အရှင်သခင် ခင်ဗျားက အိုနေပါပြီ
Vol. 56 Ch. 838
“အို...”
မျောက်ဝံအိုကြီးသည် အသက်ပြင်းပြင်း တစ်ချက်ရှုထုတ်ပြီး သူ့ခေါင်းကို အနည်းငယ်မော့လ်ိုက်၏။
“လရောင်ငိုကြွေးတောင်... လရောင်ငိုကြွေးတောင်.. ငါအရင်က အဲ့နာမည်ကို ကြားဖူးတယ် ၊ အဲ့နယ်မြေက ပြီးခဲ့တဲ့နှစ်တစ်ရာအတွင်း အလျှင်အမြန် တိုးတက်လာခဲ့တဲ့ နယ်မြေတစ်ခုဘဲ”
ကြွက်နှင်အခြားသူများသည် စိတ်အားတက်ကြွသွားပြီး သူတို့က ဂုဏ်ပြုခံလိုက်ရသည့်အလား ခံစားလ်ိုက်ရ၏။
ဆူဇီမိုက တည်ငြိမ်သော အမူအရာရှိနေ၏။
သူက မျောက်ဝံအိုကြီး၏ စိတ်ဆန္ဒကို အခုထိ ဖော်မထုတ်နိုင်သေးပေ။
“လာပါဦး... ငါတစ်ချက်လောက်ကြည့်ရအောင်”
မျောက်ဝံအိုကြီး၏ မှုန်ရီဝေဝါးသော အကြည့်များက ဆူဇီမိုတို့အုပ်စုပေါ် ကျရောက်နေပြီး သူက လက်တစ်ဖက်ကိုမြှောက်ကာ အားနည်းစွာဖြင့် လက်ယက်ခေါ်လိုက်၏။
မျောက်က ဆူဇီမိုကို မေးခွန်းထုတ်သည့် ပုံစံဖြင့် လှည့်ကြည့်လ်ိုက်၏။
မျောက်ဝံအိုကြီးက လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခုကို ထုတ်ပေးနေပြီး မျောက်သည် ထိုသူနှင့် အကြည့်ချင်းဆုံချိန်တွင် သူ၏ခေါင်းမွေးများက ထောင်ထလာသည်ဟု ခံစားရ၏။
သူက အခြေအနေမဟန်ဘူးဆိုလျှင် သတ်ဖြတ်ခြင်းဖြင့် သူတို့၏လမ်းကို ဖောက်ထွက်ရန် ဆူဇီမိုကို စိတ်ထဲကနေ မေးနေခြင်းဖြစ်၏။
ယခုချိန်တွင် သူတို့သည် သားရဲများအားလုံး၏ နောက်ဆုံးမှာရပ်နေကြ၏။ ထို့ကြောင့် သူတို့က ထွက်ပြေးမည်ဆိုလျှင် အခွင့်အရေးတစ်ခု ရနိုင်ကောင်းလေသည်။
ဆူဇီမိုက ညင်သာစွာ ခေါင်းခါပြလိုက်၏။
အရှင်သခင်တစ်ပါး၏ ရှေ့မှောက်မှာ ဘယ်သူက ထွက်ပြေးနိုင်ပါမည်နည်း။
ဤအရှင်သခင်က အိုမင်းနေပြီဖြစ်သော်လည်း သူ၏နောက်တွင် ကာကွယ်သူ ၅ ယောက်ရှိနေ၏။
ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး အခြားသူများကို ဦးဆောင်ကာ ရှေ့သို့တက်လိုက်၏။
ဘေးပတ်လည်တွင် ဆူဇီမိုတို့အုပ်စုကို ရက်စက်ကြမ်းကြုတ်ပြီး ဆိုးယုတ်သောအကြည့်များဖြင့် စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရှုနေကြသော မိစ္ဆာသားရဲများစွာ ရှိလေသည်။
မိစ္ဆာသားရဲအချို့သည် သူတို့၏ မသတီစရာလျှာနီနီများကို ထုတ်ခြင်းဖြစ်စေ ၊ သူတို့၏ အစွယ်များနှင့် လက်သည်းများကို ပြခြင်းဖြစ်စေ ပြုလုပ်ခြင်းဖြင့် ဆူဇီမိုတို့အုပ်စုကို ကြောက်လန့်၍ အရှက်တကွဲဖြစ်ရစေရန် ရည်ရွယ်လိုက်ကြ၏။
သွားရမည့်လမ်းကြောင်းက သိပ်၍ မရှည်လျားသော်လည်း ကြွက်သည် လိပ်ပြာလွင့်မတက် ကြောက်လန့်နေပြီး ချွေးများဖြင့် စိုရွှဲလာပြီဖြစ်၏။
ကြွက်ကို မပြောနှင့် တစ်ကိုယ်တော်တိမ်စိုင်ပင်လျှင် မသက်မသာခံစားနေရပြီး သူ၏အသက်ရှုသံက မြန်ဆန်လာ၏။
တစ်ယောက်ယောက်ကသာ ထိုသားရဲများကို အမိန့်ပေးလိုက်မည်ဆိုလျှင် သူတို့က ချက်ချင်းပင် အပိုင်းပိုင်းအတစ်တစ် ဆုတ်ဖြဲခံရပေလိမ့်မည်။
သူတို့အုပ်စုကြားတွင် ဆူဇီမိုကသာလျှင် ထူးမခြားသော အမူအရာတစ်ခုဖြင့် ဂရုမထားဟန်ဖြင့် ရှေ့သို့တက်လိုက်၏။
မျောက်ဝံအိုကြီး၏ မျက်လုံးထဲတွင် ချီးကျူးလိုမှု တစ်စွန်းတစ်စက ပေါ်လာ၏။
ဤလူ၏ ရဲတင်းမှုသည် သူ့ဘေးနားတွင်ရှိသော လူများပင်လျှင် မယှဥ်နိုင်ပေ။
ဆူဇီမို၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုက မြင့်တက်လာ၏။
မျောက်ဝံအိုကြီးက သူတို့ကို ရှေ့ကိုတက်လာဖို့ခေါ်သည်မှာ အကြောင်းပြချက် နှစ်ခုရှိနိုင်၏။ ပထမတစ်ခုသည် သူက ဆူဇီမိုတို့၏ နောက်ခံကို စစ်ဆေးလိုသောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ သူက မျောက်ကို စိတ်ဝင်စားသောကြောင့် ဖြစ်ရပေမည်။
သိပ်မကြာမီ ဆူဇီမိုတို့အုပ်စုသည် စင်မြင့်ရှေ့သို့ ရောက်ရှိလာပြီး မဟာပိုင်နက်အရှင် ဆယ်ယောက်နှင့်အတူ ပခုံးချင်းယှဥ်ရပ်လိုက်ကြ၏။
သူ၏ဘေးတည့်တည့်တွင် ယင်လီက မတ်တတ်ရပ်နေလေသည်။
ဆူဇီမိုသည် သူ့ဘေးဘက်ကနေ ဝင်ရောက်လာသော ရက်စက်ကြမ်းကြုတ်သည့် အကြည့်များကို ရှင်းလင်းစွာ ခံစားမိနေ၏။ အဲ့ဒါက ယင်လီတစ်ယောက်တည်းသာလျှင်မဟုတ်ပေ။ သူ၏နောက်ဘက်ရှိ မိစ္ဆာသားရဲများကလည်း သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လိုက်ကြ၏။
မျောက်ဝံအိုကြီးက ဆူဇီမိုကို ခဏကြာစိုက်ကြည့်ပြီးနောက် မေးလိုက်၏။
“မင်းက... လရောင်ငိုကြွေးတောင်ရဲ့ ပိုင်နက်အရှင်လား...”
“ဟုတ်ပါတယ်”
ဆူဇီမိုက ပြန်ဖြေလိုက်၏။
မျောက်ဝံအိုကြီးက ပြုံးလိုက်လေသည်။
“မင်းက အဆင့်နိမ့်မိစ္ဆာသားရဲအဆင့်မှာတင် ပိုင်နက်အရှင်တစ်ပါး ဖြစ်လာတယ်ဆိုတော့ တော်တော်လေးစွမ်းမယ့်ပုံဘဲ... သိပ်ကောင်းတယ် နောက်ပိုင်းမျိုးဆက်တွေက ငါတို့ကို ကျော်တက်တော့မှာဘဲ”
“စီနီယာက အထင်ကြီးလွန်းနေပါပြီ... ကျုပ်က မခံယူဝံ့ပါဘူး”
သူသည် အရှင်သခင်တစ်ပါးနှင့် ရင်ဆိုင်နေရယေသော်လည်း ဆူဇီမို၏ စိတ်နေသဘောထားသည် ရိုကျိုးခယခြင်းမရှိသလို ထောင်လွှားမောက်မာခြင်းလည်းမရှိပေ။
သို့သော် ဆူဇီမိုသည် ထိုစကားကို ပြောပြီးစဥ်မှာပင် ချက်ချင်းနောင်တရလိုက်၏။
စီနီယာဆိုသောစကားသည် ကျင့်ကြံရေးလောကမှာသာ အသုံးများလေသည်။
သားရဲလောကတွင် ထိုဝေါဟာရကို အသုံးပြုသည့်သားရဲက မရှိသလောက်ပင်။ ရုတ်တရက် ထွက်ပေါ်လာသော သူ၏စကားက အတော်လေးထင်ရှားပေါ်လွင်နေ၏။
ဘေးပတ်လည်ရှိ သားရဲများသည် ထိုစကားနှင့်ပက်သက်၍ များစွာစဥ်းစားချင်မှ စဥ်းစားပေလိမ့်မည်။
သို့သော်လည်း မျောက်ဝံအိုကြီးက ထိုစကားနှင့်ပက်သက်၍ သူ့ကိုသံသယဝင်လာဖို့ များလေသည်။
သူသည် နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သူဖြစ်ပြီး အရူးမဟုတ်ပေ။ သူသည် များပြားလှစွာသော အကောက်ကြံမှုများနှင့် လှည့်စားမှုများကို တွေ့ကြုံခဲ့ဖူးလေသည်။
ဆူဇီမိုက တိတ်ဆိတ်နေသော်လည်း သူ့ကိုယ်သူ စိတ်ထဲကနေ သတိပေးလိုက်၏။
ဤနေရာက လရောင်ငိုကြွေးတောင်မဟုတ်ပေ။ သူ၏အပြောအဆိုကို နောက်ဆိုဆင်ခြင်ရပေတော့မည်။
“အဲ့တော့ မင်းတို့က ပုရွက်ဆိတ်တစ်အုပ်စုပေါ့လေ”
ထိုစဥ်မှာပင် သူ့ဘေးနားမှ လှောင်ရယ်သံတစ်သံက ထွက်ပေါ်လာလေသည်။
ယင်လီသည် အေးစက်စက်အကြည့်တစ်ခုနှင့်အတူ လှည့်လာပြီး ခက်ထန်စွာပြောလိုက်၏။
“စောစောက မျောက်ဝံမြူးထူးတောင်ရိုးရဲ့ အပြင်ဘက်မှာတုန်းက မင်းတို့တွေကို ငါထပ်မမြင်ချင်တော့ဘူးလို့ သတိပေးခဲ့ဖူးတယ်မဟုတ်လား ၊ အခု မင်းတို့က ဒီကိုရောက်လာတယ်ဆိုတော့ တစ်ကယ်ဘဲ မင်းတို့က သေချင်နေကြတာဘဲ... ဟမ့်”
“မိုက်ရိုင်းလိုက်တာ...”
မျောက်ဝံအိုကြီး၏ နောက်ဘက်ရှိ ကာကွယ်သူတစ်ယောက်က ထရပ်လာပြီး ငေါက်ငမ်းလိုက်၏။
ဗလတောင့်တောင့်လူကြီးသည် မည်သည့်မုတ်ဆိတ်မွေးမှ မရှိဘဲ သူ၏မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေ၏။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က စွမ်းအားကြီးမားပြီး သူ၏မျက်လုံးများက ခေါင်းလောင်းများကဲ့သို့ ဝိုင်းစက်နေ၏။ သူ၏ ဟိန်းဟောက်သံသည် လွှမ်းမိုးခြယ်လှယ်နိုင်သော စွမ်းပကားတစ်ခုနှင့်အတူ ပဲ့တင်ထပ်သွား၏။
ဖြူဖတ်ဖြူရော်မျက်နှာနှင့် ဗလတောင့်တောင့်လူသည် ယင်လီကို အေးစက်စွာစိုက်ကြည့်ပြီးပြောလိုက်၏။
“အရှင်သခင်တစ်ပါး စကားပြောနေချိန်မှာ ဖြတ်ပြောရအောင် မင်းကိုယ်မင်း ဘာကောင်ထင်နေလို့လဲ နောက်ဆုတ်နေစမ်း...”
အရှင်သခင်က တစ်စုံတစ်ယောက်နှင့် စကားပြောဆ်ိုနေချိန်တွင် လက်ရှိသားရဲများအားလုံးသည် တိတ်ဆိတ်ငြိမ်သက်နေကြ၏။ ယင်လီကဲ့သို့ အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်ကိုမပြောနှင့် လက်ရှိကာကွယ်သူများပင်လျှင် အကြောင်းပြချက်မရှိဘဲ ဝင်မပြောရဲကြပေ။
ယင်လီသည် အလွန်တရာကြောက်ရွံ့သွားပြီး ဖြူဖတ်ဖြူရော်မျက်နှာနှင့် ဗလတောင့်တောင့်လူက ဟိန်း ဟောက်ပြီးချိန်တွင် ချက်ချင်းဇက်ပုသွား၏။
ဘာဘဲပြောပြော ဤလူက လက်ညိုးတစ်ချောင်းဖြင့် သူ့ကို သေသည့်တိုင်အောင် ခြေမွဖျက်ဆီးနိုင်သော အဆင့်မြင့် မိစ္ဆာသားရဲတစ်ယောက်ဖြစ်လေသည်။
သို့သော်လည်း ယင်လီသည် မျောက်ဝံအိုကြီး၏ နောက်ဘက်သို့ တစ်ချက်လှမ်းကြည့်ပြီးနောက် စိတ်အားတက်ကြွသွားသော အမူအရာဖြင့် ရင်ကိုကော့ကာ ကျယ်လောင်စွာ မေးလိုက်၏။
“မဟာပိုင်နက်အရှင် ဆယ်ယောက်ထဲက တစ်ယောက်အနေနဲ့ ကျုပ်က ဘာလို့စကားမပြောနိုင်ရမှာလဲ”
“ဒီပုရွက်ဆိတ်တစ်အုပ်စုက အဆင့်နိမ့်မိစ္ဆာသားရဲ တစ်အုပ်စုဘဲကို ၊ သူတို့က ဒီစုဝေးပွဲကို တက်ရောက်လာတယ်ဆိုတာ တစ်ကယ်ဘဲ သေချင်နေတာဘဲ”
လက်ရှိသားရဲများကြားတွင် ရုတ်ရုတ်သဲသဲအသံများက ထွက်ပေါ်လာ၏။
စောစောက မျောက်ဝံအိုကြီးက ဆူဇီမိုတို့အုပ်စုကို ချီးမွမ်းခဲ့လေသည်။ ယင်လီ၏ ရုတ်တရက်ထွက်ပေါ်လာသော မှတ်ချက်စကားက အရှင်သခင်တစ်ပါးကို မထီမဲ့မြင် ပြုခြင်းနှင့်တူနေလေသည်။
မျောက်ဝံအိုကြီးသည် အတိုက်အခံပြောနေသောစကားများကို လျစ်လျူရှုထားသည် ထင်ရပြီး သူက အိပ်မောကျနေသည့်အလား သူ၏ကုလားထိုင်ကိုမှီ၍ ခေါင်းငုံ့ထားလေသည်။
ဖြူဖတ်ဖြူရော်မျက်နှာနှင့် ဗလတောင့်တောင့်လူ၏ အမူအရာက သုန်မှုန်ခက်ထန်သွား၏။ သူက မလှမ်းမကမ်းရှိ ကာကွယ်သူတစ်ယောက်ကို လှမ်းကြည့်ပြီးနောက် ပြန်လှည့်ကာ အေးစက်စွာဖြင့်ပြောလိုက်၏။
“ယင်လီ... မင်းကတော်တော်ရဲတင်းနေတာဘဲ ငါတို့ရဲ့ အရှင်သခင်ကို လျစ်လျူရှုပြီး ငါ့ကိုဆန့်ကျင်ရအောင် အဲ့ဒီသတ္တိ မင်းကို ဘယ်သူပေးထားတာလဲ”
ယင်လီသည် မျောက်ဝံမြူးထူးတောင်ရိုးမှ ကာကွယ်သူတစ်ယောက်နှင့် သွေးသားဆက်နွယ်မှုရှိသည်ဟူသော ကောလာဟလထွက်နေသည်မှာ ကြာနေလေပြီ။
ကြည့်ရသည်မှာ ထိုကောလာဟလက အမှန်တစ်ကယ်ဖြစ်နေပုံရ၏။
ဖြူဖတ်ဖြူရော်မျက်နှာနှင့် ဗလတောင့်တောင့်လူ၏ စကားသည် သူ့ဘေးနာရှိ ကာကွယ်သူတစ်ယောက်ကို ရည်ရွယ်ကြောင်း သိသာထင်ရှားလေသည်။
ထိုကာကွယ်သူက တရားရှုမှတ်နေသော ဘုန်းကြီးအိုတစ်ပါးကဲ့သို့ မျက်လွှာချထားပြီး ဖြူဖတ်ဖြူရော်မျက်နှာနှင့် ဗလတောင့်တောင့်လူ၏ ဆောင်းပါးရိပ်ခြည်ပြောဆိုခြင်းကို မကြားရသည့်အလား မလှုပ်မယှက်ရှိနေ၏။
ဖြူဖတ်ဖြူရော်မျက်နှာနှင့် ဗလတောင့်တောင့်လူသည် ပို၍ပင် ဒေါသထွက်လာပြီး ဖနှောင့်တစ်ချက်ဆောင့်လိုက်၏။ စင်မြင့်တစ်ခုလုံးက လှုပ်ခါသွားပြီး ဖုန်များက ထောင်းထောင်းထကာ သူက ယင်လီကိုစိုက်ကြည့်ပြီး အေးစက်စွာဖြင့် ငေါက်ငမ်းလိုက်၏။
“တစ်ကယ်သေချင်နေတာက မင်းဘဲ...”
စီးပိုးခြယ်လှယ်နိုင်သော စွမ်းအားတစ်ခုက ရှေ့သို့ ချက်ချင်းတိုးဝင်သွား၏။
အဆင့်မြင့် မိစ္ဆာသားရဲတစ်ယောက်၏ ခြိမ်းခြောက်မှုသည် ယင်လီခုခံနိုင်သည့် တစ်စုံတစ်ရာမဟုတ်ပေ။
သူ၏ မျက်နှာက သွေးဆုတ်သွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကျမတက် ဖြစ်သွားလေသည်။
“အဲ့လောက်ထိ အသီးအသန့်ကြီး လုပ်စရာမလိုပါဘူး”
ထိုစဥ်မှာပင် နောက်ထပ်ကာကွယ်သူတစ်ယောက်က ရှေ့သို့ ထွက်လာ၏။ သူက သူ၏ဝတ်ရုံစကို လှုပ်ခါပြီး ယင်လီအပေါ် ဖြူဖတ်ဖြူရော်မျက်နှာနှင့် ဗလတောင့်တောင့်လူ၏ ဖိအားကို အလွယ်တကူဖယ်ရှားလိုက်၏။
“ကာကွယ်သူ ၄ အဲ့ဒါက ဘာအဓိပ္ပါယ်လဲ..”
ဖြူဖတ်ဖြူရော်မျက်နှာနှင့် ဗလတောင့်တောင့်လူက မျက်မှောင်ကြုတ်ပြီး သူ့ဘေးနားက ကာကွယ်သူကို မေးခွန်းထုတ်လိုက်၏။
“ယင်လီက ဒီလောက်ထိမိုက်ရိုင်းနေတာ သူ့ကိုနောက်ခံပေးထားတဲ့ တစ်ယောက်ယောက်ရှိနေလို့ဘဲ ၊ သူ့ကို အပြစ်မပေးဘူးဆိုရင် အရှင်သခင်က ဂုဏ်သိက္ခာညှိုးနွမ်းရလိမ့်မယ်”
“ငါတို့ရဲ့ အရှင်သခင်ကတောင် ဘာမှမပြောတာကို မင်းက ဘာတွေသောကများနေတာလဲ”
နောက်ထပ်ကာကွယ်သူတစ်ယောက်က ဂရုမထားဟန်ဖြင့် မှတ်ချက်ပြုလိုက်၏။
“ဟီးဟီး... တစ်ယောက်ယောက်ကတော့ သူ့အဖိုးက အရှင်သခင်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စီးပိုးခြယ်လှယ်ချင်နေတာဘဲ ၊ သူက အခြားသူတွေကိုတောင်မှ စကားပြောခွင့်မပေးနိုင်တော့ဘူး”
နောက်ထပ်ကာကွယ်သူတစ်ယောက်က ထူးဆန်းသော လေသံဖြင့်ဝင်ပြောလိုက်၏။
“ကာကွယ်သူ ၂ ၊ ကာကွယ်သူ ၃ မင်းတို့တွေက...”
ဖြူဖတ်ဖြူရော်မျက်နှာနှင့် ဗလတောင့်တောင့်လူသည် သူ့ဘေးနားက ကာကွယ်သူအချို့ကို မယုံကြည်နိုင်မှုဖြင့် စိုက်ကြည့်ပြီး သူ၏ လေသံက ဒေါသဖြင့်တုန်ရီနေ၏။
ထိုနေရာအရောက်တွင် ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့၏။
ဖြူဖတ်ဖြူရော်မျက်နှာနှင့် ဗလတောင့်တောင့်လူသည် မျောက်ဝံအိုကြီး၏ မြေးဖြစ်ပြီး ထိူသူနှင့် သွေးသားတိုက်ရိုက်တော်စပ်မှု ရှိနေသည်။ သို့သော်လည်း ကြည့်ရသည်မှာ ဤကိစ္စက အရှင်သခင်၏ မာန်မာနကို ထိပါးသည့် ကိစ္စတစ်ခုမျှသာ မဟုတ်တော့ပေ။
ကြည့်ရသည်မှာ မျောက်ဝံမြူးထူးတောင်ရိုးတွင် ပိုမိုဆိုးဝါးသည့် တစ်စုံတစ်ရာက ဖြစ်ပျက်လာတော့မည် ထင်ရလေသည်။
ဖြူဖတ်ဖြူရော်မျက်နှာနှင့် ဗလတောင့်တောင့်လူသည် တစ်ခုခု လွဲမှားနေတာကို အာရုံခံမိသွားပြီး သူ့ဘေးနားပတ်လည်ရှိ ကာကွယ်သူ ၄ ယောက်ကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ကာ တင်းမာခက်ထန်စွာဖြင့် မေးခွန်းထုတ်လိုက်၏။
“ဒီနေ့ မင်းတို့တွေက ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ...”
ထိုစဥ်မှာပင် တစ်ချိန်လုံး ဘာမှဝင်မပြောခဲ့သော ကာကွယ်သူတစ်သည် ရုတ်တရက် သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး အေးစက်စက် အလင်းတစ်ခုက ဖြာထွက်သွား၏။
သူက မျောက်ဝံအိုကြီး၏ ဘေးသို့ချဥ်းကပ်သွားပြီး ထိုသူ၏ ပုခုံးကို ညင်သာစွာပုတ်ကာ သက်ပြင်းချလိုက်လေသည်။
“အရှင်သခင်... ခင်ဗျားက အိုနေပါပြီ”