အခန်း (၃၄၉)
Vol. 30 Ch. 349
ဆုကျန်းက တစ်ချိန်တုန်းက စွမ်းအားကြီးမားသော သားရဲများ လွှမ်းမိုးသည့်လောကတစ်ခု၌ နိုးထရန် စိတ်ကူးယဉ်ခဲ့ဖူးပါ သည်။ ထိုနေရာတွင် ဆိုလျှင် သူ၏အသက် အချိန်မရွေး သေဆုံး သွားနိုင်သောကြောင့် သူ့အတွက် စိန်ခေါ်မှုများစွာ ရှိသည်ဟုသူ ကတွေးထင်ခဲ့ပါ၏။
ဆုကျန်းက တစ်ခါတုန်းက အဆုံးမရှိသော ဝင်္ကဘာကြီး ဖြစ်နေသည့်လောကကြီးတစ်ခု၌ နိုးထရန်အတွက် စိတ်ကူးယဉ်ခဲ့ဖူးပါ၏။ ထိုဝင်္ကဘာကြီး၌ အပြင်သို့ထွက်နိုင်ရန် အတွက် အမြဲမပြတ် ကြိုးစားကာ ရုန်းကန်ပြီး လမ်းအမျိုးမျိုးကို ရှာဖွေနေရသည့်လောကကို သူက စိတ်ကူးယဉ်ခဲ့ပါသည်။
ဆုကျန်းက သူကြုံတွေ့ရမည့် အခက်အခဲများ လောကများစွာ တို့ကို စိတ်ကူးယဉ်ပြီးတော့ တွေးတောခဲ့ဖူးပါ၏။ ဒါပေမဲ့ ယခု လက်ရှိ သူရောက်ရှိနေတဲ့လောကက သူတွေးထင်ထားသည့် အရာများ အားလုံး၏ဆန့်ကျင်ဘက်ကြီးကို ဖြစ်နေခဲ့ပါသည်။ သူ၏အထင်အမြင်များ စိတ်ကူးများအားလုံးကို ဤလောကက ပြိုလဲသွားစေခဲ့ပါ၏။
“ဒါကဘယ်လိုလောကကြီးတုန်း။” သူက မတ်တပ်ရပ်ပြီး ပတ်ဝန်းကျင်ကို တအံ့တဩနှင့် ကြည့်မိနေ ခဲ့ပါ၏။ မိုးထိကို ထိုးကာ မြင့်တက်နေသည့် မိုးမျှော်တိုက်ကြီး များစွာက ရှိနေခဲ့သည်။
ထိုမိုးမျှော်တိုက်ကြီးများက သူစန်းယွမ် နယ်မြေကြီး၌ သူမြင်တွေ့ခဲ့ဖူးသော စံအိမ်တော်များစွာထက်ပင် ကြီးမားကာ ရှည်လျားလှပါ၏။ သူတို့ ဆုမိသားစု တွင်ပင်လျှင်ထို သို့ ကြီးမားကာ ရှည်လျားသည့် အဆောက်အဦးများ မရှိခဲ့ပါ။ ထို့အပြင် သူ့ပတ်ပတ်လည်တွင် ရှိနေသော ဆူညံနေသည့် စက်များက ဘာတွေလဲဆိုတာ သူမသိပါ။
“ဒါတွေက ဘာတွေလဲ။”
ဆုကျန်းက ဆောက်လုပ်ရေး လုပ်ငန်း ပတ်ပတ်လည်ကို ကြည့် ပြီး ထူးဆန်းနေခဲ့ပါ၏။ ဆောက်လုပ်ရေး လုပ်ငန်းထဲတွင် အိမ် ငယ်လေးများကဲ့သို့ ရွေ့လျားလို့ရသော ယာဉ်ငယ်လေးများက ဟိုဟို ဒီဒီသွားလာနေသည်ကိုပင် သူက မြင်လိုက်ရပါ၏။
“ဒါ ဘယ်လို လောကကြီးတုန်း။ချင်းလဲ့ဓားသခင်က ဒီလိုလောက တစ်ခုကို ဘယ်လိုများဖန်ဆင်းနိုင်စွမ်းရှိ ရတာလဲ။ ပြီးတော့ ဒီ လောက က သူတို့ဘာသာ သူတို့ ဖွံ့ဖြိုးတိုးတက်ပြီးတော့ လှုပ်ရှားတဲ့ စည်းမျဉ်း စည်းကမ်းတွေက ရှိနေသေးတယ်။
ဒီလို စည်းမျဉ်း စည်းကမ်းတွေမရှိဘူးဆိုရင် ဒီလောကကို ဖန်ဆင်းဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ။ ချင်းလဲ့ဓားသခင်က တစ်ကယ်ပဲ ဒီ လောကကို ဖန်ဆင်းခဲ့တာလား။”
ဆုကျန်းက အရူးတယောက်လို တီးတိုးရေရွတ်ရင်း နှင့် စိတ်ရှုပ်ထွေးစွာဖြင့် ခြေလှမ်းနည်းနည်းတိုးလိုက်ပါ၏။
“မင်း ဘယ်သွားဖို့လဲ။” အလုပ်သမားခေါင်းဆောင်က ဆုကျန်း၏ နောက်မှ ကျိန်ဆဲလိုက်ပါ၏။
“ကိုယ့်သောက်လုပ်ကို လုပ်စမ်း။” ဆုကျန်းကလည်း ထိုလူအား အေးစက်စွာ စိုက်ကြည့်ရင်း ရင့်သီး စွာဖြင့်ပြောလိုက်ပါ၏။
ဆုကျန်းက ပုံမှန်ဆိုလျှင်သူအား ထိုကဲ့သို့ မလေးမစားမချေမငံသည့် လေသံနှင့်ပြောပါက ပါးရိုက်ပြီးတော့ ထိုသူကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်မည်ဖြစ်ပါ၏။ ဒါပေမဲ့ ယခုလက်ရှိ သူ့ခန္ဓာကိုယ်မှာ ကျင့်ကြံချင်းမရှိဘဲ အသက် ငါးဆယ်အရွယ်ခန့်ရှိသော သာမန်လူတစ်ဦး ဖြစ်နေသည်ကို သတိထားမိသောကြောင့် မလှုပ်ရှားခဲ့ခြင်း ဖြစ်ပါသည်။
ဒါပေမဲ့ ဆုကျန်းက စိတ်မပူပါ။ သူ့တွင် ကျင့်ကြံမှုမရှိသော်လည်း သူ၏ စိတ်ထဲ၌ ကျင့်ကြံချင်းနှင့်ပတ်သက်သော မှတ်ဉာဏ်များစွာ ရှိ ပါ၏။
သူ၏မူလကျင့်ကြံချင်းအဆင့်ဖြစ်သော မဟာသိုင်းဂိုဏ်း အဆင့် သို့ရောက်ရန်အတွက် အချိန်အတိုင်းအတာ တစ်ခုသာ လိုအပ်သည် ဟု သူကတွေးထားပါသည်။
လောလောဆယ်တော့ သူက အခုသူရောက်ရှိနေတဲ့လောကက ဘယ်လိုလောကဖြစ် နေလဲဆိုတာ ကို အရင်ဆုံး သတင်းစုဆောင်းပြီး ရှာဖွေရန် လိုပါ ၏။
ချင်းလဲ့ဓားသခင်က ဒီလောကကို ဘယ်လိုမျိုး စည်းမျဉ်း နိယာမတွေနဲ့ ဖန်ဆင်းထားလဲဆိုတာကို သိဖို့ သူလိုပါသည်။ ထို လောကကို ဖန်ဆင်းထားသည့် နိယာမများကို သိရှိပြီး နားလည် မှသာ ဤလောကမှ ပြန်လည်ထိုးဖောက်ထွက်ပြေးနိုင်ပြီး စန်းယွမ်နယ်မြေကြီးသို့ ပြန်နိုင်မည်ဖြစ်ပါ၏။
“အိမ်မက် ဝိဉာဉ် ကျောက်တုံးတဲ့လား။ ဘာများကြောက်ဖို့ လိုမှာလဲ။”
ဆုကျန်း၏ ပြန်လည်တုန့်ပြန်မှုကြောင့် အလုပ်သမားခေါင်းဆောင်က အူကြောင်ကြောင်ဖြစ်သွားခဲ့ပါ၏။ ပုံမှန်ဆိုလျှင် ဆုကျန်းကို အလွယ်တကူ အနိုင်ကျင့်နိုင်ပြီး မည်သည့်အရာမျှပြန်လည် မတုန့်ပြန်ဘဲ ခေါင်းငုံခံနေခြင်းသာဖြစ်ပါသည်။
ဆောက်လုပ် ရေးလုပ်ငန်းတွင်ရှိသော အခြားသော အလုပ်သမားများကပင် လျှင် ဆုကျန်း၏ပြောဆိုမှုကြောင့် မယုံကြည်နိုင်သော အမူအရာ များဖြစ်နေခဲ့ပါ၏။
“ ဒီနေ့လူအိုကြီးဆုက ဘာဖြစ်နေတာပါလိမ့်။” တစ်စုံတစ်ဦးက တီးတိုးပြောလိုက်ပါ၏။
“ငါလည်းမသိဘူး။” အခြားတစ်ယောက်ကလည်း ပဟေဋ္ဌိ ဖြစ်နေခဲ့ပါ၏။
“မင်းသွားမယ်ဆိုလို့ရှိရင် ဒီနေ့အတွက်နေ့စားခ မရဘူးမှတ်။ ခွေးသတောင်းစား။”
အလုပ်သမားခေါင်းဆောင်က အံ့ဩသင့် နေရာမှ သတိဝင်လာပြီးနောက်တွင် ကျယ်လောင်စွာဖြင့် ဆဲဆို လိုက်ပါ၏။
“မင်းတို့ ကောင်တွေဘာကြည့်နေတာလဲ။ သူနဲ့ တူတူအပြင် ထွက်ပြီးတော့ နေ့စားခ ပြုတ်ချင်လို့လား။”
ကျန် သောအလုပ်သမားများကိုပါ သူ၏ဒေါသများကို ပုံချရင်း အလုပ် သမား ခေါင်းဆောင်က ကျိန်ဆဲလိုက်ပြန်၏။
တစ်ခြားသော သူများမှာ ဆုကျန်းလိုမျိုး သတ္တိမရှိ ကြောင့် ခပ်မြန်မြန်ပင် ခေါင်းငုံကာ လုပ်စရာရှိသော အလုပ်များကို ပြန်လုပ်လိုက်ကြ ပါ၏။
ဆုကျန်းက လမ်းမထက်သို့ တစ်ဦးတည်း လမ်းလျောက် လာခဲ့ပါသည်။ သူမြင်နေရသော မြင်ကွင်းများကို ကြည့်ရင်းဖြင့် ပို၍ပင်ထိတ်လန့်တုန်လှုပ်လာခဲ့ပါ၏။
အဘယ်ကြောင့်ဆိုသော် ဤလောကကြီးက သူနားလည်ထားသော လောကနှင့် လုံးဝကို ကွာခြားနေသောကြောင့်ဖြစ်ပါ၏။ ဒီလောကကြီးက စန်းယွမ် နယ်မြေနှင့်လုံးဝကိုမတူညီနေခဲ့ပါချေ။
လမ်းတော်တော်လျှောက် ပြီးသောအခါတွင် ဆုကျန်းက သူ့မြေးဖြစ်သော ဆုရှန်းချီ ကို သတိရလိုက်ပါ၏။ သူနိုးထလာသောအခါတွင်သူနံဘေးတွင် ဆုရှန်းချီ ရှိမနေခဲ့ပါ။ ဖြစ်နိုင်တာကဆုရှန်းချီကတစ်ခြားတစ်နေရာ ရောက်သွားတာဖြစ်လိမ့်မယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ဆုရှန်းချီကိုသူမကယ်တင်နိုင်ပါ။
ပြဿနာတော့မရှိပါချေေ။ဒီလောကကနေ သူ့မြေးဖြစ်သူကိုပါ တစ်ပါတည်းခေါ်သွားရန်အတွက် ဆုကျန်းက တွေးထားပြီးသားဖြစ်ပါ၏။
ဒီလောကကြီးကို အမြန် ဆုံးနားလည်ဖို့ နည်းလမ်းက ဘာရှိမလဲ။
ဆုကျန်းက အတွေ့ အကြုံ ဗဟုသုတနှင့် ပြည့်စုံသောကြောင့် ဤလောကတွင် ရှိသော နယ်ခံလူများကို မေးမြန်းခြင်းက ဤလောကကို နားလည်နိုင်ရန်အတွက်အလွယ်ကူခြင်းနှင့် အထိရောက်ဆုံး နည်းလမ်းဖြစ်မှန်းကို သူက တွေးလိုက်မိပါ၏။
ထို့ကြောင့် လမ်းကိုလျှောက်နေရင်းနှင့် ဆုကျန်းက မေးစရာအတွက် လူကိုလိုက် ရှာနေပါသည်။ နောက်ဆုံးတွင်တော့ တံတားအောက်တစ်ခု တွင် လူငယ်လေးတစ်ဦးကို တွေ့လိုက်ရပါ၏။
“ဒီကောင့်ပုံစံ ကြည့်ရတာ သူတောင်းစားပဲ ဖြစ်ရမယ်။” ဆုကျန်းက တွေးလိုက် ပါ၏။ ဒါပေမဲ့ သေချာတော့ မသေချာပါ။ အဘယ်ကြောင့်ဆို သော် ဤလောက၏ သူတောင်းစားများက စန်းယွမ်နယ်မြေ တွင် သူသိသော သူတောင်စားများနှင့် မတူသောကြောင့် ဖြစ်ပါ၏။
ဤလောကရှိသူတောင်စားများက လွန်စွာ ပျင်းရိ ဟန်ရှိပါသည်။ စန်းယွန်နယ်မြေကြီးတွင်တော့ သူဖုန်းစားများ က ဖြတ်သွားဖြတ်လာသော ဝတ်ကောင်းစားလှနှင့် လူကြီးမင်း များအား အသည်းအသန်ဒူးထောက်ပြီးတော့ ငွေပေးရန်အတွက် သနားအောင်မျိုးစုံပြောပြီးတော့ အတင်းအကျပ်တောင်းလေ့ရှိ ပါ၏။
ဒါပေမဲ့ ဒီလောကရဲ့ သူတောင်စားကတော့ ပျင်းရိစွာ အိပ်စက်နေပြီး သူ၏ ခန္ဓာကိုယ်ကို လှုပ်ရန်အတွက်ပင် အလွန် တရာ ပျင်းရိနေဟန်ရှိပါသည်။
ဆုကျန်း က အနားသို့ တိုးကပ် သွား သောအခါတွင် ညစ်ပတ်ပေရေနေသော အဝတ်အစားများ ကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ဦးက အိပ်နေသည်ကို တွေ့လိုက်ရပါ၏။
ဆုကျန်းက ထိုလူငယ်ကို ဆောင့်ကန်လိုက်ပါ သည်။
“ဘယ်ကောင်လဲကွ။”
လူငယ်သူဖုန်းစားလေးက ဒေါသ တစ်ကြီးနှင့် ကျိန်ဆဲလိုက်ပါ၏။
“ထစမ်း။ ငါမင်းကိုမေးစရာရှိတယ်။”
“သွားသေလိုက်။” လူငယ်လေးက ကျိန်ဆဲလိုက်ပါ၏။
သူတောင်စား၏ကျိန်ဆဲခြင်းကို ခံရသော ဆုကျန်းက လွန်စွာ ဒေါသထွက်နေသော်လည်း သူ၏ဒေါသကို ကြိတ်မှိတ်ကာ ဖိနှိပ် ထားရပါ၏။
“ငါမင်းကို မေးခွန်းနည်းနည်းမေးမယ်။ ငါမင်းကို မေးခွန်းမေးတဲ့အတွက်ကြောင့်မို့လို့ခေါက်ဆွဲကျွေးမယ်ကွာ”
“ပေါက်ကရတွေ လာရောင်းမနေနဲ့။ စောက်ရူး။ ဒီက နေထွက်သွားလိုက်ကစမ်း” လူငယ်လေးက ဆုကျန်းကို မော့ပင်မကြည့်ဘဲ ဆက်တိုက်သာ ကျိန်ဆဲလိုက်ပါ၏။
ထိုအဖြစ်အပျက် က ဆုကျန်း၏မျက်လုံးများကို ပြူးကျယ်သွားစေခဲ့ပါသည်။
ဒီလောကရဲ့ သူဖုန်းစားတွေက ဒီလောက်တောင်မောက်မာရ တာလား။
“ညီအစ်ကို ဘာများဖြစ်လို့လဲဗျ။” ထိုအခိုက်မှာပင် တံတား၏ လိုဏ်ခေါင်းထဲမှ သက်လတ်ပိုင်းအရွယ်လူတစ်ဦးက ထွက်ပေါ်လာပြီးမေးလိုက်ပါ၏။
ထိုလူ၏ပုံစံမှာ ရိုးသားဟန်ရှိ ပြီး အနည်းငယ်စိတ်ဝင်စားနေဟန်ရှိပါ၏။ သူ၏နောက်ကျော တွင်တော့ ပလပ်စတစ်ရေပုလင်းများကို အထုတ်တစ်ထုတ်နဲ့ ထည့်ထားပြီးသယ်လာသည်ကို မြင်တွေ့လိုက်ရပါ၏။
“ကျုပ် မေးခွန်းနည်းနည်း မေးချင်လို့ဗျ။” ဆုကျန်းက ထိုသူကိုကြည့်ရင်း ပြောလိုက်ပါသည်။
“မေးပါဗျာ။ မေးပါ”
ထိုလူက ပြုံးပြလိုက်ပြီး သူ၏ သယ်ဆောင်လာသည့် ပလပ်စတစ် ရေဘူးအထုပ်ကိုချ လိုက်ပါ၏။ထို့နောက်တွင်ထိုင်ချပြီးပြောလိုက်ပါ၏။
“ဒီကောင်လေး က ဘာသိမှာမို့လို့လဲဗျာ။ ကျုပ်ကိုသာမေး။ ကျုပ်က အကုန်လုံး ကိုသိသလောက်ဖြေပေးမယ်။ ဒါပေမဲ့ လောလောဆယ်တော့ ကျုပ်မနက်ကတည်းက ဘာမှမစားရ သေးဘူး။ အဲဒီတော့ ခင်ဗျား မေးတဲ့မေးခွန်း အတွက် ကျုပ်ကို နည်းနည်းပါးပါး စားဖို့သောက်ဖို့အတွက်ငွေကြေးလေး ပေးနိုင် မယ်ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့ဗျာ”
ထိုသူက အပြုံးတစ်ခု နှင့်ပြောလိုက်ပါ၏။
“ငွေလိုတာ ဟုတ်လား” ဆုကျန်းက ခေါင်းညိတ်ပြလိုက်ပါ၏။
ဒါပေါ့ ။ အကူအညီရဖို့အတွက် ခွေး တစ်ကောင်ကိုတောင်မှ အစာကျွေးရမယ်မဟုတ်ဘူးလား။ ဆုကျန်းက သူ့ခန္ဓာကိုယ်ပေါ်တွင် ဟိုရှာဒီရှာ ရှာလိုက်ပါ၏။
ဒါပေမဲ့ သူ့ခန္ဓာကိုယ်ပေါ်၌ ငွေပြားတစ်ပြားမှ ပါမလာသည်ကို သိလိုက်ရပါသည်။ ဒါပေမဲ့ ကံကောင်းစွာနှင့် ပိုက်ဆံအိတ် တစ်အိတ်ကိုတော့ သူတွေ့ခဲ့ပါသည်။ ထိုပိုက်ဆံအိတ်က ဘာမှန်း ကိုသူနားမလည်ပါ။
ထိုအိတ်အတွင်း၌ သူနားမလည် သောအရာများစွာရှိနေပါ၏။ စာရွက်တော်တော်များများလည်း ရှိသည်။ ထိုစာရွက်များက ဘာမှန်းကိုသူမသိပါ။
“ ဒါတွေက ပိုက်ဆံမဟုတ်ဘူးလား။ ခင်ဗျားဘာတွေရှာနေတာလဲ”
ဆုကျန်း ၏အပြုအမူကို မြင်သောအခါတွင် ထိုလူက ထူးဆန်းနေသော အမူအရာနှင့် မေးလိုက်ပါ၏။
“ဟင် ဒါကပိုက်ဆံလား” ဆုကျန်းက အနည်းငယ်အံ့ဩသွားခဲ့ပါ၏။
မေးလိုက်သည့်သူက ပြောစရာ ပင်မရှိတော့ပါ။
ဒီလူက တစ်ကယ်ပဲ အရူးတစ်ယောက်များ လား။
“ ကဲဒီမှာဗျာ”
ဆုကျန်းက လက်ထဲတွင်ရှိသော ချက်လက်မှတ်များနဲ့ ပိုက်ဆံများအားလုံးကို ထိုသူ့ကို ပေးလိုက်ပါ၏။
ထိုသူ၏မျက်လုံးများ ပြူးကျယ်သွားပြီးနောက် အလန့်တကြား အော်ဟစ်လိုက်ပါ၏။
“ကျုပ်ကို အားလုံးပေးတာလား”
“ ဒါအားလုံး ခင်ဗျားအတွက်ပဲ”
ဆုကျန်းက ဂရုမစိုက်ပါ။
စန်းယွမ်နယ်မြေ၏ စွမ်းအားကြီး သိုင်းပညာရှင် ဖြစ်သော ဆုကျန်းက ငွေရေးကြေးရေးကို ဂရုစိုက်မယ်လို့ ခင်ဗျားထင်လို့လား။
သူက တစ်ခြားကမ္ဘာကို ရောက်နေတယ်ဆိုရင်တောင်မှ ဆုကျန်းက မကြောက်ရွံ့ပါ။ ငွေကြေးရှာရန်အတွက်မှာ သူ့အတွက်တော့ အလွယ်ကူဆုံးပင် ဖြစ်ပါသည်။
လုပ်စရာမရှိပါက သူက သိုင်းသင်တန်းကျောင်း တစ်ခု ဖွင့်ပြီးတော့ သိုင်းပညာသင်ပေးလိုက်မည်ဖြစ်ပါ၏။ သူ၏ သိုင်းပညာ အတွေ့အကြုံများနဲ့ဆိုလျှင် သူ၏ သိုင်းသင်တန်း ကျောင်းကို လူများစွာ တတ်ချင်လှသော ကြောင့် ရှေးဟောင်း တာအိုတောင်တန်းဂိုဏ်းမှ ကွမ်လမ် နန်းတော် အထိကိုပင် လူတန်းရှည်ကြီးဖြစ်အောင် တန်းစီထား ကြမည် ဖြစ်ပါ၏။ လူတိုင်းက သူ့အား ဆရာသခင်အဖြစ် တင်မြှောက်ချင်ကြမည်ဖြစ်သည်။
သူ့လက်ထဲတွင်ရှိသော စာရွက်နည်းနည်းလေးက ဘာမို့လို့လဲ။
ဆုကျန်းက လုံးဝကို ဂရုမစိုက်ပါ။ သူကထိုစာရွက်များကို လိုချင်ပါက နောက်ပိုင်း ကျလို့ရှိရင် သူအလိုရှိသလောက် ရောက်လာအောင် လုပ်နိုင် စွမ်းရှိပါသည်။
ပြီးတော့ ဒီစာရွက် နည်းနည်းလေးက ဘယ်လောက်များ တန်ဖိုးရှိမှာမလို့လဲ။ စန်းယွမ်နယ်မြေကြီး၌ ငွေတုံးများ၊ ငွေကြေးများကို အဖိုးထိုက်တန်သော ငွေရည်များ၊ ရွှေရည်များဖြင့် ထုလုပ်ပြီးတော့ သေချာကို အလှဆင်ထားခြင်း ဖြစ်ပါ၏။
ငွေတုံးတစ်ရာဆိုလျှင်ပင် တန်ဖိုးတော်တော် ကြီးမား နေပြီ ဖြစ်ပါသည်။ ဒီလောကက ငွေများက စာရွက်သာသာ ဖြစ်သည်သာ မဟုတ်ပါ့လား။ ဝါးပင်မှ ရသော စာရွက်များက ဘယ်လောက်တန်ဖိုးရှိမှာမို့လို့လဲ။