နှစ်တစ်ရာကြာပြီးနောက်
Vol. 56 Ch. 834
ထိုတိုက်ပွဲပြီးနောက် နေရာတိုင်းမှာ ဖွတ်ဖွတ်ညက်ညက်ကြေ၍ အလောင်းများက ပြန့်ကျဲနေ၏။
သို့သော်လည်း ရှင်သန်ကျန်ရစ်ခဲ့ကြသော လရောင်ငိုကြွေးတောင်၏ သားရဲတောကောင်များသည် စိတ်လှုပ်ရှားတက်ကြွနေကြပြီး မြေပြင်ပေါ်ရှိ စစ်ပွဲ၏ အကျိုးအမြတ်များကို စုဆောင်းလိုက်ကြ၏။
သူတို့က ဤတိုက်ပွဲမှာ အနိုင်ရရှိခဲ့လေသည်။
အစကတော့ လရောင်ငိုကြွေးတောင်သည် ဖျက်စီးခံရတော့မည့်စဲစဲမှာရှိနေ၏။
သို့သော်လည်း လူတစ်ယောက်ထွက်ပေါ်လာခြင်းနှင့်အတူ ဒီရေက လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့လေသည်။
သားရဲများသည် လရောင်ငိုကြွေးတောင်ထွတ်ပေါ်ရှိ ပုဂ္ဂိုလ်ကို ကြည်ညိုလေးစားမှုဖြင့် မော့ကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများထဲတွင် ဖော်မပြတတ်သော စိတ်အားထက်သန်မှု တစ်ခုက ရှိနေကြ၏။
သားရဲလောကတွင် သန်မာသောလူက အထွတ်အထိပ်မှာအုပ်စိုးသည်ဟူသော ယုံကြည်မှုရှိကြလေသည်။
ဤတိုက်ပွဲပြီးနောက် လရောင်ငိုကြွေးက မြင့်မားတိုးတက်လာဖို့ မလွဲဧကန်ပင်။ သူတို့၏ လမ်းကြောင်းကို မည်သူကမှ ပိတ်ဆို့တားဆီးနိုင်တော့မည် မဟုတ်ပေ။
ကြွက်သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရင်ကိုကော့၍ လုအုပ်ကြီးထဲမှာ မြောက်ကြွမြောက်ကြွဖြင့် လျှောက်လှမ်းနေ၏။
မကြာမကြာဆိုသလို အချို့သော သားရဲများသည် တွေးတွေးဆဆ အမူအရာများဖြင့် သူ့ထံသို့ ချဥ်းကပ်လာပြီး စစ်ပွဲ၏ အကျိုးအမြတ်များကို သူ့ထံသို့ ကမ်းလှမ်းလာကြလေသည်။
သူက တစ်ကယ်ပဲ ဂုဏ်ယူဝင့်ကြွားသင့်ပေသည်။
မည်သို့ပင်ဆိုစေ ဆူဇီမိုကို ရှေးဟောင်းတိုက်ပွဲမြေကနေ ခေါ်ဆောင်လာခဲ့သူမှာ သူသာလျှင်ဖြစ်ပေသည်။
သားရဲများကြားတွင် ဆူဇီမ်ိုနှင့် အရင်ဆုံးသိကျွမ်းခဲ့သည်မှာလည်း သူသာလျှင် ဖြစ်လေသည်။
ထိုအချက်တစ်ချက်ကပင် သားရဲများကြားတွင် သူ၏ ဂုဏ်အဆင့်အတန်းက ကိုင်လှုပ်လို့မရတော့ပေ။
တောင်ထိပ်တွင်...
မျောက် ၊ စိတ်ဝိညာဥ်ကျားနှင့် ချင်ချင်တို့သည် တစ်ကိုယ်လုံး သွေးများစိုရွှဲ၍ ဆင်းသက်လာကြ၏။ သွေး အချို့သည် သူတို့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး အချို့ကတော့ အခြားသူများထံမှ ဖြစ်လေသည်။
“အရမ်းမိုက်တယ်...”
မျောက်က သူ၏ ခန္ဓာကိုယ်က နာကျင်မှုများကို လုံးဝမခံစားရသည့်အလား နှုတ်ခမ်းကို လျှာဖြင့်သပ်၍ သွားဖြီးနေ၏။
သူသည် မိစ္ဆာသားရဲတစ်ကောင်ဖြစ်လာပြီး နောက်ဆုံးမှာတော့ သူ၏ စိတ်နှလုံးကျေနပ်အားရသည်အထိ တိုက်ခိုက်နိုင်ခဲ့လေသည်။
သူသည် စိတ်ဝိညာဥ်ကျား ချင်ချင်တို့နှင့်အတူ မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူမှ မိစ္ဆာသားရဲများနောက်သို့ ကီလိုမီတာ အတော်ဝေးဝေးရောက်သည်အထိ လိုက်လံသတ်ဖြတ်ပြီး အခုတင် ပြန်လည်ရောက်ရှိလာခြင်းဖြစ်၏။
မြေခွေးလေးသည် တောတွင်းသဘောသဘာဝနှင့် အသားကျနေပြီဖြစ်သော်လည်း သူမက သတ်ဖြတ်ရသည်ကို မနှစ်သက်ပေ။ သူမသည် နယ်မြေနှစ်ခုမှ သားရဲတောကောင်များနောက်သို့ လိုက်လံသတ်ဖြတ်ခြင်းမရှိဘဲ ဆူဇီမိုဘေးသို့ ရောက်ရှိနေသည်မှာ ကြာနေခဲ့လေပြီ။
“အရင်ဆုံး သွားနားပြီးတော့.. ပြန်ပြီးတော့ အားဖြည့်လိုက်ကြ...”
ဆူဇီမိုက ပြုံးလိုက်၏။
“ငါတို့အတွက် နောက်ထပ်တိုက်ပွဲတွေရှိလာဦးမှာ..”
သူသည် မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူဆီသို့ ချီတက်ပြီး ထိုနယ်မြေများကို သူ၏ အာဏာစက်အောက် သွတ်သွင်းဖို့ ပြင်ဆင်ထားလေသည်။
ပိုင်နက်အရှင်များဖြစ်စေ အရှင်သခင်များဖြစ်စေ သူတို့၏ နယ်မြေများကို ပိုမိုချဲ့ထွင်နိုင်လေလေ ပိုကောင်းလေဖြစ်၏။
သူတို့၏ နယ်မြေများက ကြီးမားကျယ်ပြန့်လာလေလေ သူတို့လက်အောက်တွင် သားရဲတောကောင်များက ပိုမိုများပြား လာလေလေဖြစ်၏။
အဲ့ဒါသည် သူတို့က သဘာဝတွင်းထွက်များ ၊ ပစ္စည်းဥစ္စာများ ၊ စိတ်ဝိညာဥ်ဆေးပင်များနှင့် ရတနာများကဲ့သို့သောအရင်းအမြစ်များကိုလည်း ပိုမိုရရှိလာနိုင်မည်ဟု အဓိပ္ပါယ်ရလေသည်။
“ပိုင်နက်အရှင်... လရောင်ငိုကြွေးတောင်ကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
မဟူရာဝံပုလွေက ဆူဇီမိုဘက်သို့ လေးနက်စွာ ဦးညွတ်လိုက်၏။
ဆူဇီမိုသာ မရှိလျှင် ယနေ့တိုက်ပွဲ၏ ရလဒ်က သိသာစွာ ခြားနားနေပေလိမ့်မည်။
လရောင်ငိုကြွေးတောင်သည် ဖျက်ဆီးခြေမှုန်းခံရမည်ဖြစ်ပြီး မဟူရာသဲတောင်ရိုး ၊ ဆိုင်ကလုန်းလိုဏ်ဂူနှင့် တစ္ဆေမြစ်တို့က သူတို့၏နယ်မြေကို ခွဲဝေယူကြလိမ့်မည်ဖြစ်၏။
သို့သော် ယခုအခါမှာတော့ တစ္ဆေမြစ်က အညံ့ခံလိုက်ခြင်းနှင့်အတူ လရောင်ငိုကြွေးနယ်မြေက နှစ်ဆကျော်ပို၍ ကျယ်ပြန့်လာခဲ့၏။
ထိုသို့ဖြင့် မဟူရာဝံပုလွေသည် တစ်ကိုယ်တော်တိမ်စိုင်ဘက်သို့ အလိုလိုလှည့်ကြည့်လ်ိုက်၏။
မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်များက ရှုံးနိမ့်သွားရသည်မှာ နားလည်လက်ခံ၍ရလေသည်။
သူတို့က လုံလောက်အောင် မသန်မာသောကြောင့် ဖြစ်လေ၏။
သူတို့ထဲတွင် တစ္ဆေမြစ် ပိုင်နက်အရှင်၏ ပြုမူပုံကတော့ အထူးဆန်းဆုံးဖြစ်၏။
အခြားသော ပိုင်နက်အရှင်နှစ်ယောက်သည် နောက်ဆုံး မျှော်လင့်ချက် တစ်စွန်းတစ်စကျန်သည်အချိန်ထိ လှည့်ထွက်ပြေးခဲ့ကြ၏။
သို့သော်လည်း ဤလူကတော့ ချက်ချင်းပင် ပြတ်သားစွာဖြင့် အညံ့ခံခဲ့လေသည်။
ထိုအခိုက်မှာပင် တစ်ကိုယ်တော်တိမ်စိုင်ကပြောလိုက်၏။
“ပိုင်နက်အရှင် ခင်ဗျားကို ကြည့်ရတာ အမြဲတမ်းတစ်ယောက်တည်းဘဲ ၊ ခင်ဗျားမှာ အစီးအနင်းတောကောင်တွေဘာတွေ မရှိသေးဘူးလား...”
ဆူဇီမိုက များစွာတွေးတောခြင်းမရှိဘဲ ခေါင်းခါပြလိုက်၏။
“အဲ့ဒါဆို ကောင်းတာပေါ့”
တစ်ကိုယ်တော်တိမ်စိုင်က ကျေနပ်နှစ်ခြိုက်သွားပြီး အလောတကြီး ပြောလိုက်၏။
“ပိုင်နက်အရှင်.. ကျုပ်က ခင်ဗျားရဲ့ အစီးအနင်းတောကောင်ဖြစ်ပါရစေ”
မဟူရာဝံပုလွေနှင့် ချန်ရူယီသည် တစ်ကိုယ်တော်တိမ်စိုင်က ဘာ့ကြောင့်အညံ့ခံခဲ့ရသလဲနှင့် ထိုသူက အကောက်ကြံလိုသော ရည်ရွယ်ချက်တစ်ခုခု ရှိနေနိုင်မလားဆိုတာကို စဥ်းစားတွေးတောနေကြခြင်းဖြစ်၏။ သို့သော်လည်း ထိုအသံကို ကြားရချိန်တွင် သူတို့သည် ပါးစပ်အဟောင်းသား ဖြစ်သွားကြရ၏။
အဲ့ဒါက အညံ့ခံရုံမျှသာ မဟုတ်တော့ပေ။
အဲ့ဒါက မြေပြင်ပေါ်မှာ ပကတိဝပ်ဆင်းသွားခြင်းဖြစ်လေသည်။
ဘယ်သားရဲတောကောင်ကများ အခြားတစ်ယောက်၏ အစီးအနင်း တောကောင်ဖြစ်ပါရစေဟု ကိုယ်တိုင်ကိုယ်ကျ ကမ်းလှမ်းပါမည်နည်း။
သူတို့က အထွတ်အထိပ် ပညာရှင်တစ်ယောက် သို့မဟုတ် အရှင်သခင်အချို့နှင့် ရင်ဆိုင်ရမည်ဆိုလျှင် အဲ့ဒါက နားလည်လက်ခံ၍ ရနိုင်ကောင်းပေမည်။ သို့သော်လည်းယခု သူတို့ရှေ့တွင်ရှိသည်က အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက် ဖြစ်လေသည်။
“ရပါတယ်”
ဆူဇီမိုက လက်ကာပြလိုက်၏။
“မင်းက လရောာင်ငိုကြွေးတောင်ရဲ့ လက်ထောက်ပိုင်နက်အရှင်တစ်ယောက် ဖြစ်နေပြီဘဲ ၊ မင်းက ငါ့ရဲ့ အစီးအနင်းတောကောင် ဖြစ်လာမယ်ဆိုရင် မင်းရဲ့ အဆင့်အတန်းကလည်း သိသိသာသာ နိမ့်ကျသွားလိမ့်မယ်”
“အဲ့ဒါက ရပါတယ်... အဲ့ဒါဘာမှမဖြစ်ဘူး”
တစ်ကိုယ်တော်တိမ်စိုင်က လက်ကာပြလိုက်၏။
“အဲ့ဒါဆိုလည်း ကျုပ်က လက်ထောက်ပိုင်နက်အရှင်မလုပ်တော့ဘူး ၊ ခင်ဗျားရဲ့ အစီးအနင်းတောကောင်ဘဲ လုပ်တော့မယ်”
မဟူရာဝံပုလွေနှင့် ချန်ရူယီ နှစ်ယောက်စလုံးသည် အံ့ဩမှင်တက်သွားကြ၏။
တစ်ကိုယ်တော်တိမ်စိုင်သည် ဤနယ်မြေဝန်းကျင်တွင် မောက်မာထောင်လွှားဆုံး လူတစ်ယောက်ဖြစ်လေသည်။
မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်တစ်ကောင်အနေဖြင့် သူက ထိုသို့ စိတ်နေစရိုက်ရှိဖို့ အဆင့်မီလေသည်။
သို့သော်လည်း ယခုဖြစ်ပျက်နေသည်ကတော့...
ဤလူ၏ ယခင်ကနှင့် ယခု စိတ်နေသဘောထားက သိသာထင်ရှားစွာ ပြောင်းလဲသွားခဲ့သည် မဟုတ်ပါလား။
သူက ပိုင်နက်အရှင်ရဲ့ အစီးအနင်းတောကောင်ဖြစ်ရခြင်းဖြင့် သူက အကျိုးအမြတ် ကြီးမားစွာ ရရှိနိုင်သည်များလား...။
အဲ့ဒါက လျှပ်တစ်ပြက်ပေါ်လာသော အတွေးတစ်ခုဖြစ်ပြီး သူတို့က အဲ့ဒါနှင့်ပက်သက်၍ များစွာ စဥ်စားတွေးတောခြင်းမရှိပေ။
အမှန်တော့ တစ်ကိုယ်တော်တိမ်စိုင်သည် ဆူဇီမို၏ အစီးအနင်းတောကောင်ဖြစ်ရခြင်းဖြင့် သူက တစ်ကယ်ပင် အကျိုးအမြတ် ကြီးမားစွာ ရရှိနိုင်လေသည်။
တစ်ကိုယ်တော်တိမ်စိုင်သည် ဆူဇီမို၏ အစစ်အမှန်ပုံစံကို ကောက်ချက်ချပြီးနောက် သူက ထိုသူ၏ အစီးအနင်းတောကောင်ဖြစ်လာလျှင် ထိုသူနောက်သို့ အတူတကွ လိုက်ပါကျင့်ကြံပြီး လေ့လာဆည်းပူးနိုင်မည်ဟု မှတ်ယူလိုက်၏။
သူသည် နဂါးမျိုးနွယ်မှ အော်ရာတစ်စွန်းတစ်စကို စုပ်ယူနိုင်မည်ဆိုလျှင်တောင် အဲ့ဒါက တစ်ကိုယ်တော်တိမ်စိုင်၏ ကျင့်ကြံမှုအတွက် မမျှော်မှန်းနိင်သော အကျိုးကျေးဇူးတစ်ခုကို ထောက်ပံ့ပေးနိုင်လေသည်။
နဂါးမျိုးနွယ်...
အဲ့ဒါသည် ကမ္ဘာဦးခေတ်က လောကကိုအုပ်စိုးခဲ့ဖူးသော တည်ရှိမှုဖြစ်လေသည်။
တစ်ကိုယ်တော်တိမ်စိုင်၏ စိတ်ထဲတွင် ရှိသည်မှာ ဆူဇီမိုသည် နဂါးမျိုးနွယ်မှ တစ်စုံတစ်ယောက်ဖြစ်ရပေမည်။ သူက သေးငယ်သော ဤနေရာသို့ ရောက်ရှိလာပြီး ပိုင်နက်အရှင်တစ်ပါးအဖြစ်နေလိုခြင်းမှာ သူက စိတ်ပြေလက်ပြောက် အပျော်လာရှာခြင်းသာ ဖြစ်ရပေမည်။
သူက စိတ်ပြေလက်ပြောက်ရှိသွားသည်နှင့် သူ၏ နေရပ်သို့ သေချာပေါက်ပြန်ပေလိမ့်မည်။
တစ်ကိုယ်တော်တိမ်စိုင်သည် ဆူဇီမိုနဲ့အတူ လိုက်ပါပြီး နဂါးမျိုးနွယ်၏ အထွတ်အမြတ်ကုန်းမြေသို့ ရောက်ရှိသွားနိုင်မည်ဆိုလျှင် သူ၏ နဂါးအသွင်ပြောင်းလဲဖို့ ဖြစ်နိုင်ချေက ပို၍ ကြီးမားလာပေလိမ့်မည်။
ဆူဇီမိုသည် ခဏမျှ တွေးဆပြီးနောက် တစ်ကိုယ်တော်တိမ်စိုင်၏ အတွေးအကြံများကို အကြမ်းဖျင်းအားဖြင့် ခန့်မှန်းမိသွား၏။
“မင်းက သေချာလို့လား...”
သူက ထူးဆန်းသော.အကြည့်တစ်ခုနှင့်အတူ မသိမသာ ပြုံးလိုက်၏။
“သေချာတာပေါ့ ကျုပ်က အဲ့ဒါနဲ့ပက်သက်ပြီး လုံးဝနောင်တရမှာမဟုတ်ဘူး”
တစ်ကိုယ်တိမ်စိုင်က အလောတကြီး ခေါင်းညိတ်လိုက်၏။
“ကျုပ်က ခင်ဗျားဆီမှ သွေးသစ္စာတစ်ခုကျိန်ဆိုပြီးတော့ ကျုပ် ဘဝတစ်လျှောက်လုံး ခင်ဗျားနောက်ကို...”
“အဲ့ဒါက မလိုပါဘူး”
ဆူဇီမိုက လက်ကာပြပြီး သူ့ကို ဖြတ်ပြောလိုက်၏။
“မင်းက အဲ့ဒါကို ပြုလုပ်ဖို့ စိတ်ဆန္ဒရှိတယ်ဆိုရင်လည်း မင်းသဘောဘဲလေ”
“ကျေးဇူးတင်ပါတယ် သခင်...”
တစ်ကိုယ်တော်တိမ်စိုင်သည် ဆူဇီမိုအပေါ် သူ၏ အခေါ်အဝေါ်ကိုပါ ပြောင်းလဲလိုက်လေသည်။
“လက်ထောက်ပိုင်နက်အရှင်တစ်ယောက်အဖြစ် မင်းရဲ့အဆင့်အတန်းကတော့ မပြောင်းမလဲဘဲ ရှိနေလိမ့်မယ် ၊ အခု ပြန်လိုက်ဦး ၊ မဟူရာသဲတောင်ရိုးနဲ့ ဆိုင်ကလုန်းလိုဏ်ဂူကို တိုက်ခိုက်ဖို့အတွက် ပြန်အားဖြည့်ပြီးတော့ ပြင်ဆင်ထားလိုက်”
ဆူဇီမိုက တည်တံ့စွာပြောလိုက်၏။
“နားလည်ပါပြီ”
တစ်ကိုယ်တော်တိမ်စိုင်က ဦးညွတ်၍ တုန့်ပြန်လိုက်၏။
ဆူဇီမ်ိုသည် တောင်ထိပ်တွင် မျောက် ၊ စိတ်ဝိညာဥ်ကျား ၊ မြေခွေးလေး ၊ ချင်ချင်တို့နှင့်အတူ မတ်တတ်ရပ်နေ၏။
သူ၏ သွေးနီရောင်ဆံပင်များက သူ၏ပုခုံးပေါ် ဖြန့်ကျနေပြီး သူက အဝေးတစ်နေရာသို့ နက်ရှိုင်းသော အကြည့်တစ်ခုနှင့်အတူ ငေးကြည့်ကာ တီးတိုးရေရွတ်လိုက်၏။
“ဒီနေ့ကစပြီးတော့ ငါတို့ ညီကိုမောင်နှမငါးယောက်က ကျယ်ပြောလှတဲ့ ဒီတောအုပ်က်ို စပြီးတော့ အုပ်စိုးကြတော့မယ်”
ဆူဇီမိုသည် ဝမ်းနည်းပူဆွေးမှု တစ်စွန်းတစ်စနှင့်အတူ မြောက်ဘက်အရပ်သို့ ငေးမျှော်ကြည့်လိုက်၏။
သူသည် ဇာတိမြေကနေ အတော်ဝေးကွာလာခဲ့ပြီဖြစ်ပြီး သူက အချိန်တိုင်းတာတစ်ခုအတွင်း ထိုနေရာသို့ ပြန်လည် သွားရောက်နိုင်လိမ့်ဦးမည်မဟုတ်ပေ။
“ချင်ချင်... ဒီမှာ မြန်မြန်ကြည့်စမ်း... ငါက အရမ်းလှတဲ့ ဒီပုလဲလည်ဆွဲကို အလောင်းတစ်လောင်းဆီကနေ ခက်ခက်ခဲခဲနဲ့ တူးယူလာခဲ့ရတာ ၊ အဲ့ဒါက မင်းနဲ့ဆို အရမ်းလိုက်ဖက်မှာဘဲ”
“ထွက်သွားစမ်း! နင်က တစ်ကယ့်ရွံစရာဘဲ”
“ဟီးဟီး.. အစ်ကိုကျား ရှင်က မိန်းကလေးတစ်ယောက်ကို ဘယ်လိုပိုးပန်းရမလဲဆိုတာ မသိသေးဘူးဘဲ” မြေခွေးလေးက ကျီစယ်လိုသော အမူအရာဖြင့် အရွှန်းဖောက်လိုက်၏။
သူ၏ဘေးနားမှ ရယ်မောသံများကို ကြားရသောအခါ ဆူဇီမို၏ မျက်လုံးထဲရှိ ဝမ်းနည်းပူဆွေးမှုများသည် ပျက်ပြယ်သွားပြီး သူက နူးညံ့ချိုသာစွာ ပြုံးလိုက်၏။
အနည်းဆုံးတော့ မျောက် ၊ စိတ်ဝိညာဥ်ကျား ၊ ချင်ချင်နှင့် မြေခွေးလေးတို့သည် သူ၏ဘေးမှာ ရှိနေသေးသရွေ့ သူ၏အနာဂတ်က ပျင်းရိငြီးငွေ့စရာ ကောင်းနေလိမ့်မည်မဟုတ်ပေ။
သူတို့ငါးယောက် ရောက်ရှိလာခြင်းနှင့်အတူ သားရဲတစ်ထောင်တောင်ကြားတွင် မုန်တိုင်းတစ်ခု စတင်တိုက်ခတ်လာဖို့ကို ပြဋ္ဌာန်းပြီးသွားလေပြီ။
တစ်လကြာပြီးနောက်...
လရောင်ငိုကြွေးတောင်၏ အင်အားကို နှစ်ပိုင်းခွဲလိုက်ပြီး ဆူဇီမိုနှင့် တစ်ကိုယ်တော်တိမ်စိုင်သည် အင်အားတစ်စုစီကို ဦးဆောင်ကာ မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူကို သိမ်းပိုက်ဖို့အတွက် ထွက်ခွာလိုက်ကြ၏။
တစ်ကိုယ်တော်တိမ်စိုင်သည် ဆိုင်ကလုန်းလိုဏ်ဂူမှ သားရဲများနှင့် နေ့တစ်ဝက်ကြာတိုက်ခိုက်ခဲ့ပြီးနောက် တစ်ဖက်အဖွဲ့အစည်းက အညံ့ခံသွားလေသည်။
ဆူဇီမိုသည် မဟူရာသဲတောင်ရိုးသို့ ဆင်းသက်ပြီးနောက် မဟူရာကင်းမြီးကောက်မျိုးနွယ်၏ ထက်ဝက်ကို သတ်ဖြတ်ကာ ကျန်ရှိနေသော မဟူရာသဲတောင်ရိုး၏ သားရဲများကို ချက်ချင်းအညံ့ခံသွားစေလေသည်။
အဲ့ဒီနောက် နေ့တစ်ဝက်ကြာသောအခါ လရောင်ငိုကြွေးတောင်သည် မဟူရာသဲတောင်ရိုး ဆိုင်ကလုန်းလိုဏ်ဂူတို့နှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားပြီး သူတို့၏ အာဏာစက် အောက်တွင်ရှိသော နယ်မြေက မြေပုံပေါ်တွင် လျှင်မြန်စွာ ကျယ်ပြန့်လာခဲ့လေသည်။
လရောင်ငိုကြွေးတောင်၏ အမည်က ကျော်ကြားလာခဲ့လေသည်။
လရောင်ငိုကြွေးတောင်သည် အနီးနားဝန်းကျင်ရှိ နယ်မြေများကို တစ်စထက်တစ်စ သိမ်းပိုက်ကာ တိုက်ပွဲတိုင်းတွင် အနိုင်ရရှိခဲ့လေသည်။
လရောင်ငိုကြွေးတောင်၏ နယ်မြေက တစ်ဖန်ထပ်၍ ကျယ်ပြန့်လာခဲ့လေသည်။
မိုသားရဲ၏ အမည်ကလည်း ကျော်ကြားလာခဲ့လေသည်။
များစွာသော မိစ္ဆာသားရဲများသည် မိုသားရဲအပေါ်ကြည်ညိုမှုဖြင့် ရောက်ရှိလာပြီး သူ၏ အာဏာစက်အောက်မှာ အညံ့ခံလိုက်ကြ၏။ ထိုသို့ဖြင့် လရောင်ငိုကြွေးတောင်၏ ခွန်အားက ပို၍ကြီးမားကျယ်ပြန့်လာခဲ့လေသည်။
နောက်ပိုင်းမှာတော့ ဆူဇီမိုက ရံဖန်ရံခါမှသာ ထွက်ပေါ်လာတတ်လေသည်။
တစ်ကိုယ်တော်တိမ်စိုင် ၊ မဟူရာဝံပုလွေနှင့် အခြားသော သားရဲများသည် လရောင်ငိုကြွေးတောင်၏ အင်အားကို ထိန်းချုပ်ပြီး ဆက်လက်တိုးတက်အောင် လုပ်ဆောင်ဖို့အတွက် လုံလောက်ကြလေသည်။
အချိန်ကာလက တဖြည်းဖြည်းကုန်ဆုံးသွားခဲ့၏။
တစ်ခဏအတွင်းမှာပင် နှစ်တစ်ရာက ကုန်လွန်သွားခဲ့လေပြီ။