အခန်း (၃၅၃)
Vol. 30 Ch. 353
ထိုပန်းချီကားကို မြင်သော အခါ ဆုကျန်း၏ မျက်လုံးအရောင်များမှာ အရောင်တောက်ပ သွားပါ၏။ ထိုပန်းချီကားကို ဖွင့်လိုက်သောအခါတွင် ဆုကျန်းက စိတ်ဒုန်းဒုန်းချသွားခဲ့ပါ၏။
ထိုပန်းချီကားမှာ သူနဲ့အတူ ပါလာ သော မကောင်းဆိုးဝါးတစ္ဆေ ပန်းချီကားချပ်ဖြစ်ပါ၏။ မကောင်း ဆိုးဝါး တစ္ဆေပန်းချီကားချပ်မှာ သူနဲ့အတူတူ ဤလောကသို့ ရောက်လာမည်ဟု မမျှော်လင့်ထားခဲ့မိပါ။ သူ၏ မကောင်း ဆိုးဝါး တစ္ဆေပန်းချီကားချပ်က လီချန်းချင်း၏ ကျန်းရှန် ဓားဖွဲ့စည်းမှု အစီအရင်အောက်တွင် ပျက်ဆီးသွားခဲ့သည်ကို တွေးမြင်ပြီးနောက်တွင် ဆုကျန်းက လွန်စွာ နောင်တရနေ ခဲ့ပါ၏။
ပန်းချီကားချပ်မှာ စိတ်ဝိဉာဉ် စွမ်းအားများ ကုန်ခမ်းသွားပြီ ဆိုသော်လည်း ယင်းမှာ နာမည်ကျော်ကြား သော မကောင်းဆိုးဝါးတစ္ဆေ ပန်းချီကားချပ် ဖြစ်နေသေးသည် မဟုတ်ပါ့လား။ ၎င်းကိုရောင်းပြီးလျှင် သူပိုက်ဆံရရှိနိုင်မည် ဖြစ်သည်။ ပိုက်ဆံရမည်ဆိုလျှင် သူက ငွေကြေး၏ ကျွန်ပြုမှု အောက်ကနေပြီးတော့ လွတ်မြောက်နိုင်မည် မဟုတ်ပါ့လား။ အဲ့တာဆိုလို့ရှိရင် ဒီလောကကနေ သူထွက်သွားနိုင်မည် ဖြစ်သည်။
ဒါဆိုရင် ဒီပန်းချီကားကို ဘယ်မှာ သူ ရောင်းလို့ရပါ့ မလဲ။ ဆုကျန်း မသိပါ။
ထို့ကြောင့် သူက ဆောက်လုပ်ရေး လုပ်ငန်း ရှိရာသို့ ထွက်သွားခဲ့ပါ၏။ ထို့နောက်တွင်တော့ အလုပ်သမား ခေါင်းဆောင် ရှိ/မရှိကို တစ်ချက် ကြည့်ပြီး နောက်တွင် တိတ်တိတ်လေး ထိုနေရာမှ ထွက်လာခဲ့ပါသည်။
သူက အလုပ်သမား ခေါင်းဆောင်၏ ဆီပူအိုး၌ ကြော်ပြီး စားသောက်ခြင်းကို မခံလိုပါ။ လက်ရှိ၌ သူ့တွင် ခွန်အားမရှိ သောကြောင့် ထိုအရာမျိုး ကြုံလာပါက ခုခံနိုင်ရန် စွမ်းအား မရှိပါချေ။
ပထမဦးဆုံး အကြိမ် လူအိုကြီးဟွမ်နဲ့ တွေ့ခဲ့သည့် တံတားကို ဆုကျန်းက ပြန်လာပြီး လူအိုကြီးဟွမ်ကို လာရှာ ပါ၏။ ဤလောကတွင် သူသိသည်မှာ လူအိုကြီးဟွမ် တစ်ယောက်သာ ရှိပါ၏။
လူအိုကြီးဟွမ်က ဆုကျန်းလာသည်ကို မြင်သောအခါတွင် ဝမ်းမြောက်ဝမ်းသာနဲ့ စကားစ ပြောပါ၏။
ဆုကျန်း၏ ခြေထောက်က ရောင်ကိုင်းနေသည်ကို မြင်သော ကြောင့် ဆေးရုံသို့ သွားရန်အတွက် သူက ထပ်မံ၍ အကြံပြုခဲ့ ပါသည်။ ဒါပေမဲ့ ဆုကျန်းက ဆေးရုံသို့ သွားလိုစိတ်မရှိပါ။
ဤလောကမှ ထွက်သွားရန်ကသာ သူ့အတွက် အရေးကြီး ပါ၏။ သူသာ ထွက်သွားနိုင်လျှင် သူခံစားနေရသော ရောဂါ ဝေဒနာများမှာ မိနစ်ပိုင်းအတွင်း ပျောက်ကင်းသွားမည် ဖြစ်ပါသည်။
သူ့တွင်ရှိသော ရတနာပစ္စည်းကို ဘယ်မှာ ရောင်းချရမလဲလို့ လူအိုကြီးဟွမ်ကို သူက မေးမြန်းလိုက်ပါ၏။ ဆုကျန်း၌ ရှေးဟောင်းပစ္စည်းများရှိလိမ့်မည်ဟု လူအိုကြီးဟွမ် က မမျှော်လင့်ထားခဲ့မိပါချေ။ ထို့ကြောင့် လူအိုကြီးဟွမ်က ဆုကျန်းအား တုံးကျိုးမြို့၌ ရှေးဟောင်းပစ္စည်းများ ရောင်းချ၍ ရသည့် နေရာကို ဆုကျန်းကို ခေါ်သွားခဲ့ပါသည်။
ထိုလမ်းထဲ တွင် ရှေးဟောင်းပစ္စည်းဆိုင် များစွာတို့ရှိပါ၏။ ဤနေရာတွင် ရတနာပစ္စည်းများကို ရောင်းချနိုင်ပါသည်။ ဤနေရာသို့ ရောက်လာပြီးသည့် နောက်တွင် ဆုကျန်းက အမြင်ကျယ် သွားခဲ့ပါ၏။
လမ်းနှစ်ဖက်စလုံးတွင် ချပြထားသည့် ပစ္စည်း များမှာ လွန်စွာမှကို ခမ်းနားပြီး ထည်ဝါလှပါ၏။ ပြီးတော့ ဒီလမ်းက လူစည်ကားလှပါသည်။ ထို့အပြင် မြောက်မြားစွာ သော လူတို့က ထူးခြားဆန်းကြယ်သော ပစ္စည်းများစွာတို့ကို ဝယ်ယူနေသည်ကို သူတွေ့လိုက်ရပါ၏။
ထိုပစ္စည်းများမှာ စန်းယွမ်နယ်မြေကြီး၌ မရှိသည်ကို ဆုကျန်းက သတိထားမိ ခဲ့ပါသည်။
“လူအိုကြီးဟွမ် ငွေကြေးရဲ့ ကျွန်ပြုမှု အောက်ကနေ လွတ်မြောက်နိုင်ဖို့အတွက် လူတစ်ယောက်က ဘယ်လောက် ချမ်းသာဖို့ လိုတာလဲ။” ဆုကျန်းက လူအိုကြီးဟွမ်ကို မေးလိုက် ပါ၏။
“ငွေကြေးရဲ့ ကျွန်ပြုမှု ဟုတ်လား။” လူအိုကြီးဟွမ်က တစ်ခဏမျှတွေးပြီး ပြောလိုက်ပါ၏။
“အနည်းဆုံးတော့ ငွေတစ်မီလီယံ လောက်တော့ လိုမယ်ထင်တာပဲ။”
“တစ်မီလီယံ ဟုတ်လား။” ဆုကျန်းက ရယ်လိုက်ပါ၏။ တစ်မီလီယံဆိုသည်မှာ သိပ်များပြားသော ပမာဏ မဟုတ်ပါ ချေ။
“တစ်မီလီယံဆိုလို့ရှိရင် ငွေတုံးနဲ့ တွက်မယ်ဆိုလို့ရှိရင် ငွေတုံးဘယ်နှစ်တုံးရှိမလဲဗျ။” ဆုကျန်းက မေးလိုက်ပါ၏။
“ငွေတုံး ဟုတ်လား။” လူအိုကြီးဟွမ်က ထိုစကားကို ကြားသော် အနည်းငယ်တော့ အံ့ဩသွားခဲ့ပါ၏။ထို့နောက်တွင် သူက လက်ချောင်းများကို ချိုးလိုက်ပြီး တွက်ချက်လိုက်ပါ၏။
“ငွေတုံးအဖြစ်ပြောင်းမယ် ဆိုလို့ရှိရင် ငွေတုံးနှစ်သိန်းလောက် တော့ လိုမယ်ထင်တယ်ဗျာ။”
“ဟမ် ငွေတုံးနှစ်သိန်းပဲ လိုတာ လား။” ဆုကျန်းက ခေါင်းကို ခါလိုက်ပြီး ပြုံးလိုက်ပါ၏။ ဤလောကမှ ထွက်ရန်လိုအပ်သည့် လိုအပ်ချက်မှာ လွန်စွာမှာကို ရိုးရှင်းလှသည်ဟု သူက ခပ်ပြုံးပြုံး တွေးလိုက် ပါသည်။ ထိုအခိုက်တွင် သူတို့က ဆိုင်တစ်ဆိုင် အရှေ့သို့ ရောက်လာခဲ့ပါ၏။
ဆိုင်၏ နာမည်မှာ “ကျူ့ခုကျိုက်”ဟု ခေါ်၏။ ထိုဆိုင်းဘုတ်တပ်ထားသော ရှေးဟောင်း ပစ္စည်းဆိုင် အတွင်းသို့ သူတို့ ဝင်သွားခဲ့ပါသည်။ ကျူ့ခုကျိုက်ဆိုင်၏ ဝန်ထမ်းများက သူတို့ကို သူတောင်းစားများဟု ထင်ကာ မောင်းထုတ်ရန်အတွက် ပြင်ဆင်လိုက်ပါ၏။
ဒါပေမဲ့ သူတို့ ခန့်မှန်းထားသလို မဟုတ်ဘဲ ထိုသူနှစ်ဦးမှာ ရှေးဟောင်း ပစ္စည်းများ လာရောင်းသော ဖောက်သည်များ ဖြစ်နေခဲ့ပါ သည်။ ထို့ကြောင့် ဝန်ထမ်းများက ခပ်မြန်မြန်ပင် ဆိုင်ရှင်ကို ပြေးခေါ်ကြပါ၏။
ဆိုင်ရှင်မှာ အသက် လေးဆယ်ခန့်ရှိပြီ ဖြစ်သော်လည်း အိုမင်းသည့် ပုံမပေါက်ဘဲ ငယ်ရွယ်သည့်ဟန် ရှိပါသည်။ သူက ရှေးဟောင်းပစ္စည်း လောကတွင် နာမည် ကျော်ကြားသည့် လူတစ်ဦးလည်း ဖြစ်ပါသည်။ တစ်စုံတစ်ဦး က ရှေးဟောင်း ပန်းချီကားတစ်ချပ်ကို ရောင်းချမည်ဟု ကြားသောကြောင့် သူကိုယ်တိုင်ပင် ရောက်လာပြီး ခပ်မြန်မြန် ပင် ထိုပန်းချီကားကို ကြည့်လိုခဲ့ပါ၏။
“လူကြီးမင်းတို့ ကျုပ်တို့ ဘယ်ပန်းချီကားကို ကြည့်ရမှာလဲဗျ။” ကျောက်ယုံဟုခေါ်သော သူဋ္ဌေးက အပြုံးနဲ့ နှုတ်ဆက်လိုက်ပါ၏။
“ကျုပ်ခင်ဗျားကို ပန်းချီကား ပြနိုင်တယ်။ ဒါပေမဲ့ ပန်းချီကားကို မပျက်ဆီးစေနဲ့”
ဆုကျန်းက လွန်စွာသတိကြီးစွာဖြင့် ပန်းချီကားအား စားပွဲပေါ်၌ ဖြေးညင်းစွာဖြင့် ဖြန့်ပြလိုက်ပါ၏။ ဆုကျန်းက လွန်စွာ ဂရုတစိုက်နဲ့ ကိုင်တွယ်နေသည်ကို မြင်သောကြောင့် ကျောက်ယုံကလည်း လက်အိတ်များကို ဝတ်ဆင်လိုက် ပါသည်။
ပန်းချီကားချပ်က စားပွဲပေါ်သို့ ပြန့်သွားသည့် အခါတွင် သူက ဖြေးညင်းစွာဖြင့် ပန်းချီကားကို ကိုင်တွယ်ကာ ကြည့်လိုက်ပါ၏။
ကျောက်ယုံ၏ မျက်စိရှေ့တွင် မကောင်း ဆိုးဝါးတစ္ဆေ ပန်းချီကားက ပေါ်ထွက်လာခဲ့ပါ၏။ ရှေးဟောင်း ပစ္စည်းလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော ကျောက်ယုံပင်လျှင် ဤပန်းချီကားကို မြင်သောအခါတွင် ထိတ်လန့်သွားခဲ့ပါ၏။
“ ဒါ ဒါ ဒါကဘာလဲ”
“ဆိုင်ရှင် ခင်ဗျား ကြိုက်ဈေးခေါ်လိုက်။” ဆုကျန်းက ပြောလိုက်ပါ၏။ ကျောက်ယုံ၏ ထိတ်လန့်သွားသော မျက်နှာ အမူအရာကို မြင်သောကြောင့် သူက မာနကြီး တစ်ခွဲသားနဲ့ ပြောလိုက်ခြင်း ပဲ ဖြစ်ပါသည်။
လူအိုကြီးဟွမ်က ပန်းချီကားကို အပေါ်အောက် ကြည့်နေပြီး ဤပန်းချီကား၏ ထူးခြားချက်ကို မဝေခွဲနိုင် ဖြစ်နေခဲ့ပါသည်။
“အမ် လူကြီးမင်းတို့ ဒီပန်းချီကားကို ကြည့်ရတာ တန်ဖိုးကြီးတဲ့ ပုံစံမျိုးမရှိဘူးဗျ။”
ကျောက်ယုံက ပြောလိုက်ပါ၏။ သူ၏ ရင်ထဲ၌ ဒေါသကို မြိုသိပ်ထားပြီး ညင်သာစွာဖြင့်ပြောလိုက်ပါ၏။
“မင်းက တန်ဖိုးကြီးပစ္စည်း ဆိုတာ ဘာလဲဆိုတာရော သိလို့လား။” ဆုကျန်းက မျက်မှောင် ကျုံ့ကာပြောလိုက်ပါ၏။
“ဒါက ပန်းချီသူတော်စင်ဖြစ်တဲ့ တစ္ဆေအရှင် ဖန်းလျင်းကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကား ကွ။”
“ ဟား ဟား”
ကျောက်ယုံက ရယ်လိုက်ပါ၏။
“ဒီလူအိုကြီး က ရူးနေတာပဲ။” သို့ပေမယ့် ထိုအခိုက်မှာပင် ဝတုတ်တုတ် ကောင်လေးတစ်ယောက်က ဆိုင်ထဲမှ ထွက်လာပြီးနောက် တွင် ပန်းချီကားကို မြင်ပြီးနောက် အလန့်တကြား အော်ဟစ် လိုက်ပါ၏။
“ ဟာ ဒါက….”
“ဘာဖြစ်လို့လဲသားလေး။”
ကျောက်ယုံ ၏သား ကျောက်ဆုန်းကျီက ယနေ့တွင် ဆိုင်သို့ရောက်လာပြီး ဆော့ကစားနေခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့သည် ကျောင်းပိတ်ရက်ဖြစ်သော စနေ၊ တနင်္ဂနွေဖြစ်သောကြောင့် ဖြစ်၏။
ယခုကဲ့သို့ သူ့သားက အလန့်တကြားဖြစ်ပြီး အံ့အား သင့်သွားသည့် မျက်နှာ အမူအရာမျိုးကို ဖခင်ဖြစ်သူ ကျောက်ယုံက မမြင်ဖူးသောကြောင့် မေးလိုက်ခြင်းဖြစ်ပါ၏။
“ပိုကီမွန်တွေကို စုတ်တံနဲ့ ဆွဲထားတာပဲ။ အရမ်းမိုက်တယ်။” ကျောက်ဆုန်းကျီက သဘောကျစွာဖြင့် ဟစ်ကြွေးလိုက် ပါသည်။