သားရဲတစ်ထောင် တွေ့ဆုံပွဲ
Vol. 56 Ch. 835
လရောင်ငိုကြွေးတောင်၏ တောင်ထွတ်တွင် လူတစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ပြီး လေညင်းခံ၍ မတ်တပ်ရပ်နေ၏။ သူ၏ဝတ်ရုံစက တဖျတ်ဖျတ် လှုပ်ခါနေပြီး သူ၏ သွေးနီရောင်ဆံပင်က ကခုန်နေကာ သူ၏မျက်လုံးများက သမုဒ္ဒရာကဲ့သို့ ကြည်လင်နက်ရှိုင်းနေလေသည်။
သူသည် သန့်ရှင်းသပ်ရပ်သော အသွင်အပြင်ရှိပြီး အသက်နှစ်ဆယ်ကျော်အရွယ် စာပေသမားတစ်ယောက်ပုံ ရှိ၏။ အချိန်ကာလ၏တိုက်စားမှုကို သူ၏မျက်နှာပေါ်တွင် လုံးဝရှာမတွေ့နိုင်ပေ။
သူ၏မျက်လုံးများထဲတွင် မျှော်မှန်းတမ်းတသော အကြည့်တစ်ခုက မကြာမကြာဆိုသလို ပေါ်လာတတ်လေသည်။
ဆူဇီမိုသည် တွေးတွေးဆဆ အမူအရာတစ်ခုနှင့်အတူ အဝေးတစ်နေရာသို့ ငေးမျှော်ကြည့်နေ၏။
အဲဒီမှာ.. တောင်တန်းများတွင် သက်တမ်းမရှိ၊ ကျင့်ကြံရေးလမ်းခရီးတွင် အဆုံးမရှိ ဟူသော ဆိုရိုးစကားတစ်ခု ရှိလေသည်။ ယခုအချိန်မှသာလျှင် ထိုစကား၏အဓိပ္ပာယ်ကို ဆူဇီမိုက အမှန်တကယ် သဘောပေါက်လာခဲ့၏။
မော်တယ်လောကတွင် နှစ်တစ်ရာဆိုသည်မှာ လူတစ်ယောက်၏ တစ်ဘဝလုံးစာအချိန် ဖြစ်လေသည်။
သို့သော်လည်း.. နှစ်တစ်ထောင်သက်တမ်းရှိသော နိုးထဝိညာဉ်များအတွက်တော့ အဲဒါက သိပ်ပြီးပြောပလောက်စရာ မဟုတ်ပေ။
ပြီးခဲ့သည့် နှစ်တစ်ရာအတွင်း.. လရောင်ငိုကြွေးတောင်က ငြိမ်သက်အေးချမ်းနေဆဲဖြစ်၏။
သို့သော်လည်း.. ကျင့်ကြံရေးလောကတွင် ကိစ္စကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်ပွားခဲ့လျှင်သော်လည်းကောင်း.. ပြိုင်စံရှားများ သို့မဟုတ် ပြန်ဝင်စား မွန်းစတားများ မွေးဖွားပေါ်ထွက်လာလျှင်သော်လည်းကောင်း.. သူတို့က သိရှိကြလိမ့်မည် မဟုတ်ပေ။
သူ၏မိတ်ဆွေဟောင်းများက မည်သို့မည်ပုံ ပြုမူနေသလဲ ဆိုတာကိုလည်း ဆူဇီမိုက မသိရပေ။
သူသည် ပြီးခဲ့သည့်နှစ်တစ်ရာအတွင်း နားမနေခဲ့ပေ။
ယခုအချိန်တွင် သူ၏ကျင့်ကြံမှုအဆင့်က နိုးထဝိညာဉ်အဆင့်၏ အလယ်အလတ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။
နိုးထဝိညာဉ်များအတွက်တော့ ဤကျင့်ကြံမှု အမြန်နှုန်းက နှေးကွေးသည်ဟု မဆိုသာပေ။
ဒါ့အပြင်.. ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်များသည် ပြီးခဲ့သည့်နှစ်တစ်ရာအတွင်း ဖန်တီးခြင်းကြာပဒုမ္မာကိုလည်း ပြုစုပျိုးထောင်ပေးခဲ့ရ၏။
ယခုအချိန်တွင် ဖန်တီးခြင်းကြာပဒုမ္မာက အဆင့် ၄သို့ ရောက်ရှိလာခဲ့လေပြီ။
အဆင့်၄ ဖန်တီးခြင်းကြာပဒုမ္မာသည် ခွန်အားအရာမှာဆိုလျှင် မူလပကတိအရှင်လက်နက်များထက် မနိမ့်ကျပေ။
ထိုမျှသာမက.. ဆူဇီမိုသည် သူ၏အချိန်အများစုကို အုတ်ဂူဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ် ချန်ထားရစ်ခဲ့သော ရှေးဟောင်းကျမ်းစာအုပ်ကို သုတေသနပြုလုပ်ခြင်းဖြင့် ကုန်ဆုံးခဲ့လေသည်။
ထိုရှေးဟောင်းကျမ်းစာအုပ်သည် စိတ်ဝိညာဉ်ရင်းမြစ် မရှိသော မော်တယ်များအနေဖြင့် မည်သို့မည်ပုံ ကျင့်ကြံနိုင်မည်ကို အရင်လူများထံမှ ကြိုးပမ်းမှုများနှင့် နည်းလမ်းများစွာကို မှတ်တမ်းတင်ထားလေသည်။
ဆူဟုန်၏သေဆုံးမှုနှင့် ယန်တိုင်းပြည်၏ကပ်ဘေးသည် ဆူဇီမိုအပေါ် ရိုက်ချက်ပြင်းခဲ့လေသည်။
ထို့ကြောင့်ပင် သူသည် တာအိုတစ်ခုကို တည်ထောင်ပြီး ဤကမ္ဘာပေါ်ရှိ သက်ရှိများ၏ ကံကြမ္မာကို ပြောင်းလဲပေးချင်သည်ဟု သစ္စာဆိုခဲ့ခြင်း ဖြစ်လေသည်။
သူ၏ တည်ထောင်မည့်တာအိုသည် စိတ်ဝိညာဉ်ရင်းမြစ်မရှိသော လူတိုင်းကို ကျင့်ကြံပြီး သူတို့၏ကံကြမ္မာကို သူတို့ကိုယ်တိုင် ထိန်းချုပ်ခွင့်ပေးမည်ဖြစ်၏။
ပြီးခဲ့သည့်နှစ်တစ်ရာအတွင်း သူက အကျိုးအမြတ်များစွာ ရရှိခဲ့လေသည်။
တကယ်တော့ အင်မော်တယ်တာအိုဖြစ်စေ.. ဗုဒ္ဓတာအိုဖြစ်စေ... မိစ္ဆာတာအိုဖြစ်စေ.. သို့မဟုတ် သားရဲတာအိုဖြစ်စေ.. အမြုတေတစ်ခုကို ဖွဲ့တည်ရခြင်းက အရေးကြီးဆုံး အဟန့်အတားတစ်ခု ဖြစ်လေသည်။
အမြုတေဖွဲ့တည်ခြင်းအဆင့်ကို ကျော်ဖြတ်ပြီး အမြုတေစိတ်ဝိညာဉ်တစ်ခုကို ကျင့်ကြံနိုင်သည်နှင့်အမျှ စိတ်ဝိညာဉ်ရင်းမြစ်၏ လုပ်ဆောင်ချက်က လျစ်လျူရှု၍ ရလုနီးပါးဖြစ်လာသည်ကို ဆူဇီမိုက ရှာဖွေတွေ့ရှိခဲ့၏။
တစ်နည်းအားဖြင့်ဆိုလျှင်.. စိတ်ဝိညာဉ်ရင်းမြစ်သည် ကျင့်ကြံရေးလမ်းကြောင်းပေါ်ကို လျှောက်လှမ်းဖို့အတွက် လှေကားထစ်တစ်ခုမျှသာ ဖြစ်လေသည်။
ပို၍အရေးကြီးသော အချက်မှာ စိတ်ဝိညာဉ်ရင်းမြစ်၏ တည်ရှိမှုမပါဘဲ လူတချို့က ရွှေအမြုတေများကို ဖွဲ့တည်နိုင်ခြင်း ဖြစ်လေသည်။
အဲဒါက သားရဲကျင့်ကြံခြင်းတွင် ရရှိနိုင်သော တစ်စုံတစ်ရာ ဖြစ်လေသည်။
သို့သော်လည်း.. ဆူဇီမိုက ကျန်သူများအားလုံးကို သူ၏ခြေလှမ်းအတိုင်း မလျှောက်လှမ်းစေလိုပေ။ မဟုတ်လျှင် သူတို့သည် ကျင့်ကြံရေးလောကမှ လူအများစု၏ ဖယ်ကြဉ်ခြင်းကို ခံရပြီး သူတို့၏ကျင့်ကြံမှုများက အဆုံးသတ်ရပေလိမ့်မည်။
ဆူဇီမိုသည် ရှေးဟောင်းကျမ်းစာအုပ်ကို သုတေသနပြုလုပ်၍ ထိုထဲတွင် ပါရှိသော အယူအဆ၊ အတွေးအကြံများနှင့်အတူ ကောက်နုတ်ချက်များစွာကို ထုတ်နုတ်ပြီး ထိုဖြစ်စဉ်တွင် သူ၏အမြင်က ပို၍နက်ရှိုင်းလာခဲ့လေသည်။
တကယ်တော့ သူသည် ယင်စိတ်ဝိညာဉ်၊ ခရမ်းရောင်မိုးကြိုးကျမ်းနှင့် မဟာနေ့ရက်ရူလိုင်းသုတ္တန် ဓမ္မပညာရပ်များပေါ်တွင်လည်း လက်မလျှော့ခဲ့ပေ။ သူက ထိုပညာရပ်များကို ကျင့်ကြံပြီး ဆက်တိုက်ဆိုသလို နားလည်သဘောပေါက်လာခဲ့၏။
ထိုစဉ်မှာပင်.. ဝေးကွာသော အရပ်တစ်ဘက်မှ သွေးရောင်အလင်းတန်းတစ်ခုသည် အပေါ်သို့ ထိုးတက်လာ၏။ အဲဒါက တိမ်လွှာများကို ထိုးဖောက်ပြီး သိပ်မကြာမီ ပျောက်ကွယ်သွားခဲ့လေသည်။
ထိုသွေးရောင်အလင်းတန်းသည် လရောင်ငိုကြွေးတောင်မှ အလွန်တရာ ဝေးကွာပြီး သူ၏တည်နေရာကို အတိအကျ ခန့်မှန်းလို့မရပေ။
ဆူဇီမိုသည် မျက်မှောင်အနည်းငယ်ကြုတ်ပြီး ပျက်ပြယ်သွားသော သွေးအလင်းတန်းကို ငေးကြည့်နေ၏။ ရင်းနှီးသော စိတ်ခံစားချက်တစ်ခုက သူ၏စိတ်အာရုံထဲတွင် ခဏမျှပေါ်လာခဲ့လေသည်။
“တစ်ကိုယ်တော်တိမ်စိုင်”
ဆူဇီမိုက ညင်သာစွာ အော်ခေါ်လိုက်၏။
သူ၏နောက်ဘက် အမှောင်ထုထဲမှ ပုံရိပ်တစ်ခုသည် ဖျတ်ခနဲ ထွက်လာ၏။ အဲဒါက တစ္ဆေမြစ်၏ နဂိုပိုင်နက်အရှင်ဖြစ်ပြီး ဆူဇီမို၏ လက်ရှိအစီးအနင်းတောကောင် တစ်ကိုယ်တော်တိမ်စိုင် ဖြစ်လေသည်။
တစ်ကိုယ်တော်တိမ်စိုင်သည် နှစ်တစ်ရာကြာပြီးနောက် အလယ်အလတ်အဆင့် မိစ္ဆာသားရဲအဆင့်မှာပင် ရှိနေသေး၏။
သို့သော်လည်း သူ၏အော်ရာက ပို၍သန့်စင်လာပြီး သူ၏အကြည့်က ပို၍ထက်ရှလာခဲ့၏။ သူက သူ၏ကျင့်ကြံမှုတွင် သိသိသာသာ တိုးတက်လာခဲ့သည်မှာ ထင်ရှားလေသည်။
ဤနှစ်များတောက်လျှောက်တွင် ဆူဇီမို ကျင့်ကြံသည့်အချိန်တိုင်း တစ်ကိုယ်တော်တိမ်စိုင်က ဘေးကနေ စောင့်ကြည့်နေခဲ့၏။
ဆူဇီမိုသည် ယင်စိတ်ဝိညာဉ်အပိုင်းကို ကျင့်ကြံပြီး သူ့ထံမှ နဂါးမျိုးနွယ်၏အော်ရာအချို့က ဖြာထွက်လာသောအခါ.. အဲဒါက တစ်ကိုယ်တော်တိမ်စိုင်ကို အကျိုးအမြတ် ကြီးမားစွာ ဖြစ်ထွန်းစေခဲ့လေသည်။
ဆူဇီမိုက မေးလိုက်၏။
“စောစောက ပေါ်လာတဲ့ သွေးရောင်အလင်းတန်းကို မင်းသိလား”
“အဲဒါက နှစ်တစ်ထောင်သွေးပင်လယ်ကလာတာ ဖြစ်ဖို့များတယ်”
တစ်ကိုယ်တော်တိမ်စိုင်က ပြန်ပြောလိုက်၏။
“နှစ်တစ်ထောင် သွေးပင်လယ်လား”
ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။
တစ်ကိုယ်တော်တိမ်စိုင်က ရှင်းပြလိုက်၏။
“နှစ်တစ်ထောင် သွေးပင်လယ်က သားရဲတစ်ထောင်တောင်ကြားရဲ့အလယ်က ရေကန်ကြီးတစ်ခုပဲ… သူ့ကို ပင်လယ်လို့ခေါ်ရတယ်ဆိုတာ သူ့ရဲ့ရေပြင်က အရမ်းကိုကျယ်ပြန့်ပြီးတော့ တစ်ဖက်နဲ့တစ်ဖက်ကို မမြင်နိုင်လို့ပဲ”
“နောက်ပြီးတော့.. အဲဒီပင်လယ်က အရမ်းကို ထူးဆန်းတယ်.. ပင်လယ်ရဲ့အရောင်က တဖြည်းဖြည်းနဲ့ ပိုပြီးတော့ နက်မှောင်ရင့်သန်လာတယ်.. နှစ်တစ်ထောင်ကြာပြီးရင်တော့ အဲဒါက သူ့ရဲ့အထွတ်အထိပ်ကိုရောက်ပြီး ပင်လယ်တစ်ခုလုံးက တောက်ပတဲ့ သွေးနီရောင်အဖြစ် ရှိလာလိမ့်မယ်”
ဆူဇီမိုက ထပ်မေးလိုက်၏။
“နှစ်တစ်ထောင်သွေးပင်လယ်ရဲ့နောက်ကွယ်မှာ ဇာတ်ကြောင်းတွေ ဘာတွေ ရှိလား”
တစ်ကိုယ်တော်တိမ်စိုင်က ဆက်ပြောလိုက်၏။
“ပြောကြတာတော့.. အဲဒီသွေးပင်လယ်က နှစ်ထောင်ပေါင်းများစွာက ကျဆုံးခဲ့ကြတဲ့ သားရဲတောကောင်တွေရဲ့ သွေးအဆီအနှစ်နဲ့ ဝိညာဉ်တွေကို စုစည်းထားတာတဲ့.. မိစ္ဆာသားရဲတစ်ယောက်ယောက်က အဲဒီထဲမှာ ကျင့်ကြံနိုင်မယ်ဆိုရင် သူတို့ရဲ့ ကျင့်ကြံမှုအမြန်နှုန်းက ကြောက်ခမန်းလိလိ ဖြစ်လာလိမ့်မယ်”
“ဟမ့်”
ဆူဇီမိုက မျက်ခုံးပင့်ပြီး မေးလိုက်၏။
“အဲ့လိုဆိုရင် အဲဒီသွေးပင်လယ်က အရမ်းကို တန်ဖိုးကြီးတဲ့ နေရာတစ်ခု ဖြစ်လာမှာမလား.. အဲဒီနေရာကို လုယူဖို့အတွက် တိုက်ပွဲတွေနဲ့ သတ်ဖြတ်ပွဲတွေက ဖြစ်ပွားလာမှာ မဟုတ်ဘူးလား”
“အစကတော့ တကယ်ပဲ အဲ့လိုဖြစ်ခဲ့ပါတယ်”
တစ်ကိုယ်တော်တိမ်စိုင်က ခေါင်းညိတ်လိုက်၏။
“နောက်ပိုင်းမှာတော့ တိုက်ပွဲတွေက အရမ်းကို ရက်စက်ကြမ်းကြုတ်လာပြီးတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်.. တကယ်ဆို အဆင့်မြင့်ပိုင်နက်အရှင်တွေတောင် တစ်ယောက်ပြီးတစ်ယောက် ကျရှုံးခဲ့ကြတယ်.. အဲဒါအတွက်ကြောင့် သားရဲတစ်ထောင်တောင်ကြားရဲ့ မဟာအရှင်သခင် ၇ပါးက သတ်ဖြတ်ပွဲတွေကို တားဆီးပြီးတော့ နှစ်တစ်ထောင်သွေးပင်လယ်ကို ခွဲဝေမျှယူကြဖို့ သဘောတူလိုက်တယ်”
“သွေးပင်လယ်က နှစ်တစ်ထောင်ကြာတိုင်း တစ်ကြိမ်ဖွင့်ပြီးတော့ အဲဒီမှာ စုစုပေါင်း နေရာ ၁၀နေရာ ရှိတယ်.. အရှင်သခင် ၇ပါးက သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ပိုင်နက်အရှင်တွေကို အဲဒီ ၁၀နေရာကို တိုက်ခိုက်ဖို့အတွက် စေလွှတ်ကြလိမ့်မယ်”
ဆူဇီမိုက ထိုနေရာအရောက်တွင် မနေနိုင်ဘဲ မေးလိုက်၏။
“နှစ်တစ်ထောင်သွေးပင်လယ်က အဲ့လောက်ထိ အကျိုးကျေးဇူး ကြီးမားနေမှတော့ အဆင့်မြင့်မိစ္ဆာသားရဲတွေကရော အဲဒီမှာ ကျင့်ကြံဖို့အတွက် မကြိုးစားကြဘူးလား”
“သွေးပင်လယ်အတွင်းမှာရှိတဲ့ စွမ်းအားက အကန့်အသတ်တော့ရှိတယ်.. အဆင့်မြင့်မိစ္ဆာသားရဲတွေက အဲဒီမှာ ကျင့်ကြံမယ်ဆိုရင် သိပ်ပြီးသိသာထင်ရှားမှာ မဟုတ်ဘူး.. အဆင့်နိမ့်မိစ္ဆာသားရဲတွေအတွက်ကတော့ သူတို့ရဲ့ အမြုတေစိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကလည်း သွေးပင်လယ်ရဲ့စွမ်းအားကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး.. အဲဒါကြောင့်မို့လို့ အလယ်အလတ်အဆင့် မိစ္ဆာသားရဲတွေကပဲ အဲဒီထဲမှာ ကျင့်ကြံဖို့အတွက် အသင့်လျော်ဆုံးပဲ”
တစ်ကိုယ်တော်တိမ်စိုင်က ခဏမျှတွေးဆပြီးနောက် ပြောလိုက်၏။
“တကယ်တော့ သခင်ရဲ့ခွန်အားနဲ့ဆို သွေးပင်လယ်ထဲကို ဝင်ရောက်ပြီး အဲဒီမှာ ကျင့်ကြံဖို့က ပြဿနာရှိမှာ မဟုတ်ဘူး”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
ရှေးဟောင်းတိုက်ပွဲမြေကနေ သူရရှိလာခဲ့သော ဝိညာဉ်အားဖြည့်သွေးဂျင်ဆင်းနှင့် အခြားသော စိတ်ဝိညာဉ်အားဖြည့်ပစ္စည်းများကို ပြီးခဲ့သည့်နှစ်တစ်ရာအတွင်း သူက သုံးစွဲခဲ့ပြီးပြီဖြစ်၏။
ဆူဇီမို၏ ကျင့်ကြံမှုအဆင့်ကြောင့် ဖန်တီးခြင်းကြာပဒုမ္မာ၏ အဆင့်ကပင်လျှင် တစ်ဆို့နေခဲ့ပြီဖြစ်၏။
သူသည် တံခါးပိတ်၍ နှစ်တစ်ရာ သို့မဟုတ် နှစ်တစ်ထောင် ဆက်လက်ကျင့်ကြံမည်ဆိုလျှင်တောင် သူ၏ကျင့်ကြံမှုသည် ထိုအဆင့်ကနေ ကျော်လွှားနိုင်ဖို့ မသေချာပေ။
ဤကဲ့သို့သော အချိန်တွင် ကျင့်ကြံသူတစ်ယောက်က အပြင်လောကသို့ စွန့်စားသွားလာရပေတော့မည်။
အခွင့်အလမ်းတစ်ခုကို ဖမ်းဆုပ်မိခြင်း သို့မဟုတ် ပြင်းထန်သည့်တိုက်ပွဲတစ်ခုကို ဆင်နွှဲပြီးမှသာလျှင် အဆင့်ချိုးဖျက်တက်လှမ်းနိုင်မည့် အခွင့်အလမ်းတစ်ခုကို ရရှိလာနိုင်ပေလိမ့်မည်။
တစ်ကိုယ်တော်တိမ်စိုင်၏ စကားများအရ နှစ်တစ်ထောင်သွေးပင်လယ်တွင် ကျင့်ကြံဖို့ အခွင့်အရေးက ရှားရှားပါးပါး အရာတစ်ခုဖြစ်ပြီး အဲဒါက လက်လွှတ်မခံသင့်ပေ။
သို့သော်လည်း အဲဒီမှာ ရရှိနိုင်သော နေရာအရေအတွက်က အလွန်တရာနည်းပါးပြီး ဆူဇီမိုက ထိုအတွက် နေရာတစ်ခုကို ရရှိချင်သည်ဆိုလျှင် ရက်စက်ကြမ်းကြုတ်သည့် တိုက်ပွဲတစ်ခုကို သေချာပေါက် ဆင်နွှဲရပေလိမ့်မည်။
သူက ထပ်မေးလိုက်၏။
“သွေးပင်လယ်မှာ ကျင့်ကြံဖို့အတွက် နေရာတစ်ခုကို ငါက ဘယ်လိုမျိုး ရရှိနိုင်မလဲ”
“သားရဲတစ်ထောင် တွေ့ဆုံပွဲ”
တစ်ကိုယ်တော်တိမ်စိုင်က ပြန်ပြောလိုက်၏။
“တစ်လနေပြီးရင် နှစ်တစ်ထောင်သွေးပင်လယ်ရဲ့ အနီးအနားဝန်းကျင်မှာ သားရဲတစ်ထောင် တွေ့ဆုံပွဲကို ကျင်းပလိမ့်မယ်.. အဲဒီအချိန်ကျရင် သားရဲတစ်ထောင်တောင်ကြားရဲ့ အရှင်သခင်တွေနဲ့ များစွာသော ပိုင်နက်အရှင်တွေက အဲဒီကို ရောက်ရှိလာကြလိမ့်မယ်.. အဲဒါက သားရဲမျိုးနွယ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ တွေ့ဆုံပွဲတစ်ခုပဲ”
ခဏမျှ စဉ်းစားပြီးနောက် သူက ဆက်ရှင်းပြလိုက်၏။
“အရှင်မို.. ခင်ဗျားက အဲဒီမှာ ပါဝင်ချင်တယ်ဆိုရင် ကျုပ်တို့က လရောင်ငိုကြွေးတောင်ကို အုပ်စိုးတဲ့ အရှင်သခင်ဆီကို အရင်ဆုံး အလည်အပတ်သွားရောက်ရလိမ့်မယ်”
ပိုင်နက်အရှင်များ၏အထက်တွင် အရှင်သခင်များ ရှိကြသေးလေသည်။
သားရဲတစ်ထောင်တောင်ကြားတွင် အရှင်သခင် ၇ပါး ရှိလေသည်။
အရှင်သခင်တစ်ပါးစီ၏အောက်တွင် များပြားလှစွာသော ပိုင်နက်အရှင်များ ရှိကြလေသည်။
တစ်ကိုယ်တော်တိမ်စိုင်ပင်လျှင် လရောင်ငိုကြွေးတောင်ကို အစိုးရသော အရှင်သခင်ကို မတွေ့မြင်ဖူးပေ။ ပြောကြသည်မှာ ထိုအရှင်သခင်က မျောက်ဝံမြူးထူးတောင်ရိုးမှာ နေထိုင်သော မျောက်ဝံသားရဲတစ်ကောင်ဖြစ်သည်ဟု ဆို၏။
“ဟုတ်ပြီလေ.. နောက်သုံးရက်နေရင် ငါတို့က မျောက်ဝံမြူးထူးတောင်ရိုးကို သွားကြတာပေါ့”
ဆူဇီမိုသည် ဆုံးဖြတ်ချက်ချပြီးပြီဖြစ်သောကြောင့် တွေဝေတုံ့ဆိုင်းမနေဘဲ အမိန့်တစ်ခုကို ချက်ချင်းထုတ်ပြန်လိုက်လေသည်။