရာမအန်နာကွန်ဒါတစ်ကောင်အဖြစ်သို့ ပြောင်းလဲတော့မည့်အလား အသက်ကို ပြင်းထန်စွာ ရှိုက်လိုက်၏။

သူ၏ခန္ဓာကိုယ်ရှိ အသားများက ချက်ချင်း ကြီးမားပြန့်ကားလာလေသည်။

ကြောက်စရာကောင်းသည့် ကန့်သတ်ချုပ်နှောင်ခြင်းစွမ်းအားက ဤလူအပေါ်သို့ ဆင်းသက်လာခဲ့လေပြီ။

ဖျောက်.. ဖျောက်.. ဖျောက်..

အားလုံး၏ရှေ့မှောက်မှာပင်.. ဆိုင်ကလုန်းလိုဏ်ဂူမှ ထိုမိစ္ဆာသားရဲ၏ခန္ဓာကိုယ်သည် ကျုံ့ဝင်သွားပြီး အရိုးကျိုးသံများက ဆက်တိုက်ထွက်ပေါ်လာ၏။

ထိုအကွာအဝေးအရ.. သူတို့က အလယ်အလတ်အဆင့် မိစ္ဆာသားရဲများဆိုလျှင်တောင် ဆူဇီမို၏သတ်ဖြတ်ကွက်ကို ခုခံနိုင်သည့်သူက သိပ်များများစားစား မရှိပေ။

ထိုသူ၏ခန္ဓာကိုယ်မှ အမြုတေစိတ်ဝိညာဉ်တစ်ခုက ရုန်းထွက်လာ၏။ သူက ထွက်မပြေးနိုင်ခင်မှာပင် ဆူဇီမိုက ဖမ်းဆုပ်ပြီး အဲဒါကို ဖျစ်ညှစ်ကာ နေရာမှာတင် ဖျက်စီးပစ်လိုက်၏။

အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်က ထိုကဲ့သို့ပင် ဖျစ်ညှစ်သတ်ဖြတ်ခြင်း ခံလိုက်ရလေသည်။

All Chapters