← Chapters

သွေးရောင်လူသားမျက်နှာ

Vol. 57 Ch. 844

သွေးရောင်လူသားမျက်နှာ

Vol. 57 Ch. 844

မျောက်ဝံအိုကြီးသည် သိပ်ဝေးဝေးသို့ မရောက်ရှိသေးဘဲ သူကလည်း အဲ့ဒါကို သတိထားမိလိုက်၏။ သူက သူ၏ခြေလှမ်းကို ရပ်တန့်ပြီး သုန်မှုန်နေသော အမူအရာနှင့်အတူ အဲဒါကို ငေးကြည့်လိုက်၏။

ယခုအခါ ညကို ကျော်လွန်သွားပြီဖြစ်ပြီး ကောင်ကင်က ကြည်လင်တောက်ပနေပြီဖြစ်၏။

သို့သော်လည်း.. ရှေးကျသော ကြယ်များသည် မိုးကုပ်စက်ဝိုင်း၏ အရပ်တစ်ဘက်မှာ တစ်ခုပြီးတစ်ခု ပေါ်လာပြီး ရုတ်ရုတ်သဲသဲပုံစံဖြင့် တဖျတ်ဖျတ်လက်နေ၏။

“အဘိုး.. အဲဒါက ဘာဖြစ်နေတာလဲ”

ယွမ်လင်းအာက ငယ်ရွယ်သေးပြီး သူမသည် ဤကဲ့သို့သော ချောက်ချားဖွယ်ရာ မြင်ကွင်းတစ်ခုကို တွေ့မြင်ဖူးခြင်း မရှိချေ။

“ငါလည်း အဲ့လိုမျိုး လောကနိမိတ်ဖြစ်စဉ်တစ်ခုကို တစ်ခါမှ မတွေ့ဖူးဘူး”

မျောက်ဝံအိုကြီးက ခေါင်းခါလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ငါထင်တာတော့ ဒီလောကမှာ ကြီးကြီးမားမား ကိစ္စတစ်ခုက ဖြစ်ပျက်တော့မယ် ထင်တယ်.. အဲဒီကိစ္စက ကြီးကျယ်လွန်းလို့ နေ့ဘက်မှာတောင် ကြယ်တွေက ပေါ်လာပြီး နက္ခတ်တာရာတွေက ဖရိုဖရဲဖြစ်လာရတာပဲ”

“အဲဒါက ဘာများဖြစ်နိုင်မလဲ”

ယွမ်လင်းအာက ထပ်မေးလိုက်၏။

“အဲဒါက ပြောဖို့ခက်တယ်”

မျောက်ဝံအိုကြီးက ပြန်ဖြေလိုက်၏။

“အဲဒါက ရတနာတစ်ခုခု.. လျှို့ဝှက်ပညာရပ်တစ်ခုခု မွေးဖွားလာတာ ဖြစ်ကောင်းဖြစ်နိုင်တယ်… ဒါမှမဟုတ် မဟာသားရဲတစ်ယောက်က တာအိုတစ်ခုကို အောင်မြင်သွားတာလည်း ဖြစ်နိုင်တယ်.. တကယ်တော့ အနှိုင်းမဲ့ပညာရှင်တွေ မွေးဖွားလာရင်ပဲဖြစ်ဖြစ်.. ကျဆုံးသွားရင်ပဲဖြစ်ဖြစ်.. အဲလိုမျိုး လောကနိမိတ်ဖြစ်စဉ်တွေက ပေါ်လာတတ်တယ်”

“ငါကြားတာ လွန်ခဲ့တဲ့နှစ်တစ်သောင်းက မြောက်ပိုင်းဒေသက ကပ်ဘေးမှာ ဖာဟွားကျောင်းတော်ရဲ့ ဧကရာဇ် ကျဆုံးသွားတုန်းက လောကဖြစ်စဉ်နိမိတ်တစ်ခု ပေါ်လာခဲ့တယ်လို့ ပြောကြတယ်”

ဧကရာဇ်တစ်ပါး၏ သေဆုံးမှုတွင် လောကကပင် ငိုကြွေးရပေသည်။

မျောက်ဝံအိုကြီးက ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။

“အဲဒီတုန်းက ကောင်းကင်ယံမှာ ဗုဒ္ဓရုပ်ပွားတော်တွေ များစွာက ပေါ်ထွက်လာပြီးတော့ ပန်းမိုးတွေကလည်း ရွာကျခဲ့တယ်.. မြေပြင်ပေါ်မှာ ပဒုမ္မာရွှေကြာတွေက ပြန့်ကျဲပြီးတော့ ဂါထာမန္တာန် ရွတ်ဖတ်သရဇ္ဈာယ်တဲ့ အသံတွေကလည်း အတော်ကြာကြာအထိ ပဲ့တင်ထပ်နေခဲ့ကြတယ်”

ယွမ်လင်းအာသည် တုန်လှုပ်သွားသော အမူအရာတစ်ခု ရှိလာ၏။

မျောက်ဝံအိုကြီးက ရေရွတ်လိုက်လေသည်။

“အားလုံးကနေ ရိုသေလေးစားခံရတဲ့ အဲဒီအဆင့်ထိရောက်အောင် မင်းက ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင် ဘဝမှာ ထပ်ပြီးတော့ နောင်တရနေစရာ မရှိတော့ဘူး”

ခဏနေတော့ မျောက်ဝံအိုကြီးက ကောင်းကင်ထက်က ကြယ်များကို ငေးကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။

“အဲဒီနေရာကို ကြည့်ရတာတော့ ကြယ်တွေက နှစ်တစ်ထောင်သွေးပင်လယ်နဲ့ အရမ်းကိုနီးကပ်နေပုံပဲ.. သူတို့နှစ်ခုက ဆက်စပ်မှုရှိနေတာများလား”

ခုနှစ်ရက် ကြာပြီးနောက်..

သားရဲများစွာသည် မျောက်ဝံမြူးထူးတောင်ရိုးမှာ စုဝေးလာကြ၏။ အဲဒီမှာ အရေအတွက် တစ်ထောင်နီးပါးရှိပြီး သူတို့အားလုံးက အလယ်အလတ်အဆင့် မိစ္ဆာသားရဲများ ဖြစ်ကြလေသည်။

ဆူဇီမိုတို့ အုပ်စုကလည်း သူတို့အထဲတွင် ပါဝင်လေသည်။

သူတို့ထဲမှ အများစုက အဆင့်နိမ့်မိစ္ဆာသားရဲများ ဖြစ်ပြီး လူအုပ်ကြီးနှင့် ခွဲထွက်၍ ရပ်နေကြသော်လည်း လက်ရှိသားရဲများ၏ မျက်လုံးထဲတွင် အထင်အမြင်သေးမှု တစ်ခုမှ ရှိမနေကြပေ။

လွန်ခဲ့သည့် ခုနှစ်ရက်က တိုက်ပွဲ၏မှတ်ဉာဏ်များသည် သူတို့၏စိတ်အာရုံထဲတွင် ထင်ဟပ်နေဆဲဖြစ်၏။

သူတို့က ရှေ့ဆုံးတွင်ရှိသော သွေးနီရောင်ဆံပင်နှင့်လူကို ကြည့်မိချိန်တွင် လက်ရှိသားရဲများ၏ မျက်လုံးထဲတွင် သတိထားမှု အရိပ်အယောင်များက ပေါ်လာ၏။

သိပ်မကြာမီ မျောက်ဝံအိုကြီးက ယွမ်လင်းအာနှင့်အတူ ပေါ်ထွက်လာ၏။

“ထွက်ခွာဖို့ ပြင်ဆင်ထားလိုက်ကြတော့”

မျောက်ဝံအိုကြီးက စကားပြော၍ အချိန်ဖြုန်းမနေဘဲ သူ၏နဖူးက တောက်ပသွားပြီး ကြီးမားသည့် စိတ်ဝိညာဉ်အသိစိတ်တစ်ခုက ထွက်ပေါ်လာလေသည်။ သူက သူ၏ဝတ်ရုံစကို လှုပ်ခါပြီး ကြီးမားနက်မှောင်သည့် တိမ်စိုင်တစ်ခုကို သူ၏ရှေ့တွင် စုဝေးစေလိုက်၏။

နက်မှောင်နေသော တိမ်စိုင်က ဖြန့်ကြက်သွားလေသည်။

တစ်ခဏအတွင်းမှာပင် နက်မှောင်နေသော တိမ်စိုင်သည် လက်ရှိသားရဲများ အားလုံးကို လွှမ်းခြုံသွားလေသည်။

“မင်းတို့တွေအားလုံး စိတ်ကို လျှော့ထားကြ.. အဲဒါကို မခုခံနဲ့”

မျောက်ဝံအိုကြီး၏အသံက ထွက်ပေါ်လာ၏။

ထို့နောက် ချက်ချင်းပင် သားရဲများသည် မြေဆွဲအားကို မခံစားမိတော့ဘဲ လေထဲသို့ လွင့်မျောလာကြ၏။ တစ်ခဏအတွင်းမှာပင် သူတို့သည် မျောက်ဝံမြူးထူးတောင်ရိုးကနေ ထွက်ခွာပြီး မိုးကုပ်စက်ဝိုင်း၏ အရပ်တစ်ဘက်သို့ ဦးတည်လိုက်ကြ၏။

သူတို့၏နားထဲတွင် လေခွင်းသံများက ထွက်ပေါ်လာလေသည်။ သူတို့၏ လက်ရှိအမြန်နှုန်းအရဆို သားရဲများသည် သူတို့၏လိုရာခရီးသို့ ၃ရက်အတွင်း ရောက်ရှိနိုင်ပေလိမ့်မည်။

ဆူဇီမိုက သူ့ဘာသာသူ ခေါင်းညိတ်လိုက်၏။

အရှင်သခင်တစ်ပါးက တကယ့်ကို အစွမ်းထက်လှပါလေသည်။

သူက သားရဲတစ်ထောင်ကို သယ်ဆောင်ပြီး ကြောက်စရာကောင်းသည့် အမြန်နှုန်းမှာ ထိန်းသိမ်းထားသည့် နက်မှောင်နေသော တိမ်စိုင်ကို ထောက်ပံ့ပေးဖို့အတွက် အကန့်အသတ်မဲ့သော ဓမ္မစွမ်းအားများကို သေချာပေါက် လိုအပ်ပေလိမ့်မည်။

ဆူဇီမို စဉ်းစားတွေးတောနေစဉ်မှာပင် မျောက်ဝံအိုကြီး၏အသံက သူ၏စိတ်အာရုံထဲမှာ ထွက်ပေါ်လာ၏။

အဲဒါက သူ့ထံသို့ တိုက်ရိုက် အသံထုတ်လွှင့် ပို့လွှတ်လိုက်ခြင်း ဖြစ်လေသည်။

“မို.. မင်းက သားရဲတစ်ထောင် တွေ့ဆုံပွဲမှာ ပါဝင်ချင်တဲ့ အကြောင်းရင်းက.. မင်းက နှစ်တစ်ထောင်သွေးပင်လယ်ကို ဝင်ရောက်ပြီး ကျင့်ကြံဖို့အတွက် နေရာတစ်ခုရချင်လို့ ဟုတ်တယ်မလား”

ဆူဇီမိုက အသံတစ်ခုကို ပြန်လည်ထုတ်လွှင့် ပို့လွှတ်လိုက်၏။

“ဟုတ်ပါတယ်”

သားရဲတစ်ထောင် တွေ့ဆုံပွဲတွင် အရှင်သခင် ၇ပါးက စုစည်းနေကြမည်ဖြစ်ပြီး သူ့အနေနှင့် လူသားကျင့်ကြံသူတို့၏ နည်းလမ်းများစွာကို ထုတ်ဖော်အသုံးပြုဖို့အတွက် မသင့်တော်ပေ။

သို့သော်လည်း.. သူ၏လက်ရှိခွန်အားအရ သူ၏ အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်ကို အသုံးမပြုလျှင်တောင် အလယ်အလတ်အဆင့် မိစ္ဆာသားရဲတချို့ကို သူက တိုက်ခိုက်နိုင်သည်ဟု ယုံကြည်မှုရှိလေသည်။

အနည်းဆုံးတော့.. ကိုယ်ကာယစွမ်းအားကို အသုံးပြုရသော အနီးကပ်တိုက်ခိုက်ရည်တွင် သူက လူတိုင်းအပေါ် ဖိနှိမ်နိုင်သည်ဟု သူ့ကိုယ်သူ ယုံကြည်လေသည်။

“အဲဒါက တော်တော်ခက်ခဲမယ့် ကိစ္စတစ်ခုပဲ”

မျောက်ဝံအိုကြီးက ပြောလိုက်၏။

“မင်းရဲ့အစွမ်းအစကို ငါအရင်က မြင်ဖူးပါတယ်.. တကယ်ပဲ မင်းရဲ့ခန္ဓာကိုယ်က သန်မာပြီးတော့ မင်းရဲ့ အနီးကပ်တိုက်ခိုက်ရည်က ပိုလို့တောင် ကြောက်စရာကောင်းသေးတယ်”

စကားလုံးအချို့နှင့်အတူ မျောက်ဝံအိုကြီးက ဆူဇီမို၏အစွမ်းအစများကို အသိအမှတ်ပြုလိုက်၏။

ထို့နောက် ချက်ချင်းပင်လျှင် သူက စကားလမ်းကြောင်းပြောင်းလိုက်လေသည်။

“ဒါပေမဲ့လို့ နှစ်တစ်ထောင်သွေးမြစ်ကို ဝင်ရောက်ဖို့အတွက် ရရှိနိုင်တဲ့နေရာက ၁၀နေရာထဲရယ်.. မင်းက အဲဒီထဲက တစ်နေရာကို လိုချင်တယ်ဆို စမ်းသပ်ချက်နှစ်ခုကို ဖြတ်ကျော်ရလိမ့်မယ်.. မင်းက ပထမတစ်ခုကိုတောင် ဖြတ်ကျော်နိုင်မှာ မဟုတ်လောက်ဘူး”

“ဟမ့်”

ဆူဇီမိုက မေးလိုက်လေသည်။

“ပထမစမ်းသပ်ချက်က ဘာတဲ့လဲ”

“အဲဒါက ရိုးရှင်းပါတယ်.. ပထမစမ်းသပ်ချက်က အမြုတေစိတ်ဝိညာဉ်တစ်ခုရဲ့ ခွန်အားကို စမ်းသပ်တာပဲ”

မျောက်ဝံအိုကြီးက ရှင်းပြလိုက်လေသည်။

“နှစ်တစ်ထောင်သွေးပင်လယ်မှာ ကျင့်ကြံဖို့အတွက် အခွင့်အရေးတစ်ခုက တကယ့်ကို ရှားရှားပါးပါးပဲ.. အဲဒါက နှစ်တစ်ထောင်ကြာမှသာ တစ်ခါထွက်ပေါ်လာတတ်တယ်.. ဒါ့အပြင် တစ်ကြိမ်ထွက်ပေါ်လာတိုင်းမှာ ရနိုင်တဲ့နေရာကလည်း ၁၀နေရာပဲရှိတယ်.. အဲဒါကြောင့် ငါတို့က အဲဒီထဲမှာ ဝင်ရောက်ကျင့်ကြံဖို့အတွက် အသန်မာဆုံး အလယ်အလတ်အဆင့် မိစ္ဆာသားရဲတွေကို ရွေးချယ်ရလိမ့်မယ်”

“အဲ့လိုနဲ့ ငါတို့က အဆင့်မြင့်မိစ္ဆာသားရဲတွေကို မွေးထုတ်ပေးလာနိုင်လိမ့်မယ်”

ထိုနေရာအရောက်တွင် ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး မေးလိုက်၏။

“လူတစ်ယောက်ရဲ့ အမြုတေစိတ်ဝိညာဉ်ရဲ့ ခွန်အားကို ဘယ်လိုမျိုး ဆုံးဖြတ်တာလဲ.. အဲဒါက အမြုတေစိတ်ဝိညာဉ်တွေကြားက တိုက်ပွဲတစ်ပွဲလား”

အမြုတေစိတ်ဝိညာဉ်များအကြား တိုက်ပွဲများသည် အန္တရာယ်အများဆုံး ဖြစ်လေသည်။

တစ်ချက်မှားသွားသည်နှင့် သူတို့၏ သေခြင်းတရားဆီသို့ ဦးတည်သွားနိုင်လေသည်။

မည်သည့်မိစ္ဆာသားရဲကမှ အဲဒါကို အလွယ်တကူ မထုတ်ဖော်ဝံ့ကြပေ။ ဘာပဲပြောပြော သူတို့သည် ကျင့်ကြံဖို့ နေရာတစ်ခုရဖို့အတွက် တိုက်ပွဲတစ်ပွဲမှာ သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ပျက်စီးထိခိုက်ရမည်ဆိုလျှင် အကျိုးထက် အပြစ်က ပိုများနေပေလိမ့်မည်။

“အဲ့လိုလုပ်ဖို့တော့ မလိုပါဘူး”

မျောက်ဝံအိုကြီးက ခေါင်းခါပြလိုက်၏။

“အမြုတေစိတ်ဝိညာဉ်တစ်ခုရဲ့ ခွန်အားကို စမ်းသပ်တာက ရိုးရှင်းတယ်.. ငါတို့က စိတ်ဝိညာဉ်အသိစိတ်တစ်ခုကနေ ဖြန့်ကြက်နိုင်တဲ့ အတိုင်းအတာကို နှိုင်းယှဉ်ရုံပဲ”

ဆူဇီမိုသည် ထိုစကားကို ကြားသောအခါ ခဏမျှ ကြောင်အသွား၏။

အဆင့်နိမ့်မိစ္ဆာသားရဲတွေအတွက်တော့ သူတို့ရဲ့ စိတ်ဝိညာဉ်အသိစိတ်ကို ဖြန့်ကြက်နိုင်တဲ့ အတိုင်းအတာက ၅ ကီလိုမီတာကနေ စပြီးတော့ သူတို့ရဲ့ အကန့်အသတ်က ၅၀ ကီလိုမီတာပဲ.. ဒါပေမဲ့လို့ အလယ်အလတ်အဆင့် မိစ္ဆာသားရဲတွေရဲ့ စိတ်ဝိညာဉ်အသိစိတ် ဖြန့်ကြက်နိုင်တဲ့ အတိုင်းအတာက ၅၀ ကီလိုမီတာကနေ စပြီးတော့ ၅၀၀ ကီလိုမီတာအထိ ရှိကြတယ်”

မျောက်ဝံအိုကြီးက ပြောလိုက်၏။

“မင်းက အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ပဲ.. မင်းက အဲဒီအဆင့်ရဲ့ အထွတ်အထိပ်ထိ ရောက်အောင်တောင် မကျင့်ကြံရသေးဘူး.. မင်းက အဆင့်နိမ့်မိစ္ဆာသားရဲအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေရင်တောင် မင်းရဲ့ စိတ်ဝိညာဉ်အသိစိတ်က ကီလိုမီတာ ၅၀ထက်ပိုပြီး ဖြန့်ကြက်နိုင်မှာ မဟုတ်ဘူး”

“ဒါ့အပြင်.. မင်းနားလည်ထားရမှာက သွေးပင်လယ်မှာ ကျင့်ကြံဖို့နေရာအတွက် တိုက်ခိုက်ကြမယ့်သူတွေက အလယ်အလတ် မိစ္ဆာသားရဲအဆင့်မှာရှိတဲ့ ပိုင်နက်အရှင်တွေပဲ.. မင်းက အဲဒီစမ်းသပ်ချက်မှာ သူတို့ကို ယှဉ်နိုင်စရာ အကြောင်းမရှိဘူး”

ဆူဇီမိုက ပြုံးရုံသာပြုံး၍ ဂရုမထားဟန်ဖြင့် ပြန်ပြောလိုက်၏။

“အဲ့လိုလည်း မဟုတ်လောက်ပါဘူး”

“ဟမ်”

မျောက်ဝံအိုကြီးက တိုးတိတ်စွာ ရေရွတ်လိုက်၏။ ဆူဇီမိုက တစ်ခုခုကို သွယ်ဝိုက်၍ ပြောဆိုနေကြောင်း သူက ပြောနိုင်လေသည်။

သူသည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် အဲဒီအကြောင်းကို ထပ်မပြောတော့ဘဲ ရေရွတ်လိုက်လေသည်။

“အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်အနေနဲ့ ပိုင်နက်အရှင်တစ်ပါးရဲ့ နေရာမှာ အခိုင်အမာရပ်တည်နိုင်ဖို့က တကယ့်ကို ရှားရှားပါးပါးပဲ”

သုံးရက်ကြာပြီးနောက်..

နက်မှောင်နေသော တိမ်စိုင်များထဲမှာတောင် ဆူဇီမိုသည် ခပ်ဖျော့ဖျော့ သွေးရနံ့ကို ခံစားမိနေဆဲဖြစ်၏။

ဒါ့အပြင် နက်မှောင်နေသော တိမ်စိုင်၏ အမြန်နှုန်းက တဖြည်းဖြည်း လျော့ကျလာလေသည်။

သူတို့သည် နှစ်တစ်ထောင်သွေးပင်လယ်နှင့် နီးကပ်လာပြီဖြစ်ကြောင်း သူက နားလည်လိုက်၏။

အဲဒီနောက် သိပ်မကြာမီ.. သားရဲများသည် နက်မှောင်နေသော တိမ်စိုင်က ပါးလွှာလာပြီး သူတို့၏ခန္ဓာကိုယ်များက အောက်သို့ ဆင်းသက်လာသည်ကို ခံစားမိလိုက်ကြ၏။ သူတို့၏အမြင်အာရုံကို တစ်ဖန်ပြန်လည်ရရှိသွားပြီး အောက်သို့ ငုံ့ကြည့်လိုက်ကြလေသည်။

သူတို့၏အောက်တွင် အကန့်အသတ်မဲ့ ကျယ်ပြောလှသော လွင်ပြင်တစ်ခုရှိနေ၏။

ကျယ်ပြန့်သော လွင်ပြင်ပေါ်တွင် များစွာသော မိစ္ဆာသားရဲများက စုစည်းနေကြ၏။ သူတို့ထဲမှာ အများစုသည် လူသားပုံစံပင် ဖြစ်ကြသော်လည်း သူတို့၏သားရဲချီများက တရုန်းရုန်းထနေလေသည်။

အသံဗလံများက ဆူညံ၍ စည်ကားသိုက်မြိုက်နေကြလေသည်။

အဲဒီမှာ ပေါ်လွင်အထင်ရှားဆုံးအရာမှာ ကျယ်ပြန့်သော လွင်ပြင်၏အလယ်ရှိ ချောက်ချားစရာကောင်းလောက်အောင် နီရဲနေသော နယ်မြေတစ်ခု ဖြစ်လေသည်။

နှစ်တစ်ထောင် သွေးပင်လယ်..။

ထိုသွေးပင်လယ်က တကယ်တော့ ပင်လယ်တစ်ခု မဟုတ်ဘဲ ရေကန်တစ်ခုသာ ဖြစ်လေသည်။

သို့သော်လည်း.. ရေကန်၏ မျက်နှာပြင်ဧရိယာက အရမ်းကို ကြီးမားလွန်းပြီး မြေပြင်ပေါ်မှာ ရှိနေလျှင် သူတို့သည် တစ်ဘက်ကမ်းကို မြင်နိုင်ကြလိမ့်မည် မဟုတ်ပေ။ သားရဲများသည် လေထဲကိုတက်၍ ငုံ့ကြည့်မှသာလျှင် သွေးပင်လယ်တစ်ခုလုံးကို မြင်ရပေလိမ့်မည်။

ဆူဇီမိုသည် သွေးပင်လယ်ကို တစ်ချက်မျှ ကြည့်ပြီးနောက် သူ၏အမူအရာက ပြောင်းလဲသွားခဲ့၏။

ထိုခဏမှာပင်.. သွေးပင်လယ်၏ မျက်နှာပြင်ပေါ်တွင် ဝဲဂယက်များက လှုပ်ရှားလာပြီး လူတစ်ယောက်၏မျက်နှာအဖြစ် စုဖွဲ့သွားသည့်အလား ထင်ရလေသည်။

အဲဒါက သွေးရောင်လူသားမျက်နှာတစ်ခု ဖြစ်လေသည်။

ဒါ့အပြင် ထိုမျက်နှာက ရယ်မောနေသည့်အလား ထင်ရ၏။ အဲဒါက အလွန်တရာ မကောင်းဆိုးရွားဆန်ပြီး ဆိုးယုတ်နေလေသည်။

ဟင်း..။

ဆူဇီမိုက ပင့်သက်ကိုရှိုက်ပြီး တုန်လှုပ်သွားရ၏။

သူက အဲဒါကို တစ်ဖန်ထပ်ကြည့်သောအခါ သွေးပင်လယ်ပေါ်ရှိ ဝဲဂယက်များက ပျောက်ကွယ်သွားပြီဖြစ်ပြီး ၎င်း၏မျက်နှာပြင်က တည်ငြိမ်သွားလေသည်။ သွေးရောင်လူသားမျက်နှာကလည်း ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။

အနည်းငယ် ဖြူလျော့သွားသော အမူအရာဖြင့် ဆူဇီမိုသည် သွေးပင်လယ်ကို အတန်ကြာ စိုက်ကြည့်နေ၏။

သွေးရောင်လူသားမျက်နှာက တစ်ဖန်ထပ်၍ ပေါ်မလာတော့ပေ။

စောစောက သူသည် ထင်ယောင်ထင်မှား မြင်မိသွားသည့်အလားပင်။

ဆူဇီမိုသည် သူ၏ခေါင်းကို လှုပ်ခါပြီး လေတစ်ချက် မှုတ်ထုတ်ကာ အခြားသော သားရဲများနှင့်အတူ အောက်သို့ဆင်းသက်လိုက်လေသည်။

All Chapters