အခန်း (၃၅၈)
Vol. 30 Ch. 358
“ကျုပ်က ဘာဖြစ်လို့ ဆုမိသားစုနဲ့ မင်္ဂလာပွဲကို သဘောတူညီခဲ့လဲဆိုတာကို ခင်ဗျားသိလား။ လီချန်းချင်းက အနည်းငယ် တုန့်ဆိုင်းနေသည်ကို မြင်သောကြောင့် ကွမ်ကျူးက လှည့်ကြည့်လိုက်ပြီး မေးလိုက်ခြင်း ဖြစ်ပါသည်။
“ကျုပ်ကို ပြောပြလေ။”
ဆုမိသားစုက ဘာတွေများပေးလိုက်လို့ လုရှီရန်နဲ့ လက်ထပ်ပေးဖို့ ကွမ်ကျူးက သဘောတူညီခဲ့လဲဆိုတာကို လီချန်းချင်းက တကယ်သိချင်နေတာပါ။
“ဆုမိသားစုရဲ့ စွမ်းအားအရမ်းကြီးတဲ့ ပန်းချီရတနာကို ငှားရမ်းခွင့်နဲ့ပေါ့ဗျ။” ကွမ်ကျူးက လွန်စွာ လေးနက်သောအသံဖြင့် ပြောလိုက်ပါ၏။
“မဟာထောင်ချီ ပန်းချီကား”
“မဟာထောင်ချီပန်းချီကား ဟုတ်လား။” လီချန်းချင်းက ခေါင်းညိတ်ပြလိုက်ပါ၏။ လက်ထပ်ထိမ်းမြားပွဲကို သဘောတူညီရခြင်းမှာ ပန်းချီကားကို ငှားရမ်းရန် ဖြစ်ကြောင်းကို လီချန်းချင်းက သိလိုက်ပါ၏။
ဒါပေမဲ့ မဟာထောင်ချီ ပန်းချီကားဆိုတာက ဘာကြီးလဲ။
လီချန်းချင်း၏ သာမာန်ဖြစ်နေသော အမူအရာကို မြင်သောအခါတွင် ကွမ်ကျူးက အနည်းငယ်တော့ အံ့အားသင့်သွားခဲ့ပါ၏။ လီချန်းချင်းသည် ပန်းချီဆရာဖြစ်သော်လည်း မဟာထောင်ချီ ပန်းချီကားဟူသည့် အမည်ကို ကြားသော် မည်သည့် တုန့်ပြန်မှုမှ မဖြစ်သောကြောင့်ပင်ဖြစ်သည်။
လီချန်းချင်း၏ ကျန်းရှန်စင်မြင့် ပန်းချီရတနာ၏ စွမ်းအားက မဟာထောင်ချီ ပန်းချီကား၏ စွမ်းအားနှင့် သိပ်မကွာသည်ကို ကွမ်ကျူးက ပြန်လည်၍ တွေးတောမိသွားပါ၏။ ဖြစ်နိုင်တာက လီချန်းချင်းမှာ ပန်းချီ အင်မော်တယ်တစ်ပါးရဲ့ စွမ်းအားတွေ ရှိနေတာများလား။
“ ပန်းချီရတနာတွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဆုမိသားစု၏ အုတ်မြစ်က အရမ်းကို စွမ်းအားကြီးပြီး သန်မာလွန်းတယ်။ ဥပမာပြောရရင်ဗျာ ခုနတုန်းက စုကျန်းအသုံးပြုခဲ့တဲ့ မကောင်းဆိုးဝါး တစ္ဆေပန်းချီရတနာကိုပဲ ပြောတာပေါ့။ မကောင်းဆိုးဝါးတစ္ဆေပန်းချီရတနာက ထိပ်တန်းပန်းချီရတနာတွေထဲက တစ်ခုဖြစ်ပြီးတော့ စွမ်းအားအရမ်းကြီးမားတယ်”
ကွမ်ကျူးက ရှင်းပြလိုက်ပါ၏။ လီချန်းချင်းက ခေါင်းညိတ်ပြသည်။ ကွမ်ကျူးပြောသည့်စကားမှာ မှန်ကန်ပါ၏။ စစချင်းတုန်းက စုကျန်းက သူနဲ့ ခွန်အားအရာ၌ သူမသာ ကိုယ်မသာရှိပါသည်။ သူ၏ ချင်းလဲ့ဓားအစီအရင်မှ ကိုယ်ပိုင်ခွန်အားကိုအသုံးပြုပြီး ထိုးဖောက်နိုင်စွမ်း မရှိပါချေ။
ဒါပေမဲ့ မကောင်းဆိုးဝါးတစ္ဆေပန်းချီကားကို ထုတ်ယူလိုက်သည့် အခါတွင်တော့ စုကျန်းက တိုက်ပွဲအခြေအနေမှာ သူ့ဘက်ကို ချက်ချင်းအားသာသွားအောင်တစ်ချက်တည်း လုပ်နိုင်ခဲ့ပါသည်။
မကောင်းဆိုးဝါး တစ္ဆေသုံးသောင်းက ရုတ်တရတ် ပေါ်ပေါက်လာပြီး သူ၏ ချင်းလဲ့ဓားအစီအရင်ကို မိနစ်ပိုင်းအတွင်းတွင်ပင် ချိုးဖြတ်နိုင်ခဲ့ပါသည်။ သူ့တွင်၌ ကျန်းရှန်စင်မြင့်ပန်းချီ ရတနာသာ မပိုင်ဆိုင်ထားခဲ့ပါက ယနေတွင် သူက စုကျန်းကို ဆိုးဆိုးဝါးဝါးကြီးကို ရှုံးနိမ့်ခဲ့ရမည် ဖြစ်ပါသည်။
“မဟာထောင်ချီပန်းချီကားကို ကျုပ်ငှားရမ်းချင်တဲ့ အကြောင်းပြချက်ကတော့ သိပ်မကြာခင်မှာ အဖြူအနက် လျှို့ဝှက်နယ်မြေက ပွင့်လာတော့မှာ ကြောင့်ပါ။”
ကွမ်ကျူးသည် လေးလံနေသော နှလုံးသားနဲ့ပြောလိုက်ပါ၏။
“အဖြူအနက် လျှို့ဝှက်နယ်မြေက ပွင့်လာတော့မယ်။ ဟုတ်လား။”
လီချန်းချင်းသည် အတိတ်တုန်းက အဖြူအနက် လျှို့ဝှက်နယ်မြေနဲ့ ပတ်သက်ပြီးတော့ လောရှောင်ချွမ်နဲ့ ဆွေးနွေးခဲ့ဖူးပါ၏။ ထို့ကြောင့် သူက ထိုလျှို့ဝှက်နယ်မြေကို အနည်းငယ်တော့ ရင်းနှီးနေခဲ့ပါသည်။ စန်းယွမ်နယ်မြေကြီး တစ်ခုလုံးတွင် အဖြူအနက် လျှို့ဝှက်နယ်မြေမှာ အထူးခြားဆုံး အဆန်းကြယ်ဆုံး သော နေရာ တစ်ခု ဖြစ်ပါ၏။
ယင်းနေရာ၏ တည်ရှိမှုမှာ တစ္ဆေမျိုးနွယ်တို့ နေထိုင်ရာ တိမ်ကန္တာရနယ်မြေ၏ အတွင်းပိုင်း နက်နက်တွင် တည်ရှိသည်ဟု ဆိုကြပါ၏။ ကောလဟာလတွေအရတော့ ထိုနေရာက စန်းယွမ်နယ်မြေကြီး စတင်မွေးဖွားလာရာနေရာဟု ဆိုကြပါသည်။
မရေမတွက် နိုင်သော လျှို့ဝှက်ချက် များစွာ တို့ကလည်း အဖြူအနက် လျှို့ဝှက်နယ်မြေ၌ ရှိကြပါ၏။
ထိုလျှို့ဝှက်နယ်မြေတွင် အင်မော်တယ် တစ်ပါး ဖြစ်လာနိုင်မည့် လျှို့ဝှက်ချက်များပင် ရှိသည်ဟု ကောလဟာလများကတော့ ဆိုပါသည်။ ထို့ကြောင့် စွမ်းအားကြီး ပုဂ္ဂိုလ် များစွာတို့က အဖြူအနက် လျှို့ဝှက်နယ်မြေကို စိတ်ဝင်စား နေကြခြင်း ဖြစ်ပါ၏။
လူသားမျိုးနွယ်၏ သူတော်စင်လေးပါးပင်လျှင် တစ်ချိန်တုန်းက အင်အားအတူတူ ပူးပေါင်းပြီး အဖြူအနက် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ကာ အင်မော်တယ် ဖြစ်ရမည့် နည်းလမ်းကို ရှာဖွေခဲ့ပါသေးသည်။ အဖြူအနက် လျှို့ဝှက်နယ်မြေက တိကျသတ်မှတ်ထားသော အချိန်တစ်ခုတွင်သာ ပွင့်လေ့ရှိပါ၏။
“ခင်ဗျားက အဖြူအနက်လျှို့ဝှက်နယ်မြေထဲကို သွားမလို့လား။”
လီချန်းချင်းက မျက်မှောင်ကျုံ့ပြီးနောက် မေးလိုက်ပါ၏။
“အဲ့လိုဆိုရင်တော့ ခင်ဗျားကိုကျုပ် ငှားလို့ မဖြစ်လောက်ဘူးဗျ။ တကယ်လို့ ကျုပ်က ကျန်းရှန်စင်မြင့်ကို လိုချင်တဲ့အခါကျလို့ရှိရင် အဖြူအနက် လျှို့ဝှက်နယ်မြေထဲကို ဝင်ပြီး ခင်ဗျားကို လိုက်ရှာရမှာလား”
လီချန်းချင်းက ထိုကဲ့သို့သော အန္တရာယ်ကြီးမားသည့် နေရာထဲသို့ သွားရောက်ရန်အတွက် မတွေးထားခဲ့ပါ။
“ရောင်းရင်းက ကျုပ်ကို နားလည်မှု လွဲနေပြီဗျ။” ကွမ်ကျူးက တစ်ချက်ရယ်လိုက်ပြီးနောက် ဦးခေါင်းကို ခါယမ်းလိုက်ပါသည်။
“ဒါပေါ့ဗျာ ကျုပ်ကတော့ အဖြူအနက် လျှို့ဝှက်နယ်မြေထဲကို မသွားဘူးပေါ့။ အဲ့ဒီကနေ ပြန်ထွက်လာမယ့်သူ ရှိတယ်။”
“အဲ့ဒီ ပြန်ထွက်လာမယ့်သူကို စိုးရိမ်တဲ့ အတွက်ကြောင့်မလို့ ကျုပ်က ငှားတာပါ”