← Chapters

ခရမ်းရောင် မိုးကြိုးမုန်တိုင်း

Vol. 56 Ch. 829

ခရမ်းရောင် မိုးကြိုးမုန်တိုင်း

Vol. 56 Ch. 829

တိုက်ပွဲ၏ ဤနေရာအရောက်တွင် မည်သူကမှ အကဲစမ်းလိုခြင်း မရှိကြတော့ချေ။ ဆူဇီမိုကလွဲလျှင် အခြားသော သားရဲများအားလုံးသည် သူတို့၏အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်ပြီး သားရဲပညာရပ်များကို ထုတ်ဖော်လိုက်ကြ၏။

ချက်ချင်းပင် ကမ္ဘာမြေနှင့် တောင်တန်းများက လှုပ်ခါသွားပြီး ရေစီးကြောင်းများက တဝုန်းဝုန်း ထလာလေသည်။

အဲဒါသည် ဓမ္မပညာရပ်များအကြား ထိတွေ့ရိုက်ခတ်မှုဖြစ်ပြီး မည်သည့် ပါချည်ပါချဲ့လှည့်ကွက်မှ ပါဝင်မလာတော့ပေ။

မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူ၏ အလယ်အလတ်အဆင့် မိစ္ဆာသားရဲများ အားလုံးသည် ဆူဇီမို၏ကိုယ်ကာယက အရမ်းသန်မာပြီး သူ၏အနီးကပ်တိုက်ခိုက်ရည်က ကြောက်စရာကောင်းကြောင်း သိရှိထားပြီးဖြစ်၏။ သူတို့က အနိုင်ရရှိဖို့ပင် မသေချာတော့ပေ။

ဒါ့အပြင်.. သူ့ထံတွင် တမူထူးခြားဆန်းပြားသည့် ရတနာ အတော်များများလည်း ရှိနေ၏။

သူတို့က သူ့ကို အနီးကပ်တိုက်ခိုက်ရည် သို့မဟုတ် ဓမ္မလက်နက်များဖြင့် ရင်ဆိုင်မည်ဆိုလျှင် သူတို့က အရေးနိမ့်သွားနိုင်လေသည်။

သူတို့၏ကျင့်ကြံမှုအဆင့်များသည် ဆူဇီမိုထက် မြင့်မားပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များက စွမ်းအားကြီးလေသည်။ ထိုသို့ဖြင့် သူတို့သည် ဓမ္မစွမ်းအားများကို ပို၍အသုံးချနိုင်ပြီး အဲဒါက သူတို့၏အားသာချက် ဖြစ်လေသည်။

ဒါ့အပြင် တစ္ဆေမြစ်၏ ပိုင်နက်အရှင်ဖြစ်သော တစ်ကိုယ်တော်တိမ်စိုင်နှင့် ထပ်ပေါင်းပါက သူတို့တွင် အလယ်အလတ်အဆင့် မိစ္ဆာသားရဲ စုစုပေါင်းဆယ်ယောက်ရှိလာပြီး တစ်ပြိုင်နက်တည်းမှာ တိုက်ခိုက်လိုက်ကြ၏။

များပြားလှစွာသော ဓမ္မစွမ်းအားများ၏ ပူးပေါင်းတိုက်ခိုက်မှုခွန်အားသည် အလွန်တရာ အားပါပြင်းထန်ပြီး လရောင်ငိုကြွေးတောင် အထက်ရှိ လေဟာနယ်ကို ပြင်းထန်စွာ တုန်ခါသွားစေလေသည်။

သူတို့အားလုံးထဲတွင် တစ်ကိုယ်တော်တိမ်စိုင်၏ သားရဲပညာရပ်က ကြောက်စရာအကောင်းဆုံး ဖြစ်လေသည်။

မြွေနဂါးများသည် များသောအားဖြင့် မြစ်ထဲမှာ ကျက်စားကြလေသည်။ ထိုသို့ဖြင့် သူတို့က ရေစွမ်းအားကို အသုံးချပြီး မိုးနှင့်တိမ်များကို ထိန်းချုပ်နိုင်ကြလေသည်။

သူတို့သည် ရေလွှမ်းမိုးမှုတစ်ခုကိုပင် ဆင့်ခေါ်ပြီး သက်ရှိများအားလုံးအတွက် ကပ်ဘေးတစ်ခုကို ယူဆောင်ပေးနိုင်လေသည်။

ယခုအချိန်တွင်.. သူထုတ်ဖော်လိုက်သော သားရဲပညာရပ်သည် မြွေနဂါးမျိုးနွယ်၏ အမွေအနှစ် ဓမ္မပညာရပ်ဖြစ်သော ကမ္ဘာဖျက်ရေစီးကြောင်း ဖြစ်လေသည်။

မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်များပင်လျှင် ထိုဓမ္မပညာရပ် ထွက်ပေါ်လာသောအခါ ထိတ်လန့်တကြား ဖြစ်သွားကြ၏။

သူတို့နှစ်ယောက်က ပူးပေါင်းတိုက်ခိုက်လျှင်တောင် ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။

ဤမြွေနဂါး၏ တိုက်ခိုက်ရည်စွမ်းအားက သူတို့တွေးထင်ထားသည်ထက် များစွာပို၍ ကြောက်စရာကောင်းနေ၏။

ကံကောင်းထောက်မစွာနှင့်.. ထိုဓမ္မပညာရပ်က သူတို့ကို ပစ်မှတ်ထားခြင်း မဟုတ်ပေ။

မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်များသည် လှောင်ရယ်လိုက်ပြီး ဆူဇီမိုကိုကြည့်ကာ ခေါင်းခါလိုက်ကြ၏။ သူတို့သည် မဟူရာဝံပုလွေနှင့် ချန်ရူယီအပေါ် တစ်ဖန်ပြန်၍ အာရုံစိုက်လိုက်ကြ၏။

သူတို့၏စိတ်ထဲတွင်တော့ ဆူဇီမိုက သေလူတစ်ယောက် ဖြစ်နေလေပြီ။

ထိုကဲ့သို့ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် မည်သူကမှ ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။

သူတို့က ဆူဇီမိုနေရာမှာ ရှိနေလျှင်တောင် သူတို့၏ကိုယ်ကာယနှင့် အမြုတေစိတ်ဝိညာဉ်များက ဖျက်စီးခြင်းခံရပေလိမ့်မည်။

ထိုအခိုက်အတန့်တွင်.. အောက်ဘက်ရှိ တိုက်ခိုက်နေကြသော သားရဲများကလည်း ယာယီအားဖြင့် ရပ်တန့်လိုက်ကြ၏။

သူတို့အားလုံးသည် အလိုလိုလှည့်ကြည့်လိုက်ကြလေသည်။

များစွာသော သားရဲတောကောင်များသည် ကြီးမားတုတ်ခိုင်ကြပြီး ဆူဇီမိုက အရေးမပါ အရာမရောက်သော ပုရွက်ဆိတ်တစ်ကောင်အလား ထင်ရလေသည်။

သူက လွှမ်းမိုးခြယ်လှယ်နိုင်သော ဓမ္မစွမ်းအားများ၏အောက်တွင် ချက်ချင်းပင် နစ်မြုပ်သွားတော့မည့်အလား ထင်ရ၏။

သို့သော်လည်း.. သူတို့က သေချာအာရုံစိုက်ကြည့်မည်ဆိုလျှင် ဆူဇီမို၏အကြည့်က တည်​ငြိမ်နေပြီး စိတ်ခံစားချက် ကင်းမဲ့နေသည်ကို သတိထားမိပေလိမ့်မည်။ ထိုအစား သူ၏မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုမှု တစွန်းတစကပင် ရှိနေ၏။

ရုတ်တရက်ဆိုသလို…

ဆူဇီမို၏ခြေထောက်အောက်တွင် အလွန်တရာ ကြီးမားလှသည့်အရာတစ်ခုက ပေါ်ထွက်လာခဲ့လေသည်။

ထိုကြီးမားလှသည့်အရာသည် ခြေလေးဖက်နှင့် ဦးခေါင်းနှစ်လုံးရှိပြီး ရှုပ်ထွေးနက်နဲသည့် ကျမ်းစာများဖြင့် ပြည့်နှက်နေသည့် ဧရာမအုပ်ခွံတစ်ခုကို သယ်ဆောင်ထား၏။ အဲဒါက စကြဝဠာ၏ လျှို့ဝှက်ချက်များ အားလုံးကို နားလည်နိုင်သည့်အလား အလွန်တရာ ရှေးကျနေလေသည်။

ထိုအုပ်ခွံသည် ကောင်းကင်ကို ထမ်းပိုးထားပြီး သူ၏ခြေထောက်များက ကောင်းကင်ထောက်တိုင်ကြီးများကဲ့သို့ ပြင်းထန်အားကောင်းသည့် ရေစီးကြောင်းထဲတွင် မယိမ်းမယိုင် ရပ်တည်နေလေသည်။

“ဂါး..”

မြွေနှင့်လိပ်သည် သူတို့၏ဦးခေါင်းများကို မော့၍ အလွန်ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြ၏။

ကောင်းကင်နှင့်မြေကြီးက လှုပ်ခါသွားလေသည်။

မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူ၏ မိစ္ဆာသားရဲများထံမှ ဓမ္မပညာရပ် ၉ခုသည် ဆင်းသက်လာကာစဖြစ်ပြီး ရုတ်တရက် လေထဲတွင် ရပ်တန့်၍ ပျက်ပြယ်လာကြလေသည်။

ဓမ္မပညာရပ် ၉ခုက ချက်ချင်းပင် ပျက်ပြယ်သွားခဲ့လေပြီ..။

“အား”

“အဲဒါက ဘာကြီးလဲ”

သားရဲများ အားလုံးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

တစ်ကိုယ်တော်တိမ်စိုင်၏ သူငယ်အိမ်များပင်လျှင် တင်းကျပ်သွားရ၏။

ခြေလေးဖက်၊ ဦးခေါင်းနှစ်လုံးနှင့် သားရဲတောကောင်ထံမှ ဖြာထွက်လာသော အော်ရာသည် သူ့ကိုပင် အထိန်းအချုပ်မဲ့သော တုန်လှုပ်ချောက်ချားမှုတစ်ခုကို ပေးစွမ်းနေ၏။

အဲ့လောက်မြင့်မြတ်တဲ့ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားရအောင် အဲဒါက ဘယ်လိုသားရဲတောကောင်ပါလိမ့်..။

“ခြေလေးဖက်နဲ့ ခေါင်းနှစ်လုံး.. ခြေလေးဖက်နဲ့ ခေါင်းနှစ်လုံး..”

တစ်ကိုယ်တော်တိမ်စိုင်သည် တတွတ်တွတ် ရေရွတ်ရင်း သူ၏စိတ်အာရုံထဲတွင် ဖြစ်နိုင်ချေတစ်ခုက ဝင်ရောက်လာကာ သူ၏မျက်လုံးက ဝင်းလက်သွား၏။

အဲဒါက… ဖြစ်နေမလား..။

အထွတ်အမြတ်တောကောင် မဟူရာကုန်းလိပ်။

အဲဒါက သားရဲတောကောင် မဟုတ်တော့ပေ။ အဲဒါက အထွတ်အမြတ် တောကောင်တစ်ကောင်ဖြစ်၏။

ဆူဇီမို၏ရွှေအမြုတေက ပျောက်ကွယ်သွားပြီဖြစ်သော်လည်း ယခု သူသည် နိုးထဝိညာဉ်အဆင့်မှာရှိပြီး ဓမ္မစွမ်းအားများကို အသုံးပြုကာ မဟူရာကုန်းလိပ်ကို ပြန်လည်ထုတ်ဖော်ဖို့က သူ့အတွက် ရိုးရှင်းလေသည်။

ရေစီးကြောင်းများက ဘယ်လိုပင် ပြင်းထန်စွာ ရိုက်ခတ်ပါစေ.. မဟူရာကုန်းလိပ်၏ပုံရိပ်ကို လှုပ်ခါစေနိုင်လိမ့်မည် မဟုတ်ပေ။

မဟူရာကုန်းလိပ် အမြုတေနယ်မြေသည် ရွှေအမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ် ဖြစ်လေသည်။

အဲဒါက ဓမ္မစွမ်းအားများဖြင့် ဆင့်ခေါ်ထားသော ပုံရိပ်ယောင်တစ်ခု ဖြစ်သော်လည်း အဲဒါက သာမန်ဓမ္မပညာရပ်များ တုပနိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။

ဆူဇီမိုကို ဝိုင်းရံထားကြသော မိစ္ဆာသားရဲများသည် ကြီးမားတုတ်ခိုင်ကြသော်လည်း အထွတ်အမြတ်တောကောင် မဟူရာကုန်းလိပ်နှင့် နှိုင်းယှဉ်လျှင် သူတို့က နိမ့်ကျနေသေး၏။

ဆူဇီမိုသည် တောက်လောင်နေသော အကြည့်တစ်ခုနှင့်အတူ မဟူရာကုန်းလိပ်ပေါ်မှာ မတ်တပ်ရပ်ပြီး သူ့ထံမှ ကြောက်စရာကောင်းသော အော်ရာတစ်ခုက ဖြာထွက်နေ၏။

“ဘာမဟုတ်တဲ့ မြွေတစ်ကောင်က ငါ့ရှေ့မှာ ရေလှိုင်းနဲ့ လာကစားရဲတယ်ပေါ့.. ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ”

မဟူရာကုန်းလိပ်၏ ဖိနှိမ်မှုအောက်တွင် ပြင်းထန်သော ရေစီးကြောင်းများက အမှန်တကယ်ပင် တည်ငြိမ်လာခဲ့လေပြီ။

တစ်ကိုယ်တော်တိမ်စိုင်သည် သူ၏လက်သီးများကို တင်းကျပ်စွာဆုပ်ပြီး ဒေါသဖြင့် တဆတ်ဆတ် တုန်ယင်လာ၏။

မြွေနဂါးမျိုးနွယ်မှ တစ်စုံတစ်ယောက်အနေဖြင့် သူ့အား သာမန်မြွေတစ်ကောင်နှင့် နှိုင်းယှဉ်ခြင်းကို အမုန်းတီးဆုံးဖြစ်လေသည်။

“အဲဒါက ဓမ္မစွမ်းအားနဲ့ ဖန်တီးထားတဲ့ ပုံရိပ်ယောင်တစ်ခုသာပဲ.. အဲဒါက အပေါ်ယံမှာ သန်မာတယ် ထင်ရပေမဲ့လို့ အဲဒါက ရုပ်ဒြပ်မရှိဘူး.. အဲဒါက အစစ်အမှန် အထွတ်အမြတ်တောကောင်တစ်ကောင်မှ မဟုတ်တာ.. အဲဒါနဲ့ မင်းက ဘာလို့ မောက်မာနေရတာလဲ”

တစ်ကိုယ်တော်တိမ်စိုင်က အံကိုကြိတ်လိုက်၏။

“အဲဒီ ဓမ္မပညာရပ်ကို ထုတ်ဖော်ဖို့အတွက် မင်းရဲ့အမြုတေစိတ်ဝိညာဉ်က စွမ်းအင်အမြောက်အများကို ထောက်ပံ့ပေးထားရမှာပဲ.. မင်းက ငါ့ဆီက တိုက်ခိုက်မှု ဘယ်လောက်များများကို ခံနိုင်ရည်ရှိမလဲ ကြည့်ကြသေးတာပေါ့”

တစ်ကိုယ်တော်တိမ်စိုင်သည် ထက်မြက်သော လူတစ်ယောက်ဖြစ်ပြီး ကိစ္စများကို ထိုးထွင်းသိမြင်နိုင်လေသည်။

သူပြောတာက မမှားပေ။

မဟူရာကုန်းလိပ်နယ်မြေကို ဆင့်ခေါ်ဖို့အတွက် ဆူဇီမိုသည် သူ၏ သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်ကနေ စွမ်းအင်အမြောက်အများကို ထောက်ပံ့ပေးထားရ၏။

ဘာပဲပြောပြော သူ၏ကျင့်ကြံမှုအဆင့်ကို ပြောင်းလဲလို့မရပေ။ အဲဒါသည် အလယ်အလတ်အဆင့် မိစ္ဆာသားရဲ ၁၀ယောက်၏ တိုက်ခိုက်မှုကို ခုခံဖို့အတွက် အဲ့ဒါက သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်၏ အကန့်အသတ်ဖြစ်လေသည်။

သို့သော်လည်း.. ဆူဇီမိုက ဣန္ဒြေရနေဆဲဖြစ်ပြီး မည်သည့်ထိတ်လန့်ကြောက်ရွံ့မှုမှ မရှိဘဲ အေးစက်စွာဖြင့် သရော်ပြုံးလိုက်၏။

ပြင်းထန်အားကောင်းသည့် ထိုတိုက်ပွဲတွင် ဆူဇီမို၏ဦးခေါင်းပေါ်ရှိ သွေးနီရောင်ဆံပင်များက တဖြည်းဖြည်းနှင့် အနက်ရောင်သမ်းလာသည်ကို မည်သူကမှ သတိမထားမိကြပေ။

သူ၏စိတ်ဝိညာဉ်အသိစိတ်ထဲတွင် သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်က အနောက်သို့ ဆုတ်လိုက်၏။

သူ၏နေရာတွင် အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်က ဝင်ရောက်လိုက်လေသည်။

“အခုက.. တိုက်ခိုက်မှု ဘယ်လောက်များများကို ငါက ခံနိုင်ရည်ရှိမလဲလို့ ပြောရမယ့်အချိန် မဟုတ်ဘူး.. အဲဒါက ငါ့ဆီက တိုက်ခိုက်မှု ဘယ်လောက်များများကို မင်းတို့က ခံနိုင်ရည်ရှိမလဲလို့ မေးရမယ့်အချိန်ပဲ”

ဆူဇီမိုသည် သားရဲများကြား လှည့်ပတ်၍ သူ၏မျက်လုံးထဲတွင် လျှပ်စီးကြောင်းများက တဖျတ်ဖျတ်ပေါ်လာပြီး သူက ဦးခေါင်းကိုမော့၍ ဟိန်းဟောက်လိုက်၏။ သူသည် လက်နှစ်ဖက်ကို လျင်မြန်စွာ လှုပ်ရှား၍ လက်ဟန်ချိတ်စည်းများကို ထုတ်ဖော်လိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းမှ တဝုန်းဝုန်းထနေသော မိုးကြိုးသံများကို ကြားရနိုင်လေသည်။

တကယ်ဆို သူ၏ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးလျှပ်ပန်းများက မကောင်းဆိုးရွားဆန်ဆန် ရစ်ပတ်ယှက်နွယ်နေလေသည်။

လရောင်ငိုကြွေးတောင်၏ အထက်ရှိ တိမ်စိုင်များသည် ပို၍ညိုမည်းလာပြီး ပို၍ပြင်းထန်စွာ တဝုန်းဝုန်းထလာ၏။

သို့သော်လည်း.. သည်းထန်စွာ ရွာသွန်းနေသော မိုးစက်များနှင့်အတူ မည်သူကမှ အဲဒါကို သတိမထားမိကြပေ။

“ခရမ်းရောင် မိုးကြိုးမုန်တိုင်း”

ရုတ်တရက်.. ဆူဇီမိုက အော်ဟစ်လိုက်ပြီး ရှေ့သို့ လက်ညိုးထိုးလိုက်၏။

ဝုန်း..

ခရမ်းရောင် မိုးကြိုးလျှပ်စီးကြောင်းများသည် မည်းမှောင်နေသော တိမ်စိုင်များအထက်ကနေ ကျဆင်းလာပြီး ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်လိုက်၏။ သူတို့က အဆက်မပြတ် ယှက်ဖြာသွားပြီး ကြောက်စရာကောင်းသည့် ခရမ်းရောင် မိုးကြိုးမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။

အလယ်အလတ်အဆင့် မိစ္ဆာသားရဲ ၆ယောက်သည် အချိန်မီ မရှောင်တိမ်းနိုင်ဘဲ ထိုမုန်တိုင်းအတွင်းသို့ ဆွဲယူသွင်းခြင်း ခံလိုက်ရ၏။

သူတို့ ၆ယောက်သည် ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး သူတို့၏ဓမ္မစွမ်းအားများကို စုစည်းကာ ခုခံလိုက်ကြ၏။

သို့သော်လည်း.. ကောင်းကင်နှင့်မြေကြီး၏ စွမ်းအား၏ လွှမ်းခြုံမှုအောက်တွင် သူတို့သည် အဲဒီကနေ မထိမခိုက် လွတ်မြောက်အောင် ရုန်းထွက်နိုင်ဖို့က မဖြစ်နိုင်သလောက်ပင်။

တစ်ခဏအတွင်းမှာပင်.. မိစ္ဆာသားရဲနှစ်ယောက်၏ ဓမ္မစွမ်းအား အခုအခံသည် ထိုးဖောက်ခြင်း ခံလိုက်ရ၏။

အသက်သုံးရှိုက်စာအတွင်း.. ထိုမိစ္ဆာသားရဲနှစ်ယောက်၏ အသားများသည် မိုးကြိုးစွမ်းအားဖြင့် ကွဲထွက်သွား၏။

“အား.. အား..”

ခရမ်းရောင် မိုးကြိုးလျှပ်စီးများသည် သူတို့၏ဒဏ်ရာများကို ရစ်ပတ်၍ အမည်းရောင်မီးခိုးများကို အူထွက်လာစေ၏။ ထိုမိစ္ဆာသားရဲနှစ်ယောက်သည် လေထဲတွင် နာကျင်မှုဖြင့် ထွန့်ထွန့်လူးသွားပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်ကြ၏။

ကျန်ရှိနေသော မိစ္ဆာသားရဲ ၄ယောက်သည် အကောင်းဆုံးကြိုးစား၍ နောက်ဆုံးမှာတော့ ခရမ်းရောင်မိုးကြိုးမုန်တိုင်း၏ သက်ရောက်မှုဧရိယာကနေ ရုန်းထွက်လိုက်နိုင်ကြ၏။ သို့သော်လည်း.. သူတို့အားလုံးသည် နဖူးမှ ခြေဖျားအထိ ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ဆိုးဆိုးရွားရွားပုံစံ ပေါက်နေလေသည်။

သူတို့ ၄ယောက်သည် နောက်သို့ပြန်လှည့်ကြည့်ပြီး ရင်ထဲမှာ တလှပ်လှပ်ဖြစ်သွားကြ၏။

အချိန်တခဏအတွင်းမှာပင် မိစ္ဆာသားရဲနှစ်ယောက်သည် ခရမ်းရောင် မိုးကြိုးမုန်တိုင်းအတွင်း နစ်မြုပ်သွားပြီး တိတ်တဆိတ် ပျောက်ကွယ်သွားရလေသည်။

ခရမ်းရောင် မိုးကြိုးမုန်တိုင်း၏ လွှမ်းခြုံမှုအောက်တွင် သူတို့၏ အမြုတေစိတ်ဝိညာဉ်များသည် သူတို့၏ခန္ဓာကိုယ်ကနေ ထွက်လာနိုင်ခဲ့သော်လည်း မိုးကြိုးစွမ်းအားများဖြင့် ချက်ချင်းပင် လောင်ကျွမ်းသွားခဲ့ရလေသည်။

အလယ်အလတ်အဆင့် မိစ္ဆာသားရဲနှစ်ယောက်သည် ဓမ္မပညာရပ်တစ်ခုမှာ ချက်ချင်းပင် သေဆုံးသွားခဲ့ကြရ၏။

သားရဲများ အားလုံးက ထိတ်လန့်တကြား ဖြစ်သွားကြလေသည်။

မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်များသည် ဖြစ်ပျက်သမျှကို ပါးစပ်အဟောင်းသားနှင့် ငေးကြည့်ပြီး သူတို့၏မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားကြ၏။

အဲဒါသည် ကမ္ဘာဖျက်စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသော ခရမ်းရောင်မိုးကြိုးကျမ်းမှ ဓမ္မပညာရပ်တစ်ခု ဖြစ်လေသည်။

တကယ်တော့.. ခရမ်းရောင်မိုးကြိုးကျမ်းက ဘယ်လိုပင် သန်မာအားကောင်းပါစေ.. ဆူဇီမိုသည် သူ့ထက် ကျင့်ကြံမှုအဆင့်ကြီး တစ်ဆင့်လုံးမြင့်သော အလယ်အလတ်အဆင့် မိစ္ဆာသားရဲများကို သတ်ဖြတ်နိုင်ချင်မှ သတ်ဖြတ်နိုင်ပေလိမ့်မည်။

ထိုအလယ်အလတ်အဆင့် မိစ္ဆာသားရဲနှစ်ယောက်က ကံဆိုးသွားကြခြင်းသာ ဖြစ်လေသည်။

အစကတည်းက ဤနေရာတွင် မိုးသားများနှင့် တိမ်စိုင်များက ထူထပ်သိပ်သည်းစွာ ရှိနေကြ၏။ ထိုသို့ဖြင့် ခရမ်းရောင် မိုးကြိုးမုန်တိုင်း၏စွမ်းအားက ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေသည်။

All Chapters