အရှင်သခင်များ စုဝေးကြခြင်း
Vol. 57 Ch. 845
မျောက်ဝံမြူးထူးတောင်ရိုးမှ မိစ္ဆာသားရဲ တစ်ထောင်ကျော်ကျော်သာလျှင် ရောက်ရှိလာကြလေသည်။
သို့သော်လည်း.. ကျယ်ပြန့်သော ကုန်းမြေပေါ်တွင် မိစ္ဆာသားရဲ ထောင်ပေါင်းများစွာက စုဝေးနေကြ၏။
ဒါ့အပြင် အရေအတွက်က တဖြည်းဖြည်း တိုးလာနေဆဲဖြစ်၏။
သားရဲတစ်ထောင် တွေ့ဆုံပွဲအတွက် များစွာသော သားရဲများက စုဝေးလာကြလေသည်။
အဲဒါသည် ပိုင်နက်နယ်မြေများမှ မိစ္ဆာသားရဲများသာလျှင် မကပေ။ ပိုင်နက်နယ်မြေ အတည်တကျမရှိသော မိစ္ဆာသားရဲများပင်လျှင် ပါဝင်လာကြလေသည်။
အောက်ဘက်ရှိ ကျယ်ပြန့်သော ကုန်းမြေပေါ်တွင် နှစ်တစ်ထောင်သွေးပင်လယ်၏ ပတ်ပတ်လည်မှာ နယ်မြေဧရိယာ ၇ခုကို ပိုင်းခြားထား၏။
မျောက်ဝံအိုကြီးသည် သားရဲအုပ်စုကို ဦးဆောင်ပြီး ပိုင်းခြားထားသော ဧရိယာတစ်ခုပေါ်သို့ ဆင်းသက်လိုက်၏။
“ဟီးဟီးဟီးဟီး”
သားရဲများက ဆင်းသက်လိုက်သည့် ခဏမှာပင် ထူးဆန်းသည့် ရယ်မောသံတစ်ခုကို ကြားလိုက်ကြရ၏။
မလှမ်းမကမ်းတွင်.. မုတ်ဆိတ်မွေးရှိပြီး ဝါဖန့်ဖန့်မျက်နှာနှင့် ပိန်လှီသော အဘိုးကြီးတစ်ယောက်သည် ထူးဆန်းသော လေသံဖြင့် ပြောလိုက်၏။
“အဘိုးကြီးယွမ်.. ခင်ဗျားက မသေသေးဘူးလား”
မုတ်ဆိတ်နှင့် အဘိုးကြီးကို အလယ်မှာထား၍ များစွာသော သားရဲများက ဝိုင်းပတ်ထားကြ၏။
ဒါ့အပြင်.. သူက ပိန်လှီနေသည်ဟု ထင်ရသော်လည်း သူ့ထံမှ အလွန်တရာ ထက်ရှ၍ လွှမ်းမိုးနိုင်စွမ်းရှိသော အော်ရာတစ်ခုက ဖြာထွက်နေ၏။
“ဟမ့်”
မျောက်ဝံအိုကြီးက တစ်ချက်ဝေ့ကြည့်ပြီးနောက် လှောင်ရယ်လိုက်၏။
“မင်းတောင် မသေသေးတာ.. ငါက ဘာလို့ အရင်သွားရမှာလဲ.. ဆိတ်အဘိုးကြီးရဲ့”
“အဲဒါက ဈာန်ပျံဆိတ်တောင်ထွတ်ရဲ့ အရှင်သခင်ပဲ”
လူအုပ်ကြီးထဲတွင် ယွမ်လင်းအာက မျောက်ကို တီးတိုးပြောလိုက်၏။
“အဲဒီဆိတ်အဘိုးကြီးက အဘိုးနဲ့ အတိုက်အခံဖြစ်နေတာ အတော်ကြာခဲ့ပြီ.. သူတို့နှစ်ယောက်က အရင်တုန်းက နှစ်ခါတိုက်ခိုက်ခဲ့ဖူးပြီးတော့ နှစ်ကြိမ်စလုံးမှာ ဆိတ်အဘိုးကြီးက ရှုံးနိမ့်ထားတယ်”
မျောက်ဝံမြူးထူးတောင်ရိုးမှာ နေထိုင်ခဲ့စဉ်အတွင်း.. မျောက်နှင့် ယွမ်လင်းအာက နေ့စဉ်နှင့်အမျှ တိုက်ခိုက်ခဲ့ကြ၏။
သို့သော်လည်း.. သူတို့နှစ်ယောက်စလုံးက အရင်ကထက်ပို၍ ရင်းနှီးလာသည်ဟု ထင်ရလေသည်။
ဤကဲ့သို့သော ကိစ္စမျိုးမှာဆိုလျှင် ယွမ်လင်းအာသည် မျောက်ကိုသာ အရင်သတင်းပေးမည်ဖြစ်ပြီး ဆူဇီမိုနှင့် အခြားသူများကို ပြောပြလိမ့်မည် မဟုတ်ပေ။
“အဲဒီမျောက်ဝံအိုကြီးက လန်းဆန်းတက်ကြွနေတုန်းပဲ”
မလှမ်းမကမ်းမှ အသံတစ်သံက ထွက်ပေါ်လာ၏။
“ငါကြားတာ မကြာသေးခင်က မျောက်ဝံမြူးထူးတောင်ရိုးမှာ အတွင်းရေးပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့တယ်တဲ့.. ဒါပေမဲ့လို့ အဲဒီမျောက်ဝံအိုကြီးက ရိုက်ချက်အနည်းငယ်အတွင်း အကုန်လုံးကို ဖိနှိမ်နိုင်ခဲ့တယ်တဲ့”
စကားပြောလိုက်သော လူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပြေပြစ်ကြည့်ကောင်းသော ခန္ဓာကိုယ်တည်ဆောက်ပုံ ရှိလေသည်။ သူသည် အမြင့်တစ်နေရာမှာ ထိုင်နေပြီး သူ၏နှုတ်ခမ်းကို တင်းတင်းစေ့ကာ အောက်ဘက်သို့ အေးစက်စွာဖြင့် စိုက်ကြည့်နေ၏။ သူ၏အော်ရာက မနှိုင်းယှဉ်သာအောင် ကြမ်းကြုတ်ခက်ထန်နေလေသည်။
“အဲဒါက ငွေလတောင်ကြားက အရှင်သခင်ပဲ”
ယွမ်လင်းအာက တီးတိုးပြောလိုက်၏။
“သူက ရှေးဦးဆက်နွယ်တောကောင်တစ်ကောင်.. ငွေလဝံပုလွေပဲ”
“ရှင်တို့နှစ်ယောက် ပြောပုံအရဆို အစ်ကိုကြီးယွမ်က ကျန်းမာပြီးတော့ သန်တုန်းမြန်တုန်းပဲပေါ့”
ငွေလတောင်ကြား၏ဘေးဘက်ရှိ ဧရိယာကနေ ရောင်စုံပဝါတစ်ထည်ကို ရစ်ပတ်၍ခြုံထားသော လှပသည့် အမျိုးသမီးတစ်ယောက်က ထွက်ပေါ်လာ၏။ သူမက ပရောပရည်ပုံစံဖြင့် ချိုသာစွာ ပြောလိုက်လေသည်။
“အဲဒါကိုတွေးကြည့်တာနဲ့တင်… အဟင်း.. ကျွန်မရဲ့ နှလုံးသားက ရိုးတိုးရွတဖြစ်လာပြီ”
ထိုကဲ့သို့သော အခိုက်အတန့်တွင် စကားပြောဖို့ အဆင့်မီသူမှာ အရှင်သခင်တစ်ပါးဖြစ်သည်မှာ ပြောစရာမလိုအောင်ပင်။
“သူမကို မကြည့်နဲ့”
ယွမ်လင်းအာက မျောက်ကို ခက်ထန်စွာ စိုက်ကြည့်ပြီး ပြောလိုက်၏။
“အဲဒီအမျိုးသမီးက မြွေတစ်ထောင်ကျွန်းက အရှင်သခင်ပဲ… သူမက အရမ်းကို ရက်စက်ကြမ်းကြုတ်တယ်.. မင်းက သူ့ကိုသွားကြည့်ရင် သူက မင်းမျက်လုံးတွေကို ဖောက်ထုတ်ပစ်လိမ့်မယ်”
“ကျွတ်”
မျောက်က အထင်သေးစွာဖြင့် နှုတ်ခမ်းစူလိုက်၏။
မျောက်ဝံအိုကြီးသည် မြွေတစ်ထောင်ကျွန်းမှ အရှင်သခင်၏စကားကို ကြားသောအခါ.. ထူးမခြားနားပုံစံဖြင့် ပြုံးရုံသာပြုံးလိုက်၏။
“ငါ့ကို အစ်ကိုကြီးလို့ မခေါ်စမ်းပါနဲ့… ငါ့အသက်က နင့်အဘိုးအရွယ်လောက်ရှိတယ်”
“အစ်ကိုကြီးယွမ်.. ရှင်က ကျွန်မကို ဒီလိုပုံစံနဲ့ အသားယူနေတာပဲ.. ရှင်က တော်တော်ဆိုးတာပဲ”
မြွေတစ်ထောင်ကျွန်း၏ အရှင်သခင်က ချွဲပစ်သောလေသံဖြင့် ပြောနေသော်လည်း သူမ၏မျက်လုံးများက အေးစက်စက်အလင်းဖြင့် တောက်ပနေ၏။
ဤအမျိုးသမီးသည် အားနည်း၍ ပျော့ပြောင်းသည့်ပုံပေါ်သော်လည်း မည်သူကမှ သူမကို အထင်မသေးရဲပေ။
အရှင်သခင်တစ်ပါးဖြစ်လာဖို့အတွက် သူမ၏လက်သည် မရေမတွက်နိုင်သော သွေးများဖြင့် စွန်းထင်းနေခဲ့မည်ဖြစ်ပြီး သူမ၏လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော အလောင်းများကို နင်းဖြတ်ကျော်ခဲ့ရပေလိမ့်မည်။
ယခုအချိန်တွင် အရှင်သခင် ၇ပါးမှ ၄ယောက်က ရောက်ရှိလာခဲ့လေပြီ။
လက်ရှိသားရဲများအတွင်းတွင်.. ဆူဇီမိုတို့ အုပ်စုက သာမန်သာဖြစ်ပြီး မည်သည့်အာရုံကိုမှ မဆွဲဆောင်ထားပေ။
ထိုစဉ်မှာပင် မလှမ်းမကမ်း ကောင်းကင်မှ ရွှေရောင်တိမ်စိုင်တစ်ခုက လွင့်မျောလာ၏။
သေချာအနီးကပ်စိုက်ကြည့်မည်ဆိုလျှင် ရွှေရောင်တိမ်စိုင်များပေါ်တွင် ခပ်ပါးပါး မီးတောက်များက လောင်ကျွမ်းနေသည်ကို တွေ့မြင်နိုင်လေသည်။
တစ်ခဏအတွင်းမှာပင် ရွှေရောင်တိမ်စိုင်များက ပျက်ပြယ်သွား၏။
ထောင်နှင့်ချီသော မိစ္ဆာသားရဲများက ဆင်းသက်လာကြလေသည်။
သူတို့၏ခေါင်းဆောင်က ရွှေရောင်တိုက်ပွဲဝင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်ဖြစ်ပြီး အရပ်ရှည်ရှည်နှင့် ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်ရှိလေသည်။ သူ၏ဦးခေါင်းကို မော့ထားပြီး နွားရိုင်းဦးချိုတစ်စုံရှိကာ ခမ်းနားထည်ဝါသော ပုံစံဖြင့် လျှောက်လှမ်းလာ၏။
“ဟားဟားဟားဟား”
အသစ်ဝင်ရောက်လာသူက ရယ်မောလိုက်၏။
“မျောက်ဝံအိုကြီး.. ခင်ဗျားက ဒီတစ်ခေါက်တော့ စောသားပဲ.. ခင်ဗျားက အားနေတယ်ဆိုရင် ကျုပ်တို့ လက်ရည်ချင်း ဖလှယ်ရအောင်”
စိတ်ဝိညာဉ်ကျားက အသံနှိမ့်၍ ပြောလိုက်၏။
“နောက်ထပ်ပြိုင်ဘက်တစ်ယောက်လား.. ငါတို့ရဲ့ အရှင်သခင်က ရန်သူတွေ တော်တော်များတာပဲ”
“ဟေး.. မသိဘဲနဲ့ လျှောက်ပြောမနေနဲ့”
ယွမ်လင်းအာက ဝင်ပြောလိုက်၏။
“အဲဒါက ရွှေရောင်မီးတောက်တောင်တန်းက အရှင်သခင်ပဲ.. သူက အဘိုးနဲ့ အရင်းနှီးဆုံး မိတ်ဆွေပဲ”
မျောက်ဝံအိုကြီးက ခါးသက်စွာ ရယ်မောလိုက်၏။
“ထားလိုက်ပါတော့.. ငါက အသက်အရွယ်ရနေပြီဆိုတော့ မင်းနဲ့ လက်ရည်ချင်း မယှဉ်တော့ဘူး”
ကွမ်.. ကွမ်..
အဝေးတစ်နေရာကနေ ထူးဆန်းသော အသံတစ်သံက ထွက်ပေါ်လာ၏။
ထို့နောက် ချက်ချင်းပင်လျှင် ကောင်းကင်တခွင်က ပြိုးပြိုးပြက်ပြက် အလင်းရောင်များဖြင့် ပြည့်နှက်သွား၏။
ချိုမွှေးအီသော ရနံ့တစ်ခုနှင့်အတူ မရေမတွက်နိုင်သော ပန်းပွင့်ပန်းချပ်များက ပြန့်ကျဲလာ၏။
ကြီးမားသော မိစ္ဆာသားရဲ တစ်အုပ်စုသည် လှပ၍ ကြည့်ကောင်းသော တိမ်စိုင်များပေါ်မှာ ရပ်ကာ လေထဲကနေ ပျံသန်းလာကြ၏။
ထိုတိမ်စိုင်များ၏ အလယ်တွင် အလွန်တရာ လက်ရာမြောက်သော ခမ်းနားထည်ဝါသည့် ရထားလုံးတစ်စင်း ရှိလေသည်။ ထိုအထဲတွင်.. ဗိုက်ဖောင်းဖောင်းနှင့် လူဝကြီးတစ်ယောက်က လှဲလျောင်းနေ၏။
ရထားလုံး၏ဘေးပတ်လည်တွင် ပန်းခြင်းများကို ကိုင်ထားသော မိန်းမပျိုလေးများက လိုက်ပါလာပြီး မကြာမကြာဆိုသလို ပန်းပွင့်များကို ကြဲပက်နေလေသည်။
ရထားလုံးအတွင်းတွင် အမျိုးသမီးများက ပို၍ပင် များပြားပြီး သူတို့က လူဝကြီး၏ ခြေထောက်နှင့် လက်များကို နှိပ်နယ်ပေးကာ အချို့က ဝိုင်နှင့် စိတ်ဝိညာဉ်သစ်သီးများကို ခွံ့ကျွေးနေကြ၏။ အဲဒါက စည်းစိမ်ပြည့်ဝသော ဘဝတစ်ခုဖြစ်လေသည်။
“ဒီဝတုတ်က သူ့ကိုယ်သူ ဘယ်လိုဇိမ်ခံရမလဲ ကောင်းကောင်းသိတာပဲ”
ရွှေရောင်မီးတောက်တောင်တန်း၏ အရှင်သခင်က အေးစက်စွာ သရော်လိုက်၏။
“ဒါပေမဲ့လို့ သူက ဘယ်လိုပဲ ကြိုးစားကြိုးစား.. သူ့ခန္ဓာကိုယ်က အနံ့ကို ဖုံးကွယ်ထားနိုင်မှာ မဟုတ်ပါဘူး”
“အဲဒါက ဟင်္သပြဒါး တိမ်လွှာတောင်ကြားက အရှင်သခင်ပဲ.. သူ့ရဲ့ အစစ်အမှန်ပုံစံက အဇူရာမျက်လုံး ဖားပြုတ်တစ်ကောင်ပဲ”
အဇူရာမျက်လုံး ဖားပြုတ်သည် မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်တစ်ကောင် ဖြစ်လေသည်။
၎င်းက အဇူရာမျက်လုံးတစ်စုံ ရှိပြီး သူ၏ခန္ဓာကိုယ်က အဆိပ်များဖြင့် ပြည့်နှက်နေ၏။ ထိုအဆိပ်နှင့် ထိတွေ့မိသူ မည်သူမဆို သတ်ဖြတ်ခံရနိုင်လေသည်။ ၎င်းက လောကရှိ မည်သည့်အရာကိုမဆို ဝါးမျိုနိုင်ပြီး ကျဆုံးသွားသော နဂါးတစ်ကောင်၏ ရုပ်အလောင်းပင်လျှင် ခြွင်းချက်မရှိပေ။
အရှင်သခင် ၇ပါးထဲမှ ၆ယောက်က ရောက်ရှိလာခဲ့လေပြီ။
သားရဲများသည် သိပ်ကြာကြာမစောင့်လိုက်ရဘဲ မှုန်ရီဝေဝါးသော ပုံစံဖြင့် အဝေးတစ်နေရာကနေ မြူခိုးတိမ်စိုင်တစ်ခုက ပေါ်လာ၏။
ထိုမြူခိုးများသည် အလွန်တရာ စွမ်းအားကြီးပြီး သားရဲများက သူတို့၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အဲဒါကို စစ်ဆေးကြည့်နိုင်ခြင်း မရှိချေ။
ထိုမြူခိုးများက နီးကပ်လာသောအခါ.. ထိုအထဲကနေ မိစ္ဆာသားရဲများက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာ၏။ သူတို့၏ခေါင်းဆောင်က နက်မှောင်နေသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး အဲဒါက အေးစက်စက် မျက်လုံးတစ်စုံကလွဲလျှင် မျက်နှာပါမကျန် ဖုံးအုပ်ထားလေသည်။
သူ၏မျက်လုံးများက အေးစက်ခက်ထန်၍ ကြမ်းကြုတ်နေ၏။ ထိုမျက်လုံးနှင့် အကြည့်ခံရသူတိုင်းသည် ကျောရိုးတလျှောက် ချမ်းစိမ့်သွားကြလေသည်။
ဇဝေဇဝါ မြူခိုးရွှံ့ညွန်၏ အရှင်သခင် ရောက်ရှိလာခြင်းဖြစ်လေသည်။
ဇဝေဇဝါ မြူခိုးရွှံ့ညွန်အရှင်သခင်၏ အစစ်အမှန်ပုံစံက ရှေးဟောင်းဧရာမမိကျောင်းတစ်ကောင် ဖြစ်လေသည်။
မျောက်ဝံမြူးထူးတောင်ရိုး၊ ဈာန်ပျံဆိတ်တောင်ထွတ်၊ ရွှေရောင်မီးတောက်တောင်တန်း၊ ဟင်္သပြဒါး တိမ်လွှာတောင်ကြား၊ ငွေလတောင်ကြား၊ မြွေတစ်ထောင်ကျွန်းနှင့် ဇဝေဇဝါ မြူခိုးရွှံ့ညွန်မှ အရှင်သခင် ၇ယောက်သည် စုဝေးလာကြပြီဖြစ်ပြီး သူတို့နှင့်အတူ အဆင့်မြင့်မိစ္ဆာသားရဲများစွာပါ ပါဝင်လာကြ၏။ အဲဒါက ခမ်းနားထည်ဝါသော ဖွဲ့စည်းပုံတစ်ခု ဖြစ်လေသည်။
လေထဲတွင် ကြီးမားသည့် စိတ်ဝိညာဉ် အတက်အကျများက ပဲ့တင်ထပ်လာသော်လည်း မည်သည့်အသံမှ ထွက်ပေါ်မလာပေ။
သိပ်မကြာမီ အရှင်သခင် ၇ယောက်သည် သူတို့၏မူလနေရာကနေ ထွက်ခွာပြီး တစ်စုံတစ်ရာကို သွားရောက်စုဝေး၍ ဆွေးနွေးလိုက်ကြ၏။
အဲဒါက မကြာသေးခင်ရက်များက နေ့ဘက်မှာပေါ်ထွက်လာခဲ့သော ကြယ်များနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေနိုင်ကြောင်း ဆူဇီမိုက ခန့်မှန်းမိလိုက်၏။
“မျောက်ဝံမြူးထူးတောင်ရိုးက အားလုံးပဲ.. မတွေ့ရတာ ကြာပြီနော်”
ထိုစဉ်မှာပင် ဈာန်ပျံဆိတ်တောင်ထွတ်၊ ငွေလတောင်ကြားနှင့် မြွေတစ်ထောင်ကျွန်းမှ မိစ္ဆာသားရဲအချို့က ထွက်ပေါ်လာကြ၏။ သူတို့၏ အမူအရာက ရန်လိုစိတ်ရှိနေပြီး သူတို့၏မျက်လုံးများက လာရောက်ရန်စတော့မည့်သဘော ရှိလေသည်။
“အာ.. မတွေ့ရတာ နှစ်တစ်ထောင်ကြာပြီးတဲ့နောက် မင်းတို့ရဲ့ မဟာပိုင်နက်အရှင် ၁၀ယောက်မှာ တစ်ဝက်ကျော်ကျော်လောက်က ပြောင်းလဲသွားပါလား”
ဈာန်ပျံဆိတ်တောင်ထွတ်မှ ပိန်ပိန်ပါးပါးနှင့် လူတစ်ယောက်က ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး မျက်ခုံးပင့်၍ မေးလိုက်၏။
“ယန်လီနဲ့ အခြားသူတွေက အဆင့်မြင့်မိစ္ဆာသားရဲတွေ ဖြစ်ကုန်ကြတာလား”
“မဟုတ်လောက်ဘူး.. သူတို့က အခုလောက်ဆို မဟာသားရဲတွေ ဖြစ်သွားလောက်ကြပြီ ထင်တယ်”
“ဟားဟားဟားဟား”
ငွေလတောင်ကြားနှင့် မြွေတစ်ထောင်ကျွန်းမှ မိစ္ဆာသားရဲများက ဟားတိုက်ရယ်မောလိုက်ကြ၏။
သူတို့သည် မျောက်ဝံမြူးထူးတောင်ရိုး၏ အတွင်းရေးပဋိပက္ခအကြောင်းကို ကြားဖူးထားကြပြီဖြစ်ပြီး အဲဒီမှာ ကာကွယ်သူ ၅ယောက်တွင် ၄ယောက်က သေဆုံးကာ များစွာသော မိစ္ဆာသားရဲများကလည်း ဒဏ်ရာရသူရ.. သုတ်သင်ခံရသူ သုတ်သင်ခံရဖြင့် ကြီးမားစွာ ဆုံးရှုံးနစ်နာခဲ့ကြ၏။
သူတို့ရောက်ရှိလာသော ရည်ရွယ်ချက်သည် မျောက်ဝံမြူးထူးတောင်ရိုးကို လှောင်ပြောင်ရန်စဖို့ ဖြစ်လေသည်။
“မဟုတ်ပါဘူး”
မျောက်ဝံမြူးထူးတောင်ရိုးမှ မိစ္ဆာသားရဲတစ်ယောက်က ရိုးသားစွာဖြင့် ပြန်ပြောလိုက်၏။
“ယန်လီနဲ့ အခြားသူတွေက ပုန်ကန်ဖို့ ကြိုးစားခဲ့ကြလို့ အသတ်ခံလိုက်ရတယ်.. မဟာပိုင်နက်အရှင် ၁၀ယောက်ထဲက အချို့က သတ်ဖြတ်ခံရခဲ့ပေမဲ့လို့ သူတို့ကို သေချာပေါက် အစားပြန်ထိုးမှာပါ”
“အစားထိုးမှာ ဟုတ်လား”
ဈာန်ပျံဆိတ်တောင်ထွတ်မှ ပိန်ပိန်ပါးပါးနှင့်လူက မျောက်ဝံမြူးထူးတောင်ရိုးမှ သားရဲများကို ဝေ့ကြည့်လိုက်၏။ သူက ဆူဇီမိုတို့ အုပ်စုကို လက်ညိုးထိုးပြီး မနေနိုင်ဘဲ ရယ်မောလိုက်လေသည်။
“မင်းတို့က မျောက်ဝံမြူးထူးတောင်ရိုးရဲ့ မဟာပိုင်နက်အရှင် ၁၀ယောက်ကို အဲဒီ အဆင့်နိမ့်မိစ္ဆာသားရဲတွေနဲ့ အစားထိုးဖို့ ရည်ရွယ်ထားတယ်လို့တော့ ငါ့ကို မပြောနဲ့နော်”
“ဟားဟားဟားဟား”
ငွေလတောင်ကြားနှင့် ဈာန်ပျံဆိတ်တောင်ထွတ်မှ သားရဲများသည် ဟားတိုက်ရယ်မောလိုက်ကြ၏။
သားရဲတစ်ထောင် တွေ့ဆုံပွဲသို့ ဝင်ရောက်ခွင့်ရသူများတွင် အားအနည်းဆုံးသားရဲများမှာ အဆင့်နိမ့်မိစ္ဆာသားရဲများ ဖြစ်လေသည်။
သို့သော်လည်း.. အဆင့်နိမ့်မိစ္ဆာသားရဲ အများစုသည် လက်ဖက်ရည်နှင့် စားသောက်ဖွယ်ရာများကို တည်ခင်းဧည့်ခံဖို့အတွက် အစေခံများအဖြစ် အသုံးတော်ခံရခြင်း ဖြစ်လေသည်။ ဟင်္သပြဒါး တိမ်လွှာတောင်ကြား အရှင်သခင်၏ ဘေးပတ်လည်ရှိ မိန်းမပျိုလေးများသည်လည်း အဆင့်နိမ့်မိစ္ဆာသားရဲများ ဖြစ်ကြလေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်မှ သားရဲများသည် ဆူဇီမိုတို့ အုပ်စုကို လက်ညိုးထိုးနေသည်ကို မြင်ရသောအခါ.. မျောက်ဝံမြူးထူးတောင်ရိုးမှ မိစ္ဆာသားရဲများ၏ အမူအရာက ရုတ်တရက် အိုးတိုးအမ်းတမ်း ဖြစ်လာကြလေသည်။