အခန်း (၃၄၇)
Vol. 30 Ch. 347
“ချင်းလဲ့ဓားသခင် ခင်ဗျားက သန်မာပါတယ်။ ဒါပေမဲ့ အမွေအနှစ်ချင်း ယှဉ်မယ်ဆိုလို့ ရှိရင်တော့ ခင်ဗျားလို ပန်းချီသူတော်စင်တစ်ဦးက ကျုပ်တို့လို စု မိသားစုကို ဘယ်လိုလုပ်ယှဉ်ပြိုင်နိုင်မှလဲ။”
ဆုကျန်းက လီချန်းချင်းကို ဂုဏ်ယူဝင့်ကြွားစွာ ကြည့်ရင်းပြောလိုက်ပါ၏။ ချင်းလဲ့ဓားသခင်က ရာထူးဂုဏ်ရှိန်ကြီးမားသော်လည်း သာမာန် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပါ၏။
သူတို့၏ ဆုမိသားစုမှာ တောင်ဘက်လွင်ပြင်ဒေသကို အုပ်စိုး လာခဲ့သည်မှာ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက်နှင့် နှစ်ပေါင်း ရာချီနေခဲ့ပြီဖြစ်ပါ၏။ အမွေအနှစ်ချင်း ယှဉ်မည်ဆိုပါက ချင်းလဲ့ ဓားသခင်လိုမျိုး ကျင့်ကြံသူတစ်ဦးက သူတို့လို မိသားစုကြီးကို ဘယ်လိုလုပ်ပြီး ယှဉ်ပြိုင်နိုင်မှာလဲ။
ထိုသူက ပန်းချီသူတော်စင် ဖြစ်နေရင်တောင်မှ ပန်းချီရတနာချင်း ယှဉ်မည်ဆိုပါက ဆုမိသားစုကို ဘယ်လိုမှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပါ။ မကောင်းဆိုးဝါး တစ္ဆေစာလိပ်မှာ စန်းယွမ်နယ်မြေကြီး တစ်ခု လုံး၏ ထိပ်တန်းစာရင်းဝင် ပန်းချီရတနာတစ်ခု ဟုပြော၍ရနိုင် ပါသည်။
ပန်းချီသူတော်စင်တစ်ပါးက သူ၏ ဘဝတစ်လျှောက် လုံးတွင် ပန်းချီရတနာ ဘယ်လောက်များများကို ဖန်တီးနိုင်မှာ မလို့လဲ။ ဖန်တီး နိုင်တယ်ဆိုရင်တောင်မှ ပန်းချီရတနာတွေ ထဲက ဘယ်ပန်းချီရတနာက ထိပ်တန်းစာရင်းကို ဝင်နိုင်မှာ မလို့လဲ။
လီချန်းချင်းက ပန်းချီရတနာတစ်ခုကို ထုတ်နိုင်မယ် ဆိုရင်တောင်မှ အဲ့ဒီပန်းချီ ရတနာက မကောင်းဆိုးဝါး တစ္ဆေစာလိပ်ရဲ့ ဝါးမြိုစားသုံးခြင်းကို ခံစားရလိမ့်မည် ဖြစ်ပါ သည်။ ချင်းလဲ့ နတ်ဘုရားဓားခုနစ်စင်းက စွမ်းအားကြီးမည့်ပုံစံ ရှိပါသည်။
ချင်းလဲ့ဓားသခင်ကို သတ်ဖြတ်ပြီးလျှင် ထိုဓား ခုနစ်စင်းကို ဆုမိသားစုကို ပြန်ယူသွားလျှင် ဆုမိသားစု၏ စွမ်းအားမှာ ယခင်ကထက်ပို၍ တောင့်တင်းလာလိမ့်မည် ဖြစ်ပါ သည်။
ဆုကျန်းက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရှေ့ရေးကို အပိုင်တွက် ချက်နေသည့်အချိန်၌ လီချန်းချင်းက တည်ငြိမ်သော မျက်နှာထားနှင့် သူ၏သိုလှောင်လက်စွပ်မှ ပန်းပုရုပ်တစ်ခုကို စွဲထုတ်လိုက်ပါ၏။
“အမွေအနှစ်ချင်း ယှဉ်ပြိုင်ချင်တယ် ဟုတ်လား။ မင်းတို့ ဆုမိသားစုနဲ့ ငါကအမွေအနှစ်ချင်း ယှဉ်ပြိုင်လို့တော့မရပါဘူး။ ဒါပေမဲ့ ဘယ်သူက ပန်းချီရတနာ ပိုများလဲလို့ယှဉ်ပြိုင်ချင်ရင်တော့ အဟက်”
လီချန်းချင်းက ဆုမိသားစုကို နှိမ့်ချပြီး ကြည့်ရှုတာတော့ မဟုတ်ပါချေ။ ပန်းချီရတနာချင်းယှဉ်မည်ဆိုလျှင် ထိုမိသားစုမှာ သူ၏ ညီငယ်လေးဟု ပြောရန်ပင် မထိုက်တန်ပါချေ။
“အရမ်းကို မာနကြီးနေတယ်ပေါ့။ မကောင်းဆိုးဝါးတစ္ဆေသုံးပါး ဟုတ်လား။
မင်းတို့က ငါ့ကို စားသောက်ချင်တယ်ပေါ့လေ။ ငါ့ရဲ့ဓားချီတွေကို စားချင်သေးတယ်လား။
ကောင်းပြီလေ။ အဲဒါဆိုရင် မင်းတို့ကို ငါပေးစားမယ်။ မင်းတို့ ဝအောင် ငါကျွေးပစ်လိုက်မယ်။
မင်းတို့တွေ ခံနိုင်လား။ မခံနိုင်လား ဆိုတာကို ကြည့်ကြတာပေါ့။ မင်းတို့တွေ ဗိုက်ဘယ်လောက်ဆာနေလဲဆိုတာ ငါအရမ်းကို သိချင်တယ်။
“ နိုးထလော့။”
လီချန်းချင်း၏ အော်ဟစ်မှု အပြီးတွင် သူ့လက်ထဲတွင်ရှိသော ပန်းပုရုပ်ထုက ကောင်းကင် ထက်သို့ ပျံသန်းသွားပါ၏။
ချက်ချင်းပင်လျှင် စက်ဝိုင်းပုံစံ ရှိသော စင်မြင့်ကြီး တစ်ခုအဖြစ်သို့ ထိုပန်းပုရုပ်ထုက ပြောင်းလဲ သွားခဲ့ပါ၏။ လီချန်းချင်းက အဝေးသို့ပစ်လွှတ်လိုက်သည့် အခါမှာပင် ထိုစင်မြင့်ကြီးက မူလကထက် ပို၍ပို၍ ကြီးမားလာ ပါသည်။
ချက်ချင်းပင်လျှင် မိုးမြေနှင့် ပူးပေါင်းသွားပြီးနောက် တွင် ထိုပန်းပုရုပ်ထုက တာအိုနဲ့ တစ်သားတည်း ပေါင်းစပ်သွား ပါ၏။ သူတို့၏ ခြေထောက်အောက်တွင် ကြီးမားလှသော စင်မြင့်ကြီးက ထွက်ပေါ်လာပြီး လေဟာနယ်တစ်ခုလုံးကို ပိတ်လှောင်လိုက်ပါ၏။ ထိုစင်မြင့်၏ အောက်ခြေတွင် လွန်စွာ ကြီးမားလှပြီး ရှုပ်ထွေးလှသော ရှေးဟောင်း အစီအရင် တစ်ခု ပေါ်ပေါက်လာပါ၏။
တစ်ချက်ကြည့်လိုက်ရုံနဲ့ ထိုစင်မြင့်၏ ချုပ်နှောင်မှုက မှန်းဆမရဖြစ်ကာ ဆန်းကြယ်လှသည်ကို မြင်ယောင်နိုင်မည် ဖြစ်ပါသည်။ ထိုဖွဲ့စည်းပုံကို ဆုကျန်းက နားလည်သည်ဟု ခံစားရသော်လည်း အပြည့်အဝတော့ နားမလည်နိုင်ပါချေ။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။”
သူက ချင်းလဲ့ဓား အစီအရင်ကို နားလည်နိုင်စွမ်းရှိသော်လည်း ယခုထုတ်ဖော်လိုက်သည့် အစီအရင်ကိုတော့ နားလည်နိုင်စွမ်း မရှိပါချေ။
“ဒါကြီးက ဘာကြီးတုန်း။ စားသုံးလိုက်စမ်း။”
အသစ် ထွက်ပေါ်လာသော အရာကို နားမလည်သောကြောင့် စိတ်နှလုံး တုန်ယင်လာသော ဆုကျန်းက ခပ်မြန်မြန်ပင်လျှင် မကောင်း ဆိုးဝါး တစ္ဆေသုံးသောင်းကို ထိုစင်မြင့်ကို စားသုံးရန်အတွက် အမိန့်ပေးလိုက်ပါ၏။
ချက်ချင်းပင်လျှင် မကောင်းဆိုးဝါး တစ္ဆေ သုံးသောင်းက စင်မြင့်ထံသို့ အငမ်းမရပြေးသွားပြီး ၎င်းတို့၏ ဖျက်ဆီးနိုင်စွမ်းရှိသော အရှိန်အဝါများကို ထုတ်ကာ စားသုံးရန် ပြင်လိုက်ပါ၏။ ဖျက်ဆီးနိုင်စွမ်းရှိသည့် အရှိန်အဝါများမှာ ဓားချီ များနဲ့ နှိုင်းယှဉ်နိုင်စွမ်းမရှိပါချေ။ ဓားချီမှာ လွန်စွာ စွမ်းအား ကြီးမားလှပြီး လီချန်းချင်း ယခင်ကထုတ်ဖော်ခဲ့သောချင်းလဲ့ဓား အစီအရင်နှင့် နှိုင်းယှဉ်၍ပင် မရပါချေ။
မြောက်များစွာသော မကောင်းဆိုးဝါး တစ္ဆေများမှာ ခုခံနိုင်စွမ်းမရှိဘဲ ဓားစွမ်းအား၏ ချေမှုန်းခြင်းကို ချက်ချင်းခံလိုက်ရပါ၏။ ထိုဓားစွမ်းအား ထုတ်ဖော်နေသော အစီအရင်မှာ ဓားလေးလက်နဲ့ ဖွဲ့စည်းထား သော အစီအရင်ဖြစ်ပါသည်။
ချင်းလဲ့ဓားအစီအရင်လို ဓားခုနစ် လက် မဟုတ်ဘဲ ဓားလေးလက်ထဲသာ အသုံးပြုပြီး ဖွဲ့စည်း ထားသော်လည်း ယခင်က ဖွဲ့စည်းခဲ့သည့် ချင်းလဲ့ဓား အစီအရင် ထက် လွန်စွာ စွမ်းအား ကြီးမားလှပါ၏။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။” လီချန်းချင်း၏ အသစ်ထွက်လာသော ဓားအစီ အရင်ကို မြင်သောအခါတွင် ထိုဓားအစီအရင်မှ တလူလူ ထွက်ပေါ်နေသော အရှိန်အဝါကို ခံစားရပြီးနောက်တွင် ဆုကျန်းက ကြောက်ရွံ့လာခဲ့ပါ၏။
ထိုဓားအစီအရင်က သူ့အား အချိန်မရွေး ချေမှုန်းနိုင်သည့် ခံစားချက်ကို ပေးစွမ်းနေခဲ့ ပါသည်။ လီချန်းချင်းက အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး နောက်တွင် စင်မြင့်ထက်တွင် မတ်တပ်ရပ်လိုက်ပါ၏။ သူ၏ နောက်တွင်တော့ ဓားလေးလက်က ကောင်းကင်ထက်တွင် ပေါလောပေါ်နေခဲ့ပါ၏။
ကျန်ရစ်သော မကောင်းဆိုးဝါးတစ္ဆေ တစ်ထာင်ကျော်နှင့် ရင်ဆိုင်ရသည့် အခါတွင် လီချန်းချင်း၏ မျက်နှာထက်တွင်တော့ အကြောက်တရားကင်းမဲ့နေပါသည်။ သူ၏ မျက်ဝန်းထဲမှ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး အဝေးမှကြည့်လျှင် သူက ပြိုင်ဘက်ကင်းကျင့်ကြံသူ တစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့ပါသည်။
“ဒါကြီးက ဘာကြီးလဲ။” သူ့ရှေ့တွင် မတ်တပ်ရပ်နေသော လီချန်းချင်းက ပြိုင်ဘက်ကင်း အင်မော်တယ် တစ်ယောက်ကဲ့သို့ဖြစ်နေပြီး ရွေ့လျား၍ မရသည့် တောင်ကြီးတစ်လုံးနဲ့ တူသည်ကို ဆုကျန်းက ခံစားမိနေခဲ့ပါ၏။
ဒီလို ကြောက်မက်ဖွယ် ကောင်းတဲ့ ဓားအစီ အရင်ကို ထုတ်သုံးနိုင်စွမ်း ရှိအောင် လီချန်းချင်းက ဘယ်လိုမျိုး ပန်းချီရတနာကို သုံးလိုက်တာလဲ။
“ဒါကို ကျန်းရှန်စင်မြင့်၊ ကျန်းရှန် ဓားအစီအရင်လို့ခေါ်တယ်။” လီချန်းချင်းက ခံစားချက် ကင်းမဲ့စွာဖြင့်ပြောလိုက်ပါသည်။
ကျန်းရှန်ဓား အစီအရင်မှာ လောကကြီး၏ ကြောက်စရာ အကောင်းမွန်ဆုံးသော ဓားအစီ အရင်တစ်ခုဖြစ်ပါသည်။ ထိုဓားအစီအရင်မှာ တာအိုဂိုဏ်း၏ တားမြစ်ဓား အစီအရင်တစ်ခု ဖြစ်ပါသည်။ လီချန်းချင်းသည် တာအိုဂိုဏ်း၏ စွမ်းအားကြီးမားသော ကျန်းရှန်းဓားများကို မပိုင်ဆိုင်ထားသည့်တိုင် သူက ကျန်းရှန်ဓား အစီအရင်အား ချင်းလဲ့နတ်ဓားလေးလက်ကို အသုံးပြုပြီး ထုတ်ဖော်လိုက်ခြင်း ဖြစ်ပါ၏။
သူထုတ်ဖော်လိုက်သည့် အစီအရင်မှာ အစစ်အမှန် ကျန်းရှန်ဓား အစီအရင်၏ တစ်ထောင်ပုံ တစ်ပုံမျှ စွမ်းအား မရှိသော်လည်း ကျန်းရှန်စင်မြင့် ပန်းချီရတနာ၏ အထောက် အကူကြောင့် စွမ်းအားကြီးမားလှသော စွမ်းအားတစ်ရပ်ကို ထုတ်ဖော်နိုင်စွမ်း ရှိနေခဲ့ပါသည်။
ထိုပန်းပုရုပ်ထုမှာ လတ်တလော၌ လီချန်းချင်းက ရင်ဘတ်ထဲမှ နာကျင်အောင် အထိကိုပင်လျှင် အင်တိုက်အားတိုက် ထုလုပ်ထားသော ပန်းပုရုပ်တစ်ခု ဖြစ်ပါ၏။
သူ၏ကိုယ်ပိုင်ခွန်အားကို အသုံးပြုပြီး တိုက်ခိုက်ပါက မြေလျှောက် အင်မော်တယ်များကို နှိုင်းဖက်၍ ယှဉ်ပြိုင်နိုင်စွမ်း မရှိမှန်းကို လီချန်းချင်းက သိပါသည်။ ထို့ကြောင့် သူက ပန်းချီ ရတနာများကို အသုံးပြုပြီး ယှဉ်ပြိုင်ရန်အတွက် စီစဉ်ထားခြင်း ဖြစ်ပါ၏။
သူ၏လက်ထဲတွင် ကျန်းရှန်စင်မြင့်ရှိပါကမြေလျှောက် အင်မော်တယ်များကို ချေမှုန်းနိုင်စွမ်း မရှိသည့်တိုင် အနည်းဆုံး တော့ မြေလျှောက်အင်မော်တယ်များ၏ လက်ချက်နဲ့ အသတ် မခံနိုင်ဘဲ လုံလုံခြုံခြုံ သူ့ကိုယ်သူ ကာကွယ်နိုင်မည်ဟု လီချန်းချင်းက တွေးထားမိပါ၏။
ကျန်းရှန် ဓားအစီအရင်၏ အောက်တွင် ဆုကျန်းလိုမျိုး မဟာသိုင်းဂိုဏ်းအဆင့်ကတော့ ဘာများလုပ်နိုင်မှာလဲ။
“ဒါကြီးက ဘာလဲ။ အရမ်းကြောက်ဖို့ ကောင်းတာပဲ။”
ဘေးကနေ ပွဲထိုင်ကြည့်နေသော လီဟမ်ရှန်းနဲ့ ကျန်လူများကလည်း ကျန်းရှန်ဓား အစီအရင်မှ ထွက်ပေါ်နေ သည့် ကြောက်မက်ဖွယ် ကောင်းမှုကို ခံစားနေခဲ့ရပါ၏။ ထိုအရာမှာ ထွက်ပေါ်နေသည့် စွမ်းအားမှာ သူတို့ နားလည်နိုင် စွမ်းထက် များစွာ ကျော်လွန်နေခဲ့ပါသည်။
ချင်းလဲ့ဓားသခင်၏ ချင်းလဲ့ဓား အစီအရင်က မဟာသိုင်းဂိုဏ်းအဆင့် ကျင့်ကြံသူနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိသည် ဟု လီဟမ်ရှန်းက ခံစားခဲ့မိပါ၏။ ဒါပေမဲ့ အဲ့ဒီအချိန်တုန်းကတော့ ညီတူညီမျှ ခွန်အားကို ပိုင်ဆိုင်ထား သည် ဖြစ်ပါသည်။
ယခုလိုမျိုး ကျန်းရှန်ဓား အစီအရင် ထွက်လာသည့် အခါတွင်တော့ ချင်းလဲ့ဓားသခင်မှာ မဟာသိုင်း ဂိုဏ်းအဆင့်ကို ကျော်လွန်သွားပြီး ဆုကျန်းလိုမျိုး မဟာသိုင်း ဂိုဏ်းအဆင့် ကျင့်ကြံသူပင်လျှင် မုန်တိုင်းကြားက ဖယောင်း တိုင်မီးကဲ့သို့ ဖြစ်နေခဲ့ပါသည်။
ဆုကျန်းမှာ အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့် ပုံစံဖြစ်နေခဲ့ပါ၏။ ခုနတုန်းက လွန်မင်းစွာ ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါး တစ္ဆေသုံးသောင်းမှာ ယခုအချိန်တွင်တော့ ကလေး ကစားစရာ ကဲ့သို့ ဖြစ်သွားခဲ့ပါသည်။
ထိုအခိုက် လီချန်းချင်းက သူ၏ လှုပ်ရှားမှုကို ပြုလုပ်လိုက်ပါ၏။ ကျန်းရှန်ဓား အစီအရင်၏ အောက်တွင် မြောက်များစွာသော ဓားစွမ်းအားများမှာ ပရမ်းပတာ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါ၏။
ပရမ်းပတာ ဓားချီများက မကောင်းဆိုးဝါးတစ္ဆေ သုံးသောင်းကျော်ကို အဝေးသို့ လွင့်ပျယ်ကာ ပျောက်ကွယ်သွားစေခဲ့ပါ၏။ မကောင်းဆိုးဝါး တစ္ဆေများမှာ လောကကြီး၏ ကြောက်မက် ဖွယ် အကောင်းဆုံးသော သတ်ဖြတ်ခြင်း အစီအရင်အောက်တွင် ခုခံနိုင်စွမ်းကို မပြနိုင်ပါချေ။ ပရမ်းပတာ ဓားချီများ ဖြတ်သန်း သွားသည့် အခါတွင် မကောင်းဆိုးဝါး တစ္ဆေများမှာ အပြည့်အဝ ကို ချေမှုန်းခြင်း ခံလိုက် ရပါ၏။
ထိုအခိုက်တွင် ဆုကျန်းက အားကုန် အော်ဟစ်လိုက်ပါ၏။ သူက သူ၏ သိုလှောင်လက်စွပ် ထဲတွင်ရှိသော ပန်းချီရတနာများစွာကို ထုတ်ဖော်လိုက်ပြီး သူ၏ ကြောက်မက်ဖွယ် ကောင်းသော ဓားမောက်စွမ်းအားကိုပါ တစ်ပြိင်တည်း ထုတ်ဖော်လိုက်ပြီး လီချန်းချင်း၏ ပရမ်းပတာ ဓားချီများ ကို အပိုင်းပိုင်းဖြတ်ရန် ကြိုးပမ်းလိုက်ပါ၏။
သူက ကျန်းရှန်စင်မြင့်ကို ချိုးဖြတ်နိုင်ရန်အတွက် ကြိုးပမ်းလိုက်ခြင်း ပဲဖြစ်ပါသည်။ ဒါပေမဲ့ ဆုကျန်းက မိုက်ရူးရဲဆန်နေခြင်းသာ ဖြစ်ပါ၏။
လီချန်းချင်း၏ ကျန်းရှန်ဓား အစီအရင်မှ ထွက်ပေါ် လာသော ပရမ်းပတာ ဓားချီများ၏ အောက်တွင် ပန်းချီ ရတနာ များစွာကို ထုတ်ဖော်လိုက်ခြင်းမှာ ဓားချီကို ဖျက်ဆီးရန် အတွက် အစာကျွေးသလို မီးလောင်ရန်အတွက် ထင်းတုံးများနဲ့ မီးစာဖြည့်ပေးလိုက်သည့် အလားသာ ဖြစ်ပါ၏။
ပရမ်းပတာ ဓားချီများမှာ ဆုကျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို မြစ်တစ်စင်းက အရှိန်အဟုန်နဲ့ ဝင်တိုက်သွားသလိုမျိုး ဝင်တိုက်သွားပါ၏။ ဆုကျန်း၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော အဟုန် နိယာမများမှာ နေရာတင်ပင်ပြိုလဲသွားပါ၏။ သူ၏ ပတ်ပတ် လည်တွင်ရှိသော ဓားမောက်ချီများမှာလည်း ပြင်းထန်စွာဖြင့် အရပ်မျက်နှာများစွာသို့ လွင့်ပြယ်ကာ ပျောက်ကွယ်သွားခဲ့ပါ၏။
ထိုအချိန်မှာပင် ကျန်းရှန်ဓားအစီအရင်၏ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို သူက မျက်ဝါးထင်ထင် ခံစားလိုက် ရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့သော ခံစားချက်ကို မခံစားရသည် မှာ သူ့အတွက်တော့ ကြာမြင့်နေခဲ့ပြီဖြစ်ပါ၏။ ထိုကဲ့သို့သော ကူကယ်ရာမဲ့သည့် ခံစားချက်ကို နောက်ဆုံးအကြိမ်တုန်းက သူခံစားခဲ့ရသည်မှာ မြေလျှောက် အင်မော်တယ်နဲ့ ယှဉ်ပြိုင်ကာ တိုက်ခိုက်စဉ်တုန်းကပင်ဖြစ်ပါ၏။
ယခုလိုမျိုး လီချန်းချင်းနဲ့ ရင်ဆိုင်ရသည့် အခါတွင် ထိုစဉ်တုန်းက ခံစားချက်မျိုးကို ပြန်လည် ခံစားရမည်ဟု သူက မမျှော်လင့်ထားခဲ့ပါချေ။
“ချင်းလဲ့ဓားသခင် မင်း ငါ့ကို သတ်ရဲမယ် ဆိုလို့ရှိရင်တော့ သတ်လိုက်။ ဒါပေမဲ့ ဆုမိသားစုက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။”
ယခုအချိန်တွင်တော့ ဆုကျန်းက တကယ်ကို ကြောက်လန့်နေခဲ့ပါ၏။ သူ့ထံသို့ ဦးတည်၍လာသော ပရမ်းပတာ ဓားစွမ်းအားများမှာ လွန်စွာ ကြောက်မက်ဖွယ် ကောင်းသောကြောင့် ထိုဓားချီများ၏ အောက်တွင် ဆုကျန်းက အချိန်မရွေး သေဆုံးတော့မည်ကို ခံစားနေရပါ၏။ ဒါပေမဲ့ အရေးကြီးသော အချိန်တွင် လီချန်းချင်းက သူ၏ ဓားချီများကို ပြန်လည်ရုတ်သိမ်းလိုက်ပါ၏။
ဆုကျန်းက မြေပြင်ပေါ်သို့ သုံးလေးပတ် လိမ့်သွားပြီး အဆက်မပြတ် သွေးအန်နေခဲ့ရပါ သည်။ သူထုတ်ဖော်လိုက်သော ပန်းချီရတနာများမှာလည်း အပိုင်းအစများပင် မတွေ့ရတော့ဘဲကို ပျောက်ကွယ်သွားပါ၏။ ထိုအခိုက်တွင် ဆုကျန်းက နောက်ထပ်သွေးတစ်လုတ် ထပ်အန် လိုက်ပါ၏။သူက မကောင်းဆိုးဝါး တစ္ဆေပန်းချီရတနာကို ကိုင်ထားဆဲဖြစ်ပါသည်။ ကံဆိုးတာက မကောင်းဆိုးဝါးတစ္ဆေ ပန်းချီ ရတနာမှာ ယခုအချိန်တွင်တော့ လုံးဝကို အသုံးမဝင် တော့ပါချေ။
တစ္ဆေသုံးသောင်းမှာ လီချန်းချင်း၏ ကျန်းရှန်ဓား အစီအရင်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပါ၏။ ယခုအချိန်တွင် တော့ မကောင်းဆိုးဝါး တစ္ဆေပန်းချီရတနာ၌ မကောင်းဆိုးဝါး တစ္ဆေတစ်ကောင်မှ မကျန်ရစ်တော့ပါ။
လီချန်းချင်းကလည်း ကျန်းရှန် ပလက်ဖောင်းကို ပြန်လည်၍ ရုတ်သိမ်းလိုက်ပါ၏။ ကျန်းရှန်ဓား အစီအရင်မှာ အမှန်တကယ်ကို စွမ်းအား ကြီးမား လှပါ၏။
ထိုဓားအစီအရင်ကို ထုတ်ဖော်သည့်အခါတွင် လီချန်းချင်း၏ နတ်ဘုရားဝိဉာဉ် စွမ်းအားပင်လျှင် တတိတိ ကုန်ဆုံးနေသည်ကို ခံစားရပါ၏။
ကျန်းရှန်စင်မြင့်ကို ပြန်လည် ရုတ်သိမ်းပြီးသည့်အခါမှသာ လီချန်းချင်း၏ နတ်ဘုရားဝိဉာဉ်မှာ အတော်လေးအားနည်းသွားခဲ့ပါပြီ။ ထိုထက်အရေးကြီးသည်မှာ သူ၏ နတ်ဘုရား ဝိဉာဉ်ပင်လျှင် အားနည်းသည်မဟုတ် ကျန်းရှန်ဓား အစီအရင်ကို ထုတ်ဖော်ထားသည့် နတ်ဘုရားဓား လေးလက်၏ စိတ်ဝိဉာဉ်များပင်လျှင် အတော်လေး ခမ်းခြောက် သွားခဲ့ပါ၏။ ထို့
ကြောင့် ကျန်းရှန်ဓားအစီအရင်ကို အဆတ် မပြတ် အသုံးပြုမည်ဆိုပါက အသုံးပြုထားသော ဓားလေးလက် မှာ အသုံးပြုချိန် ကြာလာသည်နှင့်အမျှ နတ်ဘုရား စိတ်ဝိဉာဉ် ဓားများမှ သာမာန်ဓားများ အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်ပါသည်။
သူက ကျန်းရှန်ဓားအစီအရင်ကို အဆတ်မပြတ် အသုံးပြုချင်ပါက ချင်းလဲ့ဓား ခုနစ်လက်ထက် ပို၍ စွမ်းအား ကြီးမားကာ အရည်အသွေးကောင်းသော နတ်ဘုရားဓားများကို ရှာဖွေရန် လိုပါလိမ့်မည်။ ထိုအချက်ကို တွေးမိပြီးနောက်တွင် လီချန်းချင်းမှာ ရင်ဘတ်ထဲမှ တဆစ်ဆစ်ကို နာကျင်လာခဲ့ ရပါ၏။
ထို့ကြောင့် ဆုကျန်းကို သွေးအန်အောင် လုပ်ပြီးသည့် အခါတွင် လီချန်းချင်းက ခပ်မြန်မြန်ပင်လျှင် ကျန်းရှန်စင်မြင့်ကို သိမ်းလိုက်ခြင်းဖြစ်ပါ၏။ အနာဂတ်တွင် ကျန်းရှန်ဓား အစီအရင် ကို အကြိမ်ရေ နည်းနိုင်သမျှ နည်းအောင် အသုံးပြုမှသာ ဖြစ်မည်ဟု သူက တွေးလိုက်ပါသည်။
“အဘိုးလေး” ဆုကျန်းက ရှုံးနိမ့်သွားပြီ ဖြစ်သောကြောင့် ဆုရှန်းချီမှာ ထိုရလဒ်ကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ပါ၏။ သူ၏ နှလုံးသားထဲတွင် သူ၏ အဘိုးလေးမှာ တုနှိုင်းမဲ့ ပုဂ္ဂိုလ်တစ်ပါးဖြစ်ပါသည်။ သူက တောင်ပိုင်း ကုန်းမြေကြီးတွင် ပြိုင်ဘက်ကင်းသော ပုဂ္ဂိုလ် လည်းဖြစ်ပါ၏။ ဒါပေမဲ့ အရှေ့ပိုင်း ကုန်းမြေသို့ ရောက်သော အခါတွင် ချင်းလဲ့ဓားသခင်၏ ချေမှုန်းခြင်းကို ခံလိုက်ရပါ၏။
သူတို့နှစ်ဦးကြားကွာဟချက်မှာ လွန်စွာကြီးမားလှသောကြောင့် ထိုရလဒ်ကို လက်ခံရန်အတွက် ဆုရှန်းချီမှာ အချိန်အတော်လေး လိုပါသေးသည်။