နေ့ဘက်မှာ ထွက်လာသော ကြယ်များ
Vol. 57 Ch. 843
မျောက်၏ အမူအရာက အေးစက်တောင့်ခဲသွား၏။
ရင်းနှီးသော ဆက်ဆံရေးတဲ့လား...။
သူက နားကြားမှားသွားတာလား ၊ မျောက်ဝံအိုကြီးက စကားပြောမှားသွားတာလား သူမသိတော့ပေ။
သူနှင့် ဖြူဖတ်ဖြူရော်မျက်နှာနှင့် လူကြားမှာ ဘယ်လိုဆက်ဆံရေးမျိုးကို တည်ဆောက်ရမှာလဲ။
မျောက်သည် အဲ့ဒါကို သေချာစဥ်းစားကြည့်လေလေ သူ၏ ကျောရိုးတစ်လျှောက် ပို၍ ချမ်းစိမ့်လာလေလေ ဖြစ်၏။
ထို့နောက် ချက်ချင်းပင်လျှင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခုက ထွက်ပေါ်လာ၏။
ဖြူဖတ်ဖြူရော်မျက်နှာနှင့် လူ၏မျက်နှာက နီမြန်းသွားပြီး သူက ခြေထောက်ကို ညင်သာစွာဆောင့်ကာ မျောက်ဝံအိုကြီး၏ လက်ကိုဆွဲ၍ ကပ်ချွဲနေသော လေသံဖြင့် ပြောလိုက်၏။
“အဖိုး... အဖိုးက ဘာတွေ လျှောက်ပြောနေတာလဲ... ကျုပ်က အဲ့ဒါကို မလုပ်ချင်ပါဘူး”
ဆူဇီမိုတို့အုပ်စု၏ အမူအရာသည် ပြောင်းလဲသွားပြီး သူတို့၏ အစာအိမ်ထဲမှာ တလိပ်လိပ်တက်ကာ တစ်စုံတစ်ရာကို အန်ထုတ်တော့မည့်အလား ဖြစ်လာ၏။
“အေ့...”
စိတ်ဝိညာဥ်ကျားသည် ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ တစ်ဖက်ကို လှည့်ကာ ဖြူဖတ်ဖြူရော် အမူအရာနှင့်အတူ အော့အန်လိုက်၏။
စိတ်ဝိညာဥ်ကျားက ဒေါသအမျက် ချောင်းချောင်းထွက်နေသော ဖြူဖတ်ဖြူရော်မျက်နှာနှင့် လူကို ကြည့်ပြီး ကပျာကယာ လက်ကာပြလိုက်၏။
“တောင်း... တောင်းပန်ပါတယ်... အဲ့ဒါက အရမ်း...အရမ်းကို ဟိုဟာ... ကျုပ်ကဆက်ပြီး မထိန်းနိုင်တော့လို့ပါ”
“မင်းက အဲ့ဒါကို မထိန်းနိုင်ဘူးဆို အဲ့ဒါကို ပြန်မျိုချလိုက်ပေါ့”
ဖြူဖတ်ဖြူရော်မျက်နှာနှင့် လူက အံကိုကြိတ်ပြီး ဒေါသတကြီးပြောလိုက်၏။
“ဖွီး...”
စိတ်ဝိညာဥ်ကျားက ထိုအသံကိုကြားသောအခါ စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။
‘အဲ့ဒီအသံက.. ပိုပြီးတော့တောင် အော်ကလီဆန်စရာကောင်းသေးတယ်’
သူက တစ်ဖက်သို့လှည့်၍ နောက်တစ်ခါ ထပ်အန်လိုက်၏။
ဖြူဖတ်ဖြူရော်မျက်နှာနှင့် လူက သူ၏မျက်ခုံးကိုပင့်ပြီး နောက်တစ်ဖန် ဒေါသယမ်းမီး ပေါက်ကွဲတော့မည့်ပုံဖြစ်၏။
ချက်ချင်းပင်လျင် စိတ်ဝိညာဥ်ကျား၏ အမူအရာက ပြောင်းလဲသွားပြီး တောင်းပန်လိုက်လေသည်။
“အစ်ကိုကြီး ကျေးဇူးပြုပြီး အဲ့လိုပုံစံမလုပ်ပါနဲ့... ကျုပ်က အဲ့ဒါကို တစ်ကယ်ထပ်ပြီး မခံစားနိုင်တော့လို့ပါ”
ဖြူဖတ်ဖြူရော်မျက်နှာနှင့် လူသည် ပို၍ပင် ဒေါသထွက်လာပြီး ရှေ့သို့တက်ကာ စိတ်ဝိညာဥ်ကျားကို သင်ခန်းစာတစ်ခုပေးတော့မည်ပြု၏။
စိတ်ဝိညာဥ်ကျားက အခြေအနေမကောင်းတော့ဘူးဆိုတာ နားလည်လိုက်ပြီး မျောက်၏နောက်သို့ ဖြတ်ကနဲပြေးဝင်လိုက်၏။
“အစ်ကိုကြီး ခင်ဗျားက ခင်ဗျားရဲ့ အချိန်တွေကို အစ်ကိုမျောက်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ ကုန်ဆုံးရမယ်မလား ၊ ဘာလို့လဲဆိုတော့ ခင်ဗျားတို့က တူညီတဲ့မျိုးနွယ်က...”
မျောက်သည်လည်း တုန်လှုပ်ချောက်ချားသွားလေသည်။
သူသည် နေ့စဥ်နှင့်အမျှ အကြောက်အလန့်ကင်းမဲ့စွာ ပြုမူနေထိုင်ခဲ့၏။ သို့သော် ယခုအခါမှာတော့ မျောက်ဝံအိုကြီးထံမှ ထွက်လာသော စကားတစ်ခွန်းကြောင့် သူကလိပ်ပြာ လွင့်မတက် ကြောက်လန့်သွားခဲ့လေသည်။
မျောက်ဝံအိုကြီးက ညင်သာစွာချောင်းဟန့်ပြီး ထူးမခြားနား ပုံစံဖြင့် ရယ်မောကာ ပြောလိုက်၏။
“အဲ့ဒါက နားလည်မှု နည်းနည်း လွဲသွားတာနေမှာပါ”
“အဲ့ဒါက နားလည်မှုအကြီးကြီး လွဲတာဗျ...”
စိတ်ဝိညာဥ်ကျားက ညည်းတွားပြောဆိုလိုက်၏။
မျောက်က ကပျာကယာခေါင်းညိတ်လိုက်လေသည်။
ပထမဆုံးအကြိမ်အနေဖြင့် မျောက်သည် စိတ်ဝိညာဥ်ကျား၏ စကားကိုထောက်ခံလိုက်ပြီး ထိုသူက အလွန်ချစ်စရာကောင်းသည်ဟု ခံစားမိလေသည်။
တစ်ကယ်ဆိုသူက နောက်နောင်တွင် စိတ်ဝိညာဥ်ကျားကို ပို၍ကောင်းကောင်းပြုမူဆက်ဆံသင့်သည်ဟုပင် စဥ်းစားတွေးတောနေပြီဖြစ်၏။
မျောက်ဝံအိုကြီးက ဖြူဖတ်ဖြူရော်မျက်နှာနှင့် လူကို သူ့ဘေးနားသို့ လှမ်းဆွဲပြီး ရှင်းပြလိုက်၏။
“ငါက မင်းတို့ကိုပြန်ပြီးတော့ မိတ်ဆက်ပေးပါရစေ.. ဒါကတော့ ယန်လင်းအာတဲ့... ငါရဲ့မြေးမလေးပေါ့ ၊ သူမက ယောကျာ်းဆန်ဆန်နေတက်ပေမယ့်လို့.. သူမက မိန်းကလေးတစ်ယောက်ပါဘဲ”
လူတိုင်းသည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ကြက်သေ သေသွားကြ၏။
“ခင်ဗျားက အမျိုးသမီးတစ်ယောက်လား”
စိတ်ဝိညာဥ်ကျားက ပါးစပ်အဟောင်းသားဖြစ်သွားပြီး ထိုစကားကို လွှတ်ကနဲပြောလိုက်မိ၏။
ယန်လင်းအာက အလွန်တရာဒေါသထွက်သွားပြီး ရှေ့သို့တက်ကာ စိတ်ဝိညာဥ်ကျားကို ခြေထောက်ကနေ ကိုင်ဆွဲ၍ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ပေါက်ချလိုက်၏။
“ဘုန်း..”
ဆူဇီမိုက လှမ်းဝင်တော့မည် ပြုလိုက်၏။
သို့သော်လည်း သူက တစ်စုံတစ်ရာကို သတိထားမိသွားလေသည်။ ယွမ်လင်းအာသည် ဒေါသအမျက်ချောင်းချောင်းထွက်နေသော်လည်း သူမက သူမ၏အကန့်သတ်ကိုသိထားပြီး စိတ်ဝိညာဥ်ကျားကို အမှန်တစ်ကယ်ထိခိုက်နာကျင်အောင် ပြုလုပ်နေခြင်းမဟုတ်ပေ။
“အန်ဦးလေ... နောက်တစ်ခါထပ်ပြီး အန်လိုက်ဦး”
ယွမ်လင်းအာက ဒေါသထွက်နေပြီး ထပ်တလဲလဲ ရေရွတ်လိုက်၏။
ဘန်းဘန်းဘန်း...
တစ်ခဏအတွင်းမှာပင် မြေပြင်ပေါ်၌ ကြီးမားသည့် ချိုင့်ခွက်ကြီးတစ်ခုက ဖြစ်ပေါ်လာ၏။
စိတ်ဝိညာဥ်ကျားသည် ခြေနှစ်ချောင်းမိုးပေါ်ထောင်၍ ပျော့ခွေစွာ လဲကျသွား၏။ သူ၏မျက်နှာက စုတ်ပြဲနေပြီး အပစ်ကင်းစင်သည့် ပုံစံဖြင့်ရှိုက်ငိုလိုက်လေသည်။
“အဲ့ဒါက ကျုပ်နဲ့ဘာဆိုင်လို့လဲ... ခင်ဗျားက ဘာလို့ကျုပ်ကို လာပြီးနှိပ်စက်နေရတာလဲ”
ချင်ချင်နှင့် မြေခွေးလေးက ရယ်ရလွန်း၍ သူတို့၏ ခန္ဓာကိုယ်က တသိမ့်သိမ့်လှုပ်ခါနေလေသည်။
ယွမ်လင်းအာသည် ဒေါသထွက်နေဆဲဖြစ်ပြီး မျောက်ဝံအိုကြီး၏ ဘေးနားသို့ ပြန်သွားကာ ပြောလိုက်လေသည်။
“အဖိုး... အဖိုးရဲ့ရည်ရွယ်ချက်ကို ကျုပ်သိပါတယ် ၊ ဒါပေမယ့်လို့ အဲ့လိုမျိုးကိစ္စမျိုးအတွက် ကျုပ်က ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ဘဲ သွားချင်တယ်”
သူမသည် ဘေးဘက်တွင်ပုန်းကွယ်နေသော မျောက်ကို လှမ်းကြည့်ပြီး အထင်သေးစွာဖြင့် နှုတ်ခမ်းစူလိုက်၏။
“အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်က ကျုပ်အတွက် မထိုက်တန်ဘူး ၊ ကျုပ်က အဆင့်မြင့်မိစ္ဆာသားရဲတစ်ယောက်ဘဲ...မင်းက ငါ့ကိုအရင်စပြီး လာရောမယ်ဆိုရင်တောင် ငါကမင်းကို နှစ်ခါပြန်ကြည့်မှာမဟုတ်ဘူး”
အစကတော့ မျောက်သည် ပုန်းကွယ်နေချင်ရုံသာ ဖြစ်လေသည်။ သို့သော်လည်း ထိုစကားကို ကြားသောအခါ သူက မကျေမနပ်ဖြစ်သွား၏။
“မင်းဟာမင်း အဆင့်မြင့်မိစ္ဆာသားရဲတစ်ယောက်ဆိုတော့ရော ဘာဖြစ်လဲ”
မျောက်က လှောင်ရယ်လိုက်လေသည်။
“ငါက ကျင့်ကြံလာတာ နှစ်တစ်ရာကျော်လေးဘဲ ရှိသေးတယ်.. ငါက မင်းအသက်ကို ရောက်လို့ရှိရင် လောကတစ်ခွင်အုပ်စိုးတဲ့ မဟာသားရဲတစ်ယောက် ဖြစ်နေလောက်ပြီ။”
“ပါးစပ်ကပြောတာတော့ လူတိုင်းပြောတတ်တာဘဲ”
ယွမ်လင်းအာက လှောင်ရယ်လိုက်၏။
“မင်းက ငါ့အသက်အရွယ်ကိုရောက်လာရင်တောင် ငါက မင်းရဲ့ခေါင်းကို ဝက်ခေါင်းတစ်ခုအဖြစ်ပြောင်းသွားအောင် ထုရိုက်နိုင်သေးတယ်”
သူတို့နှစ်ယောက်၏ အငြင်းအခုံစကားများကို ကြားရသောအခါ ဆူဇီမိုနှင့် အခြားသူများ၏ အမူအရာက အိုးတိုးအမ်းတမ်း ဖြစ်လာကြ၏။
မျောက်ဝံအိုကြီးက ဘေးကနေရပ်၍ ဘာမှဝင်မပြောဘဲ ကျေနပ်နှစ်ခြိုက်နေသည့်ဟန်ဖြင့် ပြုံးဖြီးနေလေသည်။
ယွမ်လင်းအာက မျောက်ကိုလက်ညိုးထိုးပြီး တစ်လုံးချင်းပြောလိုက်လေသည်။
“နောက်ပြီး... မင်းကငါ့ကို ရန်လာမစရင်ကောင်းလိမ့်မယ် ၊ မင်းကငါ့ကို ရန်စမယ်ဆိုရင် ငါက ဒီနေရာမှာဘဲ မင်းကို ထုရိုက်ပစ်မယ်”
မျောက်က မာန်မာနရှိပြီး ခြိမ်းခြောက်ခံရတာကို မုန်းတီးလေသည်။
သူက လက်ကိုမြှောက်ပြီး အော်ပြောလိုက်၏။
“ဘယ်လိုတွေမောက်မာနေတာလဲ... အဲ့ဒါဆိုလည်း ဒီကိုလာခဲ့လေ ငါတို့အခုဘဲ လက်ရည်ချင်း ယှဥ်ကြတာပေါ့၊ မင်းက ဘာအားကိုးနဲ့မောက်မာနေတာလဲ မိန်းကလေး”
“အဲ့ဒါကို မင်းကတောင်းဆိုတာနော်...”
ယွမ်လင်းအာက လှောင်ပြောင်ရယ်မောလိုက်၏။
“အဲ့ဒါဆိုလည်း ငါ့နောက်ကိုလိုက်ခဲ့... မင်းက အရှက်တကွဲမဖြစ်ရအောင် ငါကမင်းကို အခြားတစ်နေရာရာ ခေါ်သွားပေးမယ်”
ထိုသို့ပြောပြီးသည်နှင့် ယွမ်လင်းအာက ရှေ့ကနေ ထွက်သွားလေသည်။
မျောက်က သွေးဆူနေပြီး သူမနောက်သို့ ပြေးလိုက်မည်ပြုလေသည်။
စိတ်ဝိညာဥ်ကျားက တွင်းထဲကနေ ကပျာကယာကျုံးထလာပြီး မျောက်လက်ကို ဆွဲကာ သတိပေးလိုက်လေသည်။
“အစ်ကိုမျောက်... စိတ်လိုက်မာန်ပါမလုပ်နဲ့ သူမက အဆင့်မြင့်...”
“ဘာမှပူမနေနဲ့... ငါက မင်းအတွက်ပါ လက်စားချေပေးမယ်”
မျောက်က ညင်သာစွာ လက်ကာပြပြီး ယွမ်လင်းအာနောက်သို့ လိုက်သွားလေသည်။ သူတို့နှစ်ယောက်က နက်မှောင်နေသော လိုဏ်ဂူတစ်ခုထဲသို့ ဝင်ရောက်သွားပြီး သိပ်မကြာမီပျောက်ကွယ်သွားလေသည်။
ထိုသည်ကိုမြင်သောအခါ ဆူဇီမိုက ဟားတိုက်၍ ရယ်မောလိုက်လေသည်။
သူ့ကို မျောက်ဝံအိုကြီးက မကြာမကြာ ချီးကျူးပြောဆိုသော်လည်း မျောက်ဝံအိုကြီး အမှန်တစ်ကယ်မျက်စိကျနေသည်မှာ မျောက်အပေါ်တွင်ဖြစ်သည်ကို သူက သတိထားမိနေသည်မှာ ကြာခဲ့လေပြီ။
ထိုစဥ်က ဆူဇီမိုသည် အကြောင်းရင်းအတိအကျကို မသိခဲ့ရပေ။
သို့သော်လည်း သူတို့က မျိုးနွယ်တူခြင်းကြောင့် သက်သက်တော့ မဟုတ်ကြောင်း သူက သေချာသိထားလေသည်။
အဲ့ဒါက မျောက်၏မျိုးဆက်သွေးနှင့် ပက်သက်သော တစ်စုံတစ်ရာဖြစ်နိုင်ကြောင်း သူက ခန့်မှန်းခဲ့လေသည်။
မျောက်၏မျိုးဆက်သွေးက အရမ်းကိုသန်မာလေသည်။
သူတို့ ညီကိုမောင်နှမ ၇ ယောက်ထဲတွင် ဆူဇီမိုနှင့် ညဝိညာဥ်ပြီးလျှင် မျောက်၏ခွန်အားက အသန်မာဆုံးဖြစ်လေသည်။
ဒါ့အပြင် တျဲယွဲ့သည် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်မှ အရွတ်အသွင်ပြောင်းလဲခြင်းအပိုင်းကို မျောက်အားသင်ကြားပေးခဲ့သည်မှာ ထူးဆန်းသော တစ်စုံတစ်ရာဖြစ်လေသည်။
ဘန်းဘန်း..
မလှမ်းမကမ်းလိုဏ်ဂူထဲတွင် ထိတွေ့ရိုက်ခတ်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
သို့သော်လည်း အရာရာတိုင်းက သိပ်မကြာမီ ပြီးဆုံးသွားခဲ့လေသည်။
ထို့နောက် ချက်ချင်းပင်လျင် ယွမ်လင်းအာက စိတ်လက်ပေါ့ပါးသော ဟန်ဖြင့် ထွက်လာခဲ့လေသည်။
သူမ၏အမူအရာက ပုံမှန်ပင်ဖြစ်ပြီး သူမ၏အသက်ရှုသံက တည်ငြိမ်နေ၏။ သူမက သူမ၏ အဝတ်အစားများကို သေသပ်အောင်ပြုပြင်ပြီး သူမ၏ ရင်ဘတ်ကို ပုတ်ကာ အခြားသူများကို လှည့်မကြည့်ဘဲ မျောက်ဝံအိုကြီး၏ ဘေးနားသို့ လျှောက်သွားလိုက်၏။
“အဖိုး သွားကြရအောင်..”
မျောက်ဝံအိုကြီးက ဆူဇီမိုကို ပြုံး၍ပြောလိုက်၏။
“မင်းတို့တွေက မျောက်ဝံမြူးထူးတောင်ရိုးမှာ ခဏလောက် ထပ်နေကြဦးပေါ့ ၊ အလောတကြီး လုပ်နေစရာမလိုပါဘူး... နောက် ၇ ရက်နေပြီးရင် ငါက မင်းတို့တွေကို သားရဲတစ်ထောင် တွေ့ဆုံပွဲမှာ ပါဝင်ဖို့အတွက် နှစ်တစ်ထောင်သွေးမြစ်ဆီကို ခေါ်သွားပေးမယ်”
“ကျေးဇူးတင်ပါတယ် အရှင်သခင်...”
ဆူဇီမိုတို့အုပ်စုက လက်သီးများကိုယှက်၍ ကျေးဇူးတင်မှုကို ပြသလိုက်၏။
ထိုစဥ်မှာပင် လိုဏ်ဂူထဲကနေ ပုံရိပ်တစ်ခုက ထွက်လာလေသည်။
မျောက်သည် ဒယီးဒယိုင်ဖြင့် လျှောက်လှမ်းလာပြီး သူ၏မျက်နှာက စုတ်ပြတ်သတ်ကာ သူ၏ဦးခေါင်းသည် ဝက်ခေါင်းတစ်ခေါင်းဖြင့် တူနေပြီး ဘယ်ညာ ဒယီးဒယိုင်ဖြစ်နေလေသည်။ သူ၏ပုံစံက အလွန်တရာဆိုးဆိုးဝါးဝါး ပုံပေါက်နေလေသည်။
အရာရာတိုင်းမှာ သူတို့၏ တန်ပြန်ဝိပါက်ရှိကြလေသည်။
မျောက်ကို ဤကဲ့သို့ပုံစံဖြင့်မြင်ရသည်မှာ ရှားရှားပါးပါးမြင်ကွင်းဖြစ်လေသည်။ စိတ်ဝိညာဥ်ကျားနှင့်အခြားသူများသည် မျောက်၏ မျက်နှာပေါ်က ဒဏ်ရာဒဏ်ချက်များကို မြင်သောအခါ အူမြူးသွားကြ၏။
မျောက်က လူတိုင်း၏အကြည့်ကို အာရုံခံမိလိုက်ပြီး ညင်သာစွာ ချောင်းတစ်ချက်ဟန့်လိုက်၏။
“မင်းတို့တွေ ထင်တဲ့အတိုင်းဘဲ ငါက အဲ့ဒီမိန်းကလေးနဲ့ အကြိတ်အနယ်တိုက်ခိုက်ခဲ့တယ် ၊ နောက်ဆုံးမှာတော့ ငါတို့က သရေရလဒ်နဲ့ အဆုံးသတ်သွားခဲ့တယ်”
ချင်ချင်နှင့် မြေခွေးလေးက ကြောင်အမှင်တက်သွားကြ၏။
စိတ်ဝိညာဥ်ကျားက မျက်လုံးစွေကြည့်၍ သွေးအန်လုနီးပါးဖြစ်သွားလေသည်။
“အဲ့ဒါက ဘယ်လိုသရေမျိုးလဲ”
စိတ်ဝိညာဥ်ကျားက အူမြူးအားရစွာဖြင့် ရယ်မောလိုက်၏။
“အစ်ကိုမျောက် ဟန်ဆောင်မနေပါနဲ့... ခင်ဗျားပြောတော့ ကျုပ်အတွင် လက်စားချေပေးမယ်ဆို... အခုတော့ ခင်ဗျားလည်း သူမ ဆော်ပလော်တီးတာ ခံလာရတယ်မလား ဟားဟားဟား...”
မျောက်၏ အမူအရာက သုန်မှုန်ခက်ထန်လာလေသည်။
စိတ်ဝိညာဥ်ကျားသည် မျောက်၏ဒေါသကို သတိထားမိခြင်းမရှိဘဲ သူ့ဘာသာသူ ဆက်ပြောလိုက်၏။
“တစ်ကယ်တော့ ကျုပ်တို့နှစ်ယောက်က တစ်လှေတည်းစီး တစ်ခရီးတည်းသွားတွေပါဗျာ ၊ အစကတော့ ကျုပ်က ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံရတယ် ၊ ဒါပေမယ့်လို့ ကျုပ်က အားမငယ်တော့ပါဘူး.. ခင်ဗျားက ကျုပ်နဲ့အတူ အဖော်ပြုပေး... ဟေး... ခင်ဗျား ကျုပ်ကို ဘာလို့လာရိုက်နေတာလဲ”
စိတ်ဝိညာဥ်ကျား၏ စကားမဆုံးသေးခင်မှာပင် မျောက်က ထိုသူနားသို့ ရောက်လာပြီး သူ့ကို လှမ်းဆွဲကာ မြေပြင်ပေါ်သို့ တစ်ဖန်ကိုင်ပေါက်ချလိုက်၏။
ဘန်းဘန်းဘန်း...
မြေပြင်ပေါ်တွင် နောက်ထပ်တွင်းချိုင့်တစ်ခုက ထွက်ပေါ်လာခဲ့လေသည်။
စိတ်ဝိညာဥ်ကျားသည် ခြေပစ်လက်ပစ်လဲကျသွားပြီး သူ၏မျက်နှာပေါ်မှာ မျက်ရည်များက သွင်သွင်စီးကျလာ၏။
လူတိုင်းက ဟားတိုက်ရယ်မောလိုက်ကြလေသည်။
ထိုစဥ်မှာပင် ကောင်းကင်ထက်တွင် ကြယ်များက တစ်ခုပြီးတစ်ခု ပေါ်လာခဲ့၏။ သူတို့က ဝရုန်းသုန်းကား လမ်းကြောင်းများဖြင့် အဆက်မပြတ် ရွေ့လျားနေကြ၏။
အဲ့ဒါသည် မမြင်ရသော လက်တစ်စုံက ကောင်းကင်ပေါ်ရှိ ကြယ်များကို ပြန်လည်နေရာချနေသည့်အလားပင်။
“ဟမ်....”
ဆူဇီမိုက ရယ်မောနေတာကို ရပ်တန့်လိုက်ပြီး မျက်မှောင် ကြုတ်လိုက်၏။ သူက တီးတိုးရေရွတ်လိုက်လေသည်။
“နေ့ဘက်မှာ ကြယ်တွေထွက်ပေါ်လာတာလား...”