အဖွဲ့အစည်းများ၏ တုံ့ပြန်မှု
Vol. 41 Ch. 613
အွန်လိုင်းပေါ်မှ လူအများစုက စိုးရိမ်ပူပန်နေကြလေသည်။
အနုပညာရှင်တစ်ဦးက ဤသို့သော အဖြစ်အပျက်မျိုးကို အကြောက်ဆုံး ဖြစ်ကြောင်း သူတို့ သိထားကြသည်။ မုန်းတီးသူများက သူ့အပေါ် ညစ်ထေးအောင် ပြုလုပ်၍ တောမီးသဖွယ် သတင်းဖြန့်ပေမည်။ ယင်းက တဖြည်းဖြည်း ပြဿနာကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။
*သူတို့က အရမ်း ရူးမိုက်လွန်းတယ်*
အကယ်၍ ဤအဖြစ်အပျက်ကြောင့် ရဲ့လင်းချန်သာ ပိတ်ပင်ခံလိုက်ရပါက သူတို့လူမျိုးများ မတရားသဖြင့် ဆက်ဆံ ခံရချိန်၌ အခြား ဘယ်သူက ရပ်တည်ပေးရဲမည်နည်း။ ယင်းက တရုတ်လူမျိုးက ပိုနိမ့်ကျသောသူများ၊ ကိုရီးယားနိုင်ငံမှ လူများထက် ပို၍ နိမ့်ကျသည်ဟု ပြောသလို ဖြစ်သွားမည် မဟုတ်ပါလော။
သူတို့နိုင်ငံ ဂုဏ်သိက္ခာက ဘယ်လို ဖြစ်သွားမည်နည်း။
ထိုအမာခံ ပရိသတ်များသည် နိုင်ငံကို ထိခိုက်နစ်နာစေပြီး သူတို့ကိုယ်သူတို့ လိုလားစွာ ကျွန်ခံနေကြပါတကား။
ရဲ့လင်းချန်သည် အွန်လိုင်းပေါ်၌ ဖြစ်နေသော စကားနိုင်လုပွဲများကို အာရုံမစိုက်ဘဲ ထိုကိစ္စအား ဆက်၍ လျစ်လျူရှုနေခဲ့သည်။ သို့သော် သူ ဂရုမစိုက်ဘဲနေခြင်းက အခြားသူများ ဂရုမစိုက်ဘဲ နေမည်ဟု မဆိုလိုပေ။ အထူးသဖြင့် မုန်းတီးသူများ၏ ပြစ်တင် ဝေဖန်းခြင်း ခံရသည့် ပီကင်း တက္ကသိုလ်၊ မြို့တော်ရဲဌာနနှင့် မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်းတို့ပင်။
ပီကင်းတက္ကသိုလ်သည် ပထမ၌ အဘယ်သို့သော တုံ့ပြန်မှုကိုမှ မလုပ်ချေ။ သူတို့သည် အခြေအနေ ပို၍ ကြီးထွားလာသည်အထိ စောင့်ဆိုင်းပြီးမှ တက္ကသိုလ်၏ တရားဝင် Website မှနေ၍ ပုံတစ်ချို့ကို တင်လိုက်သည်။
ထိုပုံများသည် ရဲ့လင်းချန်၏ တက္ကသိုလ်မှ ပညာရေး မှတ်တမ်းများ ဖြစ်ပေသည်။
ပထမဆုံးပုံမှာ ပီကင်းတက္ကသိုလ်သို့ ပြည်တွင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၏ ထိပ်တန်း ကျောင်းသားအဖြစ် ဝင်ခဲ့သည့် သူ၏ ဝင်ခွင့် ဖြစ်သည်။
နောက်တစ်ပုံမှာ ပီကင်း တက္ကသိုလ်အတွက် ပြည်တွင်း သင်္ချာပြိုင်ပွဲ၌ သူ ပထမဆု ရယူပေးပုံ ဖြစ်သည်။ တက္ကသိုလ်မှ သူ၏ သင်္ချာထူးချွန်မှုအပေါ် အထူး မှတ်ချက်ပင် ရေးခဲ့သည်။
ကျန်ပုံများမှာ သူ၏ ပညာသင်နှစ်ဝက် စာမေးပွဲ၏ ရလဒ်များ ဖြစ်ပေသည်။
ပုံများ၏ အောက်ခြေ၌ ပီကင်းတက္ကသိုလ်မှ တုံ့ပြန်စာ ရေးထားလေသည်။
[လူတိုင်းက ကျောင်းသား ရဲ့လင်းချန်ရဲ့ ဘတ်စကက်ဘော အားကစားက ထူးချွန်မှုကိုပဲ ကြားဖူးလောက်ပါတယ်၊ ဒါပေမဲ့ သူက ဘာသာတိုင်းမှာ ထူးချွန်တာပါ၊ ပြီးတော့ သူ့ကို ဆရာတွေနဲ့ ကျောင်းသားတွေကပါ ချီးကျူးတာပါ၊ ပီကင်း တက္ကသိုလ်က တရုတ်နိုင်ငံရဲ့ တက္ကသိုလ်ပါ၊ ကိုရီးယားနိုင်ငံရဲ့ တက္ကသိုလ် မဟုတ်ပါဘူး၊ ကင်ဟျွန်းမင်က ဘယ်သူလဲဆိုတာကို ငါတို့ မသိပင်မယ့် သူက ငါတို့နိုင်ငံကို သရော်ခဲ့တာကိုတော့ ငါတို့ နားလည်တယ်၊ ကျောင်းသား ရဲ့လင်းချန်ရဲ့ လုပ်ရပ်တွေကို နားလည်နိုင်ပါတယ်]
သူတို့သည် သူ့ဘက်၌ ရပ်တည်ပြီး သူ့အပေါ် ချီးမွမ်းနေမှန်း သိသာလှသည်။
ထိုတုံ့ပြန်မှုက လူအများ၏ အားပေးမှုကို ရရှိသွားသည်။ သို့သော် ပီကင်း တက္ကသိုလ်မှ ပြသလာသော ရလဒ်များကို သူတို့ သတိထားမိသောအခါ မှင်တက်သွားကြလေသည်။
[ရှက်ဖို့ကောင်းလိုက်တာ၊ ရဲ့နတ်ဘုရားက ထိပ်တန်းကျောင်းသားဆိုတာကို ငါ မသိခဲ့ဘူး]
[အရမ်း ကြောက်ဖို့ကောင်းတယ်၊ ဒီက အောင်မြင်မှုတစ်ခုချင်းစီတိုင်းက ငါတို့လို သာမန်လူတွေဆီက ချီးကျူးမှုကို ရထိုက်တယ်]
[လခွမ်း၊ ရဲ့နတ်ဘုရားက အားကစားမှာ ထူးချွန်တယ်လို့ ငါ တွေးနေတုန်းမှာပဲ သူက ဟာသ ဇာတ်လမ်းတိုကို ဖန်တီးတယ်၊ သူ အားလုံးကို တတ်တယ်လို့ ငါ တွေးနေချိန်ကြတော့ သူက ကွန်ဖူးပညာ ကျွမ်းကျင်ပုံကို ပြလာရော၊ အခု သူက ထိပ်တန်းကျောင်းသားပါလို့ ငါ့ကို ပြောနေတာလား]
[အံ့ဩဖို့ကောင်းတယ်၊ ဘတ်စကက်ဘော အားကစားမှာ ဒီလောက် တော်နေပြီးတော့ ပညာရေးကို ဘယ်လို စီမံသလဲ ဆိုတာကို ငါတို့ကို ပြောပြပေးပါလား]
[ချီးပဲ၊ ပြည်တွင်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရဲ့ ထိပ်တန်းကျောင်းသား၊ သင်္ချာပြိုင်ပွဲမှာ ပထမ၊ ပြီးတော့ သူ့ရဲ့ စာမေးပွဲမှာ အမှတ်ပြည့်တဲ့၊ ဒီမကောင်းဆိုးဝါးက ဘယ်က ပေါ်လာတာလဲ]
[ဒီလို အရည်အချင်းမျိုးနဲ့ဆို သူ ကင်ဟျွန်းမင်ကို ရန်လုပ်လဲ ဘာဖြစ်လဲ၊ ဘာဖြစ်ချင်လဲ၊ ငါတို့က ငါတို့နိုင်ငံရဲ့ သူမတူတဲ့ ပါရမီရှင်ဘက်မှာ နေသင့်တာ မဟုတ်ဘူးလား၊ ဟာသပဲကွာ]
မနာလိုသော မုန်းတီးသူများလည်း ရှိပေသေးသည်။
[ကျစ် … သူက ထူးချွန်တော့ရော ဘာဖြစ်လဲ၊ လူမိုက်ကိုများ]
[ဒီလိုလူမျိုးက အန္တရာယ် အများဆုံးပဲ၊ ဉာဏ်ကောင်းတဲ့ ရာဇဝတ်သားတစ်ယောက်]
[သူ့ကို တစ်သက်တစ်ကျွန်း ထောင်ချပစ်ဖို့ ငါ အကြံပြုတယ်]
ပီကင်း တက္ကသိုလ်၏ တုံ့ပြန်မှုအပြီး၌ မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်းကလည်း ကြေညာချက် ထုတ်ပြန်လာ၏။
[ရဲ့လင်းချန်က ကိုရီးယားနိုင်ငံကို ဘတ်စကက်ဘော ပြိုင်ပွဲမှာ အနိုင်ယူခဲ့တယ်၊ ယဉ်ကျေးမှုမှာလဲ ကိုရီးယားနိုင်ငံကို သူ အနိုင်ယူနိုင်လိမ့်မယ်လို့ ငါတို့ ယုံကြည်တယ်၊ သူက တရုတ်နိုင်ငံကို စိတ်မပျက်စေခဲ့သလို တရုတ်နိုင်ငံကလဲ သူ့ကို စိတ်ပျက်စေမှာ မဟုတ်ဘူး၊ မင်းတို့က ငါတို့ကို သူ့ကို ထုတ်ပယ်စေချင်တယ်တဲ့လား၊ မဖြစ်နိုင်ဘူး]
[လခွမ်း၊ ချေချတယ်ဟေ့]
[ဒီလိုအပျံစားအဖြေကို ငါ အကြိုက်ဆုံးပဲ]
[သူက တရုတ်နိုင်ငံကို စိတ်မပျက်စေခဲ့သလို တရုတ်နိုင်ငံကလဲ သူ့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးတဲ့၊ ကောင်းလိုက်တဲ့ စကား၊ ငါ ဘတ်စကက်ဘော အဖွဲ့အစည်းကို လိုက်ခ်ပေးရမှာပဲ]
[ဟုတ်တယ်၊ ရဲ့လင်းချန်က ကိုရီးယားနိုင်ငံကို ဘတ်စကက်ဘောပြိုင်ပွဲမှာ အနိုင်ယူခဲ့တယ်၊ ငါတို့နိုင်ငံပေါ် သူ့ရဲ့ အမြင်က ရှုံးသွားခဲ့မယ်ဆိုရင်တော့ ဟာသ ဖြစ်လာမှာပဲ]
[ရဲ့နတ်ဘုရားကို ငါ အဆုံးထိ အားပေးတယ်၊ အမာခံ ပရိသတ်တွေ သွားသေလိုက်တော့]
[အမာခံ ပရိသတ်တွေရေ မင်းတို့ရဲ့ နိုင်ငံသားကို ပြောင်းလိုက်ပါ ပြီးတော့ မင်းတို့ အမိမြေကို အရှက်ရအောင် လုပ်နေတာတွေ ရပ်လိုက်ပါတော့]
ပီကင်း တက္ကသိုလ်နှင့် မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်း၏ တုံ့ပြန်ချက်များက အလွန် အားတက်စေပြီး လူတိုင်းထံမှ ကြီးမားသော အားပေးမှုများ ရရှိလာသည်။
နောက်ဆုံးတွင် သူတို့သည် မြို့တော် ရဲဌာန၏ တုံ့ပြန်ချက်ကို စောင့်နေကြသည်။
သူတို့၏ တုံ့ပြန်ချက်က အာဏာအရှိဆုံး ဖြစ်လာမည် ဖြစ်ပြီး ရဲ့လင်းချန် ရင်ဆိုင်ရမည့် ပြစ်ဒဏ်အပေါ် တိုက်ရိုက် သက်ရောက်ပေလိမ့်မည်။
သို့သော် မြို့တော် ရဲဌာန၏ တရားဝင် website က အချိန်အတော်ကြာအောင် ငြိမ်နေခဲ့သဖြင့် အဖြစ်အပျက်ကို ဘယ်လို စီမံရမလဲ ဆိုသည်ကို အငြင်းပွားနေလေသလားဟု လူအများက သံသယဝင်လာကြသည်။
လူတိုင်း ရင်တုန်နေကြလေသည်။
ထိုအခိုက်တွင် အမာခံ ပရိသတ်များသည် စိတ်အားထက်သန်မှုတို့နှင့် ပြည့်နှက်နေ၏။ သူတို့သည် ရဲ့လင်းချန် အပြစ်ပေးခံရပြီး အနည်းဆုံး လဝက်မျှ အကျဉ်းချခံရလိမ့်မည်ဟု ခံစားနေရသည်။ ယင်းက သူ၏ အနာဂတ်အပေါ် အကြီးအကျယ် သက်ရောက်နိုင်ပေသည်။
*ငါတို့ယောက်ျားကို အနိုင်ကျင့်ရင် ဒီလို ဖြစ်မှာပဲ*
ထိုသို့ ဖြစ်ပျက်နေချိန်တွင် ကိုရီးယားနိုင်ငံ၏ အနုပညာဌာနချုပ် တရားဝင် website မှ ထုတ်ပြန်ချက်တစ်ခု ပြုလုပ်လာသည်။
[ကင်ဟျွန်းမင်က ကိုရီးယားနိုင်ငံရဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အနုပညာလောကမှာ မမျှမတ ဆက်ဆံတာကို ခံခဲ့ရပါတယ်၊ တရုတ်နိုင်ငံရဲ့ အနုပညာလောကက ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး ငါတို့ကို ကောင်းမွန်တဲ့ ရှင်းပြချက်ပေးဖို့ မျှော်လင့်ပါတယ်]
ထိုထုတ်ပြန်ချက်က ချက်ချင်း ရဲ့လင်းချန်ကို ရှေ့တန်းသို့ တွန်းပို့သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ယင်းက လူထု စကားရည်လုပွဲကို အစပျိုးပေးသလို ဖြစ်သွားပြီး လူအများအား အလန့်တကြား ဖြစ်သွားစေသည်။
[သေရော၊ ဒီကိစ္စက အဆုံးသတ် ကောင်းမှာ မဟုတ်ဘူးနဲ့တူတယ်]
[ရဲ့လင်းချန်တော့ ကံဆိုးပြီ၊ ဟားဟားဟား … ကောင်းလိုက်တာ]
[ငါ့ယောက်ျား ဟျွန်းမင်ကို ထောက်ခံ၊ ရဲ့လင်းချန်ကို အပြစ်ပေး]
[ခေါင်းမာတဲ့ ပရိသတ်တွေ၊ ကျေးဇူးပြုပြီး နိုးထကြပါတော့၊ ကိုရီးယားနိုင်ငံရဲ့ အနုပညာလောကက ရဲ့နတ်ဘုရားကို ပစ်မှတ်ထားနေတာလေ]
[ရဲ့နတ်ဘုရားက ကိုရီးယားနိုင်ငံရဲ့ ဘတ်စကက်ဘောအသင်းကို အနိုင်ယူခဲ့တော့ သူတို့နိုင်ငံက အခုထိ အငြိုးထားနေတုန်းပဲ၊ သူတို့က သူ့ကို နှင်ထုတ်ဖို့ ဒါကို ဆင်ခြေအဖြစ် အသုံးချနေတာ၊ အဲ့လိုသာ ဖြစ်သွားရင် မင်းတို့က သူ့နေရာကို အစားထိုး ဖြည့်ပေးမှာလား]
[ဟေ့ … ကိုရီးယားနိုင်ငံရဲ့ အနုပညာလောက၊ တရုတ်နိုင်ငံကနေ ထွက်သွားစမ်း]
မြို့တော်ရဲဌာန၌။
တရုတ်လူမျိုးတို့၏ နှစ်သစ်ကူး ပထမဆုံးနေ့ဖြစ်သော်လည်း ရဲစခန်းတစ်ခုလုံး ယခင်ထက် ပို၍ အလုပ်များနေပြီး ဝန်ထမ်းများအားလုံး အချိန်ပိုဆင်းနေရသည်။
“အပြစ်တင်တဲ့သူတွေက အခုထိ ပြောနေတုန်းပဲ၊ ငါတို့ သူတို့ကို သင့်တော်တဲ့ တုံ့ပြန်ချက် မပေးရင် သူတို့ သေချာပေါက် ဒီလာပြီး သောင်းကြမ်းလိမ့်မယ်”
“မဖြစ်သင့်လိုက်တာ၊ ကျွန်တော့်အမြင်တော့ ကင်ဟျွန်းမင် အဲ့လို ခံရသင့်တယ်၊ သူ့လိုလူမျိုးက နိုင်ငံကို မလေးမစား လုပ်ပြီး ကျွန်တော်တို့ဆီက အမြတ်ထုတ်နေတာက နိုင်ငံကို အဆိပ်ခပ်နေတာပဲ”
“ဟုတ်တယ်၊ ကျွန်တော့်တူမလေးဆို အလယ်တန်း ဒုတိယနှစ်ပဲ ရှိသေးတာကို ကိုရီးယားနိုင်ငံရဲ့ အနုပညာရှင်တွေကို လိုက်ကြိုက်ပြီးတော့ သူ့စိတ်ထဲမှာ အိုပါးတွေနဲ့ပဲ ပြည့်နေတာ၊ ပြီးတော့ သူ့က သူကြိုက်တဲ့သူကို အားပေးဖို့ အိမ်ကို ဘယ်လို ပိုက်ဆံတောင်းရမလဲပဲ သိတယ်၊ သူက သူ့မိသားစုဝင်တွေနဲ့တောင် စကားများသေးတယ်၊ သူ့အမေက မျက်ရည်နဲ့ ဖြစ်နေပြီ၊ စိုးရိမ်စရာ ကောင်းလွန်းတယ်”
“ကိုရီးယားနိုင်ငံရဲ့ ရေပန်းစားမှုတွေက ငါတို့ကို အများကြီး ထိခိုက်စေတယ်၊ ငါတို့ တရုတ်လူမျိုးရဲ့ ယဉ်ကျေးမှုကို ဖျက်ဆီးနေတာ”
“ရဲမှူး ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲ ငါ သိချင်လာပြီ”
တစ်ချိန်တည်းမှာပင် ရဲမှူး၏ ရုံးခန်းတွင်း၌ …
သူတို့၏ ရဲမှူးသည် ဖုန်းဖြေရင်း တုန်လှုပ်နေသည်။ ဖုန်းခေါ်သူမှာ ပီကင်းတက္ကသိုလ်၏ ကျောင်းအုပ် ဖြစ်သည်။
“ဆရာ၊ ကျွန်တော့်ကို ရှာနေတာလား”
“ရဲ့လင်းချန်က မင်းရဲ့စခန်းမှာ ရှိနေတာမလား၊ သူက ပီကင်းတက္ကသိုလ်ရဲ့ ကျောင်းသားဆိုတာကို ငါ မင်းကို သိစေချင်တယ်၊ တစ်နည်းပြောရရင် မင်းက သူ့ရဲ့ စီနီယာပဲ၊ သူက နိုင်ငံကို သိက္ခာကျအောင် မလုပ်ခဲ့ဘူး၊ မင်း ဒီကိစ္စကို ဘယ်လို ဖြေရှင်းဖို့ စီစဉ်ထားလဲ”
“ဆရာ၊ အဲ့ကလေးက အခြားတစ်ယောက်ကြောင့် လွတ်သွားပါပြီ၊ ကျွန်တော်တို့မှာ ဒီကိစ္စထဲ ဝင်ပါဖို့ လုပ်ပိုင်ခွင့် မရှိပါဘူး”
“လွတ်သွားပြီလား”
ကျောင်းအုပ် အံ့ဩသွားသည်။
“အင်း ဒါဆိုလဲ ဘာမှမဟုတ်တော့ဘူး၊ အများအကျိုးကို ကောင်းကောင်း ဆောင်ရွက်ပါ”
ဖုန်းခေါ်ဆိုမှု ပြီးသွားသည်နှင့် ဖုန်းက ထပ်မံ၍ မြည်လာသည်။
ဖုန်းခေါ်သူကို ကြည့်လိုက်ပြီးနောက် သူ မချိပြုံး ပြုံးလိုက်မိသည်။ ဖုန်းခေါ်လာသူမှာ အားကစား အဖွဲ့ချုပ်၏ နည်းပြဖန့်ပင်။