နှိမ်နင်းခြင်း
Vol. 56 Ch. 833
မျိုးဆက်သွေးနယ်မြေ၏ ဆင်းသက်လာမှုသည် မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်များ၏ နောက်ဆုံးမျှော်လင့်ချက်ကို ချေမွဖျက်စီးလိုက်၏။
ပိုင်နက်အရှင်နှစ်ယောက်စလုံးသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြပြီဖြစ်၏။ ဤအစွမ်းအစများသည် သူတို့၏နားလည်နိုင်ခြင်းထက် ကျော်လွန်နေခဲ့လေသည်။
တွေဝေခြင်း မရှိဘဲ သူတို့နှစ်ယောက်စလုံးသည် ထွက်ပြေးဖို့အတွက် ဆုံးဖြတ်လိုက်ကြ၏။
သူတို့၏ပိုင်နက်အရှင်များက ထွက်ပြေးသည်ကို မြင်သောအခါ.. ကျန်ရှိနေသော အလယ်အလတ်အဆင့် မိစ္ဆာသားရဲများသည်လည်း ဘာကိုမှ အရေးမစိုက်နိုင်တော့ဘဲ လှည့်ထွက်ပြေးကြလေသည်။
သို့သော်လည်း.. ပိုင်နက်အရှင်နှစ်ယောက်သည် ပထမဆုံး တုံ့ပြန်သူများဖြစ်ကြပြီး သူတို့၏အရှိန်အဟုန်က အခြားသူများထက် ပိုမိုမြန်ဆန်လေသည်။ သူတို့နှစ်ယောက်စလုံးသည် မျိုးဆက်သွေးနယ်မြေ၏ သက်ရောက်မှုဧရိယာကနေ ပွတ်ကာသီကာ ရုန်းထွက်နိုင်ခဲ့လေသည်။
ကျန်ရှိနေသော အလယ်အလတ်အဆင့် မိစ္ဆာသားရဲများကတော့ ထိုမျှလောက် ကံမကောင်းကြပေ။
နွားရိုင်း၊ မျှော်လင့်ချက်မျောက်ဝံနှင့် အခြားသော သားရဲများက ရှေ့သို့ ပြေးဝင်လာကြသောအခါ.. အခြားသော အလယ်အလတ်အဆင့် မိစ္ဆာသားရဲများ အားလုံးက သတ်ဖြတ်ခြင်း ခံလိုက်ရလေသည်။ သူတို့၏ အသွေးအသားများက ကြောက်မက်ဖွယ်ရာ ပုံစံဖြင့် နေရာတိုင်းမှာ ပြန့်ကျဲသွားပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များကလည်း နေရာမှာတင် ချုပ်ငြိမ်းသွားရလေသည်။
ဘာကြောင့်ရယ် မသိရသော်လည်း တိုက်ပွဲမြေ၏ အခြားတစ်ဖက်တွင် တစ္ဆေမြစ်၏ ပိုင်နက်အရှင်က ဖော်မပြတတ်သော ကြောက်ရွံ့မှုဖြင့် မြေပြင်ပေါ်မှာ ဒူးထောက်လိုက်၏။ ရုန်းရင်းဆန်ခတ် ဖြစ်နေသော တိုက်ပွဲအခြေအနေတွင် မည်သူကမှ အဲဒါကို သတိမထားမိကြပေ။
မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်များသည် တူညီသော အတွေးရှိကြပြီး သူတို့က မတူညီသော ဦးတည်ဘက်များသို့ ထွက်ပြေးလိုက်ကြ၏။
မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်က လူသားအသွင်သို့ ပြန်လည်ပြောင်းလဲထားပြီဖြစ်၏။
သူ၏ ကြီးမားသော ကင်းမြီးကောက်ပုံစံက မြင့်မားသော သစ်ပင်များဖြင့် ထူထပ်သိပ်သည်းလှသော တောအုပ်ထဲတွင် ထွက်ပြေးဖို့အတွက် မသင့်လျော်ပေ။
တစ်ဖက်တွင်တော့.. သူက လူသားသွင်ပြင်သို့ ပြောင်းလဲပြီးနောက် သူက များစွာပို၍ ပေါ့ပါးဖျတ်လတ်ကာ သေးငယ်သော ပစ်မှတ်တစ်ခု ဖြစ်သွားခဲ့လေပြီ။
ရွှစ်..
မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်သည် အားကုန်သုံး၍ ပြေးလွှားနေပြီး သူ၏နားထဲတွင် လေခွင်းသံ တဝီဝီကို ကြားနေရ၏။ သူ၏နောက်ကျောက အေးစက်လာသည်ကို ခံစားရပြီး အဲဒါက ချွေးများဖြင့် စိုရွှဲနေပြီဖြစ်၏။
“ငါက မဟူရာသဲတောင်ရိုးကို ပြန်ရောက်တာနဲ့ စွမ်းအားကြီးတဲ့ ပညာရှင်အချို့ကို စည်းရုံးပြီးတော့ ဒီနေရာကို သေချာပေါက် ပြန်လာမယ်”
သူသည် အမျက်ဒေါသကြီးသော အမူအရာတစ်ခု ရှိနေပြီး ရင်ထဲကနေ ကြိမ်းဝါးလိုက်၏။
သူသည် ပိုင်နက်အရှင်တစ်ပါးဖြစ်ပြီး မဟူရာသဲတောင်ရိုးကို နှစ်ပေါင်းထောင်ချီ၍ အုပ်စိုးခဲ့၏။ သူ့မှာ ပတ်သက်ဆက်နွယ်မှု များစွာရှိပြီး စွမ်းအားကြီးသော ပညာရှင်အချို့နှင့်လည်း သိကျွမ်းထားလေသည်။
သူက ဤတစ်ခေါက် ကြီးမားစွာ နစ်နာဆုံးရှုံးပြီးနောက်… ကိစ္စများကို အလွယ်တကူ လက်လျှော့လိုက်စရာ အကြောင်းမရှိပေ။
သူက ထွက်ပြေးနေရင်း သူ၏အမြုတေစိတ်ဝိညာဉ်သည် သူ၏စွမ်းအားကို အကန့်အသတ်အထိ ထုတ်ဖော်ထားရသောကြောင့် တဆစ်ဆစ်ဖြင့် နာကျင်ကိုက်ခဲလာ၏။
ထိုသို့ဆိုလျှင်တောင်.. သူ့နောက်ရှိ အန္တရာယ်၏ခံစားချက်က ပျောက်ကွယ်မသွားဘဲ အရိပ်ပမာ လိုက်ပါလာနေဆဲဖြစ်၏။
ဒါ့အပြင် အဲဒါက ပို၍ပင် မွန်းကျပ်ဖွယ်ရာ ကောင်းလာ၏။
“သူက ငါ့နောက်ကို အမီလိုက်လာတာများလား”
မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်သည် မနေနိုင်ဘဲ လှည့်ကြည့်လိုက်မိ၏။
ထိုအကြည့်တစ်ချက်ကပင် သူ့ကို လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားစေပြီး သူ၏ခြေထောက်များက ပျော့ခွေသွားလေသည်။
သူ့နောက်မလှမ်းမကမ်းတွင် ခရမ်းရောင်မိုးကြိုးတစ်စင်းက အလွန်တရာ မြန်ဆန်သည့် အရှိန်အဟုန်ဖြင့် လျှပ်စီးတန်းတစ်ခုကဲ့သို့ လိုက်ပါလာ၏။
သူတို့နှစ်ယောက်၏ အကွာအဝေးက လျင်မြန်စွာ နီးကပ်လာခဲ့လေပြီ။
သူသည် အဲဒါကို ရှင်းလင်းစွာ မမြင်ရသော်လည်း.. မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်သည် ထိုခရမ်းရောင်မိုးကြိုးက မိုဟုခေါ်သော သားရဲတောကောင်ပင်ဖြစ်ကြောင်းကို သူက သိထားလေသည်။
ခရမ်းရောင် ပြေးထွက်ခြင်း။
အဲဒါက ခရမ်းရောင်မိုးကြိုးကျမ်းမှ ထွက်ပြေးခြင်း နည်းစနစ်တစ်ခု ဖြစ်လေသည်။
ဤထွက်ပြေးခြင်း နည်းစနစ်၏ ရုန်းကန်ပေါက်ကွဲအားနှင့် အရှိန်အဟုန်သည် သွေးစတေးထွက်ပြေးခြင်းကို မမီသော်လည်း ၎င်း၏အားသာချက်တစ်ခုမှာ သူ၏ခန္ဓာကိုယ်ကနေ မည်သည့်အရာကိုမှ မစတေးရခြင်း ဖြစ်လေသည်။
“လူကြီးမင်း.. ကျုပ်ကို ချမ်းသာပေးပါဗျာ”
မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်သည် သူက ထွက်ပြေး၍ မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို နားလည်လိုက်ပြီး သူ၏ခြေလှမ်းကို ရပ်တန့်ကာ နောက်သို့ပြန်လှည့်လိုက်၏။ သူက ဆူဇီမို ရှိရာဘက်သို့ ဦးညွှတ်ပြီး အော်ပြောလိုက်၏။
“ကျုပ်က ခင်ဗျားဆီမှာ အညံ့ခံချင်ပါတယ်”
သူတို့နှစ်ယောက်စလုံးက အလွန်တရာ နီးကပ်နေကြ၏။
မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်သည် ထိတ်ထိတ်ပျာပျာ အမူအရာနှင့်အတူ လိပ်ပြာလွင့်မတတ် ကြောက်လန့်နေ၏။ သူက လုံးဝယတိပြတ် လက်လျှော့လိုက်သည့်အလားပင်။
အဲဒီနေရာမှာ အခြားတစ်ယောက်ယောက်သာဆိုလျှင် ထိုအချိန်တွင် သူတို့က သူတို့၏စိတ်ကို လျှော့ချလိုက်မည် ဖြစ်လေသည်။
သို့သော်လည်း.. မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်က စကားပြောလိုက်သည့် ခဏမှာပင် သူ၏လျှာက ရစ်ခွေ၍ အနက်ရောင် အလင်းတန်းတစ်ခုကို ထွေးထုတ်လိုက်၏။ အဲဒါက ရွံရှာဖွယ်ရာကောင်းသော ရနံ့တစ်ခုကို သယ်ဆောင်ထားပြီး ဆူဇီမို၏မျက်နှာဆီသို့ တိုးဝင်သွားလေသည်။
တကယ်တော့.. ဂမ္ဘီရသံလိုက်တောင်မှာ ကပ်သွားသော ဓမ္မလက်နက်သည် သူ၏မူပိုင်ဓမ္မလက်နက် မဟုတ်ခဲ့ပေ။
ဤမဟူရာအဆိပ်အပ်ကမှ သူ၏မူပိုင်ဓမ္မလက်နက် ဖြစ်လေသည်။
ဤမဟူရာအဆိပ်အပ်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ကင်းမြီးကောက်အမြီး၏ အဆိပ်ဖြစ်သော အပြင်းထန်ဆုံးအဆိပ်ကို အသုံးပြု၍ နေ့နေ့ညည သန့်စင်ထားခဲ့၏။
ဤအဆိပ်သည် မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်များပင်လျှင် ခံနိုင်ရည်မရှိသော တစ်စုံတစ်ရာ ဖြစ်လေသည်။
ဤလှုပ်ရှားမှုနှင့်အတူ သူသည် သေဘေးကနေ အကြိမ်ကြိမ်လွတ်မြောက်ခဲ့ပြီး သူ၏ပြိုင်ဘက်များကိုပင် ပြန်လည်သတ်ဖြတ်ပစ်နိုင်ခဲ့လေသည်။
သားရဲတစ်ထောင်တောင်ကြားတွင် အလယ်အလတ်အဆင့် မိစ္ဆာသားရဲများစွာ ရှိကြလေသည်။ ထိုအထဲကနေ သူက တော်ရုံတန်ရုံ အစွမ်းအစမရှိဘဲ ပိုင်နက်အရှင်တစ်ပါး ဖြစ်လာစရာ အကြောင်းမရှိပေ။
သူ၏နည်းလမ်းက အခြားသူများအပေါ်တွင်တော့ အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။
ကံမကောင်းစွာနှင့်ပင်.. သူက ဆူဇီမိုနှင့် ရင်ဆိုင်နေရခြင်းဖြစ်၏။
ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံထားပြီး အာရုံခံ သတိစိတ်တစ်ခုကို ပိုင်ဆိုင်ထား၏။ သူသည် မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်က လှည့်လိုက်သည့်ခဏမှာပင် အန္တရာယ်ကို အာရုံခံမိနေပြီဖြစ်၏။
ရုတ်တရက်.. သူ၏ ညာလက်မျက်လုံးကနေ ချစ်ချစ်တောက် ပူလောင်သော နေတစ်စင်းကဲ့သို့ တဖျတ်ဖျတ် တလက်လက် အလင်းက ရုန်းကန်ထွက်ပေါ်လာ၏။
ထို့နောက် ချက်ချင်းပင် ဘေးနားဝန်းကျင်ရှိ မိုးစက်မိုးပေါက်များက အငွေ့ပျံသွားလေသည်။
အဲဒါက စက္ခုနည်းစနစ်.. မီးပဒေသာ နဂါးမျက်လုံး ဖြစ်လေသည်။
အလင်းတန်းသည် လေထဲရှိ မဟူအရာအဆိပ်အပ်ကို ဖြတ်သန်း၍ မဟူရာသဲတောင်ရိုးမှ ပိုင်နက်အရှင်၏ ဦးခေါင်းကို ထိုးဖောက်သွားလေသည်။
သူတို့နှစ်ယောက်ကြား အကွာအဝေးက နီးကပ်လွန်းနေ၏။
တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင်.. မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်က ထိုသတ်ဖြတ်ကွက်ကို လုံးဝ ရှောင်ရှားနိုင်လိမ့်မည် မဟုတ်ပေ။
သွေးစက်များက စီးကျလာခြင်း မရှိပေ။
ဒဏ်ရာ၏ ပတ်ပတ်လည်တစ်ဝိုက်က လောင်ကျွမ်းသွားခဲ့၏။
မဟူရာအဆိပ်အပ်၏ အရောင်ကလည်း မှေးမှိန်သွားပြီး ပြုတ်ကျသွားလေသည်။
မူပိုင်ဓမ္မလက်နက်တစ်ခုကတောင် မီးပဒေသာ နဂါးမျက်လုံး၏ တိုက်ခိုက်မှုအောက်၌ သုံးစားမရတော့ပေ။
မဟူရာသဲတောင်ရိုးမှ ပိုင်နက်အရှင်၏ မျက်လုံးများက ပြူးကျယ်သွား၏။ သူ၏သတ်ဖြတ်ကွက်ကို ဆူဇီမိုက အလွယ်တကူ တန်ပြန်တိုက်ခိုက်နိုင်လိမ့်မည်ဟု သူက တစ်ကယ်ပင် မျှော်လင့်မထားပေ။
အဲဒါထက် တစ်ခဏအတွင်းမှာပင် သူက သေဆုံးရလိမ့်မည်ဟု ထင်မှတ်မထားပေ။
ပိုင်နက်အရှင်တစ်ပါးက ကျဆုံးသွားခဲ့လေပြီ။
သူက မဟူရာသဲတောင်ရိုးသို့ ပြန်သွားနိုင်မည့် အခွင့်အရေး မရှိတော့ပေ။
ဆူဇီမိုသည် အေးစက်စက် အမူအရာရှိနေပြီး သူ၏ဝတ်ရုံစကို လှုပ်ခါလိုက်၏။ သူက မဟူရာသဲတောင်ရိုးမှ ပိုင်နက်အရှင်၏ သိုလှောင်အိတ်ကို ဆွဲယူပြီး သူ၏အလောင်းကိုပင် မကြည့်ဘဲ ပြန်လှည့်ထွက်လာခဲ့၏။
သူသည် ဆိုင်ကလုန်းလိုဏ်ဂူနှင့် တစ္ဆေမြစ်၏ ပိုင်နက်အရှင်များကိုလည်း လက်စသတ်ပေးရပေဦးမည်။
လျှပ်စီးလို အမြန်နှုန်းနှင့်အတူ ဆူဇီမိုသည် နေရာကနေ ပျောက်ကွယ်သွားပြီး တောအုပ်ထဲမှ ထွက်ခွာလာခဲ့လေသည်။
သူက လရောင်ငိုကြွေးတောင် အထက်ရှိ လေထဲသို့ ရောက်ရှိလာချိန်တွင် မဟူရာဝံပုလွေနှင့် ချန်ရူယီက သူ့ထံသို့ ချဉ်းကပ်လာကြ၏။
သူတို့နှစ်ယောက်စလုံးသည် အိုးတိုးအမ်းတမ်း အမူအရာ ရှိနေကြပြီး စကားပြောချင်သော်လည်း ရပ်တန့်လိုက်ကြ၏။
တစ္ဆေမြစ်၏ ပိုင်နက်အရှင် တစ်ကိုယ်တော်တိမ်စိုင်သည် သူတို့နှစ်ယောက်ဘေးတွင် ရပ်နေ၏။
ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
တစ်ကိုယ်တော်တိမ်စိုင်က မဟူရာဝံပုလွေနှင့် ချန်ရူယီကို ဓားစားခံအဖြစ် ဖမ်းချုပ်ပြီး သူ့ကို ခြိမ်းခြောက်ချင်နေတာများလား..။
သူ့အတွေး မဆုံးသေးခင်မှာပင် တစ်ကိုယ်တော်တိမ်စိုင်က ဆူဇီမို ရှိရာဘက်သို့ လျှောက်လှမ်းထွက်လိုက်၏။ ဒုတ်ခနဲ မြည်သံနှင့်အတူ သူက ဒူးတစ်ဖက်ထောက်ချပြီး လက်နှစ်ဖက်ကို ယှက်ဖြာလိုက်လေသည်။
“ပကတိအရှင်.. ကျုပ်က ခင်ဗျားရဲ့လက်အောက်ကို ဝင်ရောက်ပြီး တစ္ဆေမြစ်က မြစ်သားရဲအားလုံးနဲ့အတူ ခင်ဗျားဆီမှာ အညံ့ခံချင်ပါတယ်”
ဆူဇီမိုသည် စကားပြောမည်ပြုစဉ်မှာပင် တစ်ကိုယ်တော်တိမ်စိုင်က သူ့လက်ဖဝါးကို လှည့်လိုက်ပြီး အားနည်းသော အမြုတေစိတ်ဝိညာဉ်တစ်ခုကို ထုတ်ပြလိုက်၏။
အဲဒါက သွေးနီရောင် လင်းနို့တစ်ကောင် ဖြစ်လေသည်။
တစ်ကိုယ်တော်တိမ်စိုင်က ရိုသေလေးစားသော အမူအရာဖြင့် ပြောလိုက်၏။
“ပိုင်နက်အရှင်.. ဒါကတော့ စောစောက ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ ဆိုင်ကလုန်းလိုဏ်ဂူက လင်းနို့ပါ.. ကျုပ်က အဲဒါကို ဖမ်းဆီးလာခဲ့ပြီးပါပြီ”
ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။
ဤမြွေနဂါးက တကယ်ပဲ စိတ်ဝင်စားစရာ ကောင်းလှလေသည်။
မြွေနဂါးက သူ့ထံမှာ အညံ့ခံခဲ့ရုံသာမက ထိုသူသည် ထွက်ပြေးဖို့ ကြိုးစားခဲ့သော ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်ကိုပင် ဖမ်းချုပ်လာခဲ့လေသည်။
တစ်ကိုယ်တော်တိမ်စိုင်က မေးလိုက်၏။
“ပိုင်နက်အရှင်.. ကျုပ်က ဒီလင်းနို့ကို ဘယ်လိုကိုင်တွယ်လိုက်ရမလဲ”
“သတ်လိုက်”
ဆူဇီမိုက လက်ကာပြလိုက်၏။
တစ်ကိုယ်တော်တိမ်စိုင်သည် တွေဝေခြင်းမရှိဘဲ သူ့လက်ဖဝါးအတွင်းရှိ ခွန်အားကို စိုက်ထုတ်ကာ ဆိုင်ကလုန်းလိုဏ်ဂူမှ ပိုင်နက်အရှင်၏ အမြုတေစိတ်ဝိညာဉ်ကို ချေမွလိုက်၏။
ဆူဇီမိုထံမှ အမိန့်မရဘဲ တစ်ကိုယ်တော်တိမ်စိုင်သည် မတ်တတ်ရပ်ခြင်းမရှိဘဲ သူ့ရှေ့တွင် နာခံစွာဖြင့် ဒူးထောက်နေဆဲဖြစ်၏။
မဟူရာဝံပုလွေနှင့် ချန်ရူယီက အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့နှစ်ယောက်စလုံးသည် တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် တုန်လှုပ်မှုကို မြင်လိုက်ရလေသည်။
ဆူဇီမိုအပေါ် တစ်ကိုယ်တော်တိမ်စိုင်၏ စိတ်နေသဘောထားက အတော်လေး ထူးဆန်းနေ၏။
သူက ဆူဇီမို၏ခွန်အားကြောင့် အညံ့ခံလိုက်သည်နှင့် မတူပေ။ ထိုအစား သူသည် သူ၏ရင်ထဲ အသည်းထဲကနေလာသော ကြည်ညိုလေးစားမှု၊ ကြောက်ရွံ့မှုတို့ဖြင့် အညံ့ခံလိုက်သည်နှင့် ပိုတူလေသည်။
သူတို့နှစ်ယောက်စလုံးက တွေဝေရှုပ်ထွေးသွားကြ၏။
အကြောင်းရင်းကို မသိသော အပြင်လူများအတွက်တော့ ဤအခြေအနေက ပုံမှန်ဟုသာ ထင်ရသော်လည်း သူတို့နှစ်ယောက်စလုံးသည် အတော်လေး စဉ်းစားရခက်သွားကြ၏။ စောစောကတင် နှစ်ဖက်စလုံးသည် အကြိတ်အနယ် တိုက်ခိုက်နေကြ၏။ ရုတ်တရက် တစ်ဖက်လူက ကြောက်ရွံ့မှုဖြင့် ဒူးထောက်ပြီး ရိုသေလေးစားသော အမူအရာ ရှိနေလေသည်။
ဆူဇီမိုက သူ့မျက်လုံးထဲမှ နက်ရှိုင်းသော အကြည့်နှင့် တစ်ကိုယ်တော်တိမ်စိုင်ကို ကြည့်လိုက်၏။
တစ်ကိုယ်တော်တိမ်စိုင်၏ အမူအရာက ရိုသေလေးစားမှု အပြည့်ရှိပြီး အကောက်ကြံမည့်ပုံ လုံးဝမရှိပေ။
တစ်ကိုယ်တော်တိမ်စိုင်၏ မျိုးဆက်သွေးနှင့် တိုက်ခိုက်ရေးခွန်အားက အတော်လေးကောင်းမွန်သည်ကို ထည့်တွက်၍ ဆူဇီမိုက လက်ကာပြလိုက်၏။
“ထပါ.. ဒီနေ့ကစပြီး မင်းက လရောင်ငိုကြွေးတောင်ရဲ့ လက်ထောက်ပိုင်နက်အရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်”
“နားလည်ပါပြီ”
တစ်ကိုယ်တော်တိမ်စိုင်က ကျေနပ်နှစ်ခြိုက်သွားပြီး မတ်တတ်ထရပ်လိုက်၏။
တစ္ဆေမြစ်၏ပိုင်နက်အရှင်က အညံ့ခံလိုက်သည့်အပြင် မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်များကလည်း ကျဆုံးသွားခဲ့ကြ၏။ ယခုအခါ ထိုနယ်မြေနှစ်ခုက ပိုင်ရှင်မဲ့နေလေသည်။
ဆူဇီမိုသည် ထိုနယ်မြေနှစ်ခုကို လရောင်ငိုကြွေးတောင်၏လက်အောက်သို့ သွတ်သွင်းလိုသော ရည်ရွယ်ချက်ရှိပြီး ယခုအချိန်တွင် သူက တစ်ကိုယ်တော်တိမ်စိုင်ကဲ့သို့သော လက်ထောက်အကူများကို လိုအပ်နေလေသည်။