← Chapters

အခန်း (၃၅၉)

Vol. 30 Ch. 359

အခန်း (၃၅၉)

Vol. 30 Ch. 359

“အို အဖြူအနက် လျှို့ဝှက်နယ်မြေထဲက လူတွေပြန်ထွက်လာတယ်။ ဟုတ်လား။”

“အဖြူအနက်လျှို့ဝှက်နယ်မြေထဲက ပြန်ထွက်လာနိုင်တဲ့ လူတွေက အဲ့ဒီထဲမှာ ကြီးကြီး မားမား ကံကောင်းမှု တစ်ခုခုကိုတော့ တွေ့ခဲ့မှာပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အဲ့ဒီကနေ ပြန်ထွက်လာတဲ့ လူတွေက သူတို့ရဲ့ ပုံမှန်စိတ်တွေ မဟုတ်တော့ဘူး”

“ သူတို့က အဲ့ဒီမှာ ဘယ်လိုအရာတွေ ကြုံတွေ့ခဲ့လဲဆိုတာက ဘယ်သူမှ မသိနိုင်ဘူး။ ပြန်ထွက်လာတဲ့ လူတွေက ရုပ်ရည်ပိုင်းဆိုင်ရာ တူနေပေမယ့် စိတ်ပိုင်းဆိုင်ရာ ကတော့ တစ်ခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသလိုမျိုးကို ဖြစ်ကြတယ်”

“ အလားတူ တူညီတဲ့ ဖြစ်ရပ်တွေက သမိုင်းတစ်လျှောက်လုံးမှာ အမြဲတမ်း ဖြစ်နေကြပဲဗျ။ ဥပမာ ပြောရရင်ဗျာ တစ်ချိန်တုန်းက အရမ်းကို စွမ်းအားကြီးတဲ့ ဟန်ယွမ် ဓားဂိုဏ်းဆိုတာရှိတယ်။ ဟန်ယွမ်ဓားဂိုဏ်းရဲ့  ဂိုဏ်းချုပ်က အဖြူအနက်လျှို့ဝှက်နယ်မြေထဲကို ဝင်သွားခဲ့ဖူးတယ်။ သူဝင်သွားခဲ့တုန်းက သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က အဆင့်မြင့်ဆရာသခင် အဆင့်မှာရှိတယ်။ သူဝင်သွားပြီး နောက်ပိုင်းမှာ သူ့သတင်းက နှစ်ပေါင်း ခြောက်ဆယ်ကျော်လုံးကို လုံးဝ တိမ်မြုပ်ပြီး ပျောက်ကွယ်သွားခဲ့တယ်”

“ ဒါပေမဲ့ မမျှော်လင့်ထားပဲနဲ့ တစ်ရက်မှာ အဖြူအနက် လျှို့ဝှက်နယ်မြေပြန်ပွင့်တဲ့ အချိန်မှာ ဟန်ယွမ်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က လျှို့ဝှက်နယ်မြေထဲက ပြန်ထွက်လာတယ်။ သူထွက်လာတဲ့ အချိန်မှာ သူ့ရဲ့ ကျင့်ကြံအဆင့်က မဟာသိုင်းဂိုဏ်းအဆင့်ကို ရောက်နေပြီ”

“ ဟန်ယွမ်ဓားဂိုဏ်းက မဟာသိုင်းဂိုဏ်းအဆင့်ရောက်သွားတဲ့ ဂိုဏ်းချုပ်က ဂိုဏ်းကို ပြန်လာတယ်ဆိုတော့ အရမ်းကို ပျော်ရွှင်ပြီးတော့ ကြိုဆိုကြတာပေါ့။ ဒါပေမဲ့ သူပြန်ရောက်ပြီး ၁၃ရက်မြောက် နေ့မှာပဲ သူက ဂိုဏ်းတစ်ဂိုဏ်းလုံးကို ကလေးရော ခွေးရော တစ်ယောက်မကျန် သတ်ဖြတ်ခဲ့တဲ့အပြင် သူ့ရဲ့ သမီးအရင်းဖြစ်တဲ့သူကိုပါ ချမ်းသာမပေးဘဲနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်”

“ ဟန်ယွမ်ဓားဂိုဏ်းတစ်ခုတည်း မဟုတ်ဘူး။ အဲ့လိုမျိုး မတော်တဆ ဖြစ်ရပ်တွေက အဖြူအနက် လျှို့ဝှက်နယ်မြေက ထွက်လာတဲ့ လူတိုင်း ဖြစ်ကြတယ်။ တစ်ချို့လူတွေက လုံးဝကို ရူးသွားကြတယ်။ တစ်ချို့လူတွေက အဖြူအနက် လျှို့ဝှက်နယ်မြေထဲမှာ သူတို့ လုံးဝကို မယုံကြည်နိုင်တဲ့ မြင်ကွင်းကို မြင်ခဲ့ပြီးတော့ စိတ်ဖောက်ပြန်သွားကြတယ်။

တစ်ချို့လူတွေက အဖြူအနက် လျှို့ဝှက်နယ်မြေထဲက ထွက်လာတာနဲ့ “ကံကြမ္မာကို ဖြတ်တောက်ရမယ်။ အနှောင်အဖွဲ့တွေကို ဖြတ်တောက်ရမယ်။” ဆိုပြီးတော့ သူတို့နဲ့ ပတ်သက်သမျှလူတွေကို အရူးအမူး လိုက်သတ်ကြတာချည်းပဲ။ တစ်ချို့လူတွေကကြတော့ ပိုပြီးတော့ ရူးသွပ်ဖွယ်ကောင်းတဲ့ လုပ်ရပ်တွေကို လုပ်နေကြသေးတယ်”

ထို့နောက် ကွမ်ကျူးက ဖြေးညင်းစွာဖြင့် ပြောလိုက်ပါ၏။

“တကယ်လို့ မမျှော်လင့်ထားတဲ့ အရာတွေသာ မဖြစ်ဘူးဆိုရင်တော့ ဒီတစ်ခါ အဖြူအနက် လျှို့ဝှက်နယ်မြေ ပွင့်တဲ့အချိန်မှာ ကွမ်လမ်နန်းတော်က တစ်စုံတစ်ယောက်က အဲ့ဒီ အထဲကနေ ပြန်ထွက်လာလိမ့်မယ်”

“ ကွမ်လမ်နန်းတော်က ဟိုးအရင်တုန်းက အဖြူအနက်လျှို့ဝှက်နယ်မြေထဲကို ဝင်သွားတဲ့လူက အခုတစ်ခေါက် ပြန်ထွက်လာတယ် ဆိုရင်တောင်မှ ခင်ဗျားက ဘာတွေ ကြောက်နေတာလဲ”

လီချန်းချင်းက အနည်းငယ် ထူးဆန်းသည်ဟု ခံစားရပါသည်။

“ခင်ဗျားက အခုလက်ရှိမှာ အင်မော်တယ် တစ်ပိုင်းအဆင့် ဖြစ်နေပြီ မဟုတ်ဘူးလား။ ဘာလို့လဲ။ ခင်ဗျား အဲ့လောက်ထိ စိတ်မအေးနိုင်ရတာ ပြန်ထွက်လာမယ့်သူက ခင်ဗျားလိုပဲ အင်မော်တယ်တစ်ပိုင်းအဆင့်  ဖြစ်နေတာမလို့လား။ အဲ့လောက်ကြီးထိ သတိကြီးနေဖို့တော့ မလိုဘူးလို့ ကျုပ်ထင်တယ်။”

လီချန်းချင်းက နားမလည်သောကြောင့် မေးလိုက်ပါသည်။ ကွမ်ကျူးသည် အချိန်အကြာကြီး တိတ်ဆိတ်နေ၏။ သူ၏ ရွှေအိုရောင် မျက်ဝန်းများမှာ ဆိုင်ကလေး၏ မျက်နှာကျက်ကိုသာ စိုက်ကြည့်နေခဲ့ပါသည်။ ထို့နောက်မှ သူက ဖြေးညင်းစွာဖြင့် ပြောလိုက်ပါ၏။

“အဲ့ဒီကနေ ထွက်လာမယ့် တစ်စုံတစ်ယောက်က အမှန်တကယ်ပဲ အင်မော်တယ် တစ်ပိုင်းအဆင့်ကို ရောက်နေ လောက်တယ်။”

ထိုစကားကို ကြားသော်အခါ လီချန်းချင်းက အံ့အားသင့်သွားခဲ့ပါ၏။

ဘယ်ကတည်းက အင်မော်တယ် တစ်ပိုင်းအဆင့်တွေက ဂေါ်ဖီထုပ်တွေလိုမျိုး ပေါနေရတာလဲ။

“ကျုပ်က အပြည့်အဝ ကြိုပြီးပြင်ဆင်ထားတာပါ။” ကွမ်ကျူးက တည်ငြိမ်စွာဖြင့် တိုးတိတ်စွာ ပြောလိုက်ပါသည်။

“ အဖြူအနက် လျှို့ဝှက်နယ်မြေကို သူဝင်သွားတဲ့ အချိန်တုန်းက သူ့ရဲ့ ကျင့်ကြံအဆင့်က မဟာသိုင်းဂိုဏ်းအဆင့်ကို ရောက်နေပြီ။ ဒါပေမဲ့ သူပြန်ထွက်လာရင် အင်မော်တယ်  တစ်ပိုင်းအဆင့်ကို ရောက်နေဖို့ဆိုတာ မသေချာဘူးဆိုပေမယ့် တပ်အပ်တော့ ပြောလို့မရဘူး။ တကယ်ပဲ သူက အင်မော်တယ်  တစ်ပိုင်းအဆင့်ကို ရောက်နေမယ် ဆိုရင်တော့ ကျုပ် ကောင်းကောင်းပြင်ဆင်ထားမှ ရလိမ့်မယ်”

ကွမ်ကျူး၏ အကြောင်းပြချက်ကို ကြားသော အခါတွင်တော့ လီချန်းချင်းက မည်သည့်အရာကိုမှ ဆက်လက်၍ မပြောတော့ပါ။ ကွမ်ကျူးသည် အလွန်အမင်းကို စိတ်ပူပန်နေသည်ကိုတော့ လီချန်းချင်းက ခံစားနေခဲ့ရပါ၏။

ကျန်းထျန်းယွမ်နှင့်သူ အတိတ်တုန်းက တိုက်ခိုက်ခဲ့စဉ်အခါတုန်းက သူတို့နှစ်ဦး၏ တိုက်ပွဲရလဒ်ကို မည်သူမှ မသိခဲ့ပါ။ ကွမ်ကျူး၏ လက်ရှိအခြေအနေကို ကြည့်လိုက်သည့်အခါတွင်တော့ ဖြစ်နိုင်တာက ကွမ်ကျူးက အတွင်းဒဏ်ရာ ပြင်းပြင်းထန်ထန် တစ်ခုခု ရခဲ့သည့်ပုံ ရှိပါသည်။

ထို့ကြောင့် ကွမ်ကျူးက သူ့ရဲ့ အထွတ်အထိပ် အခြေအနေ စွမ်းအားတွေကို ထုတ်မသုံးနိုင်တာကြောင့် အဖြူအနက်လျှို့ဝှက်နယ်မြေက ပြန်ထွက်လာမယ့် ဆန်းကြယ်တဲ့လူကို စိတ်ပူနေတာ ဖြစ်တန်ရာ၏။

“ကောင်းပြီ”

အချိန်တော်တော်ကြာကြာ တွေးပြီးနောက်တွင် လီချန်းချင်းက ကွမ်ကျူး၏ တောင်းဆိုမှုကို လက်ခံလိုက်ပါသည်။ သူက ကျန်းရှန်စင်မြင့်အား ကွမ်ကျူးကို ငှားရမ်းမည်ဟု ဆုံးဖြတ်ချက် ချလိုက်၏။

“ကျေးဇူးတင်ပါတယ်။” လီချန်းချင်း၏ နှုတ်ထွက်စကားကို ကြားပြီးသည့်အခါမှသာ ကွမ်ကျူးက စိတ်မော လက်မောနဲ့ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပါသည်။

“ခင်ဗျားလိုအပ်တဲ့ အချိန်ရောက်ရင် ကျုပ်ကို လာရှာလိုက်။”

ကွမ်ကျူးက ကျန်းရှန်စင်မြင့်ကို သူ့အား ပြန်မပေးမည် ကိုတော့ လီချန်းချင်းက စိတ်မပူပါ။ အဘယ်ကြောင့်ဆိုသော် ကျန်းရှန်စင်မြင့်က အစစ်အမှန် ပန်းချီရတနာ မဟုတ်သောကြောင့် ဖြစ်၏။ ကျန်းရှန်စင်မြင့်မှာ ပန်းပုရတနာ ဖြစ်ပါသည်။ ပန်းချီရတနာများကဲ့သို့ ပန်းချီစာလိပ်ကို ကြားခံအဖြစ်ထားပြီး ကောင်းကင်နဲ့ မြေကြီးစွမ်းအားများကို စုပ်ယူနိုင်စွမ်း ယင်းတွင် မရှိပါချေ။

ကွမ်ကျူးက အမှန်တကယ်ပဲ သူ့အား ပြန်မပေးပါကလည်း ပန်းပုရုပ်ထုမှာ အကြိမ်အနည်းငယ်ခန့် သုံးပြီးသည့်အခါတွင် သူ့အလိုအလျောက် ပျက်စီးသွားလိမ့်မည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုကျန်းရှန်စင်မြင့် ပန်းပုရုပ်ကို လီချန်းချင်း ထုလုပ်သည့်အခါတွင် အသုံးပြုထားသည့် သစ်သားမှာ စွမ်းအားကြီးမားပြီး ဆန်းကြယ် လှသော အဖိုးတန်သစ်သားများ မဟုတ်ဘဲ သာမာန်သစ်ပင်မှ သစ်သားကို အသုံးပြုပြီး ထုလုပ်ထားခြင်းကြောင့် ဖြစ်ပါ၏။ ထို့ကြောင့် အကြိမ်ရေ အနည်းငယ်ခန့် အသုံးပြုပြီးသွားလျှင် သူ့အလိုအလျောက် ပျက်စီးသွားမည်ကို လီချန်းချင်း ကောင်းကောင်းသိပါသည်။

ထို့အပြင် ကျန်းရှန်စင်မြင့် ရတနာနဲ့ ခုနစ်ရောင်ခြယ်ဆေးလုံးကို လဲလှယ်လိုက်ခြင်းကလဲ ဆိုးတော့မဆိုးလှဟု လီချန်းချင်းက တွေးမိပါ၏။ အကယ်၍ ကွမ်ကျူးက ကျန်းရှန်စင်မြင့် ပန်းပုရတနာကို သိမ်းထားပြီး သူ့ကို ပြန်လည်တိုက်ခိုက်ပါက လီချန်းချင်းက စိတ်မပူပါချေ။ လီချန်းချင်း၌ ကျန်းရှန်စင်မြင့် ရတနာထက် များစွာ ပို၍ အားကောင်းသော ပန်းပုရုပ်ထုများစွာရှိပါသေး၏။

ကွမ်ကျူးကသာ သူ့ကို သစ္စာဖောက်ပြီး ရန်သူလိုမျိုး တိုက်ခိုက်မည် ဆိုပါက သူကလည်း လီချန်းချင်းဆိုတဲ့ကောင်က ဘာကောင်လဲဆိုတာကို သိအောင် ကောင်းကောင်းကြီး အကြောင်းပြပေးလိုက်မည် ဖြစ်ပါ၏။

ပေါက်စီကို စားရင်းနဲ့ စန်းယွမ်နယ်မြေကြီး၏ အချို့သော လျှို့ဝှက်ချက်များကို ကွမ်ကျူးထံမှတစ်ဆင့် လီချန်းချင်းက သိလာခဲ့ရပါသည်။

ကိစ္စများ ပြီးစီးသွားသည့်အခါ၌ လီချန်းချင်းသည် စားသောက်ဆိုင်ထဲမှ ထွက်ခဲ့ပါသည်။ ယခုအချိန်တွင်တော့ လီချန်းချင်း သိချင်သည်မှာ ယွဲ့ဟန်ကျွင်း၏ အကြောင်းအရာပင် ဖြစ်ပါ၏။

အတိတ်တုန်းက လီကျင်စုန့်နဲ့ တစ်ခြားသူများက သူသည် ယွဲ့ဟန်ကျွင်းနဲ့တူသည်ဟု ထောက်ပြခဲ့ကြပါ၏။ လီချန်းချင်းက ထိုအချိန်တုန်းကတော့ ထိုစကားများကို အတည်မယူခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သာမာန်လူများကတစ်ဦးနဲ့ တစ်ဦး ရုပ်ရည်ဆင်တူသည်မှာ ပုံမှန်သာဖြစ်သည်ဟု သူက လက်ခံထားသောကြောင့် ဖြစ်ပါ၏။

ဒါပေမဲ့ လီချန်းချင်းနဲ့ ယွဲ့ဟန်ကျွင်းတို့ နှစ်ဦးကြား၌ များစွာသော ကံကြမ္မာနှောင်ဖွဲ့မှုများ ရှိသည်ဟု ကွမ်ကျူးက ပြောလာသည့် အခါတွင်တော့ လီချန်းချင်းက ငြိမ်ငြိမ်မနေနိုင်တော့ပါချေ။

ချန်ထင်မြို့ကို လီချန်းချင်းမရောက်လာခင်တုန်းက သူ့ရဲ့အတိတ် ဇာတ်ကြောင်းက ဘာများဖြစ်မလဲ။

သူဘယ်မှာနေခဲ့တာလဲ။

လီဟန်ရှန်းရဲ့ မိခင်ကရော ဘယ်သူလဲ။

ပြီးတော့ လီချန်းချင်းကိုယ်တိုင်ကရော ဘယ်သူလဲ။

ထိုအရာများအားလုံးက ဆန်းကြယ်နေခဲ့ပါ၏။ လီချန်းချင်းက မည်သည့်သဲလွန်စများကို မရှာဖွေနိုင်ခဲ့ပါ။ ယခုရရှိသောသတင်းများကို ထောက်ရှုရသော် မူလ လီချန်းချင်းမှာ ယွဲ့ဟန်ကျွင်းနဲ့ ဆန်းကြယ်စွာဖြင့် ဆက်နွှယ်နေပေ၏။ ဒါပေမဲ့လည်း ယွဲ့ဟန်ကျွင်းနဲ့ ပတ်သက်သော သတင်းအချက် အလက်များကို ရှာဖွေရန်မှာ မလွယ်ကူပါချေ။

ယွဲ့ဟန်ကျွင်း၏ သတင်းအချက်အလက်များကို ရရှိရန်အတွက် စန်းယွမ်ခန်းမ၌ သတင်းအချက်အလက်များကို ဝယ်ယူရုံသာ ရှိပါ၏။ ဒါပေမဲ့ စန်းယွမ်ခန်းမဆိုတာကလည်း စန်းယွမ်နယ်မြေ အရှင်သခင် ဖြစ်သော ကျန်းထျန်းယွမ်၏ လက်အောက်၌ ရှိသည်မဟုတ်ပါ့လား။ သူသာ ထိုနေရာ၌ ယွဲ့ဟန်ကျွင်း၏ သတင်းများကို သွားရောက်ယူနေမည် ဆိုလျှင် စန်းယွမ်နယ်မြေ အရှင်သခင်မှာ ချက်ချင်းကို တန်းသိမည် ဖြစ်ပါ၏။

လီချန်းချင်းက သားဖြစ်သူ လီဟန်ရှန်းအား ခေါင်ခိုက်လှသော ချန်းထင်မြို့သို့ အတိတ်တုန်းက ခေါ်လာခဲ့သည်မှာ ကြီးမားလှသော ပြဿနာအရှုပ်အထွေးများကြားမှ လွတ်မြောက်အောင် ပြေးလာခြင်းဖြစ်တန်ရာ၏။ သူက ထိုကိစ္စကို အရင်ဦးဆုံးရှာဖွေလိုက်ပါက သူ၏ ဖုံးကွယ်ထားသော တည်နေရာနဲ့ သရုပ်မှန်ကို ကျန်းထျန်းယွမ်အား သွားပေးလိုက်သလို ဖြစ်သွားမည် ဖြစ်သည်။

ယခု လက်ရှိတွင် စန်းယွမ်ခန်းမ၌ သူလျှိုများကို ထည့်ရန် လီချန်းချင်းက အမှန်တကယ်ကို တွေးနေခဲ့မိပါသည်။ ဒါပေမဲ့ သူ့လိုမျိုး လူတိုင်းက တွေးခဲ့မိပါ၏။ သို့သော် မည်သူကမျှ အောင်မြင်အောင် မထည့်သွင်းနိုင်ခဲ့ကြပါ။

“စန်းယွမ်ခန်းမက လူတွေအကုန်လုံးက သူ့ကို သစ္စာရှိအောင် ကျန်းထျန်းယွမ်က ဘယ်လိုများ လုပ်ထားလဲဆိုတာ ငါသိပ်သိချင်တာပဲ”

လီချန်းချင်းက သူ၏ဦးခေါင်းကို ခါယမ်းလိုက်ပါ၏။ ထို့နောက် သူသည် ချန်ချင်းစံအိမ်တော်သို့ ပြန်လာခဲ့ပါ၏။ လီချန်းချင်းက အိပ်မက်ဝိဉာဉ်ကျောက်တုံးအတွင်း၌ ဖြစ်ပျက်နေသော အခြေအနေများကို စောင့်ကြည့်လိုနေခဲ့ပါသည်။

“ကမ္ဘာမြေမှာ ဆုမြေးအဖိုး ဘယ်လိုနေနေမလဲဆိုတာကို ရုပ်ရှင်ကြည့်ဖို့ အချိန်ကျပြီ”

All Chapters