← Chapters

ထိပ်ဆုံးသို့ရောက်ရှိခြင်း

Vol. 7 Ch. 90

ထိပ်ဆုံးသို့ရောက်ရှိခြင်း

Vol. 7 Ch. 90

အခန်း (၉၀) ထိပ်ဆုံးသို့ရောက်ရှိခြင်း

"အတားအဆီးအားလုံးကျော်ဖြတ်ပြီး ကောင်းကင်လှေကားကို တက်နိုင်စွမ်းရှိတယ်… ၊ အခုတော့ မိုးထက်ယံချီလှေကားအဆင့်ကိုတောင် ဖွင့်လှစ်လိုက်ပြီ… ၊ ဒါက… ဒါ…"

မြောက်ထျန်း တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။

မိုးထက်ယံချီလှေကားကို ဖွင့်လှစ်နိုင်သူဆိုသည်က နတ်လူသားမျိုးနွယ်များတွင်ပင် တွေ့ရခဲ့လှသည်။

ထို့ပြင်… မိုးထက်ယံချီ လှေကားထစ်ကို ဖွင့်လှစ်နိုင်လျှင် နတ်လူသားမျိုးနွယ်များ ပိုင်ဆိုင်သည့် ကောင်းကင်ဧကရာဇ်ကျမ်းစာကို ကျင့်ကြံနိုင်မည် ဖြစ်သည်။

သို့သော်… လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာကပင် နတ်လူသားမျိုးနွယ်များထဲတွင် မိုးထက်ယံချီလှေကားထစ်ကို ဖွင့်လှစ်နိုင်သူ တစ်ယောက်မှ မရှိခဲ့ပေ။

ယခု… ခွန်လွန်တောင်မှ တပည့်တစ်ယောက်က အဘယ့်ကြောင့် ဤသို့သောအစွမ်း ရှိနေရပါသနည်း။

ရုတ်တရက်… မြောက်ထျန်း၏ မျက်ဝန်းများထဲတွင် အလင်းရောင်တစ်ချက် လင်းလက်သွားသည်။

ထိုအလင်းရောင်က သက်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ပြည့်နက်နေသည်။ သို့သော်… မြောက်ထျန်း၏ မျက်ဝန်းများကို အခြားသူများ သတိပြုမိရန် မဖြစ်နိုင်ပေ။

သို့သော်… မော့ကျန်းသုန့်ကတော့ သတိပြုလိုက်မိ၏။

မော့ကျန်းသုန့်က ကျန်းလန်ကိုကြည့်နေရာမှ ချက်ချင်းပင် မြောက်ထျန်းကို လှည့်ကြည့်လာသည်။

မော့ကျန်းသုန့်၏ အေးစက်သည့်အကြည့်ကို ရင်ဆိုင်လိုက်ရသည့်အခါ မြောက်ထျန်း မည်သို့မှ မတတ်နိုင်တော့ဘဲ ပြုံးပြလိုက်ရသည်။

သို့သော်… ပုံမှန်အပြုံးမဟုတ်ဘဲ လုပ်ယူထားသည့်အပြုံးတုတစ်ခုသာ ဖြစ်၏။

မြောက်ထျန်းက…

"တာအိုရောင်းရင်း 'မော့' မှာ ဒီလောက်တော်တဲ့ တပည့်တစ်ယောက်ရှိတာ ဂုဏ်ယူစရာပဲဗျာ…"

မော့ကျန်းသုန့်က အေးဆေးတည်ငြိမ်စွာဖြင့်…

"ဘာမှ ဂုဏ်ယူစရာမရှိဘူး…  သူက နဝမတောင်ထွတ်မှာ အညံ့ဆုံးတပည့်ပဲ…"

ထို့နောက်… မော့ကျန်းသုန့်က စကားဆက်မပြောတော့ဘဲ ကျန်းလန်ရှိရာသို့သာ လှမ်းကြည့်နေတော့၏။

………………

နဝမတောင်ထွတ်ရင်ပြင်…

တပည့်များအားလုံး ကျန်းလန်ရှိရာလှေကားပေါ်သို့ မော့ကြည့်နေကြသည်။

သူတို့မျက်နှာများတွင်လည်း အံ့သြတုန်လှုပ်သည့်အမူအရာများ ထင်ဟပ်လျှက် ရှိကြသည်။

"ဘာဖြစ်တာလဲ… ဒါက ပုံမှန် မဟုတ်သလိုပဲနော်…"

"ဟိုမှာ မြောက်ရှိုး မျက်နှာ ရှုံ့မဲ့နေတာ မတွေ့ဘူးလား… ဒီကိစ္စက ဘယ်လိုလုပ် သာမန် ဖြစ်နိုင်မှာလဲ…"

"ဒါဖြင့် ဒီလို ထူးဆန်းတဲ့အလင်းရောင်တွေတောက်ပလာအောင် နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးက ဘာလုပ်လိုက်တာလဲ…"

"မသိဘူးလေ… ထပ်ပြီး စံချိန်ချိုးသွားတဲ့အဓိပ္ပါယ်လားမှ မသိတာ…"

ကျင်းထင်သည်လည်း အံ့သြတုန်လှုပ်လျှက် ရှိသည်။

မြောက်ရှိုးတော့ ကိုယ့်သေတွင်းကိုယ် တူးမိပြီဖြစ်ကြောင်း သူ သိရှိလိုက်သည်။

အမှန်တော့… သူပင်လျှင် စိတ်စွမ်းအားတွင် နဝမတောင်ထွတ်မှ ဂိုဏ်းတူညီငယ်နှင့် ယှဉ်ပြိုင်ရန် မဖြစ်နိုင်ပေ။ မဟုတ်ပါက… အရှက်ကွဲခြင်းသာ အဖတ်တင်လိမ့်မည်။

လှေကားထစ် အထစ် (၅၀) မြောက်တွင် ကျန်းလန် စံချိန်ချိုးသွားသည်ကို သိရှိခြင်းမရှိသော ရှန်းရှီသည်ပင် အလင်းတန်းများတောက်ပလာသည်နှင့် အခြေအနေကို ခန့်မှန်းမိလိုက်သည်။

မြောက်ရှိုးက ကျန်းလန်နှင့် စိတ်စွမ်းအား ယှဉ်ပြိုင်ရန် ရွေးခြယ်ရခြင်းမှာ ကျန်းလန်၏ စိတ်ဓာတ်ကို ချိုးဖျက်ပစ်ရန် ဖြစ်သည်။

သို့သော်… ကျောက်ဆောင်ကို ခြေထောက်ဖြင့်သွားကန်မိသည့်အလား ကိုယ့်ခြေထောက်နာခြင်းသာ အဖတ်တင်ခဲ့ရပြီ…။

မြောက်ရှိုး အတော်လေး နောင်တရနေမိသည်။

အလွန်အမင်း နောင်တရနေမိသည်…။

သို့သော်… နောင်တတရားကို ကုစားရန် ဆေးမရှိပြီ…။

အကယ်၍သာ… နောက်တစ်ကြိမ် အခွင့်အရေးရမည်ဆိုပါက ကျန်းလန်နှင့် စိတ်စွမ်းအားယှဉ်ပြိုင်ရန် သူ ရွေးခြယ်မည် မဟုတ်ပေ။

တိုက်ခိုက်ရန်သာ ရွေးခြယ်ပြီး ထိုအကောင်ကို ဒဏ်ရာအပြင်းအထန်ရ ၊ အသက်ပျောက်သည်အထိ ပညာပေးပစ်ချင်နေမိသည်။

နတ်လူသားမျိုးနွယ်မဟုတ်ဘဲ မိုးထက်ယံချီလှေကားထစ်များကို ဖွင့်လှစ်နိုင်ခဲ့သည်မှာ နတ်လူများမျိုးနွယ်များအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုကြီး ဖြစ်၏။

ကျန်းလန် လှေကားထစ်များအတိုင်း ရှေ့ဆက်တက်လျှက် ရှိသည်။

ထိုစဉ်… သူ့အနောက်ဘက်မှထွက်ပေါ်လာသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ခံစားလိုက်ရသည်။

သို့သော်… သူ အရေးမစိုက်ပေ။

အရင်ဆုံး လှေကားအဆုံးသို့ရောက်ရှိရန်က အဓိကဖြစ်သည်။ နောက်ကိစ္စ နောက်မှ ရှင်းရပေမည်။

ထိုအချိန်မှာပင်…  အလင်းရောင်စက်ဝန်းထိပ်ရှိ မှော်ဆူးချွန်မှ အလင်းတန်း (၉)ခုထွက်ပေါ်လာသည်။ အလင်းတန်း (၁)ခုစီတိုင်းက ကျန်းလန်၏ ခြေလှမ်းတိုင်းကို တိုက်ခိုက်ရန် အသင့်အနေအထား ပြင်ဆင်လိုက်ကြသည်။

အလင်းတန်း (၉)ခုက ဖြာလင်းနေပြီး မတူညီသည့် စိတ်ဆန္ဒ (၉)ခုကို ကိုယ်စားပြုသည်။

ကျန်းလန်တွင် စိတ်ဆန္ဒတစ်ခု ရှိနေသည်ဆိုလျှင် ထိုစိတ်ဆန္ဒက သူ၏ အားနည်းချက်ဖြစ်လာပြီး အလင်းတန်းများ၏ တိုက်ခိုက်မှုကို ခံရမည် ဖြစ်သည်။

ထိုအလင်းတန်းများ၏ တိုက်ခိုက်မှုကို လုံး၀ ရှောင်ရှားလိုလျှင်တော့… 'ခိုင်ကြည်သောပညာရှိ' ဆိုသည့် ပညာရှိကျမ်းစာကို ကျင့်ကြံထားမှ ဖြစ်ပေလိမ့်မည်။

သို့သော်… ထိုကျမ်းစာကို ကျင့်ကြံလိုက်ပါက ကျန်းလန်၏ ခံစားချက်နှင့် စိတ်ဆန္ဒများအားလုံး ဆုံးရှုံးသွားမည် ဖြစ်သည်။

ကျန်းလန်ကတော့ လှေကားထိပ်ဆုံးသို့ရောက်ရန် အခက်အခဲများကြားမှ အကောင်းဆုံး ကြိုးစားလျှက် ရှိသည်။

ကျန်းလန် သူ့ရှေ့မှ လှေကားထစ်ဆီသို့ ခြေချလိုက်သည်။

ထိုအခါ… အလင်းတန်းတစ်ခုက လျှင်မြန်သောအရှိန်ဖြင့် ကျဆင်းလာပြီး ကျန်းလန်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ထိုခဏမှာပင်… ကျန်းလန် အဆက်မပြတ် တန်ခိုးစွမ်းအားများ မြင့်မားလာသည့်အလား ခံစားလိုက်ရသည်။

အတိတ်အချိန်က… သူ့ထက် တန်ခိုးစွမ်းအားမြင့်မားသူများပင် သူ့နောက်တွင် ကျန်ရစ်ခဲ့သည်ကို တွေ့မြင်နေရသည်။

ထိုသူများအားလုံး ကျန်းလန်နောက်တွင် ကျန်ရစ်ခဲ့ပြီး ကျန်းလန်က အဆက်မပြတ် တန်ခိုးစွမ်းအားများ မြင့်မားလာခဲ့သည်။

သေခြင်းတရားနှင့်ပြည့်နက်နေသည့် လောကတွင် သူတစ်ယောက်သာ သေခြင်းတရားကို ကျော်ဖြတ်နိုင်သည့်အလား ခံစားနေရသည်။

"ဝေါ့…"

ကျန်းလန် သွေးတစ်ပွက် အန်ချလိုက်၏။

သူ့ ခန္ဓာကိုယ်ထဲမှ စူးရှနာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။

သူ့ကိုတိုက်ခိုက်နေသည့်စိတ်ဆန္ဒက … "မာန" ဖြစ်၏။

သူက မာနကြီးသူ ၊ မာနတရားရှိသူ ဖြစ်သည်။ လောကတွင် မာနမရှိသူ မည်သူရှိပါမည်နည်း။

သို့သော်… မာနတရားက သူ့အပေါ် သက်ရောက်မှုမရှိစေရန် ကျန်းလန်က ထိန်းချုပ်ထားနိုင်သူ ဖြစ်သည်။ ထို့ကြောင့်… တိုက်ခိုက်မှုက သူ့ကို စုတ်ပြတ်မသွားစေခဲ့ပေ။

ထို့နောက်… ကျန်းလန် နောက်ထပ်လှေကားထစ် တစ်ထစ်ဆီသို့ ခြေလှမ်းလိုက်သည်။

ဒုတိယအလင်းတန်းက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်လာပြန်သည်။

အလင်းတန်းက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်နှင့် ကျန်းလန်၏ နားထဲတွင် များပြားလှစွာသော စကားသံများကို ကြားလိုက်ရသည်။

"သူ နဝမတောင်ထွတ်မှာ ဘယ်လောက်နေနိုင်မှာတဲ့လဲ… စောင့်ကြည့်ရအောင်…"

"ပါရမီရှင်မဟုတ်ရင် စိတ်စွမ်းအားကောင်းလည်း ဘာမှ အသုံးမဝင်ဘူး…"

"သူက ဘာစွမ်းအားမှမရှိဘူး… ခဏနေရင် အရှက်ကွဲမှာပဲ…"

ကျန်းလန်၏ စိတ်ထဲတွင် သရော်လှောင်ပြောင်သံများ ၊ ရှုတ်ချပြစ်တင်သံများနှင့် ငြင်းပယ်ခံရခြင်းများစွာ ထွက်ပေါ်လာသည်။

"ဘန်း…"

ပေါက်ကွဲသံတစ်သံထွက်ပေါ်လာပြီး ကျန်းလန်၏ ခန္ဓာကိုယ်ထက်တွင် မရေမတွက်နိုင်သည့် ဒဏ်ရာအသစ်များ ဖြစ်ပေါ်လာသည်။

သွေးတိတ်သွားပြီဖြစ်သည့် ဒဏ်ရာအဟောင်းများမှာလည်း ချက်ချင်းပြန်လည် ပွင့်ထွက်လာသည်။

ကျန်းလန်၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာ၏။

သို့သော်… ကျန်းလန် နှုတ်ခမ်းထောင့်မှသွေးများကို လက်ဖမိုးဖြင့်သုတ်လိုက်ပြီး ရှေ့ဆက်ခြေလှမ်းလိုက်သည်။

ယခု ရင်ဆိုင်ရသည့် အလင်းတန်းက "ဒေါသ" ဖြစ်၏။

သို့သော်… သူက ဒေါသကိုလည်း သင့်တော်သလောက် ထိန်းချုပ်နိုင်စွမ်း ရှိသူ ဖြစ်သည်။

သူ့ကိုတိုက်ခိုက်နေသည့် စိတ်ဆန္ဒအလင်းတန်း (၉)ခုက အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်။

ပရိတ်သတ်များက ကျန်းလန်ကို မျက်တောင်မခတ်ကြည့်နေကြပြီး ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ကျန်းလန်၏ ခန္ဓာကိုယ်ထက်တွင် ဒဏ်ရာများ ပိုမိုများပြားလာသည်ကို သူတို့ တွေ့မြင်နေရသည်။

သို့သော်… ကျန်းလန် မည်သည့်အရာကို ရင်ဆိုင်နေရမှန်း သူတို့ မသိရှိကြပေ။

သူတို့ သိရှိသည်မှာ ကျန်းလန် ရှေ့ဆက်သွားလေ များပြားပြင်းထန်သည့် ဒဏ်ရာများကို မလွဲမသွေ ခံစားရလေဆိုသည့် အချက်ဖြစ်သည်။

သို့သော်… ကျန်းလန်က လုံးဝမရပ်တန့်ဘဲ ဆက်လျှောက်နေဆဲ ဖြစ်သည်။

မည်သူမှ မြောက်ရှိုးကို အာရုံမစိုက်ကြတော့ပေ။ မြောက်ရှိုးဆိုသည်က စကားထဲထည့်ပြောရန် အထိုက်တန်သည့် မတန်မရာ လူစားဖြစ်သွားခဲ့လေပြီ…။

မြောက်ရှိုးသည်လည်း လှေကားထက်တွင် မတ်တတ်ရပ်လျှက်ရှိ၏။ သူက ရှေ့ဆက်မတက်တော့ပေ။

ရှေ့ဆက်တက်လျှင်လည်း ကျန်းလန်ကို အနိုင်မရနိုင်တော့ကြောင်း သိရှိနေပြီ မဟုတ်ပါလား။

သူက ကျန်းလန် တိုက်ခိုက်ခံရပြီး မရှုမလှဖြင့် ပြုတ်ကျလာမည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

သို့သော်… တစ်ဖက်လူက လဲပြိုမသွားသည့်အပြင် ရှေ့သို့ ဆက်လက်လမ်းလျှောက်သွားနေဆဲ ဖြစ်သည်။

မြောက်ရှိုးက တုန်လှုပ်စွာဖြင့် တွေးလိုက်သည်။

"လူတိုင်းမှာ ခံစားချက် (၇) ခု နဲ့ စိတ်ဆန္ဒ (၆) ခု ရှိကြတာပဲ… ၊ ဒီ နောက်ဆုံး လှေကားထစ် (၉) ထစ်က မိုးယံထက်ချီလှေကားထစ်ကို ဖွင့်လှစ်နိုင်သူတွေကို စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှာဖွေဖို့ စီရင်ပြုလုပ်ထားတာ… ၊ ဒဏ်ရာပြင်းပြင်းထန်ထန်ရလေ သူတို့ရဲ့ အားနည်းချက် ပိုပြီး ထင်ရှားလေပဲ… ၊ ဒါပေမဲ့ … ဒီကောင်ကတော့ ဘာလို့ အပေါ်ယံဒဏ်ရာလောက်ပဲ ရတာလဲ… ၊ ဒီကောင် ခံစားချက်နဲ့ စိတ်ဆန္ဒတွေ မရှိဘဲ ဘယ်လို ကြီးပြင်းလာပြီး ဘယ်လိုလုပ် လူဖြစ်လာတာလဲ…"

တစ်ဖက်လူက မိုးထက်ယံချီလှေကားထစ်များကို လွယ်လွယ်နှင့်တက်နိုင်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

တပည့်များအားလုံးက ကျန်းလန် လှေကားထစ်များဆက်တက်နေသည်ကို ကြည့်နေကြသည်။

ကျန်းလန်၏ ဒဏ်ရာများ တစ်စထက်တစ်စ ပိုမိုများပြားလာသည်ကို သူတို့ တွေ့မြင်နေရသည်။

ကျန်းလန်၏ ခန္ဓာကိုယ်က သွေးစက်များဖြင့် တောက်ပနေ၏။ သူလျှောက်လှမ်းနေသည့် ခြေလှမ်းများကလည်း သာမန်လူများ မလျှောက်လှမ်းနိုင်သည့် ခြေလှမ်းများအလား ဖြစ်သည်။

ကျန်းလန်ကိုကြည့်ရသည်မှာ မီးတောက်များတောက်လောင်နေသည့် ချော်ရည်ပူပင်လယ်ထဲမှ ရုန်းထွက်ပြီး ကောင်းကင်ထက်သို့ တက်လှမ်းနေသည့်အလား ဖြစ်သည်။

ကျန်းလန် နောက်ဆုံးလှေကားထစ် (၂)ထစ်သို့ တက်လှမ်းလိုက်သည့်အချိန်တွင် အလင်းတန်းတစ်ခုက ကျန်းလန်၏ ပခုံးကို ဓားသွားတစ်ခုအလား ထိုးဖောက်ဝင်ရောက်သွားသည်။

"ဟူး…"

ကျန်းလန်၏ ပခုံးထက်တွင် ကြီးမားသည့်ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်လာပြီး သွေးများက လှေကားထစ်များတစ်လျှောက် စီးကျသွားသည်။

"ဟာ…"

"သူ ခံနိုင်ပါတော့မလား…"

ပြိုင်ပွဲကြည့်နေသူများအားလုံး စိုးရိမ်စိတ်ဖြင့် တုန်လှုပ်သွားကြသည်။

ယခု ရရှိသည့်ဒဏ်ရာက ယခင်က ရရှိသည့်ဒဏ်ရာများထက် ပိုမိုပြင်းထန်လေသည်။

သို့သော်… သူတို့အားလုံးကို အံ့အားသင့်သွားစေသည့်အချက်မှာ ကျန်းလန်က သူ့ဒဏ်ရာကို လုံး၀ အရေးမစိုက်ခြင်းပင် ဖြစ်၏။

ကျန်းလန်က လုံး၀ ရပ်နားခြင်းမရှိဘဲ ရှေ့ဆက်လျှက် ရှိသည်။

ထိုသို့ဖြင့်… လှေကားထစ် (၉၉) ထစ်မြောက်သို့ ရောက်ရှိလာခဲ့သည်။

ဒဏ်ရာများရရှိထားသော်လည်း ယခုအချိန်က ဒဏ်ရာများကို ကုသရန် အချိန်မဟုတ်သေးပေ။

ထိပ်ဆုံးသို့ရောက်ရန်အတွက် နောက်ထပ် ခြေတစ်လှမ်းသာ လိုတော့သည်။

(၉၉) ထစ်မြောက်သော လှေကားထစ်ထက်သို့ ကျန်းလန် ခြေချလိုက်သည်။

ထိုအချိန်… ကျန်းလန်၏ စိတ်ထဲတွင် များပြားလှစွာသော အဖြစ်အပျက်များ ထွက်ပေါ်လာသည်။

သေရည်ဆိုင်အိုကြီးမှ မြေးအဖိုး (၂)ယောက် သူ့ကို စေတနာဖြင့် ပေးခဲ့ကြသည့် မြေပဲထုတ်များ…။

သူ့ကို ကျေးဇူးတင်စွာဖြင့် အစဉ်အမြဲ လက်ဆောင်များပေးလေ့ရှိသည့် လုန်ယွိ…။

သူ့အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံကာ ပညာသင်ကြားပေးသည့် ဆရာဖြစ်သူ မော့ကျန်းသုန့်…။

"ဘုန်း…"

ကျန်းလန်၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ချက်ချင်းပင်… မခံမရပ်နိုင်သည့် တိုက်ခိုက်မှုတစ်ခုကို ကျန်းလန် ခံစားလိုက်ရသည်။

တိုက်ခိုက်လာသည့် စွမ်းအားက ကျန်းလန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ချေမွရိုက်ချိုးပစ်လိုက်သည့်အလား ဖြစ်သည်။

"ဘန်း…"

ကျန်းလန်၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းသွား၏။

"အား…"

တုန်လှုပ်ဖွယ်ရာ တိုက်ခိုက်မှုတစ်ခုဖြင့် ထိုးနှက်ခံလိုက်ရသောကြောင့် ကျန်းလန် နာကျင်စွာ အော်ဟစ်လိုက်မိသည်။

ချက်ချင်းပင်… သူ၏ ခန္ဓာကိုယ် မတည်မငြိမ်ဖြစ်လာပြီး ဒဏ်ရာမှ သွေးများ ဖြာခနဲ စီးထွက်လာသည်။

ကျန်းလန် လှေကားထစ်ပေါ်သို့ ဒူးတစ်ဖက်ထောက်လျှက်သား ကျသွားသည်။

ယခုတစ်ကြိမ်ရရှိလိုက်သည့်ဒဏ်ရာက အတော်လေး ပြင်းထန်၏။ ကြံ့ခိုင်လွန်းသည့် သူ၏ ခန္ဓာကိုယ်သည်ပင် ရပ်တည်ခြင်းငှာ မစွမ်းသာတော့ပေ။

လှေကားထစ်ထိပ်ဆုံးသို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သို့သော်… ထိုခြေတစ်လှမ်းက သူ့အတွက် အလွန်ဝေးကွာနေသည့်အလား ခံစားလိုက်ရသည်။

ကောင်းကင်လှေကားက သူထင်ထားသည်ထက် ပိုပြီး ထူးခြားသည်။

ကျန်းလန်၏ ခန္ဓာကိုယ်မှ သွေးများက ရေများစီးဆင်းသည့်အလား ဒရကြမ်းစီးဆင်းထွက်နေလေသည်။

ပရိတ်သတ်များမှာ ကျန်းလန်၏ အခြေအနေကိုကြည့်ပြီး စိုးရိမ်ပူပန်သွားကြသည်။

သူတို့ ကျန်းလန်ကိုကြည့်ပြီး မည်သည့်စကားမှ မပြောနိုင်ကြတော့သလို မည်သို့တုန့်ပြန်ရမည်ကိုလည်း မသိရှိကြတော့ပေ။

မြောက်ရှိုး၏မျက်နှာထက်တွင် မထီမဲ့မြင် အပြုံးတစ်စ ပေါ်လာ၏။

ကျန်းလန် လှေကားထိပ်ဆုံးသို့ မရောက်နိုင်တော့ဟု သူတွေးထင်လိုက်သည်။

ပြင်းထန်သည့် စိတ်ခံစားမှု အားနည်းချက်၏ တိုက်ခိုက်ခံရမှုကြောင့် ကျန်းလန် ဒဏ်ရာ အပြင်းအထန် ရသွားခဲ့ပြီ ဖြစ်သည်။

ကြည့်နေသည့် ပရိတ်သတ်များသည်လည်း မည်သူမှ ကျန်းလန်ကို ရှေ့ဆက်ရန် အားမပေးကြတော့ပေ။

ကျင်းထင်လည်း တိတ်ဆိတ်ငြိမ်သက်နေလေ၏။

ယှဉ်ပြိုင်ပွဲကို မှတ်တမ်းတင်မှော်ဝင်ပစ္စည်းတစ်ခုဖြင့် မှတ်တမ်းတင်နေသည့် လင်စီးယာသည်လည်း ငြိမ်သက်လျှက် ရှိသည်။

သတ္တမတောင်ထွတ်မှ ရှန်းရှီသည်လည်း တိတ်ဆိတ်လျှက် ရှိ၏။

"မှော်ဝင်တိမ်တိုက်တောင်သို့ သွားလိုလျှင် မည်သို့အရည်အချင်းရှိရမည်လဲ" ဟု ကျန်းလန်ကို လာရောက်မေးမြန်းဖူးသည့် တပည့်ငယ်လေးသည်လည်း ငြိမ်သက်လျှက် ရှိသည်။

ကျန်းလန် ရှုံးနိမ့်သွားခဲ့လျှင်တောင်မှ သူတို့အားလုံး ကျန်းလန်ကို အပြစ်တင်ရက်ကြမည် မဟုတ်ပေ။

သို့သော်… ကျန်းလန်ကတော့ အခြားသူများကြောင့် သူ၏ မူလရည်ရွယ်ချက်ကို ပြောင်းလဲမည် မဟုတ်ပေ။

သူ ဒီပြိုင်ပွဲကို အနိုင်ယူချင်သည့်အကြောင်းရင်း တစ်ခုသာ ရှိသည်။

သူက နဝမတောင်ထွတ်မှ အတော်ဆုံးတပည့် ၊ ဆက်ခံသူတပည့် ဖြစ်လေရာနဝမတောင်ထွတ် သိက္ခာမကျအောင် ကာကွယ်ရမည့် တာဝန်ရှိသည်။

ထိုအချက် တစ်ချက်တည်းဖြင့် ကျန်းလန် အနိုင်ရလိုခြင်း ဖြစ်သည်။

ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားသည်ကိုတော့ ဘေးဖယ်ထားရပေမည်။

သို့သော်… အများအမြင်ဖြစ်သည့် ရွှေပြဒါးအမြုတေအဆင့် ၊ နောက်ဆုံးအဆင့်ဖြင့် သူ အစွမ်းကုန် ယှဉ်ပြိုင်ရမည် ဖြစ်၏။

ယခု… အနိုင်ရရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သူ မည်သို့ လက်လျှော့အရှုံးပေးနိုင်ပါမည်နည်း။

ကျန်းလန် တုန်ယင်စွာဖြင့် မတ်တတ်ထရပ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်က လှေကားပေါ်မှ ချက်ချင်းပြုတ်ကျတော့မည့်အလား ယိမ်းယိုင်လျှက် ရှိသည်။

သူ… မတ်တတ်ရပ်လိုက်ပြီး အလင်းရောင်စက်ဝန်းကို တည့်တည့်ရင်ဆိုင်လိုက်သည်။

အလင်းရောင်စက်ဝန်းထက်မှ မှော်ဆူးချွန်အလင်းတန်းက တောက်ပလျှက်ရှိပြီး သူ့ကို ရှေ့ဆက်မတက်ဘဲ နေရာတွင်ပင် ရပ်တန့်လိုက်ရန်နှင့် သူ၏ စိတ်နှလုံးနှင့် ကျင့်စဉ်လမ်းကို ပြန်လည်စမ်းစစ်ရန် ပြောဆိုနေသည့်အလား ဖြစ်သည်။

သူ ကောင်းကင်လှေကားသို့ တက်လှမ်းလာသည့် လမ်းတစ်လျှောက်လုံး မှားယွင်းနေသည်ဟု ပြောနေသည့်အလား ခံစားရသည်။

အလင်းရောင်စက်ဝန်းကို စူးစိုက်ကြည့်ရင်း ကျန်းလန်၏စိတ်များ တဖြည်းဖြည်း တည်ငြိမ်လာသည်။

သူက စိတ်ထဲတွင် ခံစားနေရသည့် မေးခွန်းများကို အဖြေပြန်ပေးလိုက်သည်။

"မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ… ငါ ဒီလမ်းကို ရွေးခြယ်ခဲ့ပြီးပြီ…"

"ဘန်း…"

ကျန်းလန်၏စိတ်ထဲမှ အဖြေစကား အဆုံးသတ်သွားသည်နှင့်… အသံနက်ကြီးတစ်သံထွက်ပေါ်လာပြီး မှော်ဆူးချွန်အလင်းတန်းနှင့်အတူ အတားအဆီးများအားလုံးတစ်စစီ ပြိုကျပျက်စီးသွားသည်။

နောက်ဆုံး ခြေလှမ်းအဖြစ် အလင်းရောင်စက်ဝန်းထက်သို့ ကျန်းလန် လှမ်းတက်လိုက်သည်။

လှေကားထစ်ပေါင်း (၁၀၀)…။

ကျန်းလန် ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အလင်းရောင်စက်ဝန်းထက်တွင် ရပ်တန့်ရင်း ကျန်းလန်က သူ့အောက်ဖက်တွင် ရပ်နေသည့် မြောက်ရှိုးကို လှမ်းကြည့်လိုက်၏။

ထို့နောက်… သူက မြောက်ရှိုးကို လက်နှစ်ဖက်ဆုပ် အရိုအသေပေးလိုက်သည်။ သူ၏ လက်များက ဒဏ်ရာများဖြင့် သွေးချင်းချင်းနီရဲလျှက် ရှိသော်လည်း ကျန်းလန် အရေးမစိုက်ပေ။

သူကက မြောက်ရှိုးကို စူးစိုက်ကြည့်ရင်း…

"ဒီပြိုင်ပွဲက တကယ့်ပြိုင်ပွဲကောင်းတစ်ခုပါပဲ…"

All Chapters